ဇော်အောင်(မုံရွာ) - ကဲသာဘုရင်၏ဥစ္စာ၊ ကဲသာဘုရင်ကိုပေးကြ။ ဘုရားသခင်၏ဥစ္စာကို ထာဝရဘုရားပေးကြ
သြဂုတ် ၁၃၊ ၂၀၁၄
မြန်မာအုပ်ချုပ်သူ အာဏာပိုင်များသည်၊ ထိုင်းနိုင်ငံကို အထင်မကြီးကြပါ။ အခွန်ရှောင်မှု၊ ဘဏ္ဍာအလွဲသုံးမှုများဖြင့် ပြည့်နှက်နေသဖြင့် အထင်မကြီးခြင်းဖြစ်သည်။ မလေးရှားနိုင်ငံမှာ မွတ်ဆလင်နိုင်ငံဖြစ်နေသော်လည်း ရေနံ၊ဓါတ်ငွေ အလွန်မြောက်မြားစွာထွက်ပြီး၊ ၃ယောက်လျှင် တစ်ယောက်မှာ တရုပ်လူမျိုး ဖြစ်နေသဖြင့်၊ တိုင်းပြည်ကြွယ်ဝချမ်းသာ၊ အလုပ်ကိုင်ပေါများပါသည်။ ထိုင်းနိုင်ငံသွားအလုပ်လုပ်သူ မြန်မာများထက် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများက ဝင်ငွေပိုကောင်းပါသည်။ ထို့ကြောင့် မြန်မာအာဏာပိုင်များသည် မလေးရှားနိုင်ငံ၏ ကြွယ်ဝမှုကို အထင်မသေးဝံ့ပေ။
စင်ကာပူနိုင်ငံကိုမူကား မြန်မာအာဏာပိုင်များ အထင်ကြီး၊ လေးစားကြသည်။ သို့သော် စင်ကာပူနှင့် စီးပွားရေးတွဲလုပ်ရန် သိပ်မလုပ်ကျပါ။ အဘယ့်ကြောင့်ဆိုသော စင်ကာပူနိုင်ငံသည် တရုပ်ပြည်လောက်၊ အတတ်ပညာမကြွမ်းကျင်သောကြောင့်ဖြစ်သည်။ တရုပ်ကုမ္ပဏီများသည် ပေးကမ်းသောအတတ်ပညာတွင် အထူးကျွမ်းကျင်လှပါသည်။ တရုပ်တို့ကျွမ်းကျင်မှုသည် လက်ဖျားခါလောက်ပေသည်။ စင်ကာပူနိုင်ငံ ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံသို့ မလာနိုင်သေးပါ။ ယခုအခါ တတိယမြောက်၊ မြန်မာ့စက်မှုစီးပွားဇုံ SEZ ကျောက်ဖြူကို စင်ကာပူကုမ္ပဏီအား လုပ်ပိုင်ခွင့်ပေးလိုက်ပြီဟု ဆိုသည်။ ကောင်းပါသည်။
စင်ကာပူနိုင်ငံနှင့်တရုပ်ပြည်တို့ နှစ်တိုအတွင်း ကမ္ဘာ့ထိပ်တန်း ရောက်ရှိလာခြင်းကို ဆန်းစစ်ကြည့်လျှင် ခရစ်ယာန် သမ္မာကျမ်းစာ (မသဲ ၂၂) မှ "ကဲသာဘုရင်၏ဥစ္စာ၊ ကဲသာဘုရင်ကိုပေးကြ။ ထာဝရဘုရား၏ဥစ္စာကို ထာဝရဘုရားပေးကြ .." ဟူသော ကျမ်းပိုဒ်မှာ အလွန်ကျော်ကြားလှသည်။ ခရစ်ယာန်ဘုရားဖြစ်သော ယေရှု Jesus ပြောစကားဖြစ်သည်။
