ဝိသေသ - တစ်ဦးတည်းသောသားကို ပြန်ရွေးဖို့


ဝိသေသ - တစ်ဦးတည်းသောသားကို ပြန်ရွေးဖို့
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၄


ကျွန်ုပ်စာရေးဆရာသည် ၂၉-၃-၂၀၁၃နေ့တွင် ၃၄ ကြိမ်ထိ သွေးလှူဒါန်းခဲ့ပါသည်။ သွေးလှူရာ၌ အလှူခံပုဂ္ဂိုလ်ကို မရွေးပဲ လှူခြင်းနှင့် အလှူခံပုဂ္ဂိုလ်ကို ရွေးပြီးလှူခြင်းဟု ယေဘုယျအားဖြင့် ၂ မျိုးရှိပါသည်။ သွေးအရေးပေါ် လိုအပ်နေသူအတွက် လှူဒါန်းခြင်းမှာ အလှူခံပုဂ္ဂိုလ်ကို ရွေးပြီးလှူဒါန်းခြင်းပင်ဖြစ်၏။

ကျွန်ုပ်သည် အကြိမ် ၂၀ လောက်အထိ အလှူခံပုဂ္ဂိုလ်ကို မရွေးပဲ လှူဒါန်းခဲ့ဖူးပါသည်။ ၁၉၉၃ တွင် တစ်နေ့သ၌ ကျွန်ုပ်၏မိတ်ဆွေ ချင်းဗုဒ္ဓဘာသာဝင် ကိုထန်းငါးသည် ကင်ဆာတစ်မျိုး ခံစားရပြီး၊ သွေးများ အရေးပေါ်လိုအပ်လျက်ရှိရာ ကျွန်ုပ်လဲ လှူဒါန်း၏။ အောင်မင်္ဂလာစာသင်တိုက်မှ သံဃာများ သွားရောက်လှူဒါန်းနိုင်ရန်လည်း စီစဉ်ပေးခဲ့ပါသည်။ လိုအပ်သူကို တိုက်ရိုက်လှူရသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ဖွယ်ပင်ဟု ဆိုထိုက်ပါသည်။ သို့သော် ပုံမှန်အတိုင်း အလှူခံပုဂ္ဂိုလ်မခွဲခြားပဲ လှူခဲ့စဉ်က လွယ်ကူလျှင်မြန်ခဲ့သော်လည်း ယခုလှူရာတွင်မူ ကြန့်ကြာနှေးကွေးမှုများ၊ ကျန်းမာရေးဝန်ထမ်းများ၏ ငြူစူမှုများ၊ အလိုမကျဟန်များ၊ စိတ်တိုနေမှုများကို လယ်ပြင်မှာ ဆင်သွားသကဲ့သို့ တွေ့မြင်ကြုံတွေ့ရရာ ကျွန်ုပ်အဖို့ ထူးထွေတည့်အံ့ရာသော်ဟု မြည်တမ်းခဲ့မိပါသည်။ သွေးလှူတာချင်း တူနေပါလျက် ဘာကြောင့် သို့ဂလိုဖြစ်ပါလိမ့်ဟု စဉ်းစားရခက်နေ၏။

သွေးများကို သွေးအိတ်ဖြင့် သိုလှောင်ကာ၊ သွေးများ ပျက်စီးမသွားစေရန် ထိန်းသိမ်းရသည်ဟု ဆို၏။ သွေးကို စစ်ဆေး၍ HIV, B, C ပိုးများရှိ၊ မရှိ ထုတ်ပြန်ပေးရသည်ဆို၏။ သွေးထဲ၌ ပါသော ဟေမိုဂလိုဘင်များလဲ အရေးကြီးသည်ဟု ဆို၏။ သွေးအိတ်မှာ နိုင်ငံခြားမှ မှာယူတင်သွင်းရပြီး၊ ဈေးကြီးသည်ဟု ဆို၏။ ထို့ကြောင့် သွေးရယူသူ လူနာက သွေးစစ်ခ၊ သွေးအိတ်ဖိုး၊ သွေးထိန်းသိမ်းခ၊ ဘာခ ညာခ များကို ပေးလှူပါဟု ဆိုပြီး ငွေကြေးပမာဏတစ်ခုကို တောင်း၏။ သွေးလှူရှင်က ၁ ပြား ၁ ချပ်မှ မယူပဲ စေတနာဖြင့် လှူပါလျက် လူနာရှင်က ငွေထပ်ကုန်နေသေး၏။ ကျွန်ုပ်သည် ထိုကိစ္စကို သဘောမပေါက်သဖြင့်၊ ခင်မင်သူ ဆရာဝန်တစ်ဦးအား မေးမြန်းရာ သွေးစစ်ခ၊ သွေးအိတ်ဖိုး၊ ထိန်းသိမ်းခများ အမှန်တကယ်ကုန်ကျခြင်း ရှိပါကြောင်း၊ ကျန်းမာရေးဘတ်ဂျက်မရှိသဖြင့် အဆင်ပြေသလို စခန်းသွားနေကြကြောင်း ရှင်းပြ၏။

