အုန်းနိုင် – ဂန္ဒီခန်းမကြေညာစာတမ်း (၁၃) ။ “မောင်ခေါ်ပေမဲ့  လိုက်နိုင်ဘူးကွယ်”
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၄
ဒါတွေပြီးတော့ ...သတင်းစာဆရာများက မေးခွန်းတွေမေးပါတယ်..။ယူရီယူမီ သတင်းစာက.. ဦးမျိုးသန့်က “ဦးချမ်းအေးရှင်းတဲ့  အထဲမှာ န၀တနဲ့  အဖွဲ့ချုပ်တို့ရဲ့  ရပ်တည်ချက်နှစ်ခုက ခြားနားနေတယ်.။ ဒီလမ်းကြောင်းနှစ်ခုက မျဉ်းပြိုင်လိုဖြစ်နေတာမို့ ဘယ်လိုသွားပြီးဆုံမလဲ..။ဒီအတိုင်းပဲဆိုရင် န၀တကိုနောက် ထပ် ဘယ်လိုချဉ်းကပ်မလဲ..”လို့ မေးပါတယ်..။
ဒါကို ဦးချမ်းအေးက “ရပ်တည်ချက်နှစ်ရပ်ကတော့ တကယ်ပဲ ခြားနားနေတာ အားလုံးအသိပါဘဲ.။ ဒီခြားနားချက်တွေက ဘယ်လောက်ပျောက်သွားမလဲ..။ ဘယ်လောက်ဆက်လက်ရှိနေမလဲ ဆိုတာ နှစ်ဘက်တွေ့ ဆုံတဲ့  အခါကျမှ သိရပါလိမ့်မယ်..။ဒီလို တွေ
့ဆုံကြမှပဲ.. ဖျူးချားကို့စ် (Future Course)နဲ့  ပတ်သက်ပြီး ပြောနိုင်ပါလိမ့်မယ်..”လို့ ဖြေပါတယ်..။
ဦးမျိုးသန့်ကပဲ ဆက်ပြီး “တွေ့ဆုံဆွေးနွေးဖို့ရာ..မဖြစ်နိုင်သေးရင်ကော” လို့ ထောက်ပါတယ်.။ဒီတော့ ဦးချမ်းအေးကပဲ “န၀တ က..အရင်တလောက အနိုင်ရပါတီတွေကို ဖိတ်ထားပါတယ်..။ ကျနော်တို့ကနေပြီး တော့ လုံးလုံးလျားလျား အမတ်အများဆုံးရတဲ့  ကျနော်တို့ပါတီကို သီးခြားလေးလေးစားစား ဆက်ဆံဆွေးနွေးဖို့ တင်ပြထားပါတယ်..။ဒီလို တူးထရက်ခ်စ် (Two tracks) နဲ့  သွားနေပါတယ်..။တူးထရက်ခ်စ်လုံးမှာ.ဒီပြသနာ ဆွေးနွေးသွားမှာပါ..”လို့  ပြန်ဖြေပါတယ်....။
နောက်မေးတဲ့  သတင်းစာဆရာက ရိုက်တာက ဦးလှကြည်ပါ...။
“ယခု ယာယီအခြေခံဥပဒေ ဆွဲထားတယ်ဆိုတာ ၁၉၄၇ အခြေခံဥပဒေကို ပြင်ဆင်ပြီး ရေးဆွဲထားတယ်ဆို
တာ ဟုတ်ပါသလား..”လို့ မေးပါတယ်..။
ဦးချမ်းအေးကပဲ..“ အဓိကအားဖြင့်တော့ မှန်ပါတယ်..။ဒါပေမဲ့  (၄၇)ခုရော..(၇၄)ခုရော ပါပါတယ်..။ န၀တ ဘက်က စိတ်စနိုးစနောင့် ဖြစ်စေမဲ့  အဟန့်အတားတွေ ပယ်ဖျက်ထားပါတယ်..”လို့ ပြန်ဖြေပါတယ်..။
ယူပီအိုင်က ဦးချန်ထွန်းက “တွေ့ ဆုံဆွေးနွေးရေးနဲ့  လွှတ်တော်ခေါ်ယူရေးကို ကိုယ်စားလှယ်များ ငွေစာရင်း ရှင်းတမ်းများ တင်သွင်းပြီးမှ ..၊ရွေးကောက်ပွဲကန့်ကွက်ချက်များ ပြီးဆုံးမှ ဆောင်ရွက်မယ်လို့ ကြားရတယ်...”လို့ ပြောပါတယ်..။
ဒီတော့ ဦးကြည်မောင်က... “ငွေစာရင်းနဲ့  ကန့်ကွက်ချက်တွေရဲ့  ရက်စွဲတွေဖြစ်တဲ့  ရက်(၆၀)တို့ ..(၄၅)ရက်တို့ ဆိုတာ အကုန်လုံး တွက်ချက်ကြည့်တော့လည်း စက်တင်ဘာလထက် နောက်ကျစရာ မရှိဘူးလို့ ယူဆပါတယ်...”လို့ ၀င်ပြောပါတယ်..။
အေအက်ဖ်ပီက ဦးခင်မောင်သွင်က မေးပါတယ်..။
“အခု ရေးဆွဲနေတဲ့  အခြေခံဥပဒေမှာ တိုင်းရင်းသားလူမျိုးစုများနဲ့  ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်..။ န၀တ ကလဲ ..ဒီဟာကို လိုလားပါတယ်..။သူတို့အနေနဲ့ လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမယ်လို့ ပြောပါတယ်..။ကျနော် နားလည်သဘောပေါက်သလောက်ကတော့ အင်အယ်ဒီအပြင် တိုင်းရင်းသားအဖွဲ့ တွေကလည်း...သူတို့အနေနဲ့  မူကြမ်းရေးဆွဲထားတယ်လို့ နားလည်ပါတယ်..။အဲဒီဟာနဲ့  ပတ်သက်လို့...လောလောဆည်ဆည် ညှိနှိုင်းမှု ရှိပါသလား..”