" ရောမနိုင်ငံတော်-ကဲသာဘုရင် (သြဂတ်စတပ်) အား အခွန်ဆက်သ အပ်ပါသလော .." ဟူသော မေးခွန်းကို မေးလေသည်။ အခွန်ဆက်သသင့်ပါသည်ဟု ဆိုလျှင် ထိုခေတ်ကာ ရောမအစိုးရကို ပုန်ကန်လိုသော ဂျူးလူမျိုးများ ညိုငြင်ကြမည်။ အခွန်မဆက်သ သင့်ပါဟု ပြောလျှင် ရောမအစိုးရ ဥပဒေနှင့်တရားစွဲနိုင်သည်။ ကဲသာဘုရင် ရုပ်ပုံပါသောဒင်္ဂါးကို ကိုင်ပြီး၊ " ကဲသာဘုရင်၏ဥစ္စာ၊ ကဲသာဘုရင်ကိုဆက်ပေးကြလော့..။ ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား ဆက်ပေးကြလော့.." ဟု ဖြေလိုက်သောအခါ၊ ယေရှုအား ရမယ်ရှာဖမ်းဆီးလိုသူများ အထံတော်မှ ထွက်ခွာသွားကြ၏.. ဟုသမ္မာကျမ်းစာတွင် ရေးသားထားပါသည်။
သြဂုတ်လ ၉ရက်သည်၊ စင်ကာပူနိုင် အမျိုးသားနေ့ဖြစ်သည်။ ၁၉၆၅တွင် စတင်တင်ထောင်ခဲ့သော စင်ကာပူနိုင်ငံ ၄၉နှစ်မွေးနေ့ (အမျိုးသားနေ့) ဖြစ်သည်။ အစ္စရေးနိုင်ငံက ၁၉၄၈ တွင်စတင်တည်ထောင်သဖြင့် စင်ကာပူနိုင်ငံသည် စံနမူနာယူရမည့် နိုင်ငံအဖြစ်၊ အစ္စရေး၊ ဟောင်ကောင်၊ ဆွစ်ဇာလန် စသည့် သူကဲ့သို့ အားကျဖွယ်၊ နိုင်ငံအသေးလေးများကို စံနမူနာယူခဲ့သည်။
နံပါတ်(၁) အစ္စရေးထံမှာ စစ်ရေးနှင့်စီးပွားရေးကို အတုယူခဲ့သည်။ စီးပွားရေးတွင် အစ္စရေးနိုင်ငံ၏ ငွေကို ဘုရားသခင်ပိုင်သည်၊ ကဲသာဘုရင်၏ဥစ္စာ၊ ကဲသာဘုရင်ကိုပေးကြ။ ဘုရားသခင်၏ဥစ္စာကို ထာဝရဘုရားပေးကြ .. ဟူသော ဆောင်ပုဒ်ကို စင်ကာပူနိုင်ငံသည် ပိုမိုကောင်းအောင်လုပ်နိုင်သည်။ ထို့ကြောင့် စင်ကာပူနိုင်ငံသည် ယခုအခါ အစ္စရေးနိုင်ငံထက် စီးပွားရေး ၂ဆနီးပါး ကောင်းနေသည်။ စင်ကာပူသည် အစ္စရေးကဲ့သို့ စစ်ရေးအတွက် ငွေပုံသြသုံးစရာမလိုသောကြောင့် စီးပွားအရမ်းတိုးတက်လာခြင်းဖြစ်သည်။
မြန်မာပြည်၏ အိမ်မြေခြံရောင်းဝယ်ရေးတွင် ကဲသာဘုရင်ဥစ္စာ (ရောင်း/ဝယ်ခွန်) ကဲသာဘုရင်ကြီးက မရပဲ၊ ဆုံးရှုံးနေသည်။ မြန်မာပြည်တွင် အင်းယားကန်ပတ်လည်၊ ရန်ကုန်မြို့ရှိအိမ်မြေများစွာ ပိုင်ဆိုင်သူများ တမဟုတ်ခြင်း ဘီလျှံနာဖြစ်သွားသည်။ ဘဏ်တိုက်ကြီးများပင် ဝယ်နိုင်လာသည်။ အိမ်မြေရောင်းဝယ်လုပ်ငန်း စာချုပ်၊ အမှုတွဲများ အာဏာပိုင်များ၊ ရာဖြတ်များ၊ တရားရေး၊ ရှေ့နေကြီးများပင်လျှင် အလွန့်အလွန်ချမ်းသာလာကြသည်။ စိတ်ရင်းကောင်းသော အာဏာပိုင်များ၊ စီးပွားလုပ်ငန်းရှင်များလည်း စိတ်လျှော့ထားရသည်။ အားမလျှော့နဲ့ရောက်လုပြီ..ဟု မြန်မာ့လူရည်ချွန်များအား အားပေးလိုပါသည်။
ကဲသာဘုရင်၏ဥစ္စာ (အခွန်ငွေ)
