(မဇ္ဇျိမနေ့စဉ်သတင်းစာ၊ ဇွန် ၁၁၊ ၂၀၁၄၊ ဗုဒ္ဓဟူးနေ့၊ စာမျက်နှာ ၁၇)
အောင်ဒင် - “မြန်မာ့လူ့အဖွဲ့အစည်းနှင့် ခွဲခြားဆက်ဆံခြင်းများ”၊ အပိုင်း (၂)
#အမျိုးသမီးများနှင့် မိန်းကလေးများကို ခွဲခြားဆက်ဆံခြင်း
#အမျိုးသမီးများနှင့် မိန်းကလေးများကို ခွဲခြားဆက်ဆံခြင်း
မြန်မာနိုင်ငံမှာ အမျိုးသမီးများကို ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း လုံးဝမရှိဘူး။ မြန်မာအမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူညီမျှအခွင့်အရေးရကြတယ်လို့ ပြောကြပါတယ်။ အဲဒီလို ပြောကြသူတွေက မြန်မာအမျိုးသမီးတွေ အိမ်ထောင်ပြုကြတဲ့အခါ အနောက်နိုင်ငံက အမျိုးသမီးတွေလို ခင်ပွန်းသည်ရဲ့ မျိုးရိုးအမည်ကို ပြောင်းလဲစရာ မလိုပဲ မူလနံမည်အတိုင်း ရပ်တည်နိုင်တာ၊ အိမ်ထောင်ရေးမှာ ဇနီးသည်ရဲ့ သဘောတူညီမှုမပါပဲ ခင်ပွန်းသည်က တဘက်သတ် ကွာရှင်းပြတ်စဲခွင့် မရှိတာ၊ လက်ထပ်စာချုပ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပါတ်ဝန်းကျင်က အသိအမှတ်ပြုရင် အိမ်ထောင်ရေးမည်တာမို့ တရားဝင်ဇနီးဖြစ်ပြီး အလိုအလျောက်အမွေဆက်ခံခွင့်ရှိတာတွေကို မြန်မာအမျိုးသမီးများရဲ့ အခွင့်အရေးများအဖြစ် ထောက်ပြကြပါတယ်။ ပြီးတော့လည်း မြန်မာအမျိုးသမီးများဟာ အိမ်နီးချင်း နိုင်ငံကြီးအချို့မှာလို ခြေထောက်သေးအောင် အဝတ်စည်းစရာမလိုအပ်တာ၊ သမီးမွေးထားတဲ့ မိဘတွေက သမီးအတွက် ယောင်္ကျားကို ငွေကြေးအမြောက်အများတင်တောင်းဖို့ မလိုအပ်တာ၊ ဇနီးသည်က ခင်ပွန်းသေဆုံးပြီးနောက် ခင်ပွန်းသည်ရဲ့ ညီ သို့မဟုတ် အကိုရဲ့ သိမ်းပိုက်ခြင်းမခံရတာ စတဲ့ အချက်တွေကို ထောက်ပြပြီး မြန်မာအမျိုးသမီးများရဲ့ လွတ်လပ်ခွင့်ကို အမွှမ်းတင်ကြပါတယ်။
ဒါ့အပြင် မြန်မာ့လူ့အဖွဲ့အစည်းဟာ မိခင်ကြီးစိုးသော လူ့အဖွဲ့အစည်းဖြစ်တယ်။ ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းဖြစ်လို့ ဂေါတမမြတ်စွာဘုရားက မယ်တော် ယသော်ဓရာဒေဝီနဲ့ မိထွေးတော် ဂေါတမီတို့ကို တန်ဘိုးထားသလိုပဲ မြန်မာတွေအားလုံးကလည်း မိခင်များကို တန်ဘိုးထား၊ လေးစားကြတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီလို မြန်မာအမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူအခွင့်အရေးရှိကြတယ်လို့ ပြောဆိုကြသူတွေထဲမှာ ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်ကြီးအချို့တောင် ပါဝင်ကြပါတယ်။