‘ဟိုခ ဒီခ ကောက်တာတော့ ဟုတ်ပါပြီ။ အလှူခံမရွေးပဲ လှူတာနဲ့ အလှူခံ ရွေးပြီးလှူတာမှာ ဆက်ဆံရေးက ဘာလို့ ကွာတာလဲ၊ လွယ်ကူမြန်ဆန်မှု ဘာလို့ ကွာတာလဲ’ ဟု ကျွန်ုပ်ကလဲ အားမနာ လျှာမကျိုး မေး၏။

 ‘ညီလေးလဲ ၀န်ထမ်းလုပ်ခဲ့ဖူးတာပဲ၊ ၀န်ထမ်းတွေ လစာမလောက်တာ၊ အခက်အခဲဖြစ်တာကို အဆင်ပြေသလို ဖြေရှင်းကြရဟန်တူပါတယ်။ အချို့က သင့်တင့်အောင် ဖြေရှင်းကြပေမဲ့၊ အချို့က ဂွင်ပဲဟု တရားလွန် လုပ်နေကြဟန်တူပါတယ်။’ ဟု ဖုံးဖုံးဖိဖိ ပြော၏။ မှန်သင့်သလောက် မှန်ပေလိမ့်မည်။

၂၀၀၈ လောက်တွင် ဖြစ်သည်။

တောမှလာ၍ ဆေးကုသော လူနာတစ်ဦး သွေးလိုနေ၏။ ကျွန်ုပ်သွေးမှာ အမျိုးအစားမတူသဖြင့် လှူလို့မရဘူးဟု ဆိုသည်။ ဆေးရုံမှာလဲ သွေးမလောက်ဘူးဟု ဆိုသည်။ မြန်မာနိုင်ငံတွင် သွေးအလှူရှင်များစွာသည် ပြောစမှတ်ဖြစ်လောက်အောင် လှူနေကြပါလျက် တကယ်လိုသောလူအတွက် သွေးမရှိပါဟု ဆိုနေရာ ကျွန်ုပ်ဒေါသထွက်ချေပြီ။ ထို့ကြောင့် သွေးလှူဘဏ်သို့ သွား၍ အကျိုးအကြောင်း မေးမြန်းရာ၊ နေ့စဉ် ဆေးရုံတိုင်းက သွေးလိုအပ်ချက်အရ တောင်းခံမှုများစွာ ရှိနေကြောင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံသို့လဲ အတိုင်းအတာတစ်ခုအထိ ပေးရကြောင်း လှူသူတွေထက် လိုအပ်သူက ပိုများကြောင်း ရှင်းပြ၏။ ဟုတ်ချင်လဲ ဟုတ်ပေလိမ့်မည်ဟု တွေးကာ ကျွန်ုပ် ပြန်လာခဲ့လေသည်။ ဟုတ်ချင်မှလဲ ဟုတ်မှာပဲဟုလဲ ထပ်တွေး၏။ ( စာရေးဆရာဆိုတော့ တွေးရတာပဲ။ )

၂၀၀၇ လောက်တွင် ကျွန်ုပ်သည် သွေးလှူနိုင်သော ဆေးရုံတစ်ရုံသို့ သွေးလှူရန် သွား၏။ လှည်းကူးမှ လာသော ကလေးငယ်တစ်ဦးအတွက် သွေးလာလှူသူမှာ သွေးအားမပြည့်ဟု ဆို၍ လှူခွင့်မရပေ။ သွေးလိုသူ၏ သွေးနှင့် ကျွန်ုပ်၏ သွေးမှာ အမျိုးအစားတူသဖြင့် ကျွန်ုပ်က လှူ၏။ အလှူခံပုဂ္ဂိုလ်မရွေးပဲ လှူရန်လာခဲ့သော်လည်း၊ အလှူခံပုဂ္ဂိုလ်တွေ့သွားတာပေါ့။ လှူပြီးသောအခါ ကလေး၏ဖခင်က နွားနို့တိုက်ပါရစေဟု ဆိုကာ ဆိုင်တွင် ကျွန်ုပ်အား စာအိတ်ပေးပါသည်။ သွေးလှူပေးလို့ ကျေးဇူးတုံ့ပြန်တာပါဟု ဆို၏။ ကျွန်ုပ်က ငွေပြန်ပေးရာ၊ ကလေးဖခင်က အတင်းပဲ ငြင်းနေ၏။ ကျွန်ုပ်လဲ ၁၀ မိနစ်ခန့် ထွေရာလေးပါး ပြောဆိုနေသေး၏။ ထို့နောက် ဤသို့ဆို၏။

