ကိုသန်းလွင် - အိမ်ပြန်ချိန်
စက်တင်ဘာ ၁၁၊ ၂၀၁၄
စက်တင်ဘာ ၁၁၊ ၂၀၁၄
(၁)
လွန်ခဲ့သည့်ရက်သတ္တနှစ်ပတ်အတွင်း ချန်ဂီလေဆိပ်သို့ ဧည့်သည်ပို့ရန် ကျွန်တော် သုံးခေါက်သွားလိုက်ရပါသည်။ မြန်မာပြည်သို့ အပြီး ပြန်ကြမည့် သူငယ်ချင်းတွေကို လိုက်ပို့ရခြင်းဖြစ်ပါသည်။ သူတို့သည် သူတို့ဘ၀များ၏ နောက်ထပ်စာမျက်နှာ အသစ်ဖွင့်ဖို့ ပြန်ကြခြင်း ဖြစ်ပါသည်။ တဖြေးဖြေးနှင့် စင်္ကာပူတွင် မြန်မာလူဦးရေ လျော့နည်းလာနေပေပြီ။
စင်္ကာပူအစိုးရ၏ကြေငြာချက်များတွင် နှစ်မကုန်မှီ S- Pass ဖြင့် အလုပ်လုပ်နေကြသော နိုင်ငံခြားသားလုပ်သားဦးရေကို တ၀က်အထိ လျော့ချမည်ဟုဆိုသည်။ နိုင်ငံခြားသားတွေက အလုပ်တွေကိုယူသွားသောကြောင့် သူတို့စင်္ကာပူနိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်ကြ ရသည်ဟု ဆိုလိုဟန်ရှိသည်။ အမေရိကား၊ သြစတြေးလျားနှင့် အခြားနိုင်ငံများမှာ အလုပ်လုပ်နေကြသော မြန်မာများ အလုံးအရင်း နှင့်ပြန်ကြသည်ဟု ကျွန်တော်မထင်ပါ။ စင်္ကာပူမှာတော့ S-Pass ကိုတိုးမပေးသောကြာင့်ဖြစ်စေ မိမိဘာသာ သက်တန်းမတိုးလိုတော့ သောကြောင့်ဖြစ်စေ၊ ပတ် (စ) ကိုပြန်အပ်ပြီး ပြန်ကြသူတွေမနည်းတော့ပါ။
အသက် ၆၀ သော်လည်းကောင်း၊ ၆၀ ကျော်၍လည်းကောင်း၊ မိမိနိုင်ငံကို အငြိမ်းစားယူဖို့ ပြန်ကြသူတွေအတွက် မထူးဆန်းပါ၊၊ မြန်မာတွေ အဖို့ မြန်မာပြည်ထက် ပို၍နေစရာကောင်းသောအရပ်ကား မရှိနိုင်ပြီ။ သို့သော် အသက်ငယ်ရွယ်သူ အလုပ်လုပ်ဖို့ စီးပွားရေးအကွက် အကွင်းအတွက်ပြန်ကြသူတွေအဖို့ကား အစစ သေသေချာချာ ရေရာခြင်းမရှိသေးပေ။ ပြန်ရန် သင့် မသင့်ကို သို့လော သို့လော စဉ်းစား နေကြရဆဲပင်။ ရရှိသောအခွင့်အရေးအသစ်သည် ပိုမိုကောင်းမွန်သောအခွင့်အလန်းများကို ဖန်တီးပေးနိုင်သလို၊ ထိုင်နေအကောင်း သား ထသွား၍ ဒုက္ခဖြစ်ကြရသူတွေလည်းရှိသည်။
မြန်မာပြည်လုပ်ငန်းခွင်တွေမှာ အတွေ့အကြုံရှိပြီး အလုပ်လုပ်နိုင်သော အင်ဂျင်နီယာတွေ၊ မန်နေဂျာတွေလိုသည်မှ ယုံမှားစရာမရှိပြီ။ မြန်မာကုမ္ပဏီတွေက စင်္ကာပူမှာ Job Fair လာလုပ်ကြသည်မှာ အကြိမ်ကြိမ်ရှိနေပါပြီ။ လုပ်ငန်းရှင်တွေက စင်္ကာပူမှာ လက်ရှိအလုပ်လုပ် နေသူဆိုလျင် ပိုပြီးကြိုက်နှစ်သက်လေ့ရှိသည်။ လခကို စင်္ကာပူမှာ သူတို့ရသည့်အတိုင်း ပေးပါမည်ဆိုတာတွေပါသည်။ မိတ်ဆွေတဦးမှာ ဤနည်းဖြင့် မြန်မာနိုင်ငံမှအလုပ်ကို ရသွားခြင်းဖြစ်သည်။
