ဇင်လင်း - ငြိမ်းချမ်းရေးခရီး….နီးသလား…….ဝေးသလား

 ဇင်လင်း - ငြိမ်းချမ်းရေးခရီး….နီးသလား…….ဝေးသလား
သြဂုတ် ၂၇၊ ၂၀၁၄


မြန်မာ့ ငြိမ်းချမ်းရေးခရီးဟာ အမြင်အားဖြင့် နီးသရောင်ရှိပေမယ်၊ တကယ်အောင်မြင်ဖို့ကတော့ ဝေးလိမ့်ဦးမယ်လို့ အကဲခတ် တချို့က ထင်မြင်နေကြပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့်ကို ဦးတည်တဲ့ အခန်း (၇) ခန်းပါ အပစ်ရပ်ရေး သဘောတူစာချုပ် ဒုတိယမူကြမ်း အပြီးသတ်ရေးအတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော် မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)  ခေါင်းဆောင်တွေ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) မှာ သြဂုတ်လ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ   ဆွေးနွေးခဲ့ကြကြောင်း သတင်းမီဒီယာ အသီးသီးမှာ ဖေါ်ပြခဲ့တာ နိုင်ငံရေးစိတ်ဝင်စားသူ အများစု သိရှိကြပြီး ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ နှစ်ပေါင်း ၆ဝ ကျော် ရှည်ကြာနေပြီဖြစ်တဲ့  ပြည်တွင်းစစ် ရပ်စဲရေးအတွက်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ရေးဆွဲရာမှာ သဘောကွဲလွဲချက် တချို့ကျန်ရှိနေသေးတာ သတင်းတွေမှာ တွေ့ရပါတယ်။  အပစ်ရပ်ရေးစာချုပ်မှာ လက်မှတ်ထိုးမယ့် အဖွဲ့တွေ၊ လက်မှတ်ထိုးရာမှာပါဝင်ကြမယ့် သူတွေ၊ တပြည်လုံး အပစ်အခတ်ရပ်ပြီး တဲ့နောက် ကြားကာလမှာ ပုံမှန် ရပ်တည်နိုင်ရေးကိစ္စ၊ အပစ်ရပ်ပြီးနောက် ကြားကာလ တပ်သား စုဆောင်းရေးကိစ္စ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ချိန်မှာ ဘယ်သူတွေပါဝင် တက်ရောက်သင့်တယ်…စတဲ့ အချက်တွေကို (UPWC) နဲ့ (NCCT) တို့ အဓိက ဆွေးနွေးကြတာ ဖြစ်ပါတယ်။ စာချုပ်မူကြမ်းကို လာမယ့် စက်တင်ဘာလအတွင်း ထပ်မံညှိနှိုင်းကြမယ်လို့ သတင်းတွေက ဆိုပါတယ်။

“ဒီအစည်းအဝေးမှာ ကျနော်တို့ လွန်ခဲ့တဲ့ အစည်းအဝေးက ကျန်ခဲ့တဲ့ အချက်တွေကို တော်တော်များများ ဖြေရှင်းနိုင်ခဲ့ပါတယ်။ အချက်တချို့ပဲ အနည်းငယ်ကျန်တာကို တွေ့ရှိရပါတယ်။ ဒီအချက်တွေကိုလည်း လာမယ့်စက်တင်ဘာလ လဆန်းမှာပြုလုပ်မယ့် အစည်းအဝေးမှာ ကျနော်တို့အားလုံး ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်နေပါတယ်။ အကယ်၍သာ အဲဒီမှာ ဆုံးဖြတ်နိုင် ရင် တော့ လက်မှတ်ရေးထိုးမယ့် ရက်ကိုလည်း သတ်မှတ်သွားနိုင်မှာ ဖြစ်ပါတယ်”  … လို့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းအရ သိရှိရပါတယ်။

“ကျနော်တို့ ကျန်နေတဲ့အချက်ကတော့ ဒီကြားကာလမှာ ဘယ်လိုနေရာချထားမလဲ၊ ဘယ်လိုနေထိုင်မလဲ ကိစ္စတခုရယ်၊ နောက် နိုင်ငံရေး ဆွေးနွေးပွဲမှာ အစုဘယ်နှစုနဲ့ ပါဝင်တက်ရောက်ပြီးတော့မှ ဆွေးနွေးသွားမလဲ ဆိုတဲ့ ကိစ္စရယ်၊ နောက် ဒီအပစ်အခတ် ရပ် စဲရေး သဘောတူညီချက်ကို ဘယ်နှဖွဲ့ကနေ ဘယ်လို ဘယ်သူတွေက ပါဝင် လက်မှတ်ရေးထိုးမလဲဆိုတဲ့ အပိုင်းလောက်ပဲ ကျန်ပါ တယ်။ ကျန်တာအားလုံး ပြေလည်ပါတယ်” လို့ NCCT မှ နိုင်ဟံသာရဲ့ ပြောစကားကိုလည်း ဧရာဝတီသတင်းအရ သိရပါတယ်။