တိုးတက်သောနိုင်ငံများတွင် Tax per GDP အချိုးစားမှာ မြင့်မားပါသည်။ အများအားဖြင့် ကုမ္ပဏီကြီးများအပေါ်တွင် ၄၅%ခန့် အမြတ်အပေါ် အခွန်ကောက်ပါသည်။ ကုမ္ပဏီလေးများကို အခွန်မကောက်ပါ။ ဆင်းရဲသားများ လစာဒေါ်လာ၂၀၀၀ မကျော်သူများကို အခွန်မကောက်ပါ။ မြန်မာနိုင်ငံသည် ၂%မျှသာ အခွန်ကောက်နိုင်သည်ကို တွေ့ရသည်။ ချမ်သာသောနိုင်ငံများသည် အခွန်ကောက်နိုင်ပါသည်။ စနစ်တကျ အခွန်ကောက်ခြင်းသည် တိုးတက်သော နိုင်ငံတစ်ခု၏ ဝိသေသလက္ခဏာဖြစ်သည်။ မြန်မာနိုင်ငံတွင် လူလူခြင်းခေါင်းပုံဖြတ် ခိုင်းစားမှုများ ရှိသလားမေးခွန်းသည် မေးခွန်းကောင်းတစ်ခုဖြစ်သည်။
လောလောဆယ် အခွန်စနစ် ပျော့ညံ့၊ ယိုပေါက်များစွာ ရှိသောကြောင့် နိုင်ငံဘဏ္ဍာအလွဲသုံးစားကြသည်ဟု ပြောရန်လည်း ခက်ပါသည်။ ဥပဒေ ယိုပေါက်ကြီးရှိနေသောကြောင့် ကဲသာဘုရင်၏အခွန်မရရှိပဲ၊ ချမ်းသာသူများ၏ အိပ်ကပ်ထဲသို့ရောက်သွားသည်။ အာဏာပိုင်များ၏ အိတ်ကပ်သို့ အနည်းကျဉ်းထည့်သွင်းပေးလိုက်သည်။ နောက်ဆုံး နိုင်ငံတော်က Tax per GDP အခွန်ငွေ ၃၅% အနဲဆုံး ရမည့်ငွေတွင်
- နိုင်ငံတော် ၂%
- အာဏာပိုင်များ (လိုင်စင်ပါမစ်) ၂%
- ပြည်တွင်း/ပြည်ပကုမ္ပဏီစီးပွားရေးသမား ၃၁%
နိုန နိုင်ငံတကာတွင် အခွန်ငွေ ၄၀% ပေးရလျှင်ပင် ကုမ္ပဏီအားလုံး အမြတ်များစွာ ရရှိနေကြသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော် ၂%၊ အာဏာပိုင် ၂% မျှသာ ပေးရသော တဖက်သတ်စာချုပ်များ ခေတ်စားနေသောကြောင့် ပြည်တွင်း/ပြည်ပကုမ္ပဏီစီးပွားရေးသမားမှာ အလွန်မြတ်စွန်းနေသည်။
အထူးသဖြင့် ကန့်သတ်ကုန် သွင်း/ထုတ်ကုန် သယံဇာတများကို နိုင်ငံတော်မည်မျှရသည်ကိုပင် မသိနိုင်လောက်အောင် ပွင့်လင်းမှုမရှိသော တဖက်သတ်စာချုပ်များဖြင့်၊ နှစ်ပေါင်းများစွာ နိုင်ငံတော်နစ်နာနေပါသည်။
ဥပမာ.. ဆေးလိပ်၊ အရက်၊ ဘီယာလုပ်ငန်းများကို မြန်မာကုမ္ပဏီများ မရင်းနှီးနိုင်ကြပါ။ နိုင်ငံခြားကုမ္ပဏီကြီးများက ရင်းနှီးမြှတ်နှံမှုကော်မတီဝင်များကို နည်းမျိုးစုံဖြင့် ဆွဲဆောင်ပြီး၊ လိုင်စင်/ပါမစ် ရအောင်လုပ်နိုင်သည်။ အလွန်အမြတ်စွန်းကြီးသော လုပ်ငန်းဖြစ်သောကြောင့် လိုင်စင်/ပါမစ်ရအောင် ငွေအကုန်ခံနိုင်သည်။ အမြန်ဆုံးလုပ်ဆောင်ပြီး၊ မြန်မာလူမျိုး သန်း၆၀ကို ဆေးလိပ်၊ အရက် စွဲလမ်းသွားအောင် လုပ်မည်ဖြစ်သည်။
