မောင်ရစ် - ရာဇ၀င်ထဲက စကော့ပြည်၊ ပြီးတော့ မြန်မာပြည်သမိုင်းလမ်းဆုံ
အယ်ဒီတာ့လက်ရေး (၃၇)၊ စက်တင်ဘာ ၂၀၊ ၂၀၁၄
စက်တင်ဘာ ၁၉ တွင် စကော့တလန်ပြည်နယ်သားတို့က ဗြိတိန်တို့နှင့်အတူ ဆက်လက် အတူတကွ နေထိုင်သွားမည်ဟု ဆုံးဖြတ်လိုက်ကြလေသည်။ ဒီမိုကရေစီနည်းဖြင့် မဲဆန္ဒအဆုံးအဖြတ်ကို ခံယူကြလျက် စကော့ပြည်သား ၅၀% ကျော်က ယူနိုက်တက်ကင်းဒန်း (UK) ကနေ ခွဲမထွက်ဘဲ အတူယှဉ်တွဲနေထိုင်ကြမည်ဟု သဘောထားပေးလိုက်ကြသောအခါ ဗြိတိသျှသားတို့ကလည်း သက်မချကြသလို တွဲရေးအားသာသူ စကော့သားများကလည်း သြဘာပေးကြလေသည်။ ခွဲရေးကို ဆော်သြကြသူ စကော့နိုင်ငံရေးပါတီတို့ကလည်း ဗြိတိန်ပြည်မကြီးက စကော့ပြည်ကြီးကို ယခုထက်ပိုသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အခွန်ကောက်ခံခွင့်၊ ကျန်းမာရေး၊ လူမှုရေး၊ ဘဏ္ဍာရေး ကိုယ့်ကြမ္မာကိုယ် စီရင်ပိုင်ခွင့်များကို ရရှိဖို့၊ အာမခံဖို့ကို စကော့ပါလီမန်ထဲထည့်သွင်းဖို့ တောင်းဆိုကြသလို ဗြိတိန်ဝန်ကြီးချုပ်နှင့် ဘုရင်မကြီးတို့ကလည်း ပေးအပ်မည်ဖြစ်ကြောင်း၊ ဒီနှစ်အကုန် ၂၀၁၅ ဗြိတိသျှပါလီမန်ကနေ မူကြမ်းများ၊ အတည်ပြုချက်များ ထုတ်ပေးမည်ဖြစ်ကြောင်း ကတိက၀တ်တွေ ထုတ်ပြန်ပေးအပ်ကြလေတော့သည်။
နှစ်ပေါင်း ၃၀၀ ကျော် လိပ်ခဲတည်းလည်း ဖြစ်နေသော ပြည်မမှ ခွဲထွက်လိုသော ပြည်နယ်ပြသနာသည် ဗြိတိန်ပြည်ထောင်စုတွင် ဒီမိုကရေစီနည်းကျ မဲဆန္ဒစနစ်ဖြင့် အပြီးသတ်ခဲ့လေပြီဟု ဆိုနိုင်၏။ စိတ်ဝင်စားဖွယ်ကိစ္စမှာ တခါမှမကြုံဖူးအောင် တက်ကြွစွာ ဆွေးနွေးကြသူများထဲတွင် ဆယ်ကျော်သက် ၁၆-၁၈ နှစ် မျိုးဆက်သစ်တို့၏ အခန်းကဏ္ဍ ဖြစ်တော့သည်။ ယခုတခေါက် တွဲရေး ခွဲရေး မဲဆန္ဒခံယူပွဲတွင် ဗြိတိသျှဗဟိုအစိုးရက ၁၆နှစ်သားအထက်ကိုပါ မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်ရာ ဆယ်ကျော်သက်တို့က အဓိက တွဲရေးကို ဆုံးဖြတ်ပေးကြသည်ဟု အကဲခတ်တို့က ဆိုလေသည်။ မျိုးဆက်ဟောင်းတို့က အတိတ်သမိုင်းက မျိုးချစ်စိတ်တို့ကို ဆွဲကိုင်လျက် စကော့တလန်ပြည်ကို ဗြိတိန်မှ ခွဲထွက်ရေး လှုံဆော်နေချိန်တွင် မျိုးဆက်သစ်တို့က လက်ရှိအနေအထားအတိုင်း ပြည်ထောင်စုတခုတည်းဖြင့်သာ တစုတစည်းတည်း သဘောထားကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ လက်တွေ့ကျသော ပစ္ဇုပ္ပန်ကိုကြည့်ပြီး အနာဂတ်အတွက်ပါ တပါတည်း ဆုံးဖြတ်လိုက်ခြင်းဖြစ်ရာ နောင်တွင် စကော့နိုင်ငံသားတို့၏ ကိုလိုနီခေတ် အုံကြွမှုတို့သည် အတိတ်တွင် ကျန်ရစ်တော့မည်ဖြစ်ပြီး၊ ဗြိတိန်သား၊ စကော့သားတို့ တစုတစည်းတည်းဖြစ်မှု၊ United Kingdoms ဟူသော ပြည်ထောင်စုဘုရင့်နိုင်ငံတော် အလံတော်အောက်မှာ ဆက်လက်ဂုဏ်ယူဝင့်ကြွားကြတော့မည်ဟု ဆုံးဖြတ်ကြခြင်း ဖြစ်လေသည်။
အကယ်၍များ စကော့ပြည်သားတို့ နိုင်ငံခွဲထောင်ခွင့်သာ မဲနိုင်ခဲ့လျင် စပိန်ပြည်နှင့်တကွ အခြားသော ဥရောပနိုင်ငံအချို့၏ အတိတ်သမိုင်းမှာလက်အောက်ခံအဖြစ်နေထိုင်ခဲ့ရသည့် နိုင်ငံအစိတ်အပိုင်းတို့သည်လည်း ပြည်သစ် ခွဲတည်ထောင်ကြဖို့ ထကြွနိုးကြားလာကြတော့မည် ဖြစ်သည်။ လက်အောက်ခံ ပြည်နယ်သားအဖြစ်ကို လက်မခံဘဲ ပြည်သစ်တည်လို့သည့် ဥရောပအစိတ်အပိုင်းတို့သည် ယခုစကော့တလန်၏ ဆုံးဖြတ်ချက်ကို သင်ခန်းစာယူကြမည်ဆိုပါက လက်ရှိတိုင်းပြည်များအတွင်းမှာပင် တန်းတူညီမျှတနိုင်ငံသားတည်းအဖြစ် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ပိုမိုရရှိရေးနည်းလမ်းများကိုသာ ဆက်လက်ရွေးချယ်ကြရတော့မည်ဟုသာ သုံးသပ်ကြရပေမည်။
စကော့တို့သည် ဗြိတိန်လက်အောက်သို့ ရောက်ပြီးကတည်းက နှစ်ပေါင်းရာနဲ့ချီပြီး ဆန့်ကျင်တိုက်ပွဲ ဆင်နွှဲခဲ့ဖူးကြသည်။ အားမတန်မာန်လျော့ ပြည်နယ်တခုအဖြစ် လက်တွဲနေထိုင်စဉ် တလျောက်လုံးမှာလည်း တွန်းလှန်စစ် (တော်လှန်စစ်) အသွင်သဏ္ဍန်မှ ပြောင်းလဲပြီး အာခံစစ်၊ ဖီဆန်စစ်၊ ခုခံစစ်တို့ကို နိုင်ငံရေးပုံသဏ္ဍန်ဖြင့် ကြံ့ကြံ့ခံခဲ့ကြသည်ဟု ဆိုနိုင်သည်။ ထိုမှလွန်ပြီးသော် ယခု ခေတ်သမိုင်း အချိုးအကွေ့တွင်မူကား စကော့တို့သည် ၂၁ ရာစုခေတ်သစ် တနိုင်ငံအတွင်း ပြည်နယ်သားတို့အချင်းချင်းကြား တန်းတူညီမျှမှု (ပိုမို) ဖော်ဆောင်ရေးဦးတည်သည့် ထူးခြားသောနိုင်ငံရေးအောင်ပွဲတခုကို ဆွတ်ခူးနိုင်ခဲ့ကြပြီဟု အကောင်းမြင်မှတ်ချက်ကို ချရပေမည်။
