အရှင်သြသဓ (ဟပ်မွန်းဗေး) - ဆွဲဆောင်အား



အရှင်သြသဓ (ဟပ်မွန်းဗေး) - ဆွဲဆောင်အား
သြဂုတ် ၂၂၊ ၂၀၁၄


လောက၌ ဆွဲဆောင်အားသည် အရေးကြီး၏။ ကျွန်ုပ်တို့ နေ့စဉ်ဘဝတွင် ဒါကို အမြဲလုပ်နေရ၏။ တစ်ခုခုလုပ်လို၍ အခြားသူများ မိမိအလိုသို့ လိုက်ပါစေလိုလျှင် သူတို့အကြိုက်ကလေးများ ပေး၍သော်၎င်း၊ အကြောင်းအကျိုး အမျိုးမျိုး ပြ၍သော်၎င်း၊ တခါတရံ အပြစ်ကိုပြကာ ခြောက်လှန့်၍သော်၎င်း ဆွဲဆောင်စည်းရုံးကြရ၏။ ထို့ကြောင့် အဖွဲ့အစည်း များတွင် စည်းရုံးရေးလုပ်ငန်းအတွက် သူတစ်ပါးလက်ခံအောင် ဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိသည့် လူကိုရှာ၍ တာဝန် ပေးကြရ၏။ ဆွဲဆောင်မှုအား မရှိလျှင် မိမိတို့ လိုရာကိစ္စ မပြီးနိုင်ပေ။

စာရေးသူတို့ ဓမ္မာနန္ဒကျောင်းတွင် နှစ်စဉ် သြဂုတ်လ ပထမပတ်တွင် ကလေးများအတွက် နွေရာသီ အခြေခံဗုဒ္ဓဘာသာ သင်တန်း ဖွင့်ပေး၏။ မိဘများကလည်း မိမိတို့ သားသမီးလေးများ ဘာသာရေးအသိလိမ္မာ ရရေးအတွက် ကြိုးစားပြီး ကျောင်းသို့ ပို့ကြ၏။ တချို့ကလေးများက လွယ်လွယ်ကူကူ ပို့၍ရသလို၊ တချို့ကလေးများကြတော့ ခက်ခက်ခဲခဲ ချော့မြူဆွဲဆောင်ကာ ပို့ကြရ၏။

ဒီနှစ်လည်း မြေးကလေးကို ကျောင်းသို့လိုက်ပို့သော ဒကာကြီးတစ်ယောက်နဲ့ စာရေးသူ စကားပြောဖြစ်၏။ သူက သူ့မြေးလေး အခုလိုငယ်ငယ်ကတယ်လို့ ဘာသာရေးအသိဉာဏ် ရစေချင်၍ ကျောင်းသို့ လာပို့ရခြင်းဖြစ်ကြောင်း၊ အခုမှ ပထမဆုံး အကြိမ်ဖြစ်သဖြင့် အစဆုံးရက်မှာ ကလေးက မသွားချင်၍ ငိုနေကြောင်း၊ နောက်တော့ သူလိုချင်သော အရုပ်ကလေးများ ဝယ်ပေးပြီး မနည်း ချော့မြှူဆွဲဆောင် ခေါ်ခဲ့ရကြောင်း၊ အခုတော့ အတန်းထဲမှာ အဖော်တွေရသွားလို့ ပျော်နေပြီဖြစ်ကြောင်း ဝမ်းသာအားရ  ပြောပြလာ၏။

စာရေးသူတို့ စကားပြော၍ တစ်ဝက်လောက်တွင် အသိဒကာမကြီး တစ်ယောက်ကလည်း အနားရောက်လာပြီး စကားဝိုင်းထဲ ဝင်လာ၏။ သူကလည်း သူ့ကလေးများ စ,ပို့စဉ်က မနည်းတိုက်တွန်းခဲ့ရကြောင်း၊ သူတို့သွားချင်သည့် နေရာကို vacation ပို့ပေးမည်ဟုပြောပြီး ဆွဲဆောင်ယူခဲ့ရကြောင်း၊ ခုတော့ ဒီမှာ သူ့ငယ်ချင်းတွေနဲ့ ပျော်နေပြီဖြစ် ကြောင်း၊ အခုဆို တိုက်တွန်းစရာတောင် မလိုတော့ဘဲ ကျောင်းပိတ်တာနဲ့ အထုပ်ပြင်နေပြီဖြစ်ကြောင်း….စသဖြင့် အားကျမခံ ပြောလာ၏။