ဒါကို...ဦးကြည်မောင်က ..
“ ကျနော်တို့ ခုကစပြီးလို့ရှိရင်..တတ်နိုင်သရွေ့  အားလုံးအဖွဲ့အစည်းတွေနဲ့  ကျယ်ကျယ်ပြန့်ပြန့် တချိန်လုံး ညှိနှိုင်းပါမယ်..” လို့ ဖြေပါတယ်..။
အဆာဟိရှင်ဘွန်း ဂျပန်သတင်းစာက ဦးနေ၀င်းကတော့
“န၀တ က ယာယီအခြေခံဥပဒေကို ပြဌာန်းပြီး အစိုးရဖွဲ့ တာ လက်မခံဘူး..။ဒီလို လုပ်လာလို့ ရှိရင်လည်း အရေးယူမယ်လို့ ကြေညာထားပါတယ်..။ ဒါနဲ့  ပတ်သက်ပြီး အင်အယ်ဒီက ခေါင်းဆောင်ကြီးများရဲ့  စိတ်ကူးက ဘယ်လို ရှိသလဲ ဆိုတာ သိချင်ပါတယ်..”လို့ မေးပါတယ်..။
ဒါကိုလည်း ဦးကြည်မောင်ကပဲဖြေပါတယ်။
“ကျနော်တို့ လုပ်ခဲ့ တဲ့  အစီအစဉ်ဟာ ကျနော်တို့ရဲ့  ရပ်တည်ချက်ကို ဖော်ပြတာပါ..။ဒီအမိန့် မပေါ်ခင်တုန်းက ရပ်တည်ချက်ဖြစ်တယ်...။ဘာဖြစ်လို့လဲ ဆိုတော့ ဒီင်္အစည်းအဝေးကြီး လုပ်ဖို့ ဘာတွေလုပ်ကြမယ်ဆိုတာ တင်ကြိုပြီးတော့ ပြင်ဆင်ထားခဲ့ ပါတယ်..။၂၈ ရက် ၂၉ ရက်မှာ အားလုံး တိုင်းသိပြည်သိ ချပြတဲ့  ကိစ္စတွေဟာ ကျနော်တို့ရဲ့  အမှန်ရပ်တည်ချက်က ဒီအတိုင်းပဲဆိုတာ ရှင်းပါတယ်...။ (၁/၉၀)ကို တုန့် ပြန်ချက် မပါဘဲနဲ့  ဘွင်းဘွင်း မြင်ရပါမယ်”
ဒီတော့ ဦးနေ၀င်းကပဲ ထပ်မေးပြန်ပါတယ်..။
“အဲဒီတော့ ကျနော်တို့ အဓိပ္ပာယ်ကောက်လို့ရအောင် န၀တရဲ့  ရပ်တည်ချက်က ယာယီအခြေခံဥပဒေ ပြဌာန်းတာကို လက်မခံနိုင်ဘူး..။ဒီအခြေခံဥပဒေအရ အစိုးရဖွဲ့ တာကို လက်မခံနိုင်ဘူး..။ဒီလိုလုပ်လာရင် အရေးယူမယ်လို့ ပြောပါတယ်..။အဲဒီတော့ အင်အယ်ဒီရဲ့  ရပ်တည်ချက်ကလည်း ဒီအမိန့်မတိုင်ခင်က ရပ်တည်ချက်ဆိုတော့ ဒီနှစ်ခု ထိပ်တိုက်လာတွေ့ သလို ဖြစ်နေတယ်..။အဲဒီတော့ ဦးကြည်မောင် ရှင်းလင်းတဲ့  အလိုအရ ဆိုလို့ရှိရင် မဆွေးနွေးရသေးတဲ့  အတွက် တိတိကျကျမပြောနိုင်သေးဘူးလို့ နားလည် ပါတယ်..။ တကယ်လို့ ဆွေးနွေးတယ် ဆိုလို့ ရှိရင်လည်း..ဒီထိပ်တိုက် တွေ့ တဲ့  အနေအထားကနေပြီးတော့ န၀တ နဲ့  တွေ့ ဆုံညှိနှိုင်းဖို့ အလားအလာကောင်းသလား..ဆိုတာ သိချင်ပါတယ်..။ ဒါမှ...သတင်းရေးလို့ ရမှာပါ..”
