(၁)
ကျွန်တော့်တွင် ငယ်သူငယ်ချင်းဟူ၍များများစားစား မကျန်တော့ပါ၊ လက်တစ်ဖက်ထည်းဖြင့်ပင်ရေတွက်၍ ရနိုင်ပါပြီ၊ ကိုစန်းလွင်မှာ ငယ်ငယ်ကတည်းက ပေါင်းသင်းလာသူဖြစ်သည်။ အိမ်ချင်းကလည်းအဝေးကြီးမဟုတ်၊ သည်တခေါက် ရွာအပြန်မှာ ကျွန်တော့် သူငယ်ချင်း ကို သင်္ကန်းဝတ်ဖြင့်တွေ့ရလေသည်။ သူကကျွန်တော့်ကို မြန်မာပြည်မှာ လူဖြစ်လာလျင် “ရဟန်းမ၀တ်ဖူးပါက လူဖြစ်ရကျိုးမနပ်ဖူး” ဟုပြောလေသည်။
(၂)
စန်းလွင်နှင့်ကျွန်တော် သူငယ်ချင်းဖြစ်ရသည်မှာ လူမှန်းသိတတ်စအရွယ်ကတည်းကဖြစ်ပါသည်။ တလျောက် လုံးနေလာခဲ့ကြသည် မှာ သူသည်တချိန်တွင် သင်္ကန်းဝတ်လိမ့်မည်ဟု တစ်ခါဘူးမျှ ကျွန်တော်မထင်ခဲ့ဘူးချေ၊ လွန်ခဲ့သောနှစ်က ကျွန်တော့်မြို့ကို သုံးခေါက် ရောက်သည်။ သူ့ကိုမတွေ့ခဲ့ရ၊ သူ့ဇနီးမှာ ရွှေဘိုကဖြစ်ရာ သူရွှေဘိုမှာ ရှိသည်ဟုသာ အမှတ်တမဲ့ ယူဆခဲ့သည်။ တကယ် က သူသည် ကိုရင်ဝတ်ဖြင့် ကျွန်တော်တို့မြို့ အနောက်ပိုင်း သဲပုံစေတီ အနီး ရှိ ဘုန်းတော်ကြီး ကျောင်းမှာ ရှိနေခဲ့ပါသည်။ဆွမ်းကျွေးတစ်ခုတွင် သဲပုံစေတီကျောင်းဆရာတော်ကြွလာလေရာ ထိုဆရာတော်က သတင်းပေးသဖြင့် ကျွန်တော် ရောက်ကြောင်း သူသိရသည်ဟုဆိုသည်။ သူကဖုံးဆက်သောအခါ သူဘုန်းကြီးဖြစ်နေပြီ၊ သူ့ကျောင်း ကိုလာခဲ့ပါ ဟုခေါ်သည်။ ကျွန်တော် သည် ထင်မှတ်မ ထားသောကိစ္စမို့ အံ့အားသင့်မိသည်။ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိသည်ဟု ဆိုရပါမည်၊ သူ့ကျောင်းသို့ ကျွန်တော် ချက်ခြင်းရောက်သွား လေသည်။ သူသည် “၀ိပသနာ တရား ၏ အရသာကိုတွေ့နေပြီ” ဟုဆိုသည်။ “ကိုရင်ဝတ်က မထွက်တော့ဘူး” ဟုလည်းပြောသည်။ ကျွန်တော် သည် သူ့အကြောင်းတွေကို ပြန်တွေးမိလေသည်။
ကျွန်တော်တို့ ငယ်ငယ်ကသူငယ်ချင်း၊ ရင်းနှီးကြသည်ဆိုခြင်းမှာ မိုးလင်းမှ မိုးချုပ် အတူသွား၊ အတူစား၊ အတူနေ၊ အတူကစား နေကြခြင်းကိုဆိုလိုပါသည်။ ကျွန်တော်တို့သည် မြို့ထဲမှာနေရာအနှံ့ လမ်းတကာကို ချေရာ ခြင်းထပ် အောင်သွားကြသည်။ ရွာထဲက သစ်ပင်တွေမှာ ကျွန်တော်တို့မတက်ဖူးသောအပင်ဟူ၍ မရှိ၊ တယောက် အိမ်မှာ တယောက်ထမင်းစား၊ မိမိအိမ်သို့ အိပ်ရုံသာပြန်ကြလေသည်။ စန်းလွင်တို့အိမ်ဝင်းထဲမှာ ကျွန်တော်တို့ ကျောင်းကဆရာတွေ စုပေါင်းပြီးအိမ်ငှားနေကြရာ ထိုဆရာတို့ဆီသို့ သွားသည်နှင့်အတူ သူ့အိမ် သို့ ကျွန်တော်တို့ ပိုရောက်ဖြစ်ကြလေသည်။ အမေသည်ကျွန်တော့်ကို ရှာမတွေ့ပါက အရင်ဆုံး စန်းလွင် အိမ်ကို လာပြီးမေးလေ့ရှိသည်။
(၃)
စန်းလွင်သည်ကျွန်တော့်ထက်နောက်ကျ၍ စက်မှုတက္ကသိုလ်သို့ရောက်သည်။ သူဒုတိယနှစ်အရောက်မှာဟု ထင်ပါသည်။ ကျောင်းသား ခေါင်းဆောင် ကိုတင်မောင်ဦးကို အစိုးရကဖမ်းလိုက်သောအခါ သူ့ညီမဖြစ်သူ မလှမြိုင် က ကျောင်းသားအဆောင်တွေကို လှည့်လည် တရားဟောပါသည်။ ဟောပြောပွဲမှာ ကျောင်းဆောင် အနီးရှိ မြေကွက်လပ်မှာလုပ်ခြင်းဖြစ်ပြီး အဆောင်နေ ကျောင်းသားတိုင်းလိုလို သွားရောက် နားထောင်ကြလေ သည်။ ပရိတ်သတ်သည် မြေကြီးပေါ်မှာ ဖြစ်သလိုထိုင်ကြရာ စန်းလွင် သည် ရှေ့ဆုံးမှာနေရာရပြီး ရှေ့ဆုံးမှာ ထိုင်ရလေသည်။ ဒူးယားဆောင် ကျောင်းသား ကိုစန်းလွင်သည် ထိုပြစ်ချက်ဖြင့် ကျောင်းထုတ်ခံလိုက်ရလေ သည်။ အရေးအခင်းအပြီး ကျောင်းပြန်ဖွင့်သော် ကျောင်းပြန်တက်ခွင့် မရတော့ပေ၊သူ့အဖေမှာ ထိုခေတ်က ကောင်စီလူကြီးဖြစ်သည်။ ကောင်စီ ဥက္ကဌ ကြီးလည်း ဘာမှမတတ်နိုင်၊ အသနား ခံစာ တွေ တင်ပါ၏၊ ဘာမှ ဖြစ် မလာတော့ပေ၊ နောက် စာပေးစာယူ ကျောင်းသား ရူပဗေဒ အဓိက ဖြင့် ဘွဲ့ရခဲ့သည်။ ကုန်သွယ်ရေးဌာနမှာ စာရေး အလုပ်ရသည်။ ရွှေဘို ဇာတိဆရာမ တစ်ယောက်မှာ ခင်ဦး ကျောင်း သို့ ဆရာမ အလုပ်ဖြင့်ရောက်လာသည်။ ဆရာမ၏ မိဘများမှာ ကောင်စီလူကြီးသူ့ အဖေနှင့် မိတ်ဆွေတွေ ဖြစ်ကြရာသူတို့ ချင်းလည်း မကြာမီမှာချစ်ကျွမ်းဝင်သွားကြလေသည်။
စန်းလွင်၏မိဘ နှစ်ပါးမှာ အသက်ရှည်ကြသည်။ ဂ၀ ကျော် ၉၀ အရွယ်တွေ အခုထိရှိကြပါ သေးသည်။ စန်းလွင် သည် ထိုမိဘနှစ်ပါးနှင့် ခွဲ၍ ဘယ်ကိုမျှမသွားချေ၊ သားသမီးနှစ်ယောက် ရသည့်တိုင် ခင်ဦးမှ ရက် အရှည် ကြီး ခွဲသွားဘူးသည်မရှိ၊ ရွှေဘိုသို့သွားသည်ဆိုလျင် တစ်ရက်နှစ်ရက် ဘဲကြာတတ်သည်။ သူ့မိဘတွေအိမ်မှာဘဲ အနေများသည်။
