နေလင်းညီ - စာတိုက်မှူးတစ်ဦးနှင့်စကားစမြည်
(မိုးမခ၊ စက်တင်ဘာ ၁၂၊ ၂၀၁၄)
၂၀၁၁ ခုနှစ်လောက်တွင် စာရေးသူသည် စာအုပ်မဂ္ဂဇင်းအချို့ကို နယ်ရှိအသိများထံ ပို့ရန် မြို့နယ်စာတိုက်ရုံးသို့ သွားလေ၏။ စာစောင်တန်ဖိုးမှာ ၃၀၀ ကျပ်ဖြစ်နေရာ၊ ဆင်ဖိုးနှင့် ချွန်းဖိုးမှာ အတူတူ ဖြစ်နေသည်။ ပို့ခတွေ ဈေးအဆမတန် တက်သွားသဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းမှု မရှိတော့ပေ။ (ဤစာရေးသော ၃၀-၇-၁၄ တွင်လည်း စာအုပ်ပို့ခများမှာ လျော့နည်းခြင်းမရှိသေးပေ။)
စာရေးသူသည် မြို့နယ်စာတိုက်မှူးထံ သွားပြီးလျှင် ဤသို့ ဤနှယ် ဆွေးနွေးပြောဆိုလေ၏။
“စာပေတိုးတက်ရေးကို နိုင်ငံတော်က အလေးပေးတယ်လဲ ဆိုသေး၊ စာပို့ခ ပါဆယ်စာအုပ်ပို့ခတွေက အဆမတန် တက်သွားပါလား။ စာအုပ်ဝယ်ခနဲ့ ပို့ခ တူနေပြီ။”
“တက်လာတဲ့ စက်သုံးဆီဈေးနှုန်းရယ်၊ ပို့ဆောင်စရိတ်တွေရယ်ကို သဘာဝကျကျ လေ့လာသုံးသပ်ဖို့ အထူးလိုအပ်ပါတယ်။ ရှင်တို့ကသာ ဈေးကြီးတယ်ပြောနေတာ၊ ရှင်တို့ကိုယ်တိုင် အဲဒီစာကို လိုင်းကားစီး၊ ရထားစီးပြီး သွားပို့ကြည့်ပါလား၊ ဘယ်လောက်တောင်ကုန်သွားမလဲဆိုတာ။ ပို့ခထက် ၁၀ ဆမက ကုန်သွားမယ်။ မြို့တွင်းပဲဖြစ်ဖြစ်၊ နယ်ဖြစ်ဖြစ် ခရီးစရိတ်က မနည်းဘူး။”
“ဆရာမရဲ့ ချေပချက်က ထက်မြက်စူးရှပါပေတယ်။ ကျွန်တော်ကလဲ ပြောပါရစေ။ ဆရာမ အခုစားနေတဲ့ ဆန်ကို ၀ယ်မစားပါနဲ့ခင်ဗျား။ ကိုယ်တိုင်ပဲ လယ်ထွန်၊ ကောက်စိုက်၊ ချွေလှေ့၊ မောင်းထောင်း၊ သယ်ယူစားကြည့်ပါ။ မလွယ်ပါဘူး။ ဒါကြောင့် ဆန်တစ်ပြည်ကို ကျပ် ၁ သောင်းပေးရလဲ တန်တယ်လို့ ပြောခဲ့ရင် လက်ခံမှာလား၊ ကိုယ်တိုင်ပို့တာထက် သက်သာသေးတာပဲလို့ ဆရာမပြောခဲ့တယ်။ ဆန်တစ်ပြည်ကို ကျပ် ၁ သောင်းပေး ၀ယ်စားမှာလားခင်ဗျား။”
“ရှင် - မစော်ကားပါနဲ့။ ကျွန်မက နိုင်ငံတော်ဝန်ထမ်းပါ။”
“စော်ကားတာ မဟုတ်ပါဘူး။ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းရဲ့ သဘောနဲ့ လွယ်ကူသက်သာတဲ့ ၀န်ဆောင်မှုတွေ ပေါ်ပေါက်လာပုံကို သိစေချင်လို့ပါ။ အဲဒါကြောင့် ကိုယ်တိုင်စာသွားပို့တာထက် စာတိုက်ကနေ ပို့တာက အများကြီး သက်သာပါတယ်ဆိုတဲ့ စကားဟာ အများပြည်သူကို ပမာမခန့် လုပ်ရာ ကျနေပါတယ်။”