သူတို့တို့ဇနီးမောင်နှံမှာ ကလေးမရှိ၊ ရှေ့ရေးကို စိုးရိမ်စရာမလို။ လင်ကိုယ် မယားကိုယ် စားသောက်နေထိုင်ရေးမှ ပူစရာဘာမှမရှိပါ။ ငွေကြေး၊ အိမ်ခန်း၊ တိုက်ခမ်း အသင့်အတင့် စုဆောင်းမိပေပြီ။ သူတို့မှာ ရွှေပြည်သာတွင်ဖွင့်ထားသော ကုန်မာဆိုင်ကလေးကလည်း အလုပ်ဖြစ်နေပြီ။ သူတို့က ပစ္စည်းတွေကို ဘားကုဒ်နှင့်ဆွဲပြီး စံနစ်တကျ လုပ်ချင်သည်။ ကွန်ပျူတာကို အမြဲဖွင့်ထားပြီး ဈေးဝယ်သူလာတိုင်း စက်ကဖတ်ပြီး စက်က မှတ်တမ်းတင်ရန် ဖြစ်သည်။ ဟိုတုံးက ဒီလိုဈေးရောင်းသည့်အလုပ်ကို ပညာတတ် နုနုနယ်နယ်လူတွေ လုပ်ကြ တာ မဟုတ်။ အခုတော့ စက်မှုတက္ကသိုလ်ကျောင်းဆင်းလည်း ဈေးရောင်းနေကြပေပြီ။
အခြားမိတ်ဆွေတဦးမှာ စင်္ကာပူနိုင်ငံသားဖြစ်နေပါပြီ။ သူပြန်သွားတာ ၅ နှစ်ကျော်ပါပြီ။ သူ့ယောက္ခမတွေက ချမ်းသာ ကြွယ်ဝသူတွေ။ ကိုယ် ပိုင်လုပ်ငန်းကလည်းရှိပြီးသား။ မြန်မာပြည်မှာ အချေချ နေထိုင်လာကြသည်မှာ ဆွေစဉ်မျိုးဆက်များလှပေပြီ။ သူ စင်္ကာပူမှာနေစဉ်က သူ၏ကွန်ပျူတာပြုပြင်ရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလာသည်။ သို့သော် မိဘများ၏ ရန်ကုန်ကလုပ်ငန်းနှင့်စာသော် သူ့ဝင်ငွေမှာ မုန့်ဘိုးမျှသာရှိ သည်ဟုဆို၏။ သူသည်မြန်မာပြည်သို့ပြန်၍ တလတကြိမ် နေခွင့်သက်တမ်းတိုးပြီး နေရလေသည်။ အစကတော့ မြန်မာပြည် မှာ ခဏတာဘဲနေမည်။ ၂ နှစ်၊ ၃ နှစ်ဘဲနေမည်ဟု ပြောသံကြားရသည်၊ အခုတော့ စင်္ကာပူကိုပြန်လာမည်ဆိုသောစကားကို မကြားရ တော့ပေ။
အခြားမိတ်ဆွေတဦး ပြန်ရပုံကထူးခြားသည်။ သူ့သူဌေးက မြန်မာပြည်မှ ပရောဂျက်ကို တင်ဒါအောင်လေသည်။ ဗမာပြည်မှာ လူယုံမရှိ။ သူ့စင်္ကာပူက အက်(စ) ပါတ်ကိုမပျက်စေဘဲ ဗမာပြည်ကအလုပ်တွေကိုလုပ်ရန် ပြန်ရခြင်းဖြစ်သည်။ သူ့လခကို စင်္ကာပူဘဏ်မှာဘဲ ထားခဲ့ ရသည်။ သူက ဟိုမှာ စားရိတ်ငြိမ်း။ သူ့မှာ ME ဘွဲ့ရထားသော သမီးလေးလည်းရှိရာ ထိုသမီးမှာလည်း စင်္ကာပူအလုပ် S Pass ရပြီး သူ့အဖေ လက်ထောက်အဖြစ် မြန်မာပြည်မှာဘဲ အလုပ်လုပ်ရန် သူ့သူဌေးက စီစဉ်ပေးလေသည်။ သားရွှေအိုးထမ်းလာသည့်ကိန်းပင် မဟုတ်သ လော။ မိတ်ဆွေမှာ သိသိသာသာကြီး ပျော်နေလေ၏။