ဆရာမ နှင့်ရည်းစားဟူ၍ဖြစ်ပြီးခါမှ၊ ဇာတိကိုခင်လွန်းသော ကိုစန်းလွင်သည် ဘာဖြစ်ရသည်မသိ၊ ဆရာမနှင့် လက်ထပ်ရန် ကိစ္စကို မြုံစေ့စေ့ လုပ်နေလေသည်။ ကျွန်တော်ကောင်းကောင်းမှတ်မိနေသည်မှာ ထိုကာလတွင် ရန်ကုန်ဆေးကောလိပ်က ပြည်ကျောင်းဆောင်မှာ နွေရာသီ သင်တန်းဆင်းနေရသော ဆရာမကိုကျွန်တော် သွား တွေ့ ရဘူးသည်။ ဆရာမ သည်ကျွန်တော်ကိုမြင်သော် မျက်ရည်တွေ တွင်တွင်စီးကျလျက်က သူနှင့် ကိုစန်းလွင် တို့ အခြေအနေကိုပြောပြလေသည်။ ဆရာမက လက်ထပ်ချင်နေပြီ၊ “ကိုစန်းလွင်က အေးတိ အေးစက် လုပ်နေ တာ ကို ကျမနားမလည်နိုင်ဘူး” ဟုပြောပါသည်။
နောက်များမကြာမီ သူတို့ချင်းပြေလည်သွားကြပါသည်။ သူတို့လက်ထပ်ပွဲ အောင်မြင်ပြီးမြောက်ရေးမှာ ကျွန်တော် သည် အရေးပါသောနေရာတစ်ခုမှ ပါလိုက်ရပါသည်။ သူတို့လက်ထပ်ဖြစ်သည်မှာ ကျွန်တော့် ပယောဂ မကင်းဘူး ဖြစ်လေရာ ဆရာမ ကလည်းကျွန်တော့် ကိုကျေးဇူးတင်သည်ဟုထင်ပါသည်။
“ ၀ိပသနာရဲ့ အရသာကို နှစ်နာရီလောက် မထိုင်ဘဲမသိနိုင်ဘူး၊ တရားမှ ထိုင်မယ်စိတ်ကူးရင်တော့ ကြာကြာ ထိုင်နိုင်အောင်ကြိုးစားပါ” ဟု ကိုရင်ကြီးကပြောသည်။’ ကျွန်တော့်ကို “ဒီကိုယ်တော် ကြီးက အကြာကြီး တရား ထိုင်နိုင်တာဘဲ လို့ပြောကြတယ်” ဟုဆိုသည်။ သဲပုံစေတီကျောင်း ဆွမ်းစား ကျောင်းအနီးတွင် ချထားသော ကုတင် တွင်ထိုင်မိတော့ စန်းလွင်ကပြောနေခြင်းဖြစ်ပါသည်။
“ကျွန်တော်က ဒီကျောင်းမှာ တံမျက်စီးလှည်းတယ် ပြီးရင် တရားထိုင်တာဘဲ၊” ကျောင်းဝန်းပရ၀ုဏ်မှာ လှည်း ကျင်း ထားပြီး သတ်ရပ်သန့်ရှင်းနေသည်ကို ကျွန်တော်မြင်သည်။ “ဒါကျွန်တော့်လက်ရာတွေ ပေါ့” ဟုဆိုသည်။ ဒီမှာဘယ်သူမှ တရားအလုပ်ကို အတည်ပေါက်မလုပ်ကြဘူး “ကျွန်တော် ကြိုးကြိုးစားစား တရားအားထုတ်နေ တာ တွေ့တော့ဘေးက ကူညီကြပါတယ်” ဟုဆိုသည်။
