မောင်ရင်ငတေ - အတွေးစတစ - စိတ်အလျင်

မောင်ရင်ငတေ - အတွေးစတစ - စိတ်အလျင်
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၄

 
အသံထက်မြန်တဲ့ ကွန်းကောဒ်  (Photo Google)

တကယ်တမ်းတော့ ….. အဲဒီလို အလျင်တို့ အရှိန်တို့ အဟုန်တို့ အမြန်တို့ အသံတို့တတွေဟာ မောင်ရင်ငတေရဲ့ ကျောင်းလွယ်အိတ်ထဲမှာ ကျန်ခဲ့တာ အတော်ကြာပါပြီ၊  ဒါတွေ တခုနဲ့တခု ဘယ်လို ကွဲပြားခြားနားကြသလဲ … အဲဒါတွေရဲ့ အဓိပ္ပာယ်အနက်က ဘာလဲ … ဆိုတာတွေကို မောင်ရင်ငတေ ခုအချိန်မှာ တွေးနေတာ မဟုတ်ပါဘူး၊  တွေးနေမိရတာက မနေ့က တနေ့တည်း အတွင်းမှာ မောင်ရင်ငတေရဲ့ စိတ်အလျင်တွေက ဘယ်လောက်များ အမြန်နှုန်းနဲ့ သွားနေသလဲ …. ဆိုတာကို ပါ၊ တိုင်းလို့ရတဲ့ စက်များသာ ရှိခဲ့မယ်ဆိုရင် မောင်ရင်ငတေ တိုင်း ကြည့်လိုက်ချင်ပါတယ်၊

အဲဒါနဲ့ ညအိပ်ယာဝင်ခါနီး အချိန်မှာ ဒီလို တနေကုန် ပြေးနေတဲ့ စိတ်အလျင်ကို တွေးမိပြီး ကိုယ့်ဘာသာ ကိုယ်တောင် ကြောက်လာမိရပါတယ် ဗျာ၊ တကယ်ပြောတာပါ၊  ကမ္ဘာပေါ်မှာ အမြန်ဆုံး ဆိုတဲ့ ပြင်သစ်လုပ် ကွန်းကော့ဒ် လေယာဉ်ပျံတွေကြောင့်ပေါ့ ဗျာ၊  ဒီ လေယာဉ်ပျံကြီးတွေ အကြောင်းကို စပြီး တွေးမိရလို့ပေါ့၊

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နိဋ္ဌိတံခဲ့တဲ့ အဲဒီ ကွန်းကော့ဒ်လေယာဉ်ပျံတွေဟာ အသံထက် မြန်တဲ့နှုန်း (Two Mach) တနာရီကို ကီလိုမီတာ နှစ်ထောင်ကျော် နှုန်းထားနဲ့ ပျံသန်း နိုင်ခဲ့ပါတယ်တဲ့၊ အခုလက်ရှိ အမြန်ဆုံးဆိုတဲ့ ပြင်သစ်လုပ် အဲယားဘတ်စ်ကော အမေရိကန်လုပ်
ဘိုးရင်းကော အဲဒီ ခေတ်သစ် လေယာဉ်ပျံကြီးတွေ နှစ်မျိုးစလုံးဟာ ကွန်းကော့ဒ်လောက် မြန်အောင် မပျံနိုင်ကြတော့ဘူးတဲ့၊ အဲသလိုတွေ လျှောက်ဖတ် လျှောက်ရေးနေတာက …..

အဲဒီမှာ မောင်ရင်ငတေရဲ့စိတ်က အဲဒီ လေယာဉ်ပျံကြီးတွေစီးပြီး နောက်သုံးလေးလကြာရင် သွားဖို့ စီစဉ်ထားတဲ့ ဘန်ကောက်ခရီးက အတွေးထဲကို ဒုန်းကနဲ ဝင်လာရောပေါ့၊  အဲလိုနဲ့ ဘန်ကောက်မှာ ဘာလုပ်မယ် ဘာစားမယ် ဘယ်သွားမယ် စတာတွေ တွေးရင်း  ပီတိဖြာ နေတာကနေ ….. အဲဒီလို သွားရင် ငါ့မှာရှိတဲ့ ငွေယားနည်းနည်းလေးနဲ့ကလောက်မှလောက်ပါ မလား ….  ပြန်လာရင် လုပ်ရမယ့် အလုပ်တွေကို စဉ်းစားမိပြန်တော့ စောစောက ဖြာနေတဲ့ ပီတိက ဘက်ဂီယာဝင်ပြီး လက်ရှိ ကိုယ့်ဘဝကို ရောက်သွားပြန်ပါတယ်၊