အထက်ပါ မိခင်ဦးစားပေးအချက်အလက်များ၊ အိမ်ထောင်ရေးဆိုင်ရာအချက်အလက်များနဲ့ ပါတ်သက်ပြီး ငြင်းချက်ထုတ်စရာမရှိပါ။ သို့သော်လည်း မြန်မာအမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူညီမျှအခွင့်အရေးရတယ်ဆိုတာ အပြည့်အဝမှန်တယ် မထင်ပါ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ရှေးကျလှတဲ့ အတွေးအခေါ်၊ အစဉ်အလာတွေက မြန်မာအမျိုးသမီးများကို နှိမ့်ချခွဲခြား ဆက်ဆံထားသလို ဖြစ်နေပါတယ်။
#ဘာသာရေးအရ နှိမ့်ချခြင်း
ကမ္ဘာပေါ်မှာ လူသားတွေ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားအများစုမှာ အမျိုးသားများကို တန်ဘိုးထားပြီး အမျိုးသမီးများကို ခွဲခြားနှိမ့်ချ ဆက်ဆံတာ တွေ့ရပါတယ်။ အခြားဘာသာတွေကို မပြောပဲ မြန်မာနိုင်ငံက လူများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာနဲ့ ပါတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။
ဗုဒ္ဓဘာသာမှာ အမျိုးသမီးများသည် အမျိုးသားများလောက် ဘုန်းကံမရှိလို့ သတ်မှတ်ထားသလို အမျိုးသားများ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရေးကြိုးစားရာမှာ အမျိုးသမီးများဟာ အနှောက်အယှက်၊ အဖျက်အဆီးဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အမျိုးသမီးများဟာ မြင့်မြတ်တဲ့ ဘုရားသားတော် ရဟန်းဘဝကို ခံယူခွင့်မရှိ၊ ဘုရားဆုပန်ခွင့်မရှိလို့လည်း ကန့်သတ်ထားပါတယ်။ ဘုရားစေတီများ ၊ သာသနာ့အဆောက်အအုံများမှာ အမျိုးသမီးဝင်ခွင့်မရတဲ့ နေရာတွေ ကန့်သတ်ထားပါတယ်။
လူယောင်္ကျားတို့ သာသနာ့ဘောင်ကို ရဟန်းဘဝနဲ့ ဝင်ရောက်ပြီး သာသနာပြုကြရာမှာ ကာမဂုဏ် အာရုံများက ကြီးမားတဲ့ အဖျက်တရားများဖြစ်ကြပါတယ်။ အဲဒီ အဖျက်တရားတွေအထဲမှာမှ လူမိန်းမတို့ရဲ့ ဖျားယောင်းမှု၊ သွေးဆောင်မှုတွေက ပိုပြီး အန္တရာယ်ကြီးမားတယ်လို့ ယူဆပြီး လူမိန်းမတွေကို စိတ်မဝင်စားအောင်လို့ မိန်းမမကောင်းကြောင်း တရားတွေ၊ မိန်းမမကောင်းကြောင်း ဆုံးမစာတွေကို ရှေးဆရာတော်ကြီးများက တက်ညီလက်ညီ ရေးသားခဲ့ကြပါတယ်။ မာန်လည်ဆရာတော်ရဲ့ "မိန်းမဟူဘိ၊ ထိုဣတ္ထိကား၊ မရှိလည်းခက်၊ ရှိလည်းခက်၏၊ မပေါင်းလည်းခက်၊ ပေါင်းလည်းခက်၏" အစချီတဲ့ မာဃဒေဝလင်္ကာများဟာ အထင်အရှားဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်၊ မင်းတုန်းမင်းလက်ထက်မှာ သီလရှင် ဆရာကြီး မယ်ကင်းက ဘုရားဆုပန်ကြောင်း ကြားသိတဲ့အခါမှာ "ငါ့ပေါင်ကြားထဲကဟာ၊ နင့်ပေါင်ကြားထဲရောက်အောင် အရင်ဆုတောင်းဦး" လို့ ဒေါသနဲ့ပြောတဲ့ ဗန်းမော်ဆရာတော်ကြီးရဲ့ စကားဟာလည်း အထင်အရှားပါ။ အဲဒီလို နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ဗုဒ္ဓဘာသာ ရဟန်းသံဃာများရဲ့ မိန်းမမုန်းတရားများ ရဲ့ ဩဇာသက်ရောက်မှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးများဟာ အမျိုးသားများထက် အဆင့်တစ်ဆင့်နိမ့် တည်ရှိနေရပါတယ်။
#မဟာဖိုဝါဒ ကြီးစိုးခြင်း
ကိုးကွယ်ရာ ဘာသာတရားကိုယ်၌က ယောင်္ကျားများက မိန်းမများထက် ပိုပြီးမြင့်မြတ်တယ်လို့ သတ်မှတ်ထားတော့ ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ မဟာဖိုဝါဒ (သို့မဟုတ်) ယောင်္ကျားဗဟိုပြုဝါဒ ကြီးစိုးတာ သိပ်တော့မဆန်းပါ။ အထင်ရှားဆုံးပြနိုင်တာကတော့ ရှေးမြန်မာဘုရင်များ မိဘုရားပေါင်းများစွာ၊ ကိုယ်လုပ်တော်များစွာနဲ့ စံစားခဲ့ကြတာနဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ယခုအထိ တည်ရှိဆဲဖြစ်တဲ့ ယောက်ကျားတစ်ယောက်ကို တရားဝင် မိန်းမတစ်ယောက်ထက်ပိုယူခွင့်ပြုတဲ့ မယားပြိုင်စနစ်တို့ပဲ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းကို လေ့လာကြည့်တဲ့ အခါ တစ်လင်၊ တစ်မယားစနစ်ကျင့်သုံးတဲ့ ဘုရင်တစ်ပါးမှ မရှိပါ၊ ဘုရင်တင်မကပါ၊ အိမ်ရှေ့စံတွေ၊ မင်းသားတွေ၊ မြို့စားတွေ၊ နယ်စားတွေ၊ စော်ဘွားတွေ၊ စစ်သူကြီးတွေဟာလည်း ဇနီး၊မယား တစ်ဦးမက ရှိခဲ့ကြပါတယ်။ အချို့ မိဘုရားများခင်မျာ ဘုရင်အဆက်ဆက် ရဲ့ တော်ကောက်ပေါင်းသင်းခြင်းခံရပါသေးတယ်။ ယောင်္ကျားများကို မယားပြိုင်ယူခွင့်ပြုထားပေမည့် မိန်းမများမှာတော့ လင်ပြိုင်ယူခွင့်မရှိပါ။ ဒါ့အပြင် သမီးတော်၊ နှမတော် မိန်းကလေးများဟာ စစ်ပြိုင်နိုင်ငံများကြားမှာ ငြိမ်းချမ်းရေးအတွက်၊ စစ်ပွဲရပ်စဲရေး၊ သစ္စာခံရေးအတွက် အလဲအလှယ် အဖြစ်အသုံးပြုတဲ့ သက်ရှိကုန်ပစ္စည်းများ ဖြစ်ခဲ့ရပြန်ပါတယ်။