သြဂုတ်လ (၁၅ - ၁၇ ရက်နေ့) ဆွေးနွေးပွဲ ရလဒ်ကို ချုပ်လိုက်ရင်၊ အခြေခံမူပိုင်း ဆိုင်ရာတွေမှာပါတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့  “ပြည်ထောင်စုစနစ် ထူထောင်ရေးမူ” တခုကိုသာ အစိုးရဘက်က လက်ခံလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ကျန် ကိစ္စတွေကို လာမယ့် စက်တင်ဘာလမှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။

ဇူလိုင်လအတွင်းအထိတော့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးရင်ဆိုင်တိုက်ခိုက်မှုတွေ ရှိနေခဲ့တာတွေ့ရတယ်။ ကျေးသီးမြို့နယ် ပန်စဲ့၊ လွယ်ရွဲ ကျေးရွာအနီးက တောအုပ်တွေမှာ ဇူလိုင် ၂၁ ရက်နေ့က၊ ရှမ်းပြည်တပ်မတော် ဌာနချုပ် အပြင်စည်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေ နဲ့  စကခ (၂)  အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေကြား တိုက်ပွဲပြန်ဖြစ်နေ တယ်လို့  ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးးကြီး စိုင်းလက ဒီဗွီဘီကို ပြောခဲ့တာ တွေ့ရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ကတော့ အက်စ်အက်စ်အေ ၀မ်ဟိုင်းတပ်တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်ကို လိုက်နာမှုမရှိဘဲ  တပ်မတော် စစ်ကြောင်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ ဇူလိုင် (၁၅) ရက်နေ့  ပြည်သူ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဘက်ကတော့ ကာကွယ်ရေး   ဒု-၀န်ကြီး  ဗိုလ်ချုပ်ကျော်ညွန့်ရဲ့ ဖြေကြားချက်တွေဟာ ဖြစ်ရပ်မှန်တွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ အပစ်ခတ်ရပ် သဘောတူချက် စာချုပ်ပါ အချက်အလက်တွေကို ကိုးကားပြီး ဇူလိုင်လ ၁၈ ရက် မှာ ကြေညာချက် ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့ကြောင်း ဒီဗွီဘီသတင်းအရ သိရပါတယ်။

ဒါတင်မက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) အစရှိတဲ့ တိုင်းရင်းသားပူးပေါင်းတပ်တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်နေကြောင်းလည်း သတင်းတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။

ဒါပေမယ့် ၀န်ကြီး ဦးအောင်မင်းကတော့ (သြဂုတ်လ ၁၈) နေ့က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)မှာ အခုလို ဆိုပါတယ်။

“ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတကြီးဖိတ်ကြားခဲ့တဲ့ အချိန်ကစလို့ (၃) နှစ်တာကို ပြန်ကြည့်ရင် ကျနော်တို့ဖြတ်ခဲ့ရတဲ့ ငြိမ်းချမ်းရေး ခရီးကြမ်းထဲမှာ အခက်အခဲအမျိုးမျိုးကို ကျနော်တို့ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသလို အဲ့ဒီအခက်အခဲ တွေကြားကပဲ အောင်မြင်မှု အသီးအပွင့်တွေလည်း ရခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၄) ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၂) ဖွဲ့နဲ့လည်း သဘောတူညီချက်တွေ လက်မှတ် မထိုးနိုင်သေးပေမယ့် ဆွေးနွေးမှုတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။”… စသဖြင့် ဦးအောင်မင်းက ပြောကြားသွားပါတယ်။

