ငြိမ်းချမ်းအေး - ရိုက်မယ်၊ ရိုက်မယ်


ငြိမ်းချမ်းအေး  - ရိုက်မယ်၊ ရိုက်မယ်
သြဂုတ် ၁၅၊ ၂၀၁၄
 
 
ဆရာကြီး မင်းသုဝဏ် (ဖွား ၁၀ ဖေဖော်ဝါရီ၊ ၁၉၀၉ - ဆုံး ၁၅ သြဂုတ်၊ ၂၀၁၄) ကွယ်လွန်တာ (၁၀) နှစ်ပြည့်ခဲ့ပြီ။  ဆရာကြီး ဆုံးတော့ ထူးအိမ်သင် နဲ့ တရက်ပဲ ခြားတယ်။  အုတ်ဂူချင်းလည်း ကပ်လျက်။

ထူးအိမ်သင်လိုပဲ ဆရာကြီးဟာလည်း နဝတ ခေတ် ၉၀ ခုနှစ်များ မှာ နိုင်ငံရေး နဲ့ နွယ်ပြီး စစ်အစိုးရရဲ့ မျက်မုန်းကျိုးခံခဲ့ရတယ်။  မဆလ ခေတ်တုန်းကလည်း ဗိုလ်နေဝင်း က (သူ့အခေါ်) ခရစ်ယာန်ကြီး (ဦးဖေမောင်တင် ဖွား ၂၄ ဧပြီ ၁၈၈၈ - ဆုံး ၂၂ မတ်၊ ၁၉၇၃)  ရဲ့ တပည့်တွေ ဆိုပြီး မျက်နှာသာမပေးခဲ့ပါဘူး။  ဒါပေမယ့် ဆရာကြီး ရဲ့ မြန်မာ့ ခေတ်သစ် စာပေ ပြယုဂ်၊ ပြည်သူ့စာဆို ဂုဏ်ရည် ကတော့ မယုတ်လျော့သွားပါဘူး။

ဆရာကြီး အကြောင်း ဆိုရင် သူရဲ့ မြန်မာ ကလေးစာပေ ကဏ္ဍ အပေါ် ပေးခဲ့တဲ့ စိုက်ထုတ်မှု အလုပ်တွေ ကို အသားပေး ပြောချင်တယ်။  ကလေး ကဗျာ၊ ကလေး ပုံပြင် တွေ ရဲ့ အကျိုးသက်ရောက်မှု က သိပ် ကြီးတယ်။

တိုင်းပြည်ရဲ့ အနာဂတ် ဆိုတာ တကယ်တော့ ကလေး တွေပါ။  ကလေးတွေရဲ့ အနာဂတ် ကိုလည်း စာအုပ်၊ စာပေ ပညာရပ်ဝန်းနဲ့သာ ပျိုးထောင်ပေးရမှာပါ။  ဒါပေမယ့် ဝမ်းနည်းဖွယ် ဗမာပြည်မှာတော့ ပြောင်းပြန် စာအုပ်၊ စာပေ၊ ပညာ မိုးခေါင်ရေရှား ရပ်ဝန်း ဖြစ်ခဲ့ရတယ်။

မျိုးဆက် နှစ်ဆက် စာ နီးပါးဟာ စနစ်တကျ ပညာ သင်းကွပ်ခြင်း ခံခဲ့ရတယ်။  စနစ်တကျ မသိအောင်၊ အ အောင် လုပ်ခြင်းခံခဲ့ရတယ်။  အညွန့်တလူလူ တက်လာရင် အဲ့ဒီ အညွန့် က အုပ်စိုးသူကို ထိုးခွဲတတ်တာကိုး။  ဒါကြောင့် လူငယ်၊ လူရွယ် အညွန့်အဖူး ကလေးတွေကို အညွန့်တုံး အောင် ပညာရပ်ဝန်းကို အုပ်စိုးသူ အဆက်ဆက် သင်းသတ် ထားခဲ့တယ်။  အကျိုးဆက် စာပေ လောက ဟာ ဒေသတွင်းနဲ့ ယှဉ်ရင်တောင် လူစဉ်မမီ၊ မစည်ပင်ခဲ့ဘူး။  ကလေး စာပေ ကဏ္ဍ ဆိုတာလည်း ပျောက်ကွယ် သလောက် ဖြစ်ခဲ့တယ်။

ဆရာကြီး ဦးဝန်လို စာပေ ပညာရှင်မျိုး ကိုလည်း ချီးမြှောက်ရမယ့် အစား နိုင်ငံရေး အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် နှိပ်ကွပ်ခဲ့တယ်။

