မောင်လူပေ - အမေတို့ရွာ


မောင်လူပေ - အမေတို့ရွာ
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၄


နီးရက်နဲ့ဝေးနေတဲ့ နေရာတွေ မြန်မာပြည်မှာ အများကြီးပါ။ မိုင်နှစ်ဆယ်ခရီးကို သုံးနာရီခွဲလောက်ကြာအောင် ကားဖြင့် သွားရတဲ့နေရာမျိုးပေါ့။ ပြည်နယ်တွေလို့မထင်စေလို။ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ထဲမှာ။ ပြည်မထဲမှာတင် ဒီလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာတွေ အများကြီးရှိသေးသည်။ ဒီလိုနေရာမှာ အမေ့ကို မွေးဖွားခဲ့လေသည်။

သူတို့ရွာလေးက ရိုးမတောင်ခြေနှင့် မလှမ်းမကမ်းတွင် ကျွန်းလုံးအပြည့်ကာထားသော ရွာစည်းရိုးကြီးဖြင့် ခန့်ညားစွာတည်ရှိသည်။ လူတဖက်မကကြီးမားသည့် ကျွန်းသစ်လုံးတွေကို စီရီစွာ နွယ်ကြိုးများဖြင့်တုတ်နှောင်ပြီး ရွာကိုကာထားသည်မို့ ရှုမငြီးစရာ မြင်ကွင်းပင်။ ရွာဝင် တံခါးမကြီးတစ်ခုသာ ထွက်ပေါက်ရှိသည်။ တိုင်းပြည်မငြိမ်းချမ်းခင်ကဆို ညနေနေဝင်လျှင် ရွာတံခါးပိတ်သည်တဲ့။ ခုတော့ မပိတ်တာကြာလေပြီ။

ရွာထဲမှာတော့ အိမ်ခြေ ၁၀၀ကျော်က စည်းရိုးမဲ့ တည်ထားလေသည်။ ဟို ငှက်ပြောပင်ထိငါ့မြေ၊ ဟိုဇီးဖြူပင်ထိက သူ့မြေဟု မှတ်ထားကြသည်။ စာချုပ်မရှိ မြေတိုင်းမလာ ရန်လည်းမဖြစ်ကြ။ တရွာလုံးကလည်း အမျိုးတွေချည်း။ သူ့အမျိုးငါယူ ငါ့အမျိုးသူယူနှင့် အမျိုးပတ်လည်ရိုက်ကြသည်။ သူတို့ သတ်မှတ်ချက်က နှစ်ဝမ်းကွဲဆို ယူလို့ရသတဲ့။ ဒါနဲ့ပဲ ရွာထဲမှာ အမျိုးမတော်တဲ့အိမ် မရှိတော့။

အိမ်တွေတော့ခြံစည်းရိုးမကာပဲ ရွာကို ခြံခတ်ထားရခြင်းအကြောင်း စပ်စုမိသည်။ သူတို့ က မြေထဲမြို့ဝန်ဦးမှိုရဲ့ အနွယ်တွေ၊ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲမှာ မြန်မာစစ်ရှုံးတော့ မြေထဲကို အသိမ်းခံရသည်။ သူ့ကျွန်မခံလိုသော မြို့ဝန်က သူ့ဆွေမျိုးတသိုက်နှင့် ရိုးမတောင်ခြေကိုပြေးကာ ရွာတည်လေသည်။ထိုအချိန်က ကျွန်းတောကြီးပတ်လည်ဝိုင်းနေသော ထိုနေရာကို အင်္ဂလိပ်တို့ မလိုက်နိုင်ခဲ့။ ရွာကို ကျွန်းလုံးခံတပ်ကာရခြင်းမှာလည်း ထိုကြောင့်ပင် ဖြစ်သည်။ ရွာအမည်ကိုပါ အင်္ဂလိပ်ကိုအောင်မြင်စေရန် အတိတ်ယူပြီး ပါဌိအမည် ဇိန (အောင်မြင်ခြင်း) ကိုယူကာ ဇိန့်ရွာဟု ပေးခဲ့လေသည်။