နှစ်ပေါင်း ၂၀၀ ကျော်ပြီဖြစ်သည့် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၅၀ သည် စကော့တို့ကဲ့သို့ ပိုမိုတန်းတူညီမျှမှု ဒါမှမဟုတ် သီးခြားခွဲထွက်မှုတို့ဆီသို့ တောင်းဆိုရန် စိတ်ကူးစိတ်သန်းများ ပေါ်ပေါက်မနေဘူးလားဟု သုံးသပ်သူတို့ကလည်း မေးခွန်းများ ထုတ်ကြပေဦးမည်။ လက်ရှိတွင် အမေရိကန်ပြည်ထောင်စုတွင်လည်း ရှေးရိုးစွဲသူများနှင့် ခေတ်ဆန်သူတို့ သဘောတရားရေးရာ တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ရှေးရိုးစွဲပြည်နယ်များနှင့် ခေတ်ဆန်သူပြည်နယ်တို့သည် သာတူညီမျှ အတူတကွနေထိုင်ပြီး နိုင်ငံရေးအဖြေရှာခြင်းထက် လမ်းခွဲပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးချင်စိတ်များ ထကြွလာလေမည်လားဟု ဆန်းစစ်ကြမည်ဆိုလျင် သမိုင်းနှင့် နိုင်ငံတကာတွင် အမေရိကန်ပြည်ထောင်စုဟူသော အမည်နာမနှင့် နိုင်ငံတော်မှတ်တိုင်ကို စုပေါင်းအားဖြင့် ခိုင်ခိုင်ချမှတ်နိုင်ခဲ့သည့် ဖြတ်သန်းမှုများအရ ခွဲထွက်ရေးလမ်းစဉ်ထက် မိမိအယူဝါဒအရေးဖော်ဆောင်နိုင်ဖို့ ရွေးကောက်ပွဲများဖြင့် အနိုင်တိုက်ပြီး ပါလီမန်နှင့် အစိုးရဘောင်အတွင်းမှနေ၍ တိုင်းသူပြည်သားနှင့်အတူ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး ကိုယ်လိုရာဆွဲပြီး စခန်းသွားကြဖို့သာ အလေးသာကြမည်ဟု မှတ်ချက်ဆွဲနိုင်မည် ဖြစ်ပေသည်။
မြန်မာပြည်ထောင်စုကြီးကို တချက်ပြန်ပြောင်း ငဲ့စောင်းကြည့်ကြမည်ဆိုလျင် မည်သို့ နှိုင်းယှဉ် စဉ်းစား အတွေးပွားစရာများ ရကြမည်နည်း။ မြန်မာပြည်လွတ်လပ်ရေးရကတည်းက လက်ဝဲ၊ လက်ယာများ၊ တိုင်းရင်းသားများ၊ မျိုးချစ်များ၊ မျိုးဆက်သစ်များ စသည်တို့သည် စစ်အုပ်စုလက်အောက်မှ လွတ်မြောက်ရေး (ဖြုတ်ချနိုင်ရေး) နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်ခဲ့၊ တိုက်ပွဲဝင်လျက် ရှိကြပေသည်။ ခေတ်အဆက်ဆက်သာပြောင်းခဲ့သော်လည်း စစ်အုပ်စုသည် အာဏာနှင့် လက်နက်ကို မစွန့်လွှတ်ဘဲ တော်လှန်ရေးကောင်စီ စစ်အစိုးရမှသည် မဆလတပါတီအစိုးရ၊ ၎င်းနောက် အာဏာသိမ်းစစ်အစိုးရ၊ တဖန် စစ်အုပ်စုနောက်ခံ ကြံ့ဖွှံ့အစိုးရအဖြစ် ဆက်လက် မင်းလုပ် အုပ်ချုပ်လျက် ရှိနေသည်မှာ အထင်အရှားပင်ဖြစ်၏။ အတိုက်အခံအားလုံးတို့သည် လက်နက်နည်း၊ နိုင်ငံရေးနည်း အတွင်းအပြင်နည်း စသည့် နည်းလမ်းပေါင်းစုံဖြင့် စစ်အုပ်စုကို ‘တွန်းလှန်’ တိုက်ခိုက်ခဲ့ကြသည်။ ဖိနှိပ်မှု နှိမ်နင်းမှုများ ပြင်းထန်သည့်ကာလများတွင် တွန်းလှန်ခြင်း မပြုနိုင်သည့်တိုင် အာခံခြင်း ဖီဆန်ခြင်းတို့ဖြင့် ကြံ့ကြံ့ခံခဲ့ကြပေသည်။
