အရှင်စန္ဒိမာ (မွန်စိန်တောရ) - ကြောက်ရွံ့ခြင်း၊ မျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ ချမ်းသာခြင်း၊ ယဉ်ကျေးခြင်းနှင့် ဒီမိုကရေစီလူ့ဘောင်


အရှင်စန္ဒိမာ (မွန်စိန်တောရ)   - ကြောက်ရွံ့ခြင်း၊ မျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ ချမ်းသာခြင်း၊ ယဉ်ကျေးခြင်းနှင့် ဒီမိုကရေစီလူ့ဘောင်
သြဂုတ် ၂၃၊ ၂၀၁၄


မကြာသေးခင် ရက်ပိုင်းက ထိုင်းရဲအရာရှိကြီးတစ်ယောက်ဟာ ဘက်ငွေသန်း ၁၆၀ ကျော် တန်ဘိုးရှိတဲ့ စိတ်ကြွဆေးပြားတွေနဲ့အတူ အဖမ်းခံလိုက်ရကြောင်း ဧရာဝတီအွန်လိုင်းသတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ မူးယစ်ဆေးတွေကို သူ့ရဲ့ ရာထူးအရှိန်အဝါ အားကိုးပြီး သူ့ကားနဲ့ အခကြေးငွေယူ သယ်လာတာလို့ ဆိုတယ်။ သယ်ယူခအဖြစ် ရမယ့် အခကြေးငွေကလည်း မက်လောက်စရာပါ။ ဒါပေမယ့် သူကံမကောင်းရှာပါဘူး။ လမ်းခရီးရှိ စစ်ဆေးရေးဂိတ်တစ်ခုမှာ တာဝန်ကျ နယ်မြေခံရဲတွေက သူ့ကားထဲမှ မူးယစ်ဆေးတွေကို ရှာတွေ့သွားခဲ့ပြီး သူအဖမ်းခံလိုက်ရပါတယ်။

ထိုသတင်းကို ဖတ်ပြီး ကျမ်းဂန်လာ ကြောက်စရာဘေး ၄ မျိုးအကြောင်းကို စဉ်းစားမိပါတယ်။ အတ္တာနုဝါဒဘယ၊ ပရာနုဝါဒဘယ၊ ဒဏ္ဍဘယ၊ ဒုဂ္ဂတိဘယ ဆိုတဲ့ ဘေး ၄ မျိုးပါ။

အကုသိုလ်မကောင်းမှုတစ်ခုခု ကျူးလွန်မိလို့ ကိုယ့်ကိုယ်ကို ပြန်လည်စွပ်စွဲ အပြစ်တင်ရမယ့်အဖြစ်ကို ကြောက်တာဟာ အတ္တာနုဝါဒဘယ ဖြစ်ပါတယ်။ ပရာနုဝါဒဘယက မကောင်းမှုအတွက် သူတပါးက ကိုယ့်ကို စွပ်စွဲကဲ့ရဲ့ အပြစ်တင်မှာကို ကြောက်တာပါ။ ဒဏ္ဍဘယက မကောင်းမှုအတွက် မျက်မှောက်ခေတ် သက်ဆိုင်ရာ နိုင်ငံအရပ်ဒေသရဲ့ တည်ဆဲဥပဒေအတိုင်း အပြစ်ပေးအရေးယူခံရမှာကို ကြောက်တာ ဖြစ်ပြီး ဒုဂ္ဂတိဘယကတော့ အကုသိုလ်ကံရဲ့ အကျိုးဆက်ဖြစ်တဲ့ အပါယ်ဒုဂ္ဂတိဘဝ ရောက်ရမှာကို ကြောက်တာ ဖြစ်ပါတယ်။

ထိုကြောက်စရာဘေး ၄ မျိုးထဲမှာ အတ္တာနုဝါဒဘယဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ စိတ်ဓါတ်အရင့်ကျက်ဆုံးနဲ့ အမြင့်မြတ်ဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ မကောင်းမှုတစ်ခုခု လုပ်မိလိုက်လို့ ဘယ်သူမှ မသိဘူးထား၊ ကိုယ့်ကိုယ်ကိုတော့ သိပါတယ်။ ဒီတော့ ကိုယ့်စိတ်မှာ မသန့်တော့ပါဘူး။ လိပ်ပြာမသန့်တော့ပါဘူး။ မိမိကိုယ်ကို ယုံကြည်မှု မရှိတော့ပါဘူး။ မဝံ့မရဲ ဖြစ်လာပါတယ်။ ဒါ့ကြောင့် ပညာရှိသူတော်ကောင်းများဟာ အတ္တာနုဝါဒဘယကြောင့် မကောင်းမှု မလုပ်တော့ပါဘူး။ အတ္တာနုဝါဒဘယဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ရှားပါးပုဂ္ဂိုလ်စာရင်းထဲမှာ ပါဝင်ပါတယ်။