စန်းလွင်သည်ကျွန်တော့်ထက် နှစ်နှစ်နီးပါး ငယ်သည်။ ကျွန်တော်ကလည်း မရပ်မနားမေး၍ သူကလည်း အားတက်သရောဖြေပါသည်။ “ပရလောကဆိုတာသေချာရှိတာပေါ့၊ ကျွန်တော် ဘုရား ထဲ မှာ တရားထိုင်ရင် မေတ္တာမပို့မိတဲ့အခါတွေဆို အုန်းဒိုင်းခွမ်း နဲ့ ၀ုန်းဒိုင်းကျဲနေတော့တာဘဲ၊ တခါတခါမှာ သူတို့ သွားလာနေတာကို အတိုင်းသားတွေ့နေရတတ်တယ်” ဟုဆိုသည်။
“တခါတုံးက အိပ်နေရင်းနဲ့ မန္တလေးက ဆေးခန်းတစ်ခုကို မြင်နေရတယ်၊ ဒေါက်တာမ ကိုလဲသေသေ ချာချာ မြင်ရ တယ်၊ ဒါနဲ့ ကျွန်တော့်ညီ မျိုးလွင်ကိုခေါ်ပြီးသွားကြတယ်” ဟုပြောသည်။ မျိုးလွင်သည် သူ့ညီအရင်း ဖြစ်သည်။ အသဲ ရောဂါ ဖြစ်နေသည်မှာ ကုမရနိုင်တော့ဟုဆိုသည်။ ထိုသတင်းကြားခါစက ကျွန်တော်လည်း အမှတ်တမဲ့၊ တချို့ က မျိုးလွင် ဆုံးသွားပြီဟုပင်ပြောနေကြ၏၊ အိပ်မက်ထဲတွင်တွေ့ရသော ဆရာမနှင့်တွေ့လို တွေ့ငြား ညီအစ်ကို နှစ်ယောက် မန္တလေးသို့သွားကြသည်။ ဆေးခန်းနှင့် ဒေါက်တာမ ကို ဆိုက်ဆိုက် မြိုက်မြိုက် တွေ့ကြရပါသည်။ ဆေးတစ်လုံးလျင်မြန်မာငွေ တစ်သောင်းနှင့် တစ်ခါဆေးသွင်းသော် ငွေ ၆ သောင်းကျပါ သည်။ တစ်လကြာ သော် မျိုးလွင်ရောဂါမှာ ယူပစ်လိုက်သလိုပျောက်သွားသည်ဟုဆိုသည်။ သူမက်လိုက်သော အိပ်မက်ကြောင့် အခုမျိုးလွင်လူကောင်းပြန်ဖြစ်နေလေပြီ၊
တခါ မျိုးလွင်ယောက္ခမကြီးမှာလည်း အသဲရောဂါဖြစ်ပြန်ရာ ထိုဆရာဝန်ဆီကိုပင် နောက်တစ်ခေါက်သွား ဘို့ စီစဉ် နေကြသည်ဟုဆိုသည်။ “ကျွန်တော် အလုပ်ပျက်တာပေါ့ ဒါပေမဲ့ သေရေးရှင်ရေး ကျမ်းမာရေး ဆိုတော့ လဲပါရတော့ပြန်တာပေါ့” ဟုဆိုသည်။
ထို့နောက် ကိုစန်းလွင်သည် သူနေ့လည်နေ့ ခင်း တရားထိုင်ရာ “ဘိုးဖေါင်ပြွန်” သို့ ကျွန်တော့်ကိုခေါ်သွားလေ သည်။ ခင်ဦးမြီု့ မြောက်ဖက် ၂ မိုင်ခန့်အကွာတွင် ရေတသွင်သွင်စီးနေသော ရေမြောင်း တစ်ခုရှိသည်။ ထိုရေစီး မြောင်းမှ ရေသွယ်ထွက်ပေါက်တစ်ခုလုပ်ထားရာ တံတားတစ်ခုရှိသည်။ ရေသည် ထိုပြွန်မှ ထွက်လာပြီး လယ်ကွက် တွေထဲသို့စီးဝင် ရလေသည်။ ထိုနေရာတ၀ိုက်က လယ်တွေကို ဘိုးဖေါင်ဟု ခေါ်သော လယ်သမား ကြီးတစ်ဦးက ပိုင်ဆိုင်လေရာ ထိုနေရာကို ဘိုးဖေါင်ပြွန်ဟု လူသိများကြသည်။