ဦးအောင်မင်းပြောကြားချက်တွေနဲ့ နည်းနည်းလွဲနေတဲ့ ကိစ္စကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ရှေ့တန်း စစ်ဖြစ်ရာဒေသ တွေမှာ အစိုးရ စစ်တပ်တွေက ပုံမှန်မဟုတ်တဲ့ စစ်အင်အား ဖြည့်တင်းမှု၊ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းမှုတွေလုပ်တာ တွေ့ရသလို၊ တိုင်းရင်းသားတပ်တွေဘက်ကလည်း ကိုယ့်ကိုယ်ကို ခုခံနိုင်ဖို့ ပြင်ဆင်မှုလုပ်တာတွေရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေက လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် ခိုင်မာမှုရှိပါ့မလား၊ စစ်ပွဲတွေ တကျော့ ပြန်ဖြစ်လာဦးမှာလား၊ စသဖြင့် တွေးတောပူပန် နေကြတယ်လို့ ကြားနေရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ UPWC ၊ NCCT နဲ့ နိုင်ငံရေးပါတီ (၃၄) ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို သြဂုတ် (၁၈) ရက်နေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ မှာ ဆွေးနွေးကြပြီး၊ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေက တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို အဓိက ဆွေးနွေးခဲ့ကြတယ် လို့ဆိုပါတယ်။ ဆွေးနွေးပွဲ အပိတ် မိန့်ခွန်းမှာ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက မြန်မာပြည်ရဲ့ ပြဿနာကို မှန်မှန်ကန်ကန် အဖြေရှာနိုင်မယ်ဆိုရင် တိုင်းပြည် ဟာ အမြန်ဆုံးအေးချမ်း တည်ငြိမ် တိုးတက်လာမှာ ဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုသွားကြောင်း သတင်းတွေအရ သိရှိရပါတယ်။

ဒါပေမယ့် မြန်မာပြည်ငြိမ်းချမ်းရေး ပြဿနာဟာ ပြောသလောက် လွယ်တဲ့ ကိစ္စမဟုတ်တာ ကတော့ သေချာပါတယ်။ (ND-Burma) လို့ခေါ်တဲ့ “လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ” က ၂၀၁၄ ခုနှစ် ခြောက်လအတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ် (၁၀၃)ခုရှိကြောင်း သြဂုတ်လ ၁၄ရက်နေ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလမှ ဇွန်လအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းဒေသများအတွင်းရှိ ညှင်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်း ခြင်း၊ အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ ရွှေ့ပြောင်းခြင်း၊ လူကုန်ကူးမှုနှင့် အတင်းအဓမ္မ ပြုကျင့်ခံရခြင်း စတဲ့ အစိုးရ နဲ့ စစ်တပ်တို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက်တွေကို ND-Burma က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ND-Burma အစီရင်ခံစာအရ အစိုးရစစ်တပ်က လူထုပိုင် ပစ္စည်းဥစ္စာ သိမ်းယူခြင်း၊ ဖျက်ဆီးခြင်းဖြစ်ရပ် (၃၆)ခု မှာ အများဆုံးဖြစ်ပြီး လူသတ်မှု (၁၄)ခု၊ ညှင်းပမ်းနှိပ်စက်မှု (၁၄)ခု အပါအ၀င် အခြား လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း (၁၀၃)ခု ကို အစီရင်ခံစာမှာ ဖေါ်ပြထားပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ် အများဆုံးကတော့ မွန်ပြည်နယ်အတွင်းမှာ ဖြစ်တယ်လို့ ဖော်ပြထား တာ တွေ့ရ တယ်။ ဒီအပြင် အပစ်ရပ်ကာလအတောအတွင်း ဘာသာရေးပဋိပက္ခများ၊ ဆန္ဒပြမှုဖြစ်ပေါ်မှုများ၊ တိုက်ပွဲဖြစ်ပွားရာ  တိုင်းရင်းသား ဒေသ အချို့မှ လူသတ်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများ၊ အဓမ္မပြုကျင့်မှုများ၊ မတရားပုဒ်မတပ် ဖမ်းဆီးထောင်ချမှုများ စတဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေတာကိုလည်း ND-Burma က အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုပေမယ့် လူ့အ ခွင့်အရေးတွေ ချိုးဖောက်မှုတွေ နေရာတိုင်းမှာ ဆက်ဖြစ်နေသေးတာ ကို မီးမောင်းထိုးပြချင်လို့ ဒီအစီရင်ခံစာကို ထုတ်တာဖြစ်ကြောင်း၊ အချက်အလက်တွေကို ND-Burma ကွန်ရက် အဖွဲ့ဝင်တွေ စနစ် တကျ ကွင်းဆင်းကောက်ယူထားတာ ဖြစ်တယ်လို့ အဖွဲ့တာဝန်ခံတွေကဆိုပါတယ်။ အဓိကအားဖြင့် ပြည်တွင်းစစ်တလင်းမှာ မြေစာပင်ဖြစ်နေရတဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခ နစ်နာချက်တွေကို အစိုးရအဖြစ်အုပ်ချုပ်နေသူတွေက ဘယ်လို တာဝန်ယူ ဖြေရှင်းပေးကြမှာလဲ…လို့ အစီရင်ခံစာထုတ်သူတွေက မေးလိုရင်းဖြစ်ပါတယ်။