မိတ်ဆွေတဦးမှာမူ အလုပ်ကြောင့် မြန်မာပြည်ပြန်ဖို့ဖြစ်လာသောအခါ နောင်အပြင်ထွက်လိုပါက ဘယ်နိုင်ငံမှာမှ ၀င်ခွင့်ဗီဇာမရှိမှာကို ပူပန် မိလေသည်။ သူသည် မလေးရှားကကွန်ဒိုတခုကို ၀ယ်လိုက်ရသည်။ ကားတစီးလည်း အ၀ယ်ပြရသည်။ မလေးရှားကို အ၀င်အထွက် သုံး လေးခါလုပ်ရသည်။ ထိုနေထိုင်ခွင့် stay မျိုးကို ယိုးဒယားမှာလုပ်လျင်လည်း ဖြစ်သည်ထင်ပါသည်။ စင်္ကာပူမှာတော့ ထိုသို့သောဝင်ခွင့်ကို လုပ်ထားရန် မဖြစ်နိုင်ပါ။ သို့ပါသော်လည်း မြန်မာနိုင်ငံသို့ အ၀င်အထွက်လွယ်ကူလာသောအခါ သူ့မလေးရှားနိုင်ငံနေထိုင်ခွင့်မှာ ဘာမှ အရာမရောက်တော့ပါ။ သုံးရန်လည်း မလိုတော့ပေ။
နောက်မိတ်ဆွေတဦးမှာ အပြီးပြန်ပြီဟူ၍ စင်္ကာပူမှာ HDB Flat စသည်တို့ကို ရောင်းချသွားကြသည်။ ငွေထုပ်ကြီးတွေနှင့် ပျော်တပြုံးပြုံး၊ ဗမာပြည်တွင် ၆ လပင်ကြာဟန်မတူ၊ နေမဖြစ်ပါဘူးဆိုပြီး ပြန်ရောက်လာကြလေသည်။ သူတို့သားသမီးတွေမှာ တိုက်ခန်းတွေနှင့် နေစရာ တော့ရှိပုံပေါ်သည်။ အငြိမ်းစားယူပြီဆိုသောအချိန်ကျခါမှ ကသီလင်တ ဖြစ်ကြရခြင်းပင်။
အသိဆရာဝန်မကြီးတယောက်မှာ ရှင်ရဟန်းပေါင်းမြောက်များစွာတို့၏ မယ်တော်ကြီးဖြစ်ပါသည်။ သူသည် ဖေါင်ဒေးရှင်း တခုထူထောင်ခါ အပြည်ပြည်အရပ်ရပ် ရဟန်းတော်များကို စာသင်စားရိပ်ထောက်ပံ့လေသည်။ အသက် ရ၀ ကျော်ပါရော့မည်။ ၀ိပဿနာ၊ ဘုရားရိပ် တရားရိပ်မှာ ပျော်နေနိုင်သူလည်းဖြစ်သည်။ သို့သော် ရန်ကုန်ကသူ့အိမ်မှာနေရတာ အဆင်မပြေ။ တရားကိုမတွေ့နိုင်ဖြစ်နေလေသည်။ သူသည် ခရီးတရစပ်သွားခဲ့သူဖြစ်သည်။ ဖားအောက်ဆရာတော်ဘုရားကြီးက ဖိတ်ခေါ်သည့်နေရာတိုင်းကို ရောက်အောင်သွားပြီး တရား အလုပ်ကို ကျင့်ကြံနေထိုင်သူဖြစ်လေသည်။ သို့ပါသော်လည်း သူ၏တရားရှာရသောခရီးသည် မတွင်ကျယ်လှပေ။ သံယောဇဉ်တွေ ငြိနေ တုန်း။ ပလိဗောဓ ဝေယျာဝစ္စ အလုပ်တွေများတုံးရှိနေသေးသည်။ ၀ိပသနာတရား အောင် မြင်ဘို့ရန်မှာ တွယ်တာမှုဟူ၍ ဘာမှမရှိရတော့ပေ။ ဆားတထုပ်ကိုပင် မခင်တွယ်ရဘူးဟုဆိုကြသည်။
(၂)