ဒီတော့ ဦးကြည်မောင်က..
“ကျနော်တို့က လက်တွေ့ ကျတာနဲ့  မှန်တာကိုပဲ လုပ်ဖို့ဟာ ကျနော်တို့အလုပ်ပါ..။ သတင်းစာဆရာကြီးများ သတင်းရေးလို့ ကောင်းတာက...သတင်းစာဆရာကြီးများရဲ့  အလုပ်ပါ..။ မောင်ခေါ်ပေမဲ့  ...လိုက်နိုင်ဘူးကွယ်..ဆိုတဲ့  အခြေအနေမှာ ရှိပါတယ်..”လို့ အရွှန်းလေးဖောက်ပြီး ပြန်ဖြေပါတယ်..။အားလုံး ပွဲကျ သွားပါတယ်..။
အင်ပီအီး သတင်းဌာန ကိုယ်စားလှယ် ဦးမောင်မောင်ညိုက ထမေးပြန်ပါတယ်..။
“ ဂန္ဒီခန်းမ ကြေညာစာတမ်း ထုတ်လာတာ...တွေ့ ရပါတယ်..။အဲဒါ...ကြေညာစာတမ်းနဲ့  ပတ်သက်လို့ ဘာဆက်လုပ်ဖို့ ရှိပါသလဲ..။ဥပမာ ကြေညာစာတမ်းကြီးကို မြို့ နယ်တွေမှာ ချပြပြီးတော့ လူထုထောက်ခံ ပွဲတွေများ လုပ်ဖို့ အစီအစဉ် ရှိပါသလား..”
“ ဂန္ဒီ ခန်းမ ကြေညာစာတမ်းဟာ အများပြည်သူသိဖို့ ကြေညာစာတမ်း ဖြစ်ပါတယ်..။မြို့ နယ် အင်အယ်ဒီတွေက ထောက်ခံပွဲတွေ ရှင်းလင်းပွဲတွေ လုပ်ပါလိမ့်မယ်..”လို့
ဦးကြည်မောင်က ပြန်ဖြေပါတယ်..။
ပထမဆုံး မေးတဲ့  ဦးမျိုးသန့်က တခါထပြီး မေးပြန်ပါတယ်..။
“မောင်ခေါ်ပေမဲ့ ..လိုက်နိုင်ဘူးကွယ်..တဲ့  ။အဲဒီ အဖြေက အင်မတန်နုပျိုလန်းဆန်းပါတယ်..။ အင်အယ်ဒီကလည်းပဲ သူချမှတ်ထားတဲ့  ပုံစံအတိုင်း သွားမှာပဲ...။ န၀တ ကလည်း သူချမှတ်ထားတဲ့  ပုံစံအတိုင်းပဲ သွားလို့ ရှိရင် ဘယ်လို ဖြစ်လာမလဲ..”တဲ့ ..။
ဒီနေရာမှာတော့....နဲနဲ ချော်သွားပြီလို့ ထင်မိပါတယ်..။ဒါက... ဘေးနားက နားထောင်နေတဲ့  ကျနော့်အထင်ပါ..။ဦးကြည်မောင်ရဲ့  ...မောင်ခေါ်ပေမဲ့ ..လိုက်နိုင်ဘူးကွယ်.. ဆိုတာ ၊ သတင်းစာဆရာတွေရဲ့  အလိုအတိုင်းတော့ သတင်းဖြစ်အောင်လိုက် မဖြေနိုင်ဘူး...ဆိုတာကို ..အရွှန်းလေးဖောက်ပြီး ဖြေတာလို့ ကျနော်က သဘောပေါက်ပါတယ်..။
သတင်းစာ ရှင်းလင်းပွဲတွေမှာ သတင်းစာဆရာများရဲ့  စကားကို သိပ်သတိထားရပါတယ်..။သူတို့ကို ငြင်းဆန်ချင်ရင် ..ဒါမှမဟုတ်..သူတို့မြောင်းပေးသွားတဲ့  အတိုင်း မလိုက်နိုင်ရင် ..မသိချင်ယောင်ဆောင်ပြီး မဖြေပဲနေချင်နေ..။ဒါမှမဟုတ်...ပြန်လှန်မေးခွန်းထုပ်..။ဒါမှမဟုတ်..အရွှန်းဖောက် ဆိုတာထဲက ဦးကြည်မောင်က အရွှန်းဖောက်တဲ့  နည်းကို သုံးလိုက်တာလို့ ကျနော်ယူဆပါတယ်..