‘ကဲ…ခင်ဗျား ကျေးဇူးတုံ့ပြန်တာကို ကျုပ်လက်ခံပါတယ်။ ဒီငွေတွေဟာ ကျုပ်ငွေ ဖြစ်သွားပြီ။ ဟုတ်တယ်နော်။’

‘ဟုတ်ပါတယ်။’

‘ကျုပ်ပိုင်ငွေကို ကျုပ်စီမံတာ ခင်ဗျား လက်ခံရလိမ့်မယ်။ ခင်ဗျားကလေးရဲ့ ကျန်းမာရေး၊ ပညာရေးအတွက် ကျုပ်ပြန်လှူပါတယ်။ ကျုပ်ကို ကျေးဇူးတင်ရင် အခြားလိုအပ်သူတွေကို နိုင်သလောက် ကူညီပါ။ ဒါဆို ရပါပြီ။’

ထို့သို့ပြောမှ သူက ယူပါသည်။ တီးခေါက်စုံစမ်းကြည့်ရာ၊ သွေးအရောင်းအ၀ယ်လဲ ရှိနေခဲ့ကြောင်း သိရ၏။ ရောင်းသူ ၀ယ်သူ အသံတူနေဟန် တူပါသည်။

၂၀၁၄ သြဂုတ်လကုန်ပိုင်းလောက်ကပေါ့။ အရိုးကင်ဆာဖြင့် ပုဂ္ဂလိကဆေးရုံ၌ ဆေးကုသခံနေရသူ စာရေးဆရာ အယ်ဒီတာ ကို…..မှာ သွေးလိုအပ်နေကြောင်း ကျွန်ုပ် ကြားသိရသည်။ သူသည် အစ္စလာမ်ဘာသာဝင် ဖြစ်၍၊ ကျွန်ုပ်နှင့် ခင်မင်ရင်းနှီးကြပါသည်။ မသိသူကိုပင် လှူသေး၏။ သိသူဆိုတော့ ကျွန်ုပ်က သိပ်လှူချင်တာပေါ့။ ကျွန်ုပ်နှင့် သံဃာ ၄ ပါးခန့် သွေးလှူရန် ပြင်ဆင်နေကြသည်။ ဆရာ့ဇနီးကလဲ ၀မ်းသာနေရှာပါသည်။ သို့သော် နောက်နေ့တွင် ဆရာ့ဇနီးက ဤသို့ ဆို၏။

‘ဆရာတို့ သွေးလှူချင်ရင် သွေးလှူဘဏ်မှာပဲ သွားလှူရမယ်တဲ့။ လူနာရှင်ဖက်ကလဲ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ အတူ သွေးလှူဘဏ်ကို လိုက်ပေးရမယ်တဲ့။ သွေးစစ်ခ၊ သွေးအိတ်ခ၊ ဟိုအခ ဒီအခလည်းပေးရမယ်တဲ့။ ကျွန်မတို့လည်း ကိုယ့်အပူနဲ့ကိုယ် မအားလပ်လို့ မလိုက်နိုင်ပါဘူး။ သွေးတစ်အိတ်ကို ၄ သောင်းကျပ်နဲ့ ရတယ်တဲ့။ လှူရင်လည်း ၁ အိတ်စာကို ၄ သောင်းနီးပါး ကုန်မှာတဲ့။ ကျွန်မရော ဆရာတို့ပါ အလုပ်ရှုပ်ပေမဲ့ ဘာမှ မထူးပါဘူး။ အဲဒါကြောင့် ၀ယ်ပြီးတော့ပဲ သုံးလိုက်ပါတော့မယ်။ သွေးလှူတာ လက်မခံလို့ တောင်းပန်ပါတယ်နော်။’

ဆရာကတော် ပြောတဲ့အထဲမှာ သွေးလှူရှင်တွေအတွက် ကြိုပို့ Taxi ခနှင့် အာဟာရဖိုး မပါသေး။

ကဲ…ကျွန်ုပ်က ဒါတွေ လျှောက်ရေးနေတော့ သင်တို့တွေ သွေးလှူချင်စိတ် ကင်းမဲ့သွားပြီလား။ ထို့သို့ မဖြစ်သင့်။

ဘာတွေပဲ ဖြစ်နေနေ၊ ဘယ်သူတွေကပဲ အမြတ်ထုတ်နေနေ၊ စီမံအုပ်ချုပ်သူတွေ ဘယ်လောက်ပဲ ညံ့နေနေ၊ သင် ဒါတွေ စဉ်းစားလျှင် လှူဖြစ်တော့မှာ မဟုတ်။ သင်၏ တစ်ဦးတည်းသောသားကို မသမာသူတို့က ပြန်ပေးဆွဲထားသည်ဆိုပါစို့