“အခု ပုဂ္ဂလိကစာပို့ဝန်ဆောင်မှုတွေက ကျွန်မတို့ အစိုးရစာတိုက်တွေထက်စာရင် အဆများစွာ ဈေးကြီးနေတယ်။ အဲဒါကော ရှင်တို့က မပြောတော့ဘူးလား။”
“မှန်ပါတယ် - ဆရာမ၊ တကယ့်ကို ဈေးကြီးနေတာပါ။ ဆရာမတို့ စာတိုက်တွေက အဆောက်အဦး၊ ၀န်ထမ်း၊ လုပ်ငန်းကျွမ်းကျင်မှု အစစ အရာရာ အသားကျ ခိုင်မာပြီးသားပါ။ ဆရာမတို့ကသာ အဖက်ဖက်ကနေ အကွက်စေ့အောင်၊ အရည်အသွေးမြင့်မားတဲ့ ၀န်ဆောင်မှု ဖြစ်အောင် စီစဉ်ဆောင်ရွက်ထားနိုင်ခဲ့ကြမယ်ဆိုရင် ပုဂ္ဂလိကတွေက ၀င်မတိုးနိုင်ပါဘူး။ ခုလဲ သူတို့က မြို့ကြီး အနည်းအကျဉ်းလောက်တွေကိုပဲ လုပ်နိုင်တာပါ။ ရန်ကုန်မြို့တွင်းဆို နေ့ချင်းရောက်တယ်ဆိုတာမျိုး၊ မြို့ကြီးအချင်းချင်းဆို ဒီနေ့ပို့ရင် နက်ဖြန်ရောက်တယ် ဆိုတာမျိုး သူတို့ အာမခံတယ်။ ဆရာမတို့ကလဲ အမြန်ဆို ဘယ်ဈေး၊ ပုံမှန်ဆို ဘယ်ဈေး ခွဲခြားပြီး ၀န်ဆောင်မှု ပေးရင် ငွေလဲပိုရမယ်။ ပြည်သူတွေ ဈေးကြီးတဲ့ပြဿနာလဲ ပြေလည်သွားမှာပါ။ တစ်ခုတော့ ရှိတာပေါ့။ တကယ် အပင်ပန်းခံပြီး ဆောင်ရွက်တဲ့ ၀န်ထမ်းတွေကို သင့်တော်မျှတတဲ့ လစာ၊ စရိတ်၊ အကျိုးခံစားခွင့် တွေ တော့ ပေးရမှာပေါ့။”
“နိုင်ငံတကာရဲ့ စာပို့ခတွေဟာ အင်မတန်ကြီးမြင့်လှပါတယ်။ မြန်မာနိုင်ငံကတော့ သူတို့နဲ့ ယှဉ်ရင် အင်မတန်ဈေးချိုပါတယ်။ ရှင်လဲ ငွေကြေးပေါက်ဈေးတွေ သိနေတာပဲ။ အဲသလောက် ဈေးချိုနေတာကိုကျတော့ ကျေးဇူးတင်ဖော် မရကြဘူးလား။”
“ဆရာမက နိုင်ငံတကာနဲ့ ယှဉ်တာ သိပ်ကောင်းပါတယ်။ နိုင်ငံသားတွေရဲ့ ၀င်ငွေကိုလဲ နိုင်ငံတကာနှုန်းနဲ့ ဆက်လက်ပြီး နှိုင်းယှဉ်ပေးပါဦးလို့ မေတ္တာရပ်ခံပါတယ်။ ဒီမှာက နေ့စားအလုပ်သမားတစ်ဦးရဲ့ နေ့စားလုပ်ခက ကျပ် ၃၀၀၀ ဖြစ်နေချိန်မှာ စင်္ကာပူအလုပ်သမားတစ်ဦးရဲ့ ၁ နာရီလုပ်ခက S$ 7 ၀န်းကျင်ရှိနေတယ်။ ဒီမှာ တစ်ရက်ခက ဟိုမှာ ၁ နာရီခထက်တောင် ခေါက်ချိုးလောက်နည်းနေတယ်။ (S$ 7=5500 ကျပ်) ဒါကြောင့် နိုင်ငံတကာ၊ နိုင်ငံတကာလို့ပြောရင် အသုံးစရိတ်ငွေသာမက ၀င်ငွေကိုပါ နှိုင်းယှဉ်ဆက်စပ်ပေးပါဦးလို့…”