သူတို့ပြောပြီးတော့ ကျွန်ုပ်တို့လည်း ဒီနှစ် ကလေးတွေကို ထူးထူးခြားခြား ဆွဲဆောင်ခဲ့ရပုံလေးကို အားကျမခံ ပြောပြ လိုက်၏။ ရီလည်း ရီစရာပင်။ ဖြစ်ပုံက ဒီလိုပါ။ သင်တန်းမှာ ကလေးများလိုက်နာရန် စည်းကမ်းများ ချမှတ်ပေးထား၏။ ထိုထဲတွင် ထမင်းစားချိန်တွင် စကားမပြောဘဲ noble silence ဖြင့်စားရန်လည်း ပါ၏။ သို့သော်လည်း ကလေးများ စားပွဲသို့ ရောက်သည်နဲ့ တိုးတိုး တိုးတိုးနဲ့ တွတ်ထိုးကြတော့၏။ တာဝန်ရှိသူများက “ရှုး” “ရှုး”ဆိုပြီး ခဏ ခဏ သတိပေးနေရ၏။ ဤသည်မှာ အချိန်တိုင်းလို ဖြစ်၏။

လူကြီးလုပ်သူက ဒါကို ဘယ်လိုတိတ်အောင်လုပ်မလဲ ဟု အကြံထုတ်ရ၏။ စာရေးသူတို့ကျောင်းတွင် ဂေါက်ကွင်း၌ အသုံးပြုသော ဂေါက်ကားလေး တစ်စီးရှိ၏။ ဟိုနား ဒီနား ပစ္စည်းရွှေ့သောအခါ အသုံးပြု၏။ သို့သော် ကလေးများကိုတော့ အန္တရာယ်ဖြစ်မည်စိုး၍ အစီးမခိုင်းပေ။ သူတို့က ဒီကားလေးကို စီးချင်ကြ၏။ အထူးသဖြင့် ကလေးငယ်များက တရစ်သီသီ ဖြစ်နေ၏။ ကလေးတွေ ဂေါက်ကားစီးချင်မှန်း သိတော့ အကြံရသွား၏။ နောက်နေ့ ထမင်းစားချိန်တွင် “မင်းတို့….စကား မပြောဘဲ နေတဲ့သူကို ဂေါက်ကားစီးဖို့ လက်မှတ်ပေးမယ်။ ကျောင်းတစ်ပတ် စီးရမယ်”ဟု ကျေငြာလိုက်၏။ ထိုနေ့ ထမင်းစားချိန်၌ စာရေးသူ ရောက်သွားသောအခါ ထူးခြားစွာ လုံးဝ စကားပြောသံ မကြားရတော့။ အားလုံး ငြိမ်နေကြ၏။ အစားအသောက် လိုက်ဖြည့်နေကြသော ဆရာများ၊ လုပ်အားပေးများကလည်း အတတ်နိုင်ဆုံး စကားမပြောဘဲ လုပ်နေကြ ၏။
ဒါနဲ့ တာဝန်ရှိသူကို “ဒီကောင်တွေ ဒီနေ့ တယ်ငြိမ်ပါ့လား၊ မင်းတို့ ဘယ်လိုလုပ်လိုက်တာလဲ”ဟု စာရေးသူက မေးကြည့်မိ၏။ ဤတွင် သူက “ဆရာတော်…. တပည့်တော် ဒီကောင်တွေကို ဆုပေးစနစ်နဲ့ မြှူဆွယ်လိုက်တာလေ”ဟု ဆိုပြီး ဤအကြောင်းလေးကို ပြောပြ၏။ ဒီတော့ စာရေးသူကလည်း ကိုယ်ခိုင်းတာရဖို့ အကြိုက်ပေး၍ မြှူဆွယ်ရခြင်းသည် လမ်းမှန်ဖြစ်ကြောင်း၊ ဆွဲဆောင်အားကောင်းမှ လိုရာကိစ္စပြီးနိုင်ကြောင်း ပြောပြလိုက်၏။