ဟိုတုံးက မြန်မာပြည်မှာနေရသည်မှာ ကျဉ်းထဲကျပ်တည်းမှာနေရတာမျိုးဖြစ်သည်။ ပြည်ပကိုထွက်ဖို့ဆိုတာ မလွယ်ပါ။ ပါတ် (စ) ပို့ကို ခက်ခက်ခဲခဲလုပ်ကြရသည်။ ပညာရေးကင်းလွှတ်ခွင့်ဆိုတာရှိသည်။ မြန်မာနိုင်ငံကပညာတွေသင်ပေးထားရာ နိုင်ငံခြားသွားမည်ဆိုပါက မြန် မာနိုင်ငံပညာရေးစံနစ်ကကုန်ကျထားသောငွေတွေကို ပြန်လည်ပေးဆပ်ရခြင်းဖြစ်၏။ ညစ်နည်းတမျိုးပင်။ အစိုးရ၀န်ထမ်းလည်း မဖြစ် စေရ၊ အစိုးရကိုပေးသွင်းရန်ရှိသော အခွန်မှန်သမျှပေးသွင်းပြီးဖြစ်ရမည်။
နိုင်ငံခြားကပြန်လာပြီဆိုသည်နှင့် ပါတ် (စ) ပို့မှာ လေဆိပ်တွင်ပင်ပြန်ပြီးအပ်လိုက်ကြရသည်။ နောက်တကြိမ် ပြန်ပြီးထွက်လိုပါသော် အစက ပြန်ပြီးလျှောက်ကြရသည်။ ထို့ပြင် ၀င်သည်ဖြစ်စေထွက်သည်ဖြစ်စေ လေဆိပ်မှာပြဿနာအမျိုးမျိုး တက်တတ်ကြသေးသည်။ ခွင့်မပြုထားသောနိုင်ငံကို သွားမိခြင်း၊ ပါတ် (စ) ပို့ထဲမှာက သွားခွင့်ပြုသော နိုင်ငံသုံးလေးခုသာဖေါ်ပြထားသည်။ ထိုနိုင်ငံများမှအပ တခြား နိုင်ငံများကို သွားခွင့်မပြုပေ။ ကျွန်တော့်ဇနီးဖြစ်သူမှာ မိမိစာအုပ်တွင် ပါသည် မပါသည် သတိမပြုမိဘဲ တရုပ်နိုင်ငံသို့သွားပြီး နှစ်လခန့် နေခဲ့ဘူးသည်။ ရန်ကုန်လေဆိပ်ပြန်ရောက်ခါမှ ပြဿနာအလုပ်ခံလိုက်ရသည်။ နောက်ဆုံးတော့ ဒဏ်ကြေးဆိုပြီး ပိုက်ဆံပေးလိုက်ရခြင်း ဖြစ်ပါသည်။
မိတ်ဆွေတဦးမှာ စက်မှု (၁) ၀န်ထမ်းဟောင်းဖြစ်သည်ဆိုကာ ပြည်ပသို့ထွက်ခွာခွင့်မရှိဆိုပြီး လေဆိပ်မှာဆွဲချခံရဘူးသည်။ သူသည် စင်္ကာ ပူမှာ ၁၀ နှစ်ကျော်နေပြီး PR လည်းဖြစ်နေပါပြီ။ ဘယ်တုံးကပို့ထားမှန်းမသိသော စာရင်းမှာ သူ့နာမည်ပါနေရာ ဘယ်လိုမှရှင်းပြ၍မရ။ လေယာဉ်ပေါ်တင်ပြီးသားအိပ်တွေပါ ပြန်ချရမည်ဟု ဆိုသည်။ လေဆိပ်က လူဝန်မှုကြီးကြပ်ရေး အရာရှိဆိုသူတွေလည်း မြန်မာတွေ သာဖြစ်ပါသည်။ မြန်မာအချင်းချင်း ကူညီရန်စိတ်မကူး၊ ဘယ်လိုဂျောက်ချရမလဲဟုသာတွေးနေကြဟန်တူသည်။ လေယာဉ်တက်ခါနီး စိတ် ဆင်းရဲကြီးစွာ ခံစားလိုက်ရသည်။ နောက်တော့လည်း အမေရိကန်ဒေါ်လာ ရာတန်တရွက်နှင့် ပြဿနာပြေလည်သွားရပါသည်။