ဒီ ကိစ္စနဲ့ပတ်သက်လို့ တာဝန်မကင်းသူ အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေက အကြိမ် ပေါင်းများစွာ မေးခွန်းထုတ်ခဲ့ပြီးဖြစ်ပါတယ်။ တာဝန်ယူ ပြုပြင်ကြဖို့လည်း တိုက်တွန်း နှိုးဆော်ခဲ့ကြပြီး ဖြစ်ပါတယ်။ တိုင်းပြည်ကို အမြန်ဆုံး အေးချမ်း တည်ငြိမ် တိုးတက်စေချင်တယ် ဆိုရင် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူတွေရဲ့ အခန်းကဏ္ဍကို ဘေးဖယ်ထားလို့ မရနိုင်ဘူးလို့ ယူဆပါတယ်။ လက်ရှိ ND-Burma အဖွဲ့နဲ့ ဆက်စပ် ပူးပေါင်း အဖွဲ့အစည်းပေါင်း (၁၃) ဖွဲ့ရှိကြောင်း ND-Burma အွန်လိုင်းစာမျက်နှာ တွင် ဖော်ပြထားပါတယ်။ အဲဒီအဖွဲ့တွေကတော့ နိုင်ငံရေးအ ကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း-မြန်မာနိုင်ငံ(AAPP)၊ မြန်မာ့ရေးရာ (BI)၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၊ မွန်လူ့ အခွင့်အရေးဖောင်ဒေးရှင်း(HURFOM)၊ လားဟူအမျိုးသမီးအစည်းအရုံး(LWO)၊ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KW-AT)၊ ပလောင်အမျိုးသမီးအစည်းအရုံး(PWO)၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)၊ ပအိုဝ်း လူငယ်အစည်းအရုံး(PYO)နဲ့ Former Political Prisoners (FPPs) စသည်တို့ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ၊ လူမှုဘ၀လုံခြုံရေးဆိုင်ရာ လူမှုအကျိုးပြုအဖွဲ့အစည်းတွေရဲ့ အပြုသဘော တင်ပြလာတဲ့ အစီရင်ခံစာတွေကို ဆက်လက်ပြုလုပ်မယ့်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထည့်သွင်းစဉ်းစားဆွေးနွေးကြဖို့လိုပါ တယ်။ အကြောင်းကတော့ နှစ်ပေါင်း(၆၀) ကျော် ပြည်တွင်းစစ်ရဲ့ဒဏ်ကို ယနေ့တိုင် ခံစားနေကြရတဲ့ ပြည်သူလူထုရဲ့ လက်တွေ့ ဘ၀တွေ ဆင်းရဲဒုက္ခတွေ နစ်နာဆုံးရှုံးမှုတွေကို ဒီ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေမှတဆင့် သိရှိနားလည် စာနာနိုင်ကြ မှာဖြစ်လို့ပါပဲ။ ပြည်သူလူထုရဲ့ လူ့အခွင့်အရေး နစ်နာဆုံးရှုံးမှုတွေ ကို ကျေနပ်လောက်အောင် ဖြေရှင်းကုစားမပေးနိုင်သေးရင်တော့ အပစ်အခတ်ရပ်နိုင်သည့်တိုင်အောင် လူမှုပဋိပက္ခတွေကို ပြေငြိမ်းအောင် လုပ်နိုင်ပြီလို့ ဆိုဖို့ခက်ပါသေးတယ်။ ဒါဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့လည်း ဝေးနေဆဲ၊ ဝေးနေမြဲပဲ ရှိနေပါလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲနဲ့အတူ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ထွန်းလာဖို့ဆိုရင်၊ လူ့အ ခွင့်အရေးတွေ ချိုးဖောက်မှုပြဿနာတွေကိုလည်း၊ ကျွဲကူးရေပါ ဖြေရှင်းဖို့ အစိုးရအနေနဲ့ အလေးအနက် ထည့်သွင်းစဉ်းစားဖို့လိုကြောင်း ရိုးသားစွာ နှိုးဆော်လိုက်ပါရစေ။       ။။။။

(၂၀၁၄ သြဂုတ်လ ၂၅ ရက်၊ တနင်္လာနေ့၊ ဒီလှိုင်းစာစောင်မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။)