မောင်ရင်ငတေက လွန်ခဲ့တဲ့ သုံးနှစ်နီးပါးလောက်က စပြီး အလုပ်ကို ဖင်ပူအောင် မလုပ်ဖြစ်ခဲ့ပါဘူး၊ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ရရစားစား နေလာခဲ့တာပါ၊ အဲတော့ လက်ထဲမှာ ငွေဆိုတာက ပြတ်နေတာ များပါတယ်၊ လက်ထဲမှာကော ဘဏ်ထဲမှာပါ မရှိတာပါ၊

ဒီလိုနိုင်ငံမျိုးမှာက နေစရာကသာ ပူစရာ လိုတာပါ၊ နေစရာသာရှိနေရင် စားသောက်စရိတ်က  ဒီလောက် မဟုတ်ပါဘူး၊ ရွှေဗမာတွေအတွက် ရွှေလိုသာ ချက်စားရင် ပိုလို့တောင် သက်သာတာပါ၊ မောင်ရင်ငတေက ကံကောင်းထောက်မစွာ ကပ်နေခွင့် ရတဲ့ နေရာက နေစရိတ် သိပ်မကုန်ပါဘူး။ အဲဒါကြောင့် နဂိုထဲက မွေးရာပါ လက်ကြောမတင်းတဲ့ မောင်ရင်ငတေလည်း အခွင့်ကောင်းတုန်း စာရေးသယောင်ယောင် ကဗျာရေးသယောင်ယောင်နဲ့ ဖေ့ဘုတ်ခ်လောကမှာ ကျက်စားနေခဲ့တာပါ၊ အဖော်ကောင်းလို့ အဲဒီ ဘန်ကောက်ခရီးကို သွားဖို့ စီစဉ်ခဲ့မိတာပါ၊

အပိုငွေရယ်လို့ မရှိတဲ့ မောင်ရင်ငတေအတွက် ဟာကွက်မရှိအောင် စဉ်းစားရပါတယ်၊ အစကတော့ ဖြစ်လာမှာပါဆိုပြီး စိတ်ထဲမှာ ရှိထားပေမယ့် အဲဒီ လူ့ “စိတ်” ဆိုတာကလည်း  ဖမ်းရ အတော်ခက်တဲ့ အရာပါ၊ ဖမ်းလေ ပြေးလေပါ၊ ဖမ်းလေ ဖမ်းလေ မြန်မြန်ပြေးလေပါ၊ အဲဒါကြောင့် ပါရီကနေ ဘန်ကောက်ကို လူက တကယ်မသွားရခင်မှာဘဲ စိတ်က လေးငါးခေါက်  သွားလိုက် ပြန်လိုက် လုပ်ပြီးပါပြီ၊

အဲ ……  ဒီမှာ မောင်ရင်ငတေ ဘန်ကောက်ကို ထိုင်းကို သွားမယ်လို့ စီစဉ်နေတာကို တစွန်းတစ သိသွားကြတဲ့ မိတ်ဆွေဘော်ဒါ အပေါင်းကလည်း မင်း ဘန်ကောက်သွားမှတော့ ရွှေပြည်တော်ကြီး ဆီသို့ ခရီးမဆက်ဘူးလား ဘာလား များစွာရယ်ပေါ့၊ ဒီမေးခွန်းတွေကလည်း လွန်ခဲ့တဲ့ နှစ်ပိုင်းတွေ လောက်ကနေ စတင် ခေတ်စားလာတဲ့ မေးခွန်းတွေပါ၊ အဖြေရ ခက်ပါတယ်၊ မောင်ရင်ငတေကတော့ လူကတော့ သွားမှာ မဟုတ်ပေမယ့် စိတ်ကတော့ သွားပြန်ပါတယ်၊ အဲလို မေးခွန်း လာမေးတဲ့ မောင်ရင်ငတေ သူငယ်ချင်းကဘဲ ခင်ဝမ်းရဲ့ တောင်ပေါ်သူ လိုချင်လို့
တောင်းပါတယ်၊ နဂိုထဲက ခင်ဝမ်းကို ထိတို့မိရင် မရတဲ့ မောင်ရင်ငတေတယောက် ခင်ဝမ်း ခေါ်ရာနောက် စိတ်တွေက တကောက်ကောက် လိုက်သွားမိပြန်ပါတယ်၊