မြန်မာစာပေ၊ စကား ခေတ်မီ ဖွံ့ဖြိုး တိုးတက်စေဖို့ရာကို အင်္ဂလိပ် ကျွန်ခေတ် ဆရာကြီး ဦးဖေမောင်တင် တို့ ခေတ်စမ်းချိန်လောက်တောင် မစွမ်းဆောင်နိုင်ဘူး ဆိုနိုင်တယ်။  အဲ့တုန်းက စာအုပ်စာပေတွေ များများစားစား ထုတ်နိုင်တယ်၊ စာဖတ် အသင်းတွေ အများကြီး ထူထောင်နိုင်တယ်၊ နိုင်ငံတကာ က ခေတ်မီ စာအုပ်တွေ ချက်ချင်း ရန်ကုန် စာအုပ်ဆိုင်တွေပေါ် ရောက်တယ်။  ဒါကြောင့် အနာဂတ် တိုင်းပြည် ခေါင်းဆောင်ဖြစ်လာမယ့် ပုဂ္ဂိုလ်တွေဟာ နဂါးနီ လို စာအုပ်တိုက်တွေ တည်ထောင်နိုင်၊ ကမ္ဘာ့ ခေတ် အတွေးအခေါ်တွေ ဗမာပြည်ကို တင်သွင်းနိုင်ခဲ့တယ်။  အကျိုးဆက် ဗမာများ နိုင်ငံရေး ရေချိန် မြင့် အသိအမြင် တွေ ပွင့်လာပြီး ကျွန်ဘဝ က လွတ်အောင် ရုန်းနိုင်ခဲ့တာပေါ့။

ကလေးတွေ အတွက် ဆိုရင် အဲ့တုန်းက မင်းသုဝဏ် နာမည်ကျော် “မောင်ခွေးဖို့ ကဗျာများ” ရေးထုတ်ချိန် ဆရာ ကေ (ဦးခင်ဇော်)၊ ပါမောက္ခ လုစ် တို့က ကလေးများ နားဝင်လွယ်အောင် ကာရန် နဲ့ အညီ သံစဉ် သွင်းပေးခဲ့တယ်၊ အင်္ဂလိပ်လိုလည်း ပြန်ခဲ့တယ်။  ဒီလို ကလေးများ ငယ်စဉ်ကတည်းက စာဖတ်ဝါသနာ အမြစ်တွယ်စေဖို့၊ စာအုပ်စာပေနဲ့ ယဉ်ပါးလွယ်စေဖို့ နည်းနာတွေ နိုင်ငံတကာ နည်းတူ စွမ်းဆောင်နိုင်သလို လူထုကြားလည်း ရောက်အောင် ဖြန့်နိုင်ခဲ့တယ်။

နဝတ၊ နအဖ ခေတ်တလျှောက်လည်း အစိုးရ ဝါဒဖြန့် ရုပ်သံမှာ အလားတူတွေ လုပ်ပြပါတယ်။  ဒါပေမယ့် အနုပညာ ရသ ကလည်း သိပ် မမြောက်ချင်၊ ကချော်ကချွတ် က များပါတယ်။  ပြည်သူကြားလည်း မပျံ့နှံ့ ခဲ့ပါဘူး။

အဆင့်အတန်း ရှိ၊ ရသမြောက် တန်ဖိုးရှိပြီး ကလေးကဗျာ တချို့ကိုလည်း(ဥပမာ ဆရာကြီး တင်မိုး လက်ရာတွေ) နိုင်ငံရေး ပယောဂကြောင့် ဖျောက်ဖျက်ထားတယ်။  မင်းသုဝဏ်၊ တင်မိုး အစရှိတဲ့ နိုင်ငံရေး အရောင် ဆက်စပ် ဆိုရင် ပုံနှိပ်စာလုံး မှာ နာမည်စာလုံး တောင် မဖော်ပြခဲ့ရတဲ့ အချိန်တွေ ရှိခဲ့တယ်။

နဝတ စစ်ဗိုလ်ချုပ်ကြီးများ ဘယ်လောက်တောင် သဘောထား သေးသိမ်သလဲ ဆိုရင် စောဘွဲ့မှူး ရေး နာမည်ကြီး လက်ခုပ်တီးမယ် (ကိုင်ဇာ ဆို) သီချင်း ဆိုရင် သူတို့ ခေတ်မှာ ပြန်ဆိုတော့ သီချင်းစာသားပါ “မောင်ပန်းမွှေး ပို့စ်ကဒ် ထဲက ကဗျာလေးတွေ ကူးရေးနော်..”  မှာ မောင်ပန်းမွှေး နာမည်ဖျောက် “လမ်းဘေး ပို့စ်ကဒ်..”  ဘဝ ပြောင်းခဲ့ရတယ်။