အိမ်ထောင်စုတစ်စုမှာလည်း ခင်ပွန်းသည်၊ ယောင်္ကျားဖြစ်သူက အရှင်သခင်ပါ။ မိခင်အုပ်ချုပ်သော မိသားစုစနစ်လို့ ပြောကြပေမည့် "သားကို သခင်၊ လင်ကို ဘုရား" ဆိုတဲ့ စကားအတိုင်း ခင်ပွန်းနဲ့ သားဆိုတဲ့ ယောင်္ကျားတွေက အိမ်ထောင်စုတစ်စုရဲ့ အခွင့်ထူးခံတွေ ဖြစ်ကြပြီး မိခင်နဲ့ သမီး စတဲ့ မိန်းမတွေက အနစ်နာခံကြရသူများ ဖြစ်ကြပါတယ်။ ဒေါသဖြစ်ရင်၊ စိတ်ဆိုးရင် အင်အားသုံးတတ်တဲ့ ခင်ပွန်းသည်ရဲ့ အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုကို ကြိတ်မှိတ်ခံစားနေရတဲ့ မြန်မာအမျိုးသမီးတွေ ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာ ရှိကြပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေမှာ သမီးမိန်းကလေးကိုတော့ သေစာ၊ ရှင်စာတတ်ရင် တော်ပြီပဲဆိုပြီး ကျောင်းထုတ် အလုပ်လုပ်ခိုင်းတတ်ကြပြီး သား ယောင်္ကျားလေးကိုတော့ ပညာတတ်ဖြစ်စေဖို့ မဖြစ်မနေ ကျောင်းတက်စေကြပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းကိုယ်တိုင်က ခင်ပွန်းသည် ယောင်္ကျားသားက ဇနီး မိန်းမကို ရိုက်နှက်အနိုင်ကျင့်တာကို အထူးအဆန်းမဟုတ်သလို ကြည့်နေတတ်ကြပြီး ဇနီးမိန်းမက ခင်ပွန်းသည် ယောင်္ကျားကို စကားနဲ့ တုန့်ပြန်တာ၊ ရန်တွေ့တာ၊ ကိုယ်ထိလက်ရောက်ပြုတာကိုတော့ သည်းမခံ၊ခွင့်မလွှတ်တတ်ကြပါ။ ဝမ်းနည်းစရာကောင်းတာက အဲဒီလို ယောင်္ကျားသားများက မိန်းမများထက် ပိုမြင့်မြတ်တယ်ဆိုတဲ့ အယူအဆကို မိန်းမများကိုယ်တိုင်က လက်ခံထားကြတာပါ။
#ပါတ်ဝန်းကျင်က ဝင်စွက်ဖက်ခြင်း
ကျနော်တို့ရဲ့ လူ့ပါတ်ဝန်းကျင်က လူငယ်၊ ယောင်္ကျားလေးတစ်ယောက် ရီးစားအများကြီး ထားတာကို အပြစ်မပြောတတ်ကြပေမည့် မိန်းကလေးတစ်ယောက်က ရီးစားတစ်ဦးထက်ပိုရှိရင်ဖြင့် အလုအယက် အပြစ်ပြောတတ်ကြတာပါ။ ရီးစားများတဲ့ ယောင်္ကျားလေးကို ထူးထူးခြားခြား မဝေဘန်ပေမည့် ရီးစားများတဲ့ မိန်းကလေးကိုတော့ အကျင့်သိက္ခာကင်းမဲ့သူလို၊ တန်ဘိုးလျော့သွားသလို၊ တန်ဘိုးမဲ့သွားသလို ပြောဆိုဝေဘန်တတ်ကြပါတယ်။ တကယ်တော့ ယောင်္ကျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ လူငယ်ဘာဝ ချစ်သူရီးစားထားကြတာ၊ တစ်ခါတစ်ရံမှာ ချစ်သူရီးစား တစ်ဦးထက်ပိုရှိတာ၊ ဒါမှမဟုတ်လည်း တစ်ဦးနဲ့ ပြတ်စဲပြီး နောက်တစ်ဦးကို လက်ခံတာ သက်ဆိုင်ရာ လူငယ်ရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ပဲ ဖြစ်ပါတယ်။ ပါတ်ဝန်းကျင်နဲ့ မသက်ဆိုင်သလို ပါတ်ဝန်းကျင်က ပါဝင်စွက်ဖက်တာ၊ ဝေဘန်တာ မရှိသင့်ပါ။