ထိုဘိုးဖေါင်ပြွန်အနီးမှာ ဘုရားစေတီ လေးတစ်ဆူရှိသည်။ စေတီ မှာ ဥာဏ်တော် သိပ်မမြင့်၊ ခြံစည်းရိုး အ၀န်းအ၀ိုင်းမရှိ ထိုမြေကို ဘယ်သူပိုင်၍ ဘယ်သူ့ ခွင့်ပြုချက်ဖြင့် တည်ထားသည်မသိ၊ သို့ပါသော်လည်း နေရာက ငြိမ်သက် တိတ်ဆိတ် အေးဆေး လှသောကြောင့် တရားအားထုတ်လိုသူ ကိုစန်းလွင်အဖို့ အကောင်းဆုံးနေရာဖြစ်နေလေ သည်။ လေးတိုင်စဉ်တဲကလေးတစ်လုံးရှိပြီး အထဲမှာ ထိုင်စရာနေရာရှိသည်။ ကြေးစည် လေးတစ်လုံးကို ထုတ်မှာ တွဲလောင်းချည်ထားတာကိုမြင်ရလေသည်။
ရေစီးသံ တဗွက်ဗွက်ဖြစ်နေတာကိုမူ အားစိုက်နားထောင်လျင်ကြားနိုင်ပါသည်။ မြောင်းထဲမှာရေစီးနေသော် လည်း ကျွန်တော်တို့ ရပ်နေသောနေရာသို့ရောက်အောင်မူ ရေစီးမရောက် ပေ၊ ပတ်ကြားအက်နေသော မြေပြင်ကို မြင် ရသည်။ ကျွန်တော့် စိတ်တွင် ရဟန်းကြီးကို အရိပ်ရစေရန် ခြေတံရှည် ကပ်မိုးကပ်ကာ တဲကလေး တစ်လုံး ဆောက်ပေးလိုစိတ် အဖွားဖွားဖြစ်ပေါ်လာလေသည်။ သို့သော် ပိုင်ရှင်ကိုရေရေရာရာ မသိရဘဲ အဆောက်အဦး ဆောက်ရန်ကားမဖြစ်နိုင်ပေ၊
“ကျွန်တော်ဒီနေရာကို နေ့တိုင်းလိုလိုရောက်တယ် တနေကုန် တရားထိုင်တယ် ညနေ နေစောင်းမှ ကျောင်းကို ပြန်တယ်” ဟုဆိုသည်။ ထိုနေရာလေးမှာခဏနေရင်းကျွန်တော့်စိတ်မှာ ဘ၀င်ကျသွားသည်။ အသံ ဘလံ ဘာမှ မကြားရ၊ ၅ မိုင်ခန့်အဝေးမှာ ငှက်ပျောရွာရှိရာ လေအလွင့်တွင် သာ တခါတရံ အသံချဲ့စက်သံကိုကြားရ လေ သည်။ အနှောင့်အယှက်ဘာမျှမရှိ၊ တရားမလုပ်လျင်ကားပျင်းစရာအလွန်ကောင်းမည်၊ ၂ နာရီကြာ အောင် မထိုင် ဘဲ ဘာမှတွေ့မှာ မဟုတ်ဖူးဆိုသည်ကို ဒီနေရာမှာပင် တရားထိုင်ရင်း သူတွေ့ခဲ့တာဖြစ်မည်ဟု ကျွန်တော် တွေးမိလေ သည်။ကျွန်တော် တို့သည် တဲဘေးမှာရပ်ပြီး ငြိမ်သက်နေမိသည်။ သူပြောသည့် လူဖြစ်ရကျိုး နပ် သည်ဆိုခြင်းမှာ ဒါကိုဆိုလိုသလားမသိ၊ တရားလုပ်သူအတွက်မှာ ဤပါတ်ဝန်းကျင်သည်လိုအပ်သော အေးချမ်း မှုကိုပေးလေသည်။
(၄)
တရားအားထုတ်ဖို့ ကျွန်တော်စိတ်ပါလာရပုံကို ပြောရမည်ဆိုလျင် သူငယ်ချင်း ဒေါ်ကြည်ကြည် အကြောင်းမှ စ၍ပြောရပါမည်၊ ဒေါ်ကြည်ကြည့် တွင် အလွန် ကြည်ညိုစရာကောင်းသော တရားပြဆရာကြီးတစ်ဦးရှိသည်။ ဆရာကြီးက စင်္ကာပူ သို့လာသလိုသူကလည်းမြန်မာပြည်ကို သွားပြီး အဆုံးအမခံယူ၊ ဆရာကြီး သင်ပြသလို တရားအားထုတ်ခြင်းဖြင့် အရှိန်တော်တော်ရနေပါပြီ၊ အခုတစ်ခေါက် သူသည်မြန်မာပြည်ကို သွားဦးမည် မေးချင်တာလေးတွေပေါ်လာလို့ ဆရာနှင့် သွားပြီး မေးရမြန်းရမည်ဟု မသွားမီက လာပြောပါသည်။ မြန်မာပြည် ကအ ပြန် ကျွန်တော့် ဆိုင်ထဲသို့ဝင်လာသော ဒေါ်ကြည်ကြည်၏ မျက်နှာမှာ ထူးထူးခြားခြားကြည်လင် သန့်ရှင်း နေလေသည်။ အေးချမ်းနေပုံမှာအလွန်ပင်သိသာနေသည်။ကျွန်တော်က “ဘာတွေ သိလာလို့လ”ဲ ဟု တက်သုတ်ရိုက် မေးမိသည်။ သူကသူ့ဆရာနှင့် တရားအားထုတ်ရ သည် မှာ အလွန်ခရီးရောက်ပုံကို ဝေေ၀ဆာဆာ ပြောပြလေသည်။ ထိုဖြစ်ရပ်မှာ လွန်ခဲ့သော ခုနှစ်နှစ် ရှစ်နှစ် ခန့်က ဖြစ်ပါသည်။ ထို့နောက် ကျွန်တော်သည် “ငါလုပ်ရင်လဲရမှာဘဲ” ဟုတွေးမိသည်။ ထိုနေ့ ထိုအချိန် ကစ၍ တနေ့ အနဲဆုံး တစ်ကြိမ်သောက်နေသော ဘီယာ ကိုကျွန်တော် မသောက်တော့ပါ၊ ကျန်းမာရေး ခံနိုင်ရည်အား သိသိသာသာကောင်းလာပါသည်။ တစ်ရက်မှမပျက်အောင် တရားမထိုင်နိုင်စေကာမူ ဘီယာသောက်သော ကြောင့်မူးပြီးအချိန်တွေ အလကား ဖြစ်ရမှာကို စိုးရိမ်မိသောကြောင့်ဘီယာပြတ်သွားခြင်းဖြစ်ပါသည်။
တရားထိုင်ရသည်မှာ ပြတ်တောင်း ပြတ်တောင်း၊ နှစ်နာရီမပြောနှင့် ဆယ်ငါးမိနစ်ခန့်ကြာလျင်ပင် ထချင်နေပြီ၊ လုပ်စရာတွေကလည်း စပြီးထိုင်မိသည် နှင့် အစီအရီ ပေါ်လာကြတော့သည်။ တခါလားနှစ်ခါလား အေးကနဲ စိမ့်ကနဲ ဖြစ်ဖူးရသည်မှတပါး တရားထိုင်သောအတွေ့အကြုံဆိုပြီးပြောပြနိုင်သောအကြောင်းအရာ ကျွန်တော့်မှာ မရှိချေ၊
ကျွန်တော်တို့ အင်တာနက်ခေတ်၊ ဆက်သွယ်ရေးပစ္စည်းတွေ ပေါများလှသော ခေတ်ကြီးမှာ တရားအားထုတ် ဖို့အရေး အနှောင့်အယှက်တွေ ကများလှချေသည်။ ကျွန်တော်ဆိုင် တွင်ကွန်ပျူတာ တစ်လုံး၊ အိမ်မှာကလည်း ကွန်ပျူတာ၊ အိုင်ပက်၊ အိုင်ဖုံး၊ အင်ဒရိုက် အတွက် ဆမ်ဆောင်း၊ အမေဇုန်က