 
တောင်စဉ်တောင်တန်းတွေ  (ဓါတ်ပုံ မရငတ)

အပြာရောင် မိုးဖွဲလေးတွေအောက်က တောင်ပေါ်သူလေးရေ တေးကို ခေါက်တုန့်ခေါက်ပြန်ဖွင့်  ဆိုညည်းပြီး တောင်တန်းတွေပေါ်ကို ရောက်သွားခဲ့တာ တော်တော်နဲ့ ပြန်မဆင်းလာနိုင်ပြန်ဘူး၊  ခင်ဝမ်းရဲ့ သီချင်းသံ ခေါ်ရာနောက်ကိုသာ ပါသွားခဲ့တာလား …..  ကွန်ပြူတာဖန်သားပြင်ပေါ်က ပုံရိပ်တွေနောက်ကိုလား ….. တောင်တန်းတွေရဲ့ စိမ်းလန်းခြင်း စိုပြေခြင်းများ ….. အေးစိမ့်စိမ့် လေတွေရဲ့ လတ်ဆတ်ခြင်းတွေ ကြားမှာ ….. အတိတ်က အရိပ်တွေကလည်း ရောလို့ထွေးအသွား ….. အရှေ့ရိုးမလား အနောက်ရိုးမလား ….. ချင်းတောင်တန်းလား ရှမ်းတောင်တန်းလား ….. အဲလ်တောင်တန်းလား ပီရေနေးတောင်တန်းလား …. စိတ်အလျင်က တပြေးတည်း ပြေးလို့နေပါတော့တယ်၊ အဲဒါတင်လား ဆိုတော့ မကသေးပါဘူး ရှိပါသေးတယ်၊

အဲလို စိမ်းလန်းခြင်း တောင်တန်းတွေပေါ်က ပြေးဆင်းအလာ ….. တွေ့လိုက်ရတာက …….

 
ဧရာကမ်း အလွမ်းရယ်မပြေ  (Photo AMM MPE)

ရှေ့မှာ တသွင်သွင်စီးနေတာက မြစ်တမြစ်ပါ၊  မြစ်ဆိုတာကို မြင်ရရင် စိတ်ဂနာမငြိမ် ဖြစ်တတ်တာက မောင်ရင်ငတေရဲ့ ရောဂါတမျိုးပါ၊  ရေကောင်းကောင်း မကူးတတ်တဲ့ မောင်ရင်ငတေဟာ မြစ်တွေ ချောင်းတွေ တွေ့ရင်လည်း ကောက်ကောက်ပါအောင် လိုက်သွားဖြစ်ပြန်ပါတယ်၊ မြစ်ရေစီးသံတွေနဲ့အတူ ဧရာကမ်းနဘေးက အလွမ်းသမားတယောက်ရဲ့ လွမ်းဖွယ်ရာ တေးသံက ရောလို့ စီးဆင်းလာပါတယ်၊ လွမ်းမောဖွယ် အဲဒီ သီချင်းသံနောက်မှာ မျောလွင့်ပါသွားရင်း ….. ဧရာကမ်း အလွမ်းရယ်မပြေ အမှတ်တရ သီချင်းများ အစီအစဉ် ဖြစ်ပေါ်လာပါတော့တယ်၊

(မှတ်ချက်   မြစ်သုံးပွင့်ဆိုင်ထိပ်က နဂါးမနိုင်သားများ အကြောင်းတော့ ထည့်မရေးဖြစ်လိုက်ပါ၊)

သြော် စိတ်အလျင် စိတ်အလျင် ….. အလျင်အမြန် ….. အမြန်နှုန်း လျှော့မှ လျှော့မှ ဖြစ်မယ်၊

မောင်ရင်ငတေ ၀၁၀၉၂၀၁၄