အောင်လံ ရွှေပန်းတောကားလမ်းဆုံးကာနီး နှစ်မိုင်မျှအလိုတွင်ဆင်းကာ တစ်မိုင်ခွဲခန့်လမ်းလျှောက်မှ ရွာဝင်တံခါးသို့ရောက်သည်။ ရွှေပန်းတောကားလမ်းကလည်း ကားလမ်းဟုသာဆိုရသော်လည်း သစ်ထုတ်ရေးက ကားများဒါဏ်ကြောင့် တစ်တောင်ကျော်နက်သော ဘီးရာကြီးနှစ်ခုသာရှိသည်။ လှည်းပင်မလွတ်ချင်လှ။ အညာလမ်းကြမ်းထဲမှာ တံတားမဲ့ သဲချောင်းကြီး သုံးချောင်းက ကန့်လန့်ဖြတ် ခံနေသေးသည်။ အင်္ဂလိပ်က လမ်းဖေါက်တော့ တံတားပါဆောက်ပေးခဲ့ပါသည်။ သို့သော် ပြည်တွင်းသူပုန်ခေတ်မှာ ဗကပတွေ မိုင်းခွဲလို့ တစ်စင်းမျှ မကျန်တော့။ ထို ဗကပတွေကို ဘယ်သူမှ မကောင်း မပြောကြ။ သူတို့အမျိုးတွေမို့ ဖြစ်သည်။ တစ်နယ်လုံး ဗကပအမာခံရွာတွေမို့ မဆလကလည်း လှည့်မကြည့်ခဲ့။ နဝတ၊နအဖမှသည် ယခု အစိုးရခေတ်အထိ ပစ်ထားကြသည်မို့ ၁၉ရာစုကအတိုင်း နေထိုင်သွားလာ လုပ်ကိုင်စားသောက်နေကြရလေသည်။

ဗကကခေတ်ကပင် ယခုခေတ်ထက် ပိုမိုချောင်လည်ကြောင်း ပြောပြကြသည်။ ထိုအချိန်က တစ်နယ်လုံး ဖိန့်ဖိန့်တုန် ကြောက်ရသည့် ဗကပဗိုလ်ချုပ်လေးအောင်က သည်ရွာသားပင်။ အမေ့အမေရဲ့မောင်တော်သည်။ သည်တော့ အမေတို့ကိုလည်း မည်သူမျှမတို့မထိရဲခဲ့ကြ။ တချိန်က ဗကပဗိုလ်ချုပ်ရဲ့သြဇာကလည်း ဒီခေတ်အဘတွေနီးနီး တန်ခိုးထွားခဲ့ဟန်တူသည်။

သည်ဗကပဗိုလ်ချုပ်၏ တူတော်မောင်က မြ်ု့ကျောင်းသွားနေရင်း အစိုးရတပ်ထဲဝင်ကာ ဗိုလ်ကြီးဖြစ်ခဲ့လေသည်။ ဒါကိုသိတော့ ဗကပဗိုလ်ချုပ် ဆွေ့ဆွေ့ခုန်စိတ်ဆိုးတော့သည်။ သူ့တူကို အစိုးရတပ်မှထွက်ခါ သူတို့ဗကပတပ်ထဲဝင်လျှင် ဗိုလ်မှုးရာထူးပေးမည်ဟု ကမ်းလှမ်းသည်။ သူ့အမကို ဖိအားပေးသည်။ ဗကပနယ်တွင်နေသော်လည်း ဗကပကိုကြောက်သော အမေကြီး(အဖွား) တို့ မိသားစုလိုက် ဘုရားဖူးအကြောင်းပြပြီး သူ့သားဗိုလ်ကြီး တာဝန်ကျရာ တောင်ငူသို့ ထွက်ပြေးလေသည်။

ထိုဗကပဗိုလ်ချုပ်၏ အနွယ်များနေထိုင်ရာရွာလေးကား နှစ်များစွာတိုင်အောင် မပြောင်းလည်းသေးပဲ ယခင်အတိုင်းပင် တည်ရှိနေသေးသည်။ ထိုရွာမှ ဗကပဗိုလ်ချုပ်ထွက်ပေါ်ခဲ့သလို အစိုးရတပ်မှ ဗိုလ်မှူးကြီးလည်းထွက်ခဲ့သည်။ ပြည်နယ်အင်ဂျင်နီယာလည်း ထွက်ခဲ့သည်။ သာသနာတွင်လည်း ရွှေကျင်ဂိုဏ်း၏ ဒုတိယ သာသနာပိုင် ပြည်မြို့ ဗာရာဏသီကျောင်းဆရာတော်နှင့် ပြင်ဦးလွင်မြို့ ညံတောရပ် မဟာဝိသုဓ္ဓာ
ရုံကျောင်းဆရာတော်ဟူပြီး ရွှေကျင်သာသနာတွင် နေလိုလလို ထင်ရှားခဲ့သော ညီနောင်နှစ်ပါးကလည်း ဒီရွာမှပင်ဖြစ်သည်။ ထိုသည်ကား အမေတို့ရွာပင်။

ရိုးမတောင်ခြေရှိ အမေတို့ရွာလေး နံဘေးတွင် ချင်းရွာလေးများလည်း အစီအရီတည်နေလေသည်။ မြန်မာရွာများနှင့် ချင်းရွာများက တစ်ရွာခြားလောက်စီ ရှိကြသည်။ ဒီချင်းရွာလေးများက အမေတို့ရွာ မတည်ခင်ထဲက တည်ရှိနေကြပြီဖြစ်သည်။ ဒီချင်းရွာလေးများကြောင့်ပင်လည်း မြေထဲမြို့ဝန်က သူ့ရွာပြေးကို လာတည်ခဲ့ခြင်းဖြစ်လေသည်။