ကင်ဒယ်လ် ကလည်းရှိသေး ရာ ကြည့်စရာ အာရုံတွေက များလှပါ သည်။ ရုပ်ရှင၊် ဖေ့(စ)ဘွတ်၊ တွဒ်တာ၊ ဗီဒီယို၊ ယူကျူ့၊ သတင်းဌာနတွေ ကထုတ်လွှင့်နေသော သတင်းတွေ၊ နောက်ဆုံး တော့ ထိုပစ္စည်းတွေကို သုံးသာနေရသည်။ များလွန်းနေသော ကြောင့် မိမိအာရုံမှာ စွဲမြဲစွာ ထင်ဟပ် လာသည် ဟုပင်မထင်တော့ပေ၊ အီးမေးလ်ကတစ်မိနစ်လျင် ဆယ်စောင် နှုံးဝင်နေသည်။ အေးအေး ဆေးဆေး နေရသည်ဟူ၍ မရှိ၊ စိတ်မှာအစဉ်အမြဲ တခုမဟုတ်တခု စဉ်းစား နေကြရ သည်။
တကြိမ်ထဲမှာ အများကြီးလုပ်ရသည့် Multitasking ဆိုသည်ကိုသုတေသနပြုသူများက ဦးဏှောက် အရည် အသွေးကို ကျဆင်းစေသည်။ မှတ်ဥာဏ်ကို ထိခိုက်စေသည်ဟုပြောကြသည်။ နှစ်ယောက်စာကိတ်မုန့်ကို လူ ခြောက်ယောက် ၀ိုင်းစားတာနှင့်တူနေသည်ဟု ဆိုသူကဆိုကြသည်။ မိမိဦးဏှောက်ကို ဘယ်လိုထိခိုက် နေမှန်း မသိသော်လည်း ထို လုပ်ရိုးလုပ်စဉ်တွေကို လုပ်နေကြရသည်မှာ ကြာပါပြီ၊ ဘုရားရှင်က တရားဖက်မှာ ခရီး ပေါက်ဖို့ဆိုလျင် ထို ပလိဗောတ ဝေယျာဝစ္စ အလုပ်တွေကိုပယ်ရမည်ဟု အတိအလင်းဟောခဲ့ပါသည်။
ကျွန်တော်ကျောင်းမပြီးခင်ကတည်းက သူငယ်ချင်းတယောက်က တရားစခမ်းဝင်၍ တရားအားထုတ်ရန် ခဏ ခဏ တိုက်တွန်းဘူးသည်။ ၁၉ရ၀ နှစ်များက မဟာစည် သာသနာ့ ရိပ်သာသည် စည်းကမ်းသေ၀ပ်လှကြောင်း နာမည်ကြီးသည်။ သူငယ်ချင်းတော်တော်များများ စခမ်းဝင်ဘူးကြလေပြီ၊ မိဘများက စီစဉ်ပေး၍ ဖြစ်စေ၊ သူတို့ ကိုယ်တိုင်က ၀ါသနာပါသောကြောင့်ဖြစ်စေ တရားစခမ်းဝင်ဖြစ်သော သူငယ်ချင်းတွေက အတွေ့အကြုံတွေကို ပြောပြကြ ပါသည်။ ခုနှစ်ရက် သို့မဟုတ် ဆယ်ရက်ခန့် အချိန်ယူပြီး စခမ်းဝင် တရားထိုင်သင့်ကြောင်း တိုက် တွန်း ကြသော်လည်း အကြောင်း မတိုက်ဆိုင် တရားမထိုင်ဖြစ်ခဲ့ဘူးချေ၊ မဟာစည်ကဲ့သို့ စည်းကမ်း ကောင်း လှသော တရား စခမ်းတွေ မြန်မာပြည်မှာ အခုဆို ရာထောင်ချီ၍ ရှိနေကြပါပြီ၊
