ဆောင်းယွန်းလ - အရင်အတိုင်းပဲလား .. စက်တင်ဘာ

ဆောင်းယွန်းလ - အရင်အတိုင်းပဲလား .. စက်တင်ဘာ
စက်တင်ဘာ ၁၄၊ ၂၀၁၄

 

ကွေ့ကောက်မှုကို
သွေ့ခြောက်မှု နွံထဲကနေ ရုန်းထွက်ဖို့
အတိတ်တခုရဲ့ စက်တင်ဘာကို
ပြန်ရှာဖတ်ကြည့်ခဲ့မိပါတယ်...

နေ့ကောင်းရက်မြတ်ကို
ဘယ်လို အမှတ်အသားမျိုးနဲ့
ပြက္ခဒိန်ထက်မှာ ဆေးမင်ရည်ထိုးရမှာလဲ...

ခေါင်မိုးမလုံခဲ့တဲ့ ကာလမှာ
သည်းသည်းလှုပ်ရွာနေတဲ့ မိုးကို
တိတ်အောင် ချော့နေရတာ ကြာလာတော့
နေသားကျမှုဟာ
ပေါ့ပေါ့ပါးပါး ခေါက်ရိုးကျိုးခဲ့ပါတယ်...

အဲဒီလို ဥပက္ခာတရားတွေနဲ့ပဲ
တယောက်ပြီး တယောက်
မျက်စိအောက်က ပျောက်ခဲ့ကြပါတယ်
တချောက်ပြီး တချောက်
ကမ်းပါးဟာ ဇောက်နက်ခဲ့ရပါတယ်...

တဦးနဲ့တယောက်
လက်ဖက်ရည်ဆိုင်ပေါက်ဝမှာ
မျက်နှာချင်းဆိုင်မိလိုက်တိုင်း
စကားလုံးတွေက မသဲကွဲခဲ့ကြသေးဘူး....

ပီပီပြင်ပြင် မြင်နေရတဲ့
အကွက်အကွင်းမှာတော့
ကံကြမ္မာအခင်းအကျင်းက မီးခိုးတလူလူနဲ့ပေါ့...

အရင်ကအတိုင်းနဲ့ အခုအထွာမှာ
ဆံပင်တွေကို ဇရာက အဖြူရောင်ဆေးဆိုးပြီး
သွားတွေကို ဇရာက ရိုက်ချိုးခဲ့တာပဲ ကွာခဲ့ပါတယ်...

ကမ္ဘာစစ်စစ်မှာ
စစ်ပွဲစစ်စစ်တွေက တဆစ်ဆစ်ကိုက်ပြီး
ကဗျာစစ်စစ်မှာ
ရှိုက်သံစစ်စစ်တွေက တဆစ်ဆစ်ကိုက်နေခဲ့တုန်းပဲ...

အရင်အတိုင်းဟာ
အရင်အတိုင်းပဲလား...စက်တင်ဘာ ။      ။