မြန်မာပြည်သွားဘို့ဆိုလျင် ကျွန်တော်တို့အဖို့ မပြန်မဖြစ် ခရီးမျိုးကိုသာသွားဖြစ်ကြတော့သည်။ နေလို့ရနေသေးလျင် မပြန်ဖြစ်တော့ပေ။ ထိုစိတ်ဒုက္ခတွေကို မခံစားနိုင်။ အလည်အပါတ်၊ ဆွေပြမျိုးပြခရီးမျိုးကို မသွားဖြစ်ကြတော့ပေ။ နောက်တခုဆိုးသည်မှာ ၀င်ငွေခွန်ဟူ၍ မိမိ လခ ဆယ်ရာနှုံးကို လစဉ်သံရုံးသို့ပေးသွင်းရခြင်းပင်။ သံရုံးမှာ အခွန်ဆောင်ရသည်ဆိုခြင်းမှာ ဘာမှအဆင်ပြေသည်မရှိ။ ဟိုဟာပေးဦး၊ သည်ဟာပေးဦး၊ သံရုံးမှာ မိတ္တူကူးစက်မရှိ၊ ဓါတ်ပုံရိုက်ပေးတာမရှိ၊ ရေးပြီးတင်ကြရသည့် ခွင့်စာ၊ အလုပ်ခန့်စာဆိုတာတွေကလည်း ဘယ် ဟာမှ အမှန်မရှိ၊ ဤနည်း ဖြင့်စိတ်အရှုတ်မခံနိုင်သူများမှာ မြန်မာနိုင်ငံသားအဖြစ်ကို စွန့်လွှတ်လိုက်ကြလေသည်။ မြန်မာဖြစ်ရခြင်းအတွက် ဂုဏ်ယူလိုက်ရသည်ဟုမရှိ သွားလေရာ ပါတ် (စ) ပို့ အနီမှာ မျက်နှာငယ်ရသောစာအုပ်ဖြစ်ခဲ့ရသည်။
(၃)
သူများတွေပြန်တော့ ပဌမဆုံးဖြစ်လာသည့်အတွေးမှာ ငါလည်းဘယ်တော့ပြန်နိုင်မလဲဆိုသောမေးခွန်းပင်ဖြစ်ပါသည်။ လူတို့သည် ဇာတိကို မမေ့နိုင်ကြပေ။ အခွင့်ရလျင်ရခြင်းပြန် ချင်ကြသည်ချည့်ဖြစ်သည်။ အထူးသဖြင့် ကျွန်တော်တို့မြန်မာတွေမှာ အိမ်လွမ်းတတ်သည့်လူမျိုး တွေဖြစ်သည်။ နိုင်ငံခြားအစားအစာတွေကိုမမက်၊ နိုင်ငံခြားသီချင်းတွေကို နားမထောင်တတ်။ ဆိုင်းသံဗုံသံနှင့် ငပိရည်တို့စရာကိုသာ စွဲလန်းနေတတ်သည်။
ကျွန်တော်အဖို့ မြန်မာပြည်ကိုသည်နေ့ အခုချက်ချင်း ထပြီးမပြန်နိုင်ခြင်းမှာ သားနှစ်ယောက်၏ပညာရေးကြောင့်ဟု ဆိုရပါမည်။ သားကြီးက စင်္ကာပူအမျိုးသားတက္ကသိုလ်ကို သည်နှစ်မှာမှစပြီးတက်ရသည်။ အငယ်က O Level ကို သည်နှစ်ဖြေရမည်။ သူတို့ပညာရေးမပြီးသေးဘဲ ပြန်ဘို့ရာမှာမဖြစ်နိုင်သေးပေ။
တနေ့က ကျွန်တော့်ဆိုင်အတွင်းသို့ မြန်မာပြည်မှ နိုင်ငံရေးလှုတ်ရှားတက်ကြွသူလူငယ်တဦးရောက်လာသည်။ အသက်က ၄၀ ကျော် ၅၀ အရွယ် ရွှင်လန်းတက်ကြွနေသောအရွယ်။ စကားပြောတာကလည်း အားအင်အပြည့်။ သူက ကျွန်တော်တို့ကို မသိသော်လည်း ကျွန်တော် တို့က သူ့ကိုသတင်းမီဒီယာတွေမှာ အမြဲတွေ့နေရသည်။ ဗမာပြည်အခြေအနေ ဘယ်လိုလဲမေးတော့ သူ့အမြင်မှာ ဤသို့ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံမှာ ခေတ်ကောင်းမှီလိုက်ပြီး ကျိကျိတက်ချမ်းသာသွားကြသူတွေရှိသည်။ ထိုလူတစုကို အနီးမှလည်းကောင်း၊ အဝေး