“ကျွန်မတို့ လုပ်ငန်းက ပြည်သူတွေ အဆင်ပြေအောင် အရှုံးခံလုပ်နေခဲ့ရတာအမှန်ပဲ။ ၀န်ကြီးဌာနတစ်ခုလုံးအနေနဲ့ ကြည့်ရင်တော့ ဟိုတုန်းက လက်ကိုင်ဖုန်းတွေ ရောင်းရလို့ အမြတ်ငွေ အတော်လေးကျန်ခဲ့တယ်။ စာတိုက်ဖက်ကတော့ ဟိုဖက်က မြတ်တာနဲ့ ထေပြီး၊ အရှုံးခံခဲ့ရတယ်။ အဲဒါကော ရှင်တို့ သိရဲ့လား။”
“သိသမှ သိပ်သိပေါ့ဗျာ။ လက်ကိုင်ဖုန်းတွေကို မကြားဝံ့ မနာသာ ဈေးနှုန်းတွေနဲ့ အများပြည်သူကို နှိပ်စက်ရောင်းချခဲ့တာ၊ အပြင်ပေါက်ဈေး သိန်း ၄၀ လောက်ထိ ဖြစ်သွားခဲ့ဖူးတာတွေ သိပါ့ဗျာ။ အရှုံးခံရတယ်ဆိုတာလဲ၊ တကယ်ရှုံးတာထက် အရှုံးတွေ များများပြပြီး အိတ်ထဲ ထည့်သွားတာတွေလဲ ကြားနေရတယ်ခင်ဗျာ။ ကျုပ်တို့ လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတစ်ခုမှာ ၀န်ထမ်းကြိုပို့ယာဉ် တာဝန်ခံက အကြိုအပို့ ၆ ခေါက်ပြတယ်။ တကယ်ဆွဲတာက ၃ ခေါက်ထဲ။ ဒါမျိုးပေါ့။”
“ဘာပဲဖြစ်ဖြစ် ဟိုတုန်းက နိုင်ငံတော်က အရှုံးခံပြီး ဆောင်ရွက်ခဲ့ရတယ်။ အခုတော့ ဆက်ပြီး အရှုံးမခံနိုင်ဘူး။ ဘာပဲလုပ်လုပ် စီးပွားရေးတွက် တွက်ပြီး လုပ်ရမယ်လေ။”
“ဟာ…ဒီလိုလား၊ ဒါဆိုလဲ အကြံပေးချင်တယ်ဗျာ။ ဆရာမတို့ စာတိုက်အဆောက်အဦးဟာ ပေ ၃၀ ပတ်လည် လုံးချင်းတိုက်ကြီးပဲနော်။ မြေအကျယ်အ၀န်းကတော့ ပေ ၅၀ ပတ်လည်လောက်ကို ရှိမယ်။ အဓိက လမ်းမကြီး ၂ ခုဆုံတဲ့ လမ်းထောင့်မှာ ရှိတယ်။ ဒါကိုများ ပုဂ္ဂလိက ကုမ္ပဏီကို ငှားစားမယ်ဆိုရင် ၁ လမှာ ငှားခ ချည်းပဲ သိန်း ၂၀ တော့ ပြေးမလွတ်ဘူးဗျို့။ အဲဒီတော့ ဆရာမတို့ စာပို့စာဝေလုပ်ငန်းလေးလောက်ကတော့ အဆောက်အဦးရဲ့ ဘေးဖက်မှာ အဖီလေးချပြီး၊ လုပ်ရင်တောင် ဖြစ်ပါတယ်။ သို့မဟုတ် မြေညီထပ်တိုက်ခန်းတစ်ခုကို ငှားပြီး လုပ်ရင်တောင် ၁ လမှာ ၅ သိန်းလောက်ဆို ဖြစ်သားပဲ။ စီးပွားတွက် တွက်ကြေးဆို အဲသလို တွက်ရမှာ မဟုတ်ဘူးလား ဆရာမ။”
“ရှင်က ကျွန်မတို့ ၀န်ထမ်းဘ၀ကို သိမှ မသိပဲ၊ ပြောချင်ရာ ပြောနေတာ…”