နွားနို့၊ စားသောက်ကုန်လုပ်ငန်းများ ရင်းနှီးလိုသူများမှာ အမြတ်စွန်းအစွန်းနည်းပါးသဖြင့် လိုင်စင်/ပါမစ်ရအောင် ငွေအကုန်မခံနိုင်ပါ။
လောင်စာဆီ တင်သွင်းခွင့်ကိုလဲ ပြည်တွင်းကုမ္ပဏီများ လက်သိပ်ထိုးပြီး လိုင်စင်/ ပါမစ် ရယူနေသောကြောင့် နိုင်ငံတော်အဖို့ အခွန်လဲမရ။ ပြည်သူပြည်သားများလည်း အညံ့စား၊ အရည်သွေးနိုမ့် လောင်စာဆီများကို ကမ္ဘာ့အကောင်းစား လောင်စာဆီဈေးနှုန်းဖြင့် ဝယ်သုံးနေရသည်။
အလားတူ အထည်ချုပ်စက်ရုံများလည်း အခွန်မဲ့သွင်းကုန်များကို ပြည်တွင်းသို့သယ်လာပြီး၊ အရည်သွေးနိုမ့် အဝတ်အထည်များစွာ၊ မြန်မာပြည်သူလူထုက နိုင်ငံခြားအကောင်းစား အဝတ်အထည်ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနေရသည်။ အဝတ်အထည်သာမက လူသုံးကုန်ပစ္စည်း အားလုံးနီးပါး၊ အရည်သွေးနိုမ့် ပစ္စည်းများကို ဈေးကြီးစွာ ပေးပြီး တိုင်းပြည်အလွန်နစ်နာပါသည်။
ကဲသာဘုရင်ကြီးက အခွန်မကောက်နိုင်သောကြောင့် မိုဘိုင်းအဖွဲ့ဖြင့်၊ လိုက်ဖမ်း၊ ဝေစုပေး လုပ်နေရသည်။ Tax per GDP မှာ သုံးနှစ်အတွင်း ၂% မှ ၃%ခန့် တိုးတက်လာသည်ဟု ဆိုပါသည်။ ပိုပြီးတိုးတက်လာမည်ဟု..မျှော်လင့်ပါသည်။
အရည်သွေးနိုမ့် စားသောက်ကုန်များကို ဈေးနှုန်းကြီးပေးပြီး၊ ဝယ်စားရခြင်းကလည်း တစ်ဒုက္ခဖြစ်သည်။
ခေတ်ပြောင်း၊ ပြုပြင်ပြောင်းလဲစဉ် ပြည်သူလူထုပဲ ဆင်းရဲဒုက္ခများစွာ ခံရသည်။ တောင်သူ၊ လယ်သမားများကို ငွေတိုးချေးစားသူ၊ ပွဲစားများက ငွေကြိုပေး၊ ထုတ်ကုန်ယူ စနစ်ဖြင့် ဈေးဖြတ်ထားသည်။ ဆင်းရဲသားများမှာ လယ်ယာပစ္စည်းဈေးနှုန်း ကောင်းသော်လည်း အမြတ်သိပ်မရ၊ ပွဲစားများပဲ အမြတ်ထွက်နေပါသည်။
မြန်မာအာဏာပိုင်များနှင့်၊ လုပ်ငန်းရှင်များသည် ဝိသမလောဘသမားများ ထွင်ပေးသွားသော အခွန်မပေးသည့်နည်းဖြင့် အိမ်မြေယာလုပ်ငန်းများကို လုပ်ကြသည်။ တိုင်းပြည်တွင် ဆင်းရဲချမ်းသာ အလွန်ကွာခြားသွားရရှသည်။ စိတ်ရင်းကောင်းရှိသူများ အရေးနိုမ့်နေဆဲ ကာလဖြစ်ပါသည်။
ဘုရားသခင်၏ဥစ္စာ (ဘာသာရေးအလှုငွေ)