မြန်မာ့လူ့အဖွဲ့အစည်းက ချစ်သူ၊ ရီးစားများရဲ့ ကိုယ်ရေးကိုယ်တာမှာလည်း ဝင်ရောက်စွက်ဖက်တတ်ကြတာပါ၊ အထူးသဖြင့် ကိုယ့်ရပ်ကွက်က၊ ကိုယ့်ကျောင်းက၊ ကိုယ့်ရွာက မိန်းကလေးနဲ့ အခြားရပ်ကွက်၊ အခြားကျောင်း၊ အခြားရွာက အမျိုးသားတို့ ချစ်ကြိုက်ကြတဲ့ အခါ ပါတ်ဝန်းကျင်ရဲ့ မဆီမဆိုင် စွက်ဖက်မှုက အန္တရာယ်ကြီးလှပါတယ်။ အခြားရပ်ကွက်၊ အခြားကျောင်း၊ အခြားရွာတင်မကပဲ အခြားဘာသာကပါ ဖြစ်တယ်ဆိုရင် မဆီမဆိုင် အမျိုး၊ ဘာသာ၊ သာသနာစောင့်ထိန်းရေးဆိုတဲ့ အလံထူပြီး ချစ်သူရီးစားနှစ်ဦးရဲ့ ဘဝကို သွေးတွေရင်းပြီး ဖျက်ဆီးတတ်ကြပြန်ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၅၊ ၁၆ ရက်တွေမှာ ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့နယ် မြို့ပေါ်မှာနေထိုင်တဲ့ အစ္စလမ်ဘာသာဝင်လူငယ်တစ်ဦးနဲ့ ကံစုကျေးရွာက မိန်းကလေးတစ်ဦးတို့ ချစ်သူရီးစားဘာဝ မိန်းကလေးရဲ့ နေအိမ်မှာချိန်းတွေ့ကြတာကို မကျေနပ်နိုင်ကြတဲ့ ဒေသခံတွေက မိန်းကလေးရဲ့ အိမ်အပါအဝင် အခြားအိမ်တွေကို ဝိုင်းပြီး ဖျက်ဆီးကြတယ်လို့ ကြားသိရပါတယ်။ ခွဲခြားဆက်ဆံခြင်းရဲ့ အန္တရာယ်ကြီးမားမှုကို အထင်အရှား သက်သေပြလိုက်သလိုပါ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ သူ့ချစ်သူကို လွတ်လွတ်လပ်လပ် ရွေးချယ်ချစ်ပိုင်ခွင့်တောင် မရှိသလိုဖြစ်နေပါတယ်။
အဲဒီလို အမြင်ဆိုးတွေက မိန်းကလေး တစ်ယောက် အိမ်ထောင်ကျလို့ အိမ်ထောင်ကွဲတဲ့အခါ၊ အိမ်ထောင်ဘက်သေဆုံးတဲ့အခါ ပိုပြီး ဆိုးဝါးလာပါတယ်။ အိမ်ထောင်ဘက်သေဆုံးလို့ ကျန်ရစ်ခဲ့တဲ့ မုဆိုးမတစ်ဦးအပေါ်၊ အိမ်ထောင်ဘက်နဲ့ ကွာရှင်းခဲ့တဲ့ တစ်ခုလတ်အမျိုးသမီးတစ်ဦးအပေါ်မှာ ပါတ်ဝန်းကျင်က မျက်လုံးရိုင်းတွေနဲ့ ကြည့်ပြီး အမြင်ရိုင်းတွေနဲ့ ဝေဘန်တတ်ကြပါတယ်။ အစကတည်းက အမျိုးသမီးများဟာ အမျိုးသားများထက် နိမ့်ကျတယ်လို့ လက်ခံယုံကြည်ထားတဲ့ လူ့အဖွဲ့အစည်းက ကံမကောင်း၊ အကြောင်းမလှလို့ မုဆိုးမ၊ တစ်ခုလပ်ဖြစ်ရတဲ့ အမျိုးသမီးများအပေါ် ပိုပြီးနှိမ့်ချ ဆက်ဆံတတ်ကြပါတယ်။
ဒီနေရာမှာလည်း မုဆိုးမထက်စာရင် တစ်ခုလပ်ဖြစ်ရသူ အမျိုးသမီးများဟာ ပိုပြီး ခွဲခြားဆက်ဆံခံရတတ်ပါတယ်။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ လင်နဲ့ မယား၊ ယောင်္ကျားနဲ့ မိန်းမ နှစ်ဦးစလုံးက တက်ညီလက်ညီ တည်ဆောက်ကြရမှာပါ။ တစ်ခါတစ်ရံ အပေးအယူ မညီမျှကြတဲ့ အခါ၊ အချစ်တွေကုန်ဆုံးကြတဲ့အခါ ကွာရှင်းဖို့လိုအပ်တဲ့အခြေအနေကို ရောက်ရှိလာတတ်ပါတယ်။ ခင်ပွန်းသည်ရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု၊ မိသားစုအပေါ် တာဝန်မကျေမှု၊ ဇနီးသည်ကို ရိုက်နှက်ညှင်းပန်းမှုတွေရှိရင် ပိုဆိုးပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဇနီးသည်က မကောင်းတဲ့ ခင်ပွန်းသည်ကို ကွာရှင်းပြတ်စဲခွင့် ရှိရပါမယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ထပ်ခါတလဲလဲ သုံးစွဲလို့ ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ "တည်မိတဲ့ ဘုရား၊ လဒပဲ နားနား" ဆိုတဲ့ ဖြောင်းဖျမှုမျိုးနဲ့၊ "အရိုးကွဲအောင်ရိုက်တာ၊ အသည်းစွဲအောင်ချစ်လို့ပါ" ဆိုတဲ့ ပလီပလာစကားတွေနဲ့ ပါတ်ဝန်းကျင်က ဇနီးသည်အမျိုးသမီးကို ဒုက္ခသက်တမ်းရှည်အောင် မဆွဲဆောင်သင့်ပါ။ ဇနီးသည်က မကောင်းတဲ့ ခင်ပွန်းကို ကွာရှင်းပြတ်စဲပြီး ဘဝအသစ်တစ်ခုစတာကို နားလည်မှု၊ ကြင်နာမှုတွေနဲ့ အားပေးကူညီရမှာပါ။ တစ်ခုလပ်ဖြစ်သွားတာနဲ့ အမျိုးသမီးရဲ့ တန်ဘိုးကျသွားတယ်ဆိုတာမရှိပဲ သူ့ရဲ့ လူ့ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းမှု၊ လူ့အဖွဲ့အစည်းအတွက် တာဝန်ကျေကျေ ပေးဆပ်မှုတွေနဲ့သာ သူ့တန်ဘိုးကို တိုင်းတာသင့်ပါတယ်။
#တိုးတက်သည့်လူ့အဖွဲ့အစည်းနှင့် ဟောင်းနွမ်းသည့်အတွေးအခေါ်များ
ခေတ်သစ်၊ စနစ်သစ်တစ်ခုကို တည်ဆောက်ရာမှာ ရှိပြီးသား အစဉ်အလာအတွေးအခေါ်များထဲ ကျေနပ်နစ်မြုတ်နေလို့ ရှေ့ကို ရွေ့လျားနိုင်မှာ မဟုတ်ပါ။ နှစ်ပေါင်း ရာပေါင်းများစွာ လက်ခံကျင့်သုံးခဲ့လို့ ဆိုပြီး ရှိရှိသမျှ အစဉ်အလာ၊ ဓလေ့ထုံးစံတွေအားလုံးကို မပြောင်းမလဲ ဆက်လက် လက်ခံကျင့်သုံးတာ မဖြစ်သင့်တော့ပါ။ ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေမှုမရှိတဲ့ အစဉ်အလာ၊ ထုံးစံများကို အချိန်မီစွန့်ပစ်မှ ဖြစ်ပါလိမ့်မယ်။ လူသားတိုင်းဟာ မွေးဖွားလာကတည်းက တန်းတူညီမျှ ဖြစ်ပါတယ်။ ဘယ်သူကမှ ဘယ်သူ့ထက် ပိုပြီး သာလွန်တယ်ဆိုတာ မရှိပါ။ အမျိုးသမီးများဟာ အမျိုးသားများထက် မနိမ့်ကျပါ။ အမျိုးသားများဟာ အမျိုးသမီးများထက် ပိုပြီး မမြင့်မြတ်ပါ။ အမျိုးသားများ အားလုံးက ယောင်္ကျားဗဟိုပြုဝါဒတွေကို စွန့်လွှတ်ပြီး အမျိုးသမီးများကို တန်းတူညီမျှ အလေးပေးဆက်ဆံကြရမှာပါ။ အမျိုးသမီးများကလည်း အားနွဲ့သူဝါဒ၊ အနစ်နာခံတတ်သူဝါဒများကို စွန့်လွှတ်ပြီး အမျိုးသားများနဲ့ တန်းတူ တာဝန်ယူရဲသူများ ဖြစ်ကြရမှာပါ။ အစဉ်အလာဟောင်း မစွန့်လွှတ်လိုသူများကိုတော့ ခေတ်ရဲ့ နောက်မှာ ချန်ထားခဲ့ကြပါစို့။
(မေ ၂၅၊ ၂၁၀၄)