၁၉ ၈၈ အရေးတော်ပုံကြီးဖြင့် တွန်းလှန်ခြင်း၊ ၁၉ ၉ ၀ ပါတီစုံရွေးကောက်ပွဲဖြင့် တွန်းလှန်ခြင်းတို့ လုပ်ခဲ့ကြသော်လည်း စစ်အုပ်စု၏ နှိမ်နင်း တိုက်ဖျက်မှုများကြောင့် အကျအဆုံး အဖမ်းအဆီးများစွာ ခံစားခဲ့ကြရသည်။ အားမတန်ကြသော်လည်း တော်လှန်ရေးအင်အားစုတို့သည် အာခံခြင်း၊ ဖီဆန်ခြင်းတို့ဖြင့် မာန်တင်းခဲ့ကြသလို ၂၀၀၇ တွင်လည်း ရွှေဝါရောင်တော်လှန်ရေးဖြင့် တွန်းလှန်ဖို့ ရုန်းကန်ခဲ့ကြသည်ကို တွေ့နိုင်ကြပေသည်။ မည်သို့ပင် အာခံ ဖီဆန်ခဲ့ကြသော်လည်း ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲ၊ ၂၀၁၀ တဖက်သတ်ရွေးကောက်ပွဲတို့ဖြင့် စစ်အုပ်စု အာဏာသက်ရှည်ရေးအောင်လံထူခဲ့ပြီးနောက် နိုင်ငံရေးအသွင်ပြောင်းကာလသို့ ရောက်ရှိဖြတ်သန်းခဲ့ကြရပေသည်။ ယခုအချိန်တွင် အတိုက်အခံတို့ တော်လှန်သူတို့သည် မိမိရပ်တည်ချက်နှင့် သဘောတရားတို့ကို (ကာကွယ်) (ခုခံ) ပြီး ရင်ဆိုင်နေရသည့် အဆင့်သို့ ဆင်းသက်ခဲ့ပြီဟု ဆိုရမည်။ ထိုအတောအတွင်း နိုင်ငံရေးအင်အားစုတို့၏ အကျိုးအမြတ်သည် မည်သို့နည်းဟု စဉ်းစားသော် စစ်အုပ်စုထံမှ တန်းတူညီမျှမှု၊ တရားမျှတမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အာမခံမှုတို့ လုံးဝဥသုံမရရှိနိုင်သေးသော်လည်း တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းအဖြေရှာ၊ အပေးအယူ၊ အလျော့ပေးစေ့စပ်မှုတို့ကိုကား ခင်းကျင်းနိုင်ခဲ့ကြပြီဟု ဆိုနိုင်ပေသည်။ ရှေ့ကို မည်သို့စခန်းသွားကြလိမ့်မည်နည်း။
တနိုင်ငံတည်း အတူနေပြီး ကိုလိုနီသခင်နှင့် သိမ်းပိုက်ခံကျွန်အဖြစ် ပဋိပက္ခဖြစ်စဉ်ကို ဖြတ်သန်းခဲ့သည့် ဗြိတိန်နှင့် စကော့တို့သည် တိုက်ခိုက် တွန်းလှန်အဆင့်မှ အာခံ ဖီဆန်၊ ၎င်းနောက် ကာကွယ်ခုခံခြင်းဖြင့် မျိုးရိုးဇာတိနှင့် ရပ်တည်ချက်ကို ထိန်းသိမ်းခဲ့ကြရာ ယခုအခါ ခွဲရေးထက် တွဲရေးဖြင့် ပူးပေါင်းအဖြေရှာကြမည်ဟု ဆန္ဒခံယူလိုက်ကြသလိုမျိုး မြန်မာပြည်က အာဏာရှင်နဲ့ အာဏာမဲ့ အင်အားစုတို့သည်လည်း အလားတူ သမိုင်းလမ်းဆုံသို့ ဦးတည်သွားကြလေမည်လားဟု အတွေးနယ် ချဲ့မိပါတော့သတည်း။ ။