မြန်မာများ အလှုအတန်းရက်ရောကြသည်။ ခရစ်ယာန်ကျမ်းစာတွင် တောင်းကြလော့၊ တောင်းလျှင်ရလိမ့်မည်...ဟုလဲ ရေးထားပါတယ်။ ဆင်းရဲမွဲတေသော မြန်မာနိုင်ငံသားများ တောင်းစားသူ အင်မတန်နည်းပါသည်။ လက်ဆောင်လိုချင်မှုသည် လူ့သဘာဝဖြစ်သောကြောင့် ပေးနိုင်သော လူချမ်းသာများက မြန်မာနိုင်ငံသားများအတွက် လက်ဆောင်ပေးရမှာဖြစ်ပါသည်။
နာဂစ်မုန်တိုင်း ၂၀၀၈ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် လူပေါင်း သိန်းနဲ့ချီပြီး သေဆုံးသည့် ခေတ်ကာလကို အမြဲအောက်မေ့သင့်ပါသည်။
အစ္စရေးလူမျိုးများ သူတို့ အီဂျစ်နိုင်ငံမှာ နှစ်ပေါင်း၄၀၀ ကျွန်ခံခဲ့ရတာ အမြဲအောက်မေ့ကြတယ်။ ကျွန်အဖြစ်က လွတ်မြောက်အောင် .. မိုးဇက် (မောရှေ) ခေါင်းဆောင်ပြီး သူတို့ရဲ့ ဌာနေ (ယခု အစ္စရေးနိုင်ငံ) နေရာကို ပြန်လာခဲ့သည်ကို၊ ပညတ်တော်(၁၀)ပါး Ten Commandments ရုပ်ရှင်ဇတ်ကားကြည့်ပါ။ ဘယ်လောက် ဒုက္ခဆင်းရဲခံစားခဲ့ရသလဲ။ အဆိုးဆုံးမှာ.. AD70 ရောမအင်ပါယာကို အာခံခဲ့သည့်အတွက် ယေရုဆလင်မြို့ကို ဖျက်ဆီးခံရတဲ့အပြင်၊ လူမျိုးတုန်းအောင် ရောမစစ်ဘုရင်များမှ သတ်ဖြတ်ခဲ့သည်။၊ အစ္စရေးလူမျိုးများ ကမ္ဘာအနှံ့ ထွက်ပြေးခဲ့ရသည်။ အနှစ်၂၀၀၀လောက် ကြာပြီးနောက် ဂျာမဏီနိုင်ငံတွင် အလွန်ကြွယ်ဝနေသော အစ္စရေး (ဂျူး)လူမျိုးများကို နာဇီဂျာမဏီက သုတ်သင်သတ်ဖြတ်ခဲ့ပြန်သည်။ အံ့သြဘွယ်ရာ အစ္စရေးလူမျိုးများ၏ မူလနေရာ ယေရုဆလင်ဒေသသို့ အမေရိကန်နဲ့အင်္ဂလိပ်တို့က ၁၉၄၈တွင် အစ္စရေးနိုင်ငံကို ပြန်လည်ထူထောာင်ပေးခဲ့ပါသည်။
အာရပ်တွေနဲ့အစ္စရေး ပြသနာက နှစ်ပေါင်း ၆၀၀၀ ရှိနေပြီ၊ အခုခေတ်ကတော့ အစ္စရေးနိုင်ငံပြန်လည်ထူထောင်တဲ့ အနှစ်၆၆ ရှိပါပြီ။ စင်ကာပူကတော့ ၄၉နှစ်ရှိပြီ။ မြန်မာလွတ်လပ်ရေးကတော့ အစ္စရေးနိုင်ငံ ပြန်လည်ထူထောင်တဲ့ ၁၉၄၈ ဖြစ်ပါတယ်။
ယခု တဖန် ဂါဇာဒေသတွင် အာရပ်-အစ္စရေး တိုက်ခိုက်မှုဖြစ်လာပြန်သည်။
အစ္စရေး လူမျိုးများ ချမ်းသာကြွယ်ဝခြင်းသည်၊ ကဲသာဘုရင်၏ဥစ္စာ (အခွန်) မှန်မှန်ပေးရုံသာမက၊ ဘုရားသခင်၏ဥစ္စာ (ဘုရားကျောင်းများသို့လှုဒါန်းခြင်း) မြောက်များစွာ လုပ်ဆောင်သောကြောင့် ဖြစ်သည်။ အစ္စရေးလူမျိုးများ၏ လှုဒါန်းခြင်းပညာတ်တရားအရ မိမိဝင်ငွေအားလုံးသည် ဘုရားသခင်ကပိုင်သည်။ ဘုရားပေးသော ငွေကို tithe ဟုခေါ်သော