သက်ခိုင် - ဒေါင်းပျိုမရဲ့ ရာဇ၀င်

သက်ခိုင် - ဒေါင်းပျိုမရဲ့ရာဇဝင်
သြဂုတ် ၅၊ ၂၀၁၄
 

ဝင်းမော်ဦးရဲ့အပြုံး
သွေးတွေဖုံးခဲ့တဲ့နှစ်
အဲဒီ ၈၈ မှာ သူမွေးတယ်။

ကျောင်းသား၊ လယ်သမား၊ အလုပ်သမား
သူတို့ရဲ့ငိုသံတွေအစား
ရဲရဲရင့်ရင့် တိုက်ရဲ
မိုက်သင့်တာလည်း မိုက်ခဲ့တယ်။

ရန်သူဖမ်းချုပ် (လည်း)
ရာဇဝင်မှာ နောက်မဆုတ်
ဘဝတွေဆုံး၊ အသက်တွေပြုန်း
ကုန်းရုန်းပြန်ထ
အဲဒီအပျိုမ
မိုးမခလိုပ
ကြွေရဝေရ ရှင်သန်ခဲ့ကြ။

လူပြောင်းလို့ရပေမယ့်
မူပြောင်းလို့မရတာက
ဒါဟာ အကုန်လုံးရဲ့ဘဝ။

ဘယ်သူတွေညစ်ညစ်
လူတကာချစ်ခဲ့ရတဲ့သမိုင်း
တို့ခေတ်မှာတော့ မရိုင်းစေနဲ့။

ဒါကြောင့်
ဒေါင်းပျိုမရဲ့အပြုံး
အဲဒီလိုကြယ်လေးလုံး
အသက်ထက်ဆုံးပဲ မြတ်နိုးတယ်။

သက်ခိုင်
(၁၈း ၁၇) နာရီ၊ ၃.၈.၂၀၁၄ ခုနှစ်။