အဲ့ဒီ အချိန်က အချစ်ကဗျာဆရာ မောင်ပန်းမွှေးက ဂျပန် မှာ အဝေးရောက် လုပ်နေတာကိုး။  နောက် သူ လက်နက်ချပြီး အစိုးရ “အတင်းစာ” မှာ အတိုက်အခံ အကြောင်း အတင်းတုပ်၊ အစိုးရ ဘုန်းတော်ဘွဲ့လုပ်တော့မှ ဦးဘွဲ့ သီချင်းခမျာ မူရင်းစာသား မှန် ပြန်ရောက်ရှာတယ်။

ဒါမျိုး ဖြစ်စဉ်တွေက အများကြီး။  ဒီလို အမြင်တွေက ကျဉ်းမြောင်း၊ သဘောထားတွေ  က  မမှန်၊ မဖြူစင် နဲ့ ဗမာပြည် ရာစုဝက်ချီ ခရီးဆက်ခဲ့ရတယ်။

ဒီခေတ် ဒီစနစ်၊ ဒီ မင်း ဒီစိုး (တကယ် က ‘ဆိုး’)၊ ဒီမိုး ဒီလေ ဒီလူတွေ ရဲ့ ဒဏ် ခံ ဗမာပြည် လက်ရှိ မျက်မှောက် မှာတော့ ဆရာကြီး မင်းသုဝဏ် တို့ ကြိုးပမ်းခဲ့တဲ့ ကလေး သူငယ် များရဲ့ အနာဂတ် တံခါးကို ဖွင့်ကာ ပညာလမ်းခင်းပေမယ့် ကလေးစာပေ၊ ကလေး ကဗျာ ကဏ္ဍ တွေ ထွန်းကား ပေါများ ရမယ့် အစား အုပ်စိုးသူ “လူကြီးဆိုသူ” တွေကို (ကန်တော့ပါရဲ့) “မအေရိုး” လို့ ကောဆဲ ချင်စရာ ကဗျာ တွေသာ ခေတ်ကြေးမုံ အဖြစ် ပေါများလာတော့တယ်။

ဟိုတရက်ကတင် တွေ့လိုက်ပါ့ရဲ၊ ဆရာကြီး မင်းသုဝဏ် ရဲ့ မောင်ခွေး ကလေးကဗျာ ထဲက ကာရန် အတိုင်း ယူထားတဲ့ ခွေး တိရစ္ဆာန် လောက်တောင် အရှင်သခင် ပြည်သူ အပေါ်ကျေးဇူး သစ္စာ မစောင့်၊ မသိတတ်တဲ့ “လူကြီးဆိုသူများ အကြောင်း” အွန်လိုင်း ကဗျာလေး တွေ့လိုက်ပါသေးတယ်။  ဘာတဲ့..

ထမင်း တနပ်လျှော့ကာ စားလို့
နွားနို့ကိုပဲ သောက်စို့ကွယ်

တရက်စာကို ၂၀၀၀ သုံးလို့
စီးပွားတက်အောင် ကြိုးစားကွယ်

တို့များ ပြောတာ နားထောင် စမ်းကွယ်..
ပြန်မပြောနဲ့ ပါးရိုက်မယ်
ရိုက်မယ်၊ ရိုက်မယ်..။

ဦးဝန်၊ ဆရာကေ နဲ့ ပါမောက္ခ လုစ် တို့ ကလည်း မြင့်မြတ်တဲ့ ဘုံဘဝ ကနေ နောက်တပုဒ် ထပ်စပ်တယ်။

ဒင်းတို့ကိုလည်း
ဘုရား က ရိုက်မယ်၊ ရိုက်မယ်..။
သံသရာ မှာ ရိုက်မယ်၊ ရိုက်မယ်..။

ပြည်သူတွေကလည်း
၂၀၁၅ မှာ မဲလက်နက် နဲ့ ရိုက်မယ်၊ ရိုက်မယ်..။

မဲလက်နက် နဲ့ မရရင် လူထုအင်အား နဲ့ ရိုက်မယ်..။
ရိုက်မယ်၊ ရိုက်မယ်..။

ငြိမ်းချမ်းအေး
၁၅၊ သြဂုတ်၊ ၂၀၁၄
(ဆက်သွယ်ရန် - nyeinchanaye81@gmail.com)