ဆယ်ပုံတစ်ပုံကို ဘုရားကျောင်းသို့ လှုဒါန်းခြင်းဖြစ်သည်။ နောက်ထပ် ဆယ်ပုံတစ်ပုံကို မိသားစု ဘုရားဝတ်ပြုကိုးကွယ်ရန်၊ ဘုရားဖူး၊ ခရီးထွက်ရန် သုံးစွဲသည်။ နောက်ထပ် ဆယ်ပုံတစ်ပုံကို မိဘမဲ့ကလေး၊ မုဆိုးမ၊ ဆင်းရဲဒုက္ခရောက်သူများကို ပေးကမ်းပါသည်။ မိမိဝင်ငွေ၏ ၃၀%နီးပါးကို ဘုရားသခင်ကြိုက်နှစ်သက်သော သုံးစွဲမှုကို ပြုလုပ်သည်။
ဘုရားသခင်က မိမိကို ၇၀%ခန့် ပေးထားပြီးဖြစ်သည်။ ၃၀%ခန့်ကို ဘုရားသခင်ဥစ္စာဖြစ်သောကြောင့် ဘုရားသခင်ထံ ထားရစ်ခဲ့ခြင်းဖြစ်သည်။ လူဆိုသည်မှာ မိမိဥစ္စာရှိရာကို စွဲလမ်းလေ့ရှိသည်။ မိမိဥစ္စာအများစုကို ဘုရားသခင်ထံ လှုဒါန်းခြင်းဖြင့်၊ တမလွန်ဘဝ (ကောင်းကင်နိုင်ငံတော်တွင် ငွေများစွာစုဆောင်းထားနိုင်သည်။ ထို့ကြောင့် အစ္စရေးလူမျိုးများသည် သူတို့စုဆောင်းငွေများစွာရှိသည့် ဘုရားသခင်၏..ကောင်းကင်နိုင်ငံတော်ကို အမြဲစွဲလမ်းသည်။
အထက်ပါ အတွေးအခေါ်ကို လက်တွေ့ကျင့်သုံးသဖြင့် အစ္စရေးလူမျိုးများ၊ အလွန်ကြွယ်ဝချမ်းသာကြသည်ဟု ဆိုသည်။ ဂျူးလူမျိုးတို့ကမူ သူတို့ကို ဘုရားသခင်ကောင်ကြီးပေးသည်ဟု ခံယူပါသည်။
သမ္မာကျမ်းစာတွင် ဂျူးလူမျိုးနှင့် အာရပ်လူမျိုးတို့မှာ ဖခင်၊ အာဗြာဟံမှ ဆင်းသက်လာသော ညီအစ်ကိုဖြစ်သည်။ ၂ဦးစလုံးကို ဘုရားကောင်းကြီးပေးသည်ဟု ဆိုသည်။ ထို့ကြောင့် အာရပ်နိုင်ငံများတွင် ရေနံအလွန်ထွက်ပြီး၊ ကြွယ်ဝနေခြင်းကို ဦးနှောက်ဖြင့် စဉ်းစားမရနိုင်ပါ။ အာရပ်များကိုလည်း ဘုရားသခင်ကောင်းကြီးပေးသည်ဟုသာ ဆိုရမည်ဖြစ်သည်။
သေချာသည်မှာ အစ္စရေး (ဂျူး)လူမျိုးနှင့် အာရပ် (မွတ်ဆလင်)တို့သည် ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်ထံပြန်ပေးတတ်သူများ ဖြစ်သည်။
ကဲသာဘုရင်ဥစ္စာကို ကဲသာဘုရင်အားပေးတတ်ခြင်း၊ ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်ထံ ပေးတတ်သော.. နိုင်ငံ၊ လူမျိုး၊ မိသားစု တိုင်းသည် ကြွယ်ဝချမ်းသာကြသည့်အပြင်၊ စိတ်ဝိညာဉ်လည်း ကြွယ်ဝချမ်းသာကြသည် ဟုဆိုရပေမည်။
ပေးကမ်းလှုဒါန်းခြင်းနှင့် အလှုငွေခံခြင်း