အကြောင်းကား ဒီလို။ ဒီချင်းရွာလေးများကို အုပ်ချုပ်ရသည့် ချင်းသူကြီးကမြေထဲမြို့ဝန်နှင့်ရင်းနှီးသည်။ တစ်ခါတော့ လက်ဆောင်လာဆက်ချိန်တွင် မြေထဲမြို့ဝန်က မန်းလေးနေပြည်တော်သို့ အခစားဝင်ရန်ရှိသည့်အချိန်နှင့်ကြုံဆုံကာ ချင်းသူကြီးကို နေပြည်တော်လိုက်ပြီး မြန်မာဘုရင်ဆီ ခစားမလားဟု အဖေါ်စပ်သည်။ မန်းလေးနေပြည်တော်မရောက်ဖူး၊ မြန်မာဘုရင်ကို မဖူးမျှော်ဖူးသော ချင်းသူကြီးက အားရဝမ်းသာ လိုက်ခဲ့လေသည်။ ပြသနာက ဘုရင်ထံ အခစားဝင်မှ စတော့သည်။ သူကြောက်ရွံ့ရသော မြေထဲမြို့ဝန်မှာ ဘုရင်ရှေ့တွင် ပြားပြားဝတ်နေရသောအခါ ချင်းသူကြီးခမျာ နေစရာမရှိတော့။ ဘုရင်မေးတာလည်း မဖြေနိုင်တော့။ ကြောက်ဒူးတွေဆပ်ဆပ်တုန်ကာ ဘုရင်ကမော်ဖူးစေ ဆိုသော်လည်း မကြည့်ဝန့်ခဲ့တော့။ နန်းတော်ကပြန်လာသော်လည်း မြန်မာဘုရင်ကို ဖြူသလား မဲသလား သူမသိခဲ့။

သူ့ရွာပြန်ရောက်တော့ မြန်မာဘုရင်ကို ဖူးမျှော်ပြန်လာသော သူကြီးကို ချင်းရွာသားများက ဝိုင်းမေးကြတော့သည်။ မြန်မာဘုရင်က ဘယ်လိုပုံစံလဲ၊ အသက်ငယ်လား ကြီးလား စသည်ဖြင့်ပေါ့။ ချင်းရွာသူကြီး အဖြေကလည်း မှတ်သားလောက်ပါသည်။" ငါ နဲ့ မြို့ဝန် ဘုရင်ရှေ့ရောက်တော့ မြို့ဝန်ကချင်းဖြစ်၊ ငါက ခွေးဖြစ်ပြီး ကြောက်ဒူးတုန်နေလို့ ဘုရင့်အခွက် မမြင်ခဲ့ရ၊ ချင်းကခွေးနိုင် မြို့ဝန်က ချင်းနိုင် ဘုရင်က သူ့နိုင် ပေါ့ကွယ်" ပါတဲ့။

ဒီလိုရင်းနှီးခဲ့မှုကြောင့်လည်း အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲအပြီး သူ့ကျွန်မခံပဲ အင်္ဂလိပ်ပေးသော မြို့ဝန်ရာထူးကို ငြင်းပယ်ကာ သူသစ္စာခံသော ဘုရင်အတွက် ပုန်ကန်ခြားနားရန်အတွက် ဆွေမျိုးစုလိုက်ထွက်အပြေးတွင် စိတ်ချရသော သူ့လူယုံ ချင်းများရှိရာ ရိုးမတောက်ခြေကို ရွေးခဲ့ဟန်တူသည်။ နောက်ပိုင်းတွင် ပုန်ကန် ခြားနားရင်း လက်နက်အင်အားမမျှသဖြင့် အရေးနိမ့်ခဲ့ရသည်။

ဆရာစံ၏ ဂဠန်တပ်တွင်လည်း ဒီရွာသားတွေ သွေးမနည်းခဲ့။ ဗိုလ်ချုပ်တို့ ဂျပန်တော်လှန်ရေးအတွက် ဘီအိုင်အေဖွဲ့တော့လည်း ဒီရွာက လူငယ်တွေ အားဖြည့်ခဲ့သေးသည်။ ဒီလိုနှင့် ပြန်တန်းဝင်ပထမဆင့်တွေရခဲ့သည်ဟု အရီးလေးသာဆန်းက ပြောပြသည်။ သူ့လို ပြန်တန်းဝင် ပထမဆင့် ငါးဦးရှိသည်။ သို့သော် မဆလ ခေတ်တွင် အစိုးရသို့  စပါးသွင်းရာမှာ တာဝန်မကျေမှုဖြင့် အရီးလေးတစ်ယောက် အချုပ်ထဲမှာ နှစ်ပတ်လောက်လည်း အိပ်ခဲ့ ဘူးသေးသည်။

(ဆက်ရေးပါမည်။)