စာရေးသူ ကျောင်းခန်းထဲရောက်သည်အထိ ဆွဲဆောင်မှုအား၏ အရေးပါပုံလေးများကို ဆက်၍ တွေးနေမိ၏။ မှန်၏။ ရှေးသူတော်ကောင်းကြီးများလည်း ဤသို့ပင် လုပ်ခဲ့ကြရ၏။ ဇေတဝန်ကျောင်းဒကာကြီး၌ မောင်ကာလဟူသော သားတစ်ယောက်ရှိ၏။ အဖေက ဘုရားဒကာ ကျောင်းဒကာဖြစ်သော်လည်း သားက အပျော်အပါးသာ လိုက်စားနေ၏။ ဤအတိုင်းဆိုပါက သူ့သား သေလျှင် ငရဲသို့သာ ရောက်ရချေတော့မည်။ ဖခင်ကြီးက သူကိုယ်တိုင် ထင်ရှားရှိနေပါလျက် သူ့သားဤသို့ဖြစ်ရခြင်းသည် မသင့်တော်။ ထို့ကြောင့် သူ့သားကို ကျောင်းသို့သွားလျှင် အသပြာ တစ်ရာပေးမည်ဟု ဆိုကာ စည်းရုံးရတော့၏။ သားက ငွေလိုချင်သဖြင့် သွား၏။ နောက်တော့ တရားတစ်ပုဒ် မှတ်မိလျှင် အသပြာတစ်ထောင် ပေးမည်ဟု ဖခင်ကြီးက ပြော၏။ အသပြာတစ်ထောင် လိုချင်သဖြင့် ထိုညတော့ ကြိုးစား၍ တရားနာ၏။ ဤသည်ကို ဘုရားက သိနေ၏။ သူနဲ့ သင့်တော်သော တရားတစ်ပုဒ်ကို ဟောလိုက်ရာ ထိုညမှာပင် မောင်ကာလသည် သောတာပန် ဖြစ်သွားတော့၏။ နောက်နေ့ မနက်မိုးလင်း၍ အိမ်ပြန်လာသောအခါ ဖခင်ပေးသော အသပြာတစ်ထောင် မယူတော့။ အရိယာဖြစ်ရခြင်း၏ တန်ဘိုးကို ကောင်းကောင်းကြီး သိသွားပေပြီ။ ဤသို့ ဖြစ်လာမည့်အရေး မြှော်တွေး၍ ဖခင် အနာထပိဏ်သူဌေးကြီးက သားမောင်ကာလကို ကျောင်းသွားရန် ငွေအသပြာပေး၍ ဆွဲဆောင် စည်းရုံးခဲ့ရ၏။

သာမန်ကလေး မဆိုထားဘိ၊ ပါရမီရင့်ကျက်ပြီးသောသူများကိုပင် ဆွဲဆောင်စရာလေးများနဲ့ ချဉ်းကပ်ယူရ၏။ တတိယ သံဂါယနာတင် ဘုရင်ကြီးဖြစ်လာမည့် အသောကမင်းကြီးသည် အစက ဗုဒ္ဓဘာသာဝင် မဟုတ်။ စစ်တိုက်နေရသဖြင့် ကြမ်းလဲကြမ်းတမ်း၏။ ထိုမင်းကြမ်းကြီးကို ချေချွတ်မည့်သူသည် နိဂြောဓသာမဏေ ဖြစ်၏။ ထိုအကြောင်းကို ရဟန္တာကြီး မဟာဝရုဏမထေရ်က သိနေ၏။ နိဂြောဓသာမဏေလောင်းလေး မွေးစကပင် ရင်းနှီးအောင် ချဉ်းကပ်ထား၏။ နည်းနည်း လေးကြီးတော့ ဆွမ်းခံ၍ရလာသော မုန့်ပဲသရေစာလေးများပေး၍ မိတ်ဖွဲ့ထား၏။ ကြာတော့ ကလေးက ရဟန္တာကြီးနှင့် ရင်းနှီးသွား၏။ နောက်တော့ ကြည်ညိုသွား၏။ ၇-နှစ်ပြည့်သောအခါ ရဟန္တာကြီးက ကိုယ်ရင်ဝတ်ပေး လိုက်၏။ ပါရမီ ရင့်ကျက်ပြီးသားဖြစ်၍ ခေါင်းရိပ်နေစဉ်မှာပင် နိဂြောဓကိုရင်လေး ရဟန္တာဖြစ်သွား၏။ ထိုနိဂြောဓသာမဏေလေး၏ ဆုံးမမှုကြောင့် မင်းကြမ်းကြီးဘဝမှ ဘုန်းကျက်သရေနှင့်ပြည့်စုံပြီး တရားနှင့်အညီအုပ်ချုပ်သည့် မင်းကြီးဘဝအဖြစ်သို့ ရောက်သွား၏။ နောက်တော့ တတိယသံဂါယနာတင် ဘုရင်ကြီးတစ်ပါး ဖြစ်သွားပေသည်။ ဤသို့ သာသနာတော် အတွက် ကျေးဇူးများမည့်အရေးကို သိမြင်တော်မူသောကြောင့် မဟာဝရုဏမထေရ်ကြီးက နိဂြောဓသာမဏေလောင်းလျာ ကို မုန့်ကလေးများ ပေး၍ သာသနာ့ဘောင်ရောက်အောင် ဆွဲဆောင်လာခဲ့ရခြင်း ဖြစ်ပေသည်။