ပရာနုဝါဒဘယဖြစ်တဲ့ ပုဂ္ဂိုလ်ကျတော့ မကောင်းမှုတစ်ခုခုလုပ်လိုက်ပြီး အခြားသူတစ်ဦးဦး မြင်သွားရင် ကိုယ့်ကို အထင်အမြင်သေးလိမ့်မယ်။ အပြစ်တင်လိမ့်မယ်။ ကဲ့ရဲ့လိမ့်မယ်။ သူတပါးက ကိုယ့်ကို အထင်သေးကဲ့ရဲ့အပြစ်တင်မှာကို စိုးရိမ်ကြောက်ရွံ့လို့ မကောင်းမှုမှ ရှောင်ကြဉ်တယ်။ သို့သော် ထိုပုဂ္ဂိုလ်ဟာ လူကွယ်ရာမှာ ဆိုရင်တော့ မကောင်းမှုကို ကျူးလွန်နိုင်ပါသေးတယ်။ ထိုပုဂ္ဂိုလ်အမျိုးအစားလည်း  လူနည်းစုစာရင်းဝင်ပဲ ဖြစ်ပါတယ်။

ဒဏ္ဍဘယကတော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ မကောင်းမှုတစ်ခုခု ကျူးလွန်မိရင် ရဲဖမ်းမှာ အရေးယူအပြစ်ပေးခံရမှာ ထောင်ချခံရမှာကို စိုးရိမ်ကြောက်ရွံ့တာကြောင့် မကောင်းမှုမှ ရှောင်ကြဉ်တာ ဖြစ်ပါတယ်။

ဒုဂ္ဂတိဘယဖြစ်တဲ့ ပုဂ္ဂိုလ်ကျတော့ မကောင်းမှုအကုသိုလ်ကံကြောင့် အပါယ်မှာ ဆင်းရဲဒုက္ခခံရမှာကို ကြောက်လို့ မကောင်းမှုမှ ရှောင်ကြဉ်တာ ဖြစ်ပါတယ်။

ထိုဘေး ၄ မျိုးထဲမှာ လူတွေအကြောက်ဆုံးဘေးက ဒဏ္ဍဘယပါ။ ဒဏ္ဍဘယက ချက်ချင်းခံရမှာမို့ပါ။ ဥပဒေစည်းမျဉ်းတွေက လောကလူသားတွေကို ထိန်းကျောင်းတည့်မတ်အနားသက်ပေးထားပါတယ်။ ဥပဒေသာ မရှိရင် လူတွေဟာ ဘယ်သူသေသေ ငတေမာပြီးရော လုပ်ချင်ရာ လုပ်ကြလိမ့်မယ်။ သို့သော်လည်း ဥပဒေအထက်မှာ နေခွင့်ရှိကြတဲ့ လူတွေကတော့ လုပ်ချင်ရာ လုပ်ခွင့် ရကြတယ်။ သူတို့အတွက် ဒဏ္ဍဘယ ဖြစ်စရာ မလိုတော့ပါဘူး။ 

ဥပဒေအထက်မှာ နေခွင့်ရှိကြတဲ့ လူတွေဟာ ကျန်တဲ့ ဘေး ၃ မျိုးကိုလည်း ဂရုမစိုက်တဲ့ လူတွေပါ။ ထိုလူမျိုးတွေဟာ အတ္တာနုဝါဒဆိုတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မှု လိပ်ပြာမသန့်မှုဆိုတာ ယောင်လို့တော့ ဖြစ်မယ်မထင်ပါဘူး။ ပရာနုဝါဒဆိုတဲ့ မီဒီယာတွေက ဝေဖန်ထောက်ပြတာတွေ ရှိမယ်။ လူတွေက အပြစ်တင်ရှုတ်ချတာတွေ ရှိမယ်။ ဒါပေမယ့် ဥပဒေအထက်မှာ နေခွင့်ရှိတဲ့လူတွေနဲ့ လုပ်ချင်တိုင်း လုပ်ခွင့်ရှိတဲ့ လူတွေဟာ ပရာနုဝါဒဘယဖြစ်ဖို့ ခဲယဉ်းတတ်ပါတယ်။ ထိုလူမျိုးတွေအတွက် ဒုဂ္ဂတိဘယလည်း မဖြစ်ရုံမက ဒုဂ္ဂတိအပါယ် ၄ ဘုံတွေ၊ ငရဲအိုးထဲ ဇောက်ထိုးကျ ဆိုတာတွေကို ပုံပြင်ဒဏ္ဍာရီလို သဘောထားကြမယ့် လူစားတွေပါ။

 အထက်က ထိုင်းရဲအရာရှိကြီးကို ပြန်ကြည့်ရင် သူဟာ သူ့ရဲ့ ရာထူးအဆင့်အတန်းကို သုံးပြီး ဥပဒေကို ရှောင်ကွင်းနိုင်မယ်လို့ ယူဆခဲ့တယ်။ ဒါပေမယ့် သူ့တွက်ကိန်း မှားသွားခဲ့တယ်။ ထိုရဲအရာရှိကြီးစဉ်းစားပုံအတိုင်း အခြားရာထူးအာဏာရှိကြသူများရဲ့ ဒဏ္ဍဘယမဖြစ်ကြပုံများကိုလည်း လေ့လာသုံးသပ်နိုင်ပါတယ်။