တရားထိုင်သည်ဆိုခြင်းမှာ ပေါ့တော့တော့လုပ်ရမည့်အလုပ်မဟုတ်၊ ကျွန်တော်တို့မြန်မာပြည်တွင် ဘ၀နှင့်ရင်း ၍ သာသနာတော်အကျိုး၊ သာသနာတော့် တာဝန်ကို ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်သွားကြ သော သူတော် ကောင်း ပုဂ္ဂိုလ်ကြီးတွေ၏ အရေအတွက်မှာ များလှချေပြီ၊ လောကီလူ့ဘုံ ကိုစွန့်လွှတ်ခါ တရား ရှာဘို့ တောသို့ ၀င်သူတွေရှိသည်။ သင်္ကန်း သုံးထည်၊ သပိတ် တစ်လုံးသည်သာ သူတို့ ဘ၀ဖြစ်တော့သည်။ ဝေဘူဆရာတော် ကြီးက “သစ်ပင်ရှိရင် ဆွမ်းရှိတယ်ဟဲ့” ဟု မိန့်ကြားဘူးသည်။ “သေချင်ရင်သေ၊ မသေရင် တရား ရရမည် “ဟု သဲအင်းဂူဆရာတော်ကြီးကကြုံးဝါးတော်မူဘူးသည်။ လောဘ၊ဒေါသ၊မောဟတွေ ကင်း သော ဘ၀၏အေးချမ်းပုံ ကို ကျွန်တော်တို့ နား လည် နိုင်ကြပါသည်။ သို့ပါသော်လည်း ထိုသို့သောဘ၀ ကို လိုချင်ရုံနှင့်တော့ မရနိုင်ပေ၊ တော်ရုံဇွဲ၊ ခံနိုင်ရည် တို့နှင့် လည်းမဖြစ်နိုင်ပါပေ၊ ထူးကဲသောဝိရီယ ဖြင့် အရိုးကျေကျေအရေခမ်းခမ်း အားထုတ် မှသာရနိုင်မည်၊ စာရိတ္တ ကောင်းဘို့ သီလလုံဘို့ ကလည်းလိုသည်။
ဤကိစ္စသည်ဘ၀နှင့်ရင်း၍ ဆုံးဖြတ်ချက်ချရမည့်ကိစ္စဖြစ်သည်။ လက်ရှိဘ၀၊ စည်စိမ်ဥစ္စာတို့ကို စွန့်လွှတ်ရန် အရေး ဒွိဟဖြစ်စရာမလို ယတိ ပြတ်ဆုံးဖြတ်နိုင်ကြရမည်၊ မိသားစုအရေး စိတ်မလေးရအောင် ပါတ်ဝန်းကျင်၏ နားလည်မှု လက်ခံနိုင်မှု၊ ပံ့ပိုး ကူညီမှု ရှိကြရပါမည်၊
(၅)
ကိုစန်းလွင်က မှာသောကြောင့် အပြန်တွင် ဆရာမ အိမ်ရှိရာရွှေဘိုသို့ ကျွန်တော် လှည့်ဝင်ရပါသည်။ သားနှင့် သမီး သည် ဆိုင်ကယ်၊စက်ဘီး အပို ပစ္စည်းရောင်းသောဆိုင် အသီးသီး ရှိကြရာ ဆိုင်နှစ်ဆိုင်အကြား ဆရာမသည် အလုပ်များနေပုံရသည်။ “ ဦးရယ် အိမ်မှာအိမ်ထောင် ဦးစီးရှိနေရင်တော့ တင့်တယ်တာပေါ့၊ သူက ကောင်းတာလုပ်နေတာဆိုတော့လဲ ကျမ မပြောသာဘူး၊ အခုနေအိမ်ပြန်လာရင် အိမ်ဦးခမ်း မှာဘဲ ရေပူရေချမ်း ကမ်းလှမ်းပြီး ပြုစုနေချင်တာပေါ့၊ ပါရမီဖြည့်ရမှာမဟုတ်လား၊ ဦးစကားကို သူနားထောင်မယ်ထင်ရင်သာ ဒါလေး ပြော ပေးပါ” ဟု မှာသည်။ကျွန်တော်သည် သူငယ်ချင်း၏ဇနီးဖြစ်သူကို ဘာပြန်ပြောရမည်မသိ၊ ကျွန်တော်ကိုယ်တိုင်က ဤကိစ္စတွင် စန်းလွင်ဘက်သို့ ပါချင်ချင် ဖြစ် နေလေသည်။