နောက်တစ်ယောက် ရှိသေး၏။ ဝေဠုဝန်ကျောင်းဒကာကြီးဖြစ်သော ဗိမ္ဗိသာရမင်းကြီးသည် သောတာပန်အရိယာကြီး ဖြစ်သဖြင့် ဘာသာတရား အလွန်ကိုင်းရှိုင်း၏။ သို့သော် အလှမာန်ယစ်နေသော ခေမာမိဖုရားကြီးကား ကျောင်းတော်သို့ တခါမျှ မသွား။ မင်းကြီးက အမျိုးမျိုးဖျောင်းဖျ ခေါ်ဆောင်သော်လည်း မလိုက်ပေ။ တနေ့သောအခါ သီချင်းရေးသူများကို ခေါ်ပြီး ဝေဠုဝန်ဥယျာဉ်တော် သာယာလှပပုံများကို ဖွဲ့စပ်သီကုံးစေပြီး အဆိုတော်များကို သီဆိုစေ၏။ မိဖုရားကြီးသည် ထိုသီချင်းကိုကြားသောအခါ ဝေဠုဝန်ဥယျာဉ်သို့သွားလိုစိတ်များ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် အခြံအရံများနှင့် ထွက်သွား လေ၏။ ဥယျာဉ်တော်ကို လှည့်လည်ကြည့်ရှုပြီး အပြန်တွင် ဘုရားကို သွားဖူး၏။ သူ့အလှမာန်များကျအောင် ဘုရားက တန်ခိုးဖြင့် မိန်းမလှလေးတစ်ယောက် ဖန်ဆင်းပြကာ ချေချွတ်တော်မူ၏။ နောက်ဆုံးတွင် ရဟန္တာမကြီး ဖြစ်သွားလေ၏။ ထိုကဲ့သို့ တရားရစေလို၍ ဗိမ္ဗိသာရမင်းကြီးက ခေမာမိဖုရားကြီးကို သီချင်းများဖြင့် ဆွဲဆောင်ခဲ့ရခြင်း ဖြစ်၏။

ဤကဲ့သို့ အကြိုက်ပြ၍ ဆွဲဆောင်မှုမျိုးကို ဘုရားရှင်ကိုယ်တော်တိုင်လည်း ညီတော်ဖြစ်သော နန္ဒမင်းသားကို ပြုလုပ်ခဲ့ရ၏။ နန္ဒမင်းသား၏ လက်ထပ်ပွဲသို့ ဘုရားရှင်ကိုပင့်    ၍ ဆွမ်းကပ်၏။ နန်းတော်မှ ကျောင်းသို့ပြန်သောအခါ နန္ဒမင်းသားကို သပိတ်ထမ်းခိုင်းပြီး ကျောင်းသို့ခေါ်လာခဲ့၏။ ကျောင်းရောက်တော့ သင်္ကန်းဝတ်ပေးလိုက်၏။ နောင်တော်ကို ကြောက်၍ သာ ရဟန်းဝတ်လိုက်ရသော်လည်း စိတ်ကတော့ ဇနီးလောင်း ဇနပဒကလျာဏီကိုသာ သတိရနေ၏။ ညီတော် နန္ဒရဟန်း သာသနာတော်၌ မပျော်ကြောင်း သိရသဖြင့် ဘုရားရှင်က တာဝတိံသာနတ်ပြည်သို့ ခေါ်သွား၏။ နတ်ပြည်ရောက်၍ နတ်သမီးများကို တွေ့သောအခါ ဇနပဒကလျာဏီကို မေ့သွားတော့၏။ နတ်သမီးများကို နှစ်သက်သဘောကျသွား ပြန်၏။ ဤတွင် ဘုရားရှင်က “နတ်သမီးလိုချင်လျှင် တရားကိုသာ အားထုတ်ပါ။ နတ်သမီးကို ရပါစေ့မယ်”ဟု မြူဆွယ်လိုက်၏။ ဇေတဝန်ကျောင်းသို့ ပြန်ရောက်၍ တရားအားထုတ်သောအခါ အခြားရဟန်းများက “နတ်သမီးရချင်လို့ တရားအားထုတ် တဲ့ သူလဲ ရှိသေးသကိုး”ဟု နောက်ပြောင်ကြ၏။ ဤတွင် အရှက်ရပြီး ဆိတ်ငြိမ်သော နေရာ၌ တရားကိုသာ ပြင်းပြင်း ထန်ထန် အားထုတ်လိုက်သောအခါ ရဟန္တာအဖြစ်သို့ ရောက်သွား၏။ နန္ဒရဟန်း ဤကဲ့သို့ ရဟန္တာဖြစ်မည်ကို သိမြင် တော်မူသောကြောင့် တရားအားထုတ်ဖို့ရန် နတ်သမီးများကိုပြပြီး ဆွဲဆောင်ခဲ့ရခြင်း ဖြစ်ပေသည်။