မြန်မာနိုင်ငံ အလည်ရောက်လာတဲ့ စင်ကာပူနိုင်ငံသား၊ မိတ်ဆွေတစ်ဦးက ခရစ်ယာန်ဘုရားကျောင်းကို တက်ရောက်ချိန်မှာ၊ အလှုငွေ ခဏ၊ ခဏ ကောက်တာကို စိတ်ပျက်သည်ဟု ဆိုသည်။ သူမထည့်နိုင်ရင် အလှုငွေအိတ်ကို မထည့်လဲရပါတယ်။ ဘုရားရှိခိုးပြီးဆုံးချိန်တွင် အနီးအနားမှ နာမည်ကြီးဗုဒ္ဓဘာသာ ဘုရားတစ်ခုကို ရောက်သွားပြန်သည်။ အဝင်ဝကတည်းက ဘုန်းကြီးတစ်ပါး တည်ငြိမ်စွာထိုင်ရင်း၊ အလှုငွေခွက်ကို တွေ့ရပါသည်။ ဘုန်းကြီးပတ်ဝန်းကျင်တွင်လည်း အလှုငွေသေတ္တာ၊ ခွက်ဖလားများကို တွေ့ရပါသည်။ ဘုရားမုဒ်၎ခု စလုံးကို ပတ်ပြီးကြည့်ချိန့် ဝင်/ထွက် အပေါက်တိုင်း ဘုန်းကြီးတစ်ပါးစီ အလှုငွေဖလားနဲ့ ထိုင်နေကြတာတွေ့ရပါသည်။ ခရီးဝေးလမ်းမများတွင် ဘတ်စကား၊ ရထားတွေမှာ အလှုခံအဖွဲ့များလောက်တော့ မဆိုးပါ။ သူများလိုတော့ မဆိုးပါဘူး။
လှုဒါန်းမှုကို အားကြီးသော မြန်မာများ ပေးလှုချင်။ တောင်းသောသူလည်း များလာရပါတယ်။ တောင်းရမ်းမှုလွန်ကျူးလာပါက လာဘ်စားသည် (အဂတိလိုက်စားသည်) ဖြစ်လာပါသည်။
ကဲသာဘုရင်၏ဥစ္စာ(အခွန်) အမှန်ကန်ရမှဖြစ်မည်
မြန်မာနိုင်ငံ၏ GDP ကန်ဒေါ်လာ ဘီလျှံ ၇၀ ရှိပါက၊ တကယ်တန်း အခွန်ရသင့်သည်မှာ ၃၅% - ၂၄ဘီလျံဖြစ်ရပါမည်။ ယခု ၂% သာရရှိသောကြောင့် အလွန်နည်းပါးလှသည်။ အခွန်စနစ်ကို အမေရိကန်အစိုးရက ကူညီလုပ်ကိုင်ပေးမည်ဟု ကမ်းလှမ်းသော်လည်း မိမိတို့နေရာလွတ်သွားမှာ စိုးရမ်သူများက အလွန်နှေးကွေးစွာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည်။ ပွင့်လင်းမှု မရှိနိုင်ဖြစ်နေဆဲ အစိုးရဝန်ကြီးဌာနများစွာကို ၂၀၁၄ တွင် လွှတ်တော်စာရင်းစစ်အဖွဲ့မှ စတင်ဖေါ်ထုတ်နေသည်မှာ သတင်းကောင်းဖြစ်သည်။
ဒီမိုကရေစီအစိုးရ တက်လာပြီးနောက် ယခုအချိန်ထိ၊ အခွန်မကောက်နိုင်သေးပါ။ မြန်မာနိုင်ငံအလည်ပတ် သွားသူများသည် ဆင်းရဲ၊ ချမ်းသာ လူတန်းစား အလွန့်အလွန် ကွားခြားနေခြင်းကို ပြောကြသည်။ ဆင်းရဲသားများ မွဲတေပြီး၊ မိသားစုတစ်ခု တစ်နေ့ ကျပ်၂၀၀၀ ဖြင့် စားသောက်၊ နေထိုင်နိုင်သည်ဟု သမ္မတကိုယ်တိုင် ပြောကြားခဲ့သည်။ တောနေ၊ တောင်သူလယ်သမားများ အဘယ်မျှဆင်းရဲနေသည်ကို မြို့ပြလူထုက နားမလည်ကြသေးပေ။ မြို့ပေါ်မှာ မိသားစုတစ်ခု တစ်နေ့ကျပ်၂၀၀၀ ဖြင့် နေလို့မရကြောင်း၊ ဆူပွတ်ညံသွားအောင် ဝေဖန်ကြသည်။ မြို့ပေါ်တွင် ဝန်ထမ်း၊ အလုပ်သမားများ ဝင်ငွေရအောင်ရှာနိုင်ပါသေးသည်။ တောနေလူတန်းစားမှာ အလွန်ခက်ခဲလှသည်။ အသားဟင်းပင် တစ်ပတ်တစ်ကြိမ် စားနိုင်ဖို့ မလွယ်လှပါ။