။ဒါပေမဲ့  ဦးကြည်မောင်က စကားပြောရင် တခါတရံ အဓိပါယ် နှစ်ခွထွက်တတ်တာမျိုးတော့ ရှိပါတယ်..။ဒါပေမဲ့  အခုဟာကတော့ သတင်းစာဆရာကြီးများရဲ့  အလိုကို မလိုက်နိုင်ဘူး..ဆိုတဲ့  သဘောဖြေတာလို့ ကျနော်ယူဆပါတယ်..။ဒါကို ဦးမျိုးသန့်တို့က အင်အယ်ဒီနဲ့  န၀တတို့ရဲ့  ချမှတ်ထားတဲ့  ပုံစံမတူတာနဲ့  တွဲပြီး ပြန်သုံးလိုက်တော့....အင်အယ်ဒီက န၀တ အလိုမလိုက်နိုင်ဘူး ဆိုတဲ့  သဘောလိုဖြစ်သွားတယ်..။
ဒီတော့ ဦးကြည်မောင်က နောက်တနည်းဖြစ်တဲ့  ပြန်လှန်မေးခွန်းထုပ်တဲ့  နည်းကို သုံးပြန်ပါတယ်.။
“ ဦးမျိုးသန့် သိပါတယ်..။ဦးမျိုးသန့်မှာ ကိုယ်ပိုင်သတင်းစာထောင်နိုင်ရင် ...ဒီအကြောင်းကို အယ်ဒီတာ့အာဘော်မှာ ဘယ်လိုရေးမလဲလို့..။ကျနော်..သိပ်ဖတ်ချင်ပါတယ်..”လို့ ဆိုလိုက်တော့ ဒါဟာ သတင်းစာရှင်းလင်းပွဲရဲ့  နေ၀င်ချိန်ရောက်ပြီလို့ ခန့်မှန်းရပါတယ်..။ဒါကြောင့် သတင်းစာရှင်းလင်းပွဲကို ဦးကြည်မောင်ကပဲ... နိဂုံးချုပ် ပြောဖို့ ပြင်ဆင်ပါတယ်..။
“ ဒါဖြင့်ရင် မေးစရာ မရှိတော့ဘူးလို့ ထင်ပါတယ်..။ကျနော်တို့ အဖွဲ့အစည်းကလဲဘဲ.. သတင်းစာကွန်ဖရန့် လုပ်ဖို့ သိပ်ကြောက်တာပါပဲ..။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပဲ..စကားလည်း မတတ်ဘူး.။ကျနော်တို့နဲ့  ရှိတဲ့ လူတွေဟာ တရားဥပဒေကို အလွန့်အလွန် လေးစားကြပါတယ်..။ကျနော်တို့နဲ့  ပြောလို့ဆိုလို့ရတယ်..။ကျနော်တို့နဲ့  ငြင်းခုန်လို့ရတယ်..။ကျနော်တို့ ဘာဟန်ဆောင်တာမှ မရှိဘူးလို့ အောက်မေ့တာဘဲ..။ သူများတွေ ဘယ်လိုမြင်မလဲတော့ မသိဘူး..။အဲဒီတော့ ကျနော်တို့ ဘယ်တော့
မှ တရားဥပဒေဘောင် ကျော်ပြီးတော့မှ တောင်းမယ်... ဆိုမယ်.. လုပ်မယ် ...ကိုင်မယ်... မဟုတ်ပါဘူး..။ကျနော်တို့က အကြံပြုရမဲ့  ကိစ္စတွေကို အကြံပြုရမှာပါပဲ..။အကြံပြုချက်တွေကို တဖက်က လက်ခံနိုင်တာလည်း လက်ခံ....။ လက်မခံနိုင်တာလည်း...အကျိုးအကြောင်းနဲ့  ကျနော်တို့ နဲ့  အမြဲဆွေးနွေးရမှာပဲ..။ ကျနော်တို့ကို ဥပက္ခာ ပြုထားလို့ မဖြစ်နိုင်ပါဘူး..။အဲဒါပါဘဲ..ခင်ဗျား..”
( ဂန္ဒီခန်းမ ကြေညာစာတမ်း (၁၄)တွင်..သတင်းစာရှင်းလင်းပွဲဧ။် ဂယက်..ကို ဆက်ပါမယ်)