ဒါကြောင့် လူ့အဖွဲ့အစည်းမှာ အလိုအပ်ဆုံးက ဒဏ္ဍဘယပါ။ ဒဏ္ဍဘယက လူများစုကို ကိုယ်စားပြုတာကြောင့်ပါ။ ဒဏ္ဍဘယဖြစ်ဖို့ ခေတ်စကားနဲ့ ပြောရရင် တရားဥပဒေစိုးမိုးမှု လိုအပ်ပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိရင် လူတွေ ဒဏ္ဍဘယဖြစ်ကြမှာ မဟုတ်တော့ပါဘူး။

ဒီမိုကရေစီရင့်ကျက်ပြီး တရားဥပဒေစိုးမိုးမှု ခိုင်မာအားကောင်းတဲ့ နိုင်ငံများမှာ လူတွေဟာ ဒဏ္ဍဘယဖြစ်ကြတာကြောင့် ဥပဒေချိုးဖေါက်ဖို့ ကြံစည်သူတွေ နည်းကြတယ်။ ဥပဒေအတိုင်း သမာသမတ်ကျကျ လိုက်နာကျင့်သုံးကိုင်တွယ်မှု ခိုင်မာအသားကျနေတာကြောင့် ဘယ်သူမှ ငွေရာထူးအာဏာပါဝါတွေ သုံးပြီး ဥပဒေကို လက်တလုံးခြား ရှောင်ကွင်းဖို့ မလွယ်ကုူပါဘူး။ ဒါ့အပြင် ဒီလို ပတ်ဝန်းကျင်အကြောင်းတရာတွေက လူတွေကို ပရာနုဝါဒဘယနဲ့ အတ္တာနုဝါဒဘယတွေကို ဖြစ်ပေါ်စေဖို့လည်း ရှင်သန်ခိုင်မာစေပါတယ်။

လူအဖွဲ့အစည်းတစ်ခုမှာ  ပရာနုဝါဒဘယနဲ့ အတ္တာနုဝါဒဘယဖြစ်သူတွေ များလာပြီဆိုရင် ထိုလူ့အဖွဲ့အစည်းဟာ ပိုပြီး ငြိမ်းချမ်းတည်ငြိမ်ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာပါပြီ။ ဒီလိုဖြစ်လာဖို့ အစပျိုးလိုအပ်မှုက ဒဏ္ဍဘယပါ။ တနည်းအားဖြင့် တရားဥပဒေစိုးမိုးမှုပါ။ တရားဥပဒေစိုးမိုးမှုဆိုတာ ငွေရာထူးအာဏာပါဝါတွေနဲ့ မျက်နှာကြီးရာ ဟင်းဖက်ပါ ဥပဒေကို လက်တလုံးခြား ရှောင်ကွင်း၊ မာဖီးရားလူမိုက်ဆန်ဆန် ဥပဒေအထက်မှာ နေခွင့်ရှိသူများ ကြီးစိုးလွှမ်းမိုးရာ အာဏာရှင်စနစ်လူမှုဝန်းကျင်နဲ့တော့ ပြဒါးတလမ်း သံတလမ်းပါ။ အာဏာရှင်အရိပ်မဲ အုပ်မိုးထားတဲ့ ဟန်ပြဒီမိုကရေစီစနစ်မှာလည်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေအုံးမှာပါ။ အပေါ်ယံအရောင်အသွေး ပြောင်းကောင်း ပြောင်းပေမယ့် အတွင်းအနှစ်သာရကတော့ မပြောင်းပါဘူး။ အာဏာရှင်လောင်းရိပ်မှ မလွတ်မြောက်သေးတဲ့ ဆိုင်းဘုတ်တင်အမည်ခံ ဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးမှု မရှိရုံမျှမက ဥပဒေကိုယ်နှိုက်က မျှတမှု ကင်းမဲ့နေတာပါ။

ချုပ်လိုက်ရင် ကြောက်စရာဘေး ၄ မျိုးဆိုတာ မိမိတစ်ဦးတည်းအတွက် ဦးတည်စဉ်းစားပြီး ကြောက်ရွံ့တာဖြစ်သော်လည်း မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းတည်ငြိမ်မှုကို အထောက်အကူပြုနေရုံသာမက မိမိတို့ တစ်ဦးချင်းအတွက်လည်း ယဉ်ကျေးအဆင့်အတန်းမြင့်တဲ့ ရင့်ကျက်တဲ့ဘဝကို ရယူပိုင်ဆိုင်စေတာ ဖြစ်ပါတယ်။

ကြောက်စရာဘေး ၄ မျိုးနဲ့အညီ လူ့အဖွဲ့အစည်းကို ထိန်းကျောင်းတည့်မတ်ပြီး တရားမျှတ ငြိမ်းချမ်းတည်ငြိမ် ချမ်းသာပြည့်ဝ ယဉ်ကျေးတဲ့ ဒီမိုကရေစီလူ့ဘောင်ကို တည်ဆောက်နိုင်ပါစေ။