ကျနော် တောနယ်များကို လှည့်လည်သွားလာစဉ် ကျောင်းထုတ်ထားခံရသော၊ ဆယ်နှစ်အောက် ကလေးငယ်များစွာ တွေ့ရသည်။ မြို့တက်လာပြီး၊ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် ကလေးအလုပ်သမားဖြစ်နေကြသည်။ မင်္ဂလာဒုံလေဆိပ်အနီးမှ ကလေးအလုပ်သမား များစွာခန့်ထားသော လဘက်ရည်ဆိုင်မှာ ကလေးတစ်ဦးကို အင်တာဗျူးသည်။
မင်းအသက်ဘယ်လောက်လဲ...
၁၇နှစ်ပါ။
ဘယ်မြို့ကလဲ ..
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ကပါ။
မင်းလစာဘယ်လောက်ရသလဲ..
နေစရိတ်၊ စားစရိတ်ငြိမ်း တစ်လ ၃သောင်းပါ။
ဟ.. လောက်ရဲ့လားကွ ...
ကျွန်တော်တစ်ယောက်ထဲဆိုတော့ လောက်ပါတယ်။
မင်း..မိဘတွေကို မပေးဘူးလား..
မိဘတွေနဲ့အဆက်သွယ်မရှိပါဘူး။
ဟ.. မင်းရန်ကုန်ရောက်တာ ဘယ်လောက်ကြာလို့ မိဘနဲ့အဆက်သွယ်ပြတ်ရသလဲ...
ကျွန်တော် ဒီဆိုင်မှာလုပ်နေတာ ၁၀နှစ်ရှိပါပြီ။
စာတော့ဖတ်တတ်သလား.. ဘယ်နှစ်တန်အောင်သလဲ..
၂တန်းထိရွာမှ သင်ခဲ့ပါတယ်။
ဒါဆို ..ဒီဆိုင်က မင်းတို့ကို ကျောင်းမတက်ခိုင်းဘူးလား..
တက်ခိုင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က မတက်ချင်လို့ပါ။
ဒါဆို..မင်းအလုပ်နားချိန် ဘာတွေလုပ်နေသလဲ... တီဗွီ၊ ဗွီဒီယိုကြည့်တာပေါ့....။
စားဝတ်နေရေးခက်ခဲလွန်းလျှင် အတွက် အစိုးရထံမှ အလုပ်အကိုင် တောင်းရပါမည်။ အလုပ်အကိုင် ရှိဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အလုပ်မရှိပါလျှင် ထိုလူများကို ထိန်းရန်ခက်ပါသည်။ နောက်ကွယ်မှ ကြိုးကိုင်သူများ အလွယ်တကူ ဆွဲဆောင်နိုင်ပါသည်။
ယခုအခါ အာဏာပိုင်များတွင် အလုပ်ကိုင်အခွင့်အလမ်းအတွက် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းလေးများစွာ အရမ်းလိုအပ်နေပါသည်။ အာဏာပိုင်များသည် ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်ကြီးထံ ရောက်အောင်လုပ်နိုင်ပါမှ ပြည်သူလူထုအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းများစွာ ပေါ်ပေါက်လာမည်ဟု ရိုးသားစွာမျှော်လင့်ပါသည်။
ဇော်အောင် (မုံရွာ)