မှလည်းကောင်း ၀န်းရံ၍ နောက်လူအုပ်စုတစုမှာလည်း ပိုမိုချမ်းသာသွားကြသည်။ ထိုလူတစုသည် အခြေအနေပြောင်းလဲသွားမှာ သူတို့ စည်းစိမ်လေးတွေ ဆုံးရှုံးသွားမှာကို စိုးရိမ်မိကြလေသည်။ ပြည်သူတရပ်လုံးမှာ ဆင်းရဲမွဲတေမှုနှင့် စံနစ်ဆိုး၏ဆိုးမွေကို ခါးစည်းခံရ တုံးပင်ရှိနေသည်။ စိတ်မရှည်သူက စိတ်မရှည်ကြတော့၊ ဒီမိုကရေစီခေတ်ကို ချက်ချင်းသွား၍ ထိုလူတန်းစားကိုတိုက်ဖျက်ချင်နေသူတွေလည်းရှိနေကြပြီ။ ခက်သည်မှာ ထိုချမ်းသာသွားသူ လူတစုလက်ထဲမှာပင် အာဏာနှင့်လုပ်ပိုင်ခွင့်တွေက ရှိနေဆဲဖြစ်သည်။ ထိုလူတွေက အာဏာကို လိုလိုလားလားစွန့်မှသာ စံနစ်ကောင်း၊ စည်းကမ်းကောင်းတွေကို ချမှတ်၍ ရနိုင်ပေမည်။
စံနစ်ပြောင်းလဲရေးကို ချက်ချင်းမဟုတ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ဒီမိုကရေစီခေါင်းဆောင်ကြီးတွေ အလုပ်လုပ်နေကြသည်။ ပြည်သူ အများပါဝင်ကြရမည်၊ တတိုင်းပြည်လုံး အလွှာအသီးသီးပါဝင်ပြီး တက်ညီ လက်ညီ အလုပ်လုပ်ကြလျင် အောင်မြင်နိုင်ပါသည်၊ ခင်ဗျားတို့ လည်းပါရမည်။ ကျွန်တော်တို့လည်းပါရမည။ တိုင်းပြည်မှာ ကာယစွမ်းအား ဉာဏစွမ်းအား တကယ်အလုပ်လုပ်ကြမည့် အင်အားကြီး တရပ်လို နေပါသည် ဟူ၍ ဖြစ်၏။
ကျွန်တော်တို့ မြင်နေရသော ပြည်တော်ပြန်နေကြသူတွေသည် ထိုအင်အားကြီး၏ အစိတ်အပိုင်းတရပ်ပင် ဖြစ်နိုင်ပါသည်။
သို့ပါသော်လည်း ကျွန်တော်အိမ်သို့ပြန်လိုခြင်းမှာ မိမိဇာတိမို့ မွေ့ပျော်ဘွယ်ကောင်းသောအရပ်မို့ ပြန်လိုခြင်းသာဖြစ်သည်။ ခေတ်ပြောင်း တော်လှန်ရေးကြီးတွင်ပါဝင် ဆင်နွှဲရန်ပြန်လိုခြင်းမဟုတ်ပါ။ ကျွန်တော်တို့ မွေးကတည်းက ခေတ်ပြောင်းတော်လှန်ရေး ကြီးဆင်နွှဲနေပြီ ဆိုတာတွေ ကြားခဲ့ရသည်၊ နားရည်ဝခဲ့ကြသည်။ တကယ်ကတော့ အရည်းအချင်းမရှိဘဲ ခေါင်းဆောင်တက်လုပ်ချင်သူတွေနှင့် တိုင်းပြည် ကြီး မကြီးပွားနိုင်ပါ။ ကျွန်တော်တို့မှာ အရွယ်တွေကြီးပါပြီ။ တိုင်းပြည်တွင် ကောင်းမွန်သော လူနေမှုစံနစ်တခုကိုတော့ ဖြစ်စေချင်ပါပြီ။ ခေတ်နှင့်လည်းအမှီ ကမ္ဘာကြီးနှင့်လည်း ရင်ဘောင်တန်းနိုင်သောနိုင်ငံ ဖြစ်စေချင်ပါပြီ၊ အာဏာရှိသော လူတစုက လုပ်ချင်ရာတွေလုပ် နေသောခေတ်ကိုတော့ ပြန်မသွားလိုတော့ပါ။