တခါတလေတော့လည်း ခြောက်လှန့်၍ ဆွဲဆောင်ရသည်လည်း ရှိတတ်၏။ ဟိုရှေးတုန်းက မိလက္ခမုဆိုးကြီးသည် သံဝေဂ တရားရပြီး တောကျောင်းတွင် ရဟန်းဝတ်နေ၏။ သို့သော် စိတ်တွေပျံ့လွင့်ပြီး တရားအားထုတ်မရသဖြင့် လူပြန်ထွက်မည် ဟု လျှောက်၏။ ထိုအခါ ရဟန္တာကြီးက တရားအားမထုတ်ချင်လျှင် ဝေယျာဝစ္စသာ လုပ်နေရန် ပြော၏။ တနေ့၌ ခြုံများ ရှင်းပြီး မီးရှို့သောအခါ ရေစိုနေသဖြင့် မီးရှို့မရဖြစ်နေ၏။ ရဟန္တာကြီးက သူ့ကို ထပ်ရှို့ခိုင်းပြန်၏။ အထပ်ထပ် ကြိုးစား သော်လည်း မရပေ။ ဤတွင် ရဟန္တာကြီးက တန်ခိုးဖြင့် ငရဲမှ ပိုးစုန်းကြူးခန့် ငရဲမီးစက်ကလေးကို ယူ၍ အမှိုက်ပုံပေါ်တင် လိုက်၏။ ချက်ချင်းပင် ပြာကျသွား၏။ မိလက္ခရဟန်းကြီးက ငရဲမီး၏ ပြင်းထန်ပုံကို တွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ် သွား၏။ ထို့ကြောင့် လူမထွက်တော့ဘဲ ပြင်းပြင်းထန်ထန် အားထုတ်လိုက်သောအခါ အနာဂါမ်ကြီး ဖြစ်သွား၏။ ဤကဲ့သို့ အနာဂါမ်ဖြစ်မည့် အရေး သိမြင်သောကြောင့် တောကျောင်းရဟန္တာကြီးက သူ့ကို ငရဲမီးပြပြီး ချောက်လှန့်ကာ မြှူဆွယ် ယူရခြင်းဖြစ်၏။

အထက်ပါ ဖြစ်ရပ်များကို ကြည့်သောအားဖြင့် လောက၌ ဆွဲဆောင်မှုအားသည် အလွန်အရေးကြီး၏။ လောကအရေး, ဓမ္မအရေး နေရာတကာ လိုအပ်၏။ ဆွဲဆောင်မှု အားကောင်းလျှင် အခက်အခဲကိုလည်း ကျော်ဖြတ်နိုင်၏။ ပြဿနာကို လည်း ဖြေရှင်းနိုင်၏။ အောင်မြင်မှုကိုလည်း ရနိုင်၏။ ဘဝထွက်လမ်းသို့လည်း ရောက်နိုင်၏။

ဆွဲဆောင်မှုစွမ်းအားဖြင့် အရာရာ အောင်မြင်နိုင်ကြပါစေ။

သြဂုတ်လ ၁၉-ရက်၊ ၂၀၁၄-ခုနှစ်။