“ဆရာမ အထင်မှားသွားပြီ။ ကျွန်တော်က အစိုးရ ဌာနတစ်ခုမှာ အရာရှိငယ်ဘ၀နဲ့ ၇ နှစ်တောင် လုပ်ခဲ့ဖူးတယ်။ အလုပ်ကို ပုံမှန်လုပ်ပြီး စာရေးစာဖတ် လုပ်မယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အိမ်ထောင်ကျ၊ ကလေးတစ်ယောက်လဲ ရရော လစာ မဟုတ်တော့ပဲ ရက်စာ ဖြစ်သွားတယ်။ ၇ ရက်လောက်ပဲ အသုံးခံတယ်။ ဆရာမတို့ကို ယခု လစာတိုးပေးပေမဲ့ ဖူလုံမှုတော့ ရှိချင်မှ ရှိဦးမယ်။ ၀န်ထမ်းတွေရဲ့ လစာနဲ့ ရပိုင်ခွင့်တွေကိုလဲ သင့်လျှော်အောင် စီမံပေးရမှာပေါ့။ အခြားတဖက်မှာ ၀န်ထမ်းအရေအတွက် အဆမတန်ဖောင်းပွနေတဲ့ ဌာနအချို့ကိစ္စလဲ ဖြေရှင်းရမယ်လေ။”
“ရှင်ဟာလေ…တော်တော်လျှာရှည်တာပဲ။ ရှင့်ကို ကျွန်မရဲ့ အထက်အရာရှိက တွေ့ရင် ဘာပြောမလဲ သိလား၊ မကြေနပ်ရင် မကြိုက်ရင် မလာနဲ့၊ အဲ့သလို ပြောမှာ။ သူတို့က ရေဘူးပေါက်တာ မသိဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့သူတွေ”
“ဆရာမတို့လဲ သူတို့ ပြောခိုင်းသလို ပြောရင်း၊ အိုးနင်းခွက်နင်း ဖြေရှင်းနေရတယ်ဆိုတာ သိပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ရန်ကုန်မြို့ကြီးမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ များလာတာရယ်… မြို့တွင်းပို့ဆောင်မှု အခြေအနေ အဆိုးဝါးဆုံး ဖြစ်လာတာရယ်…အဲဒါတွေကြောင့် စာတိုက်ကိုတော့ ပိုပြီး အားကိုးလာတာအမှန်ပဲ။ တောင်းသလောက်လဲ မျက်စိမှိတ်ပေးလာကြရတာပဲ။ ကံကြမ္မာက ဆရာမတို့ဖက် မျက်နှာသာလိုက်နေတာကိုး။ ဒါတွေ ဆွေးနွေးတာလဲ စာတိုက်တွေရဲ့ ပြည်သူ့ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ပိုကောင်းအောင် စဉ်းစားစေချင်လို့ပါ။ ပုဂ္ဂိုလ်ရေး မပါပါဘူး။ တစ်ခုသေချာတာက အကျိုးပြုစာပေစာအုပ်တွေကို ချိုသာသော ပို့ခနှုန်းထားနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် စာပေတိုးတက်ဖွံ့ဖြိုးရေးကို အားပေးရာ ရောက်တာတော့ အမှန်ပါပဲ။ စာဝေစာပို့ရာမှာ ဟိုတုန်းကနဲ့ စာရင် မြန်လာ၊ မှန်လာတာလဲ အသိအမှတ်ပြု ပြောပါရစေ။”
နေလင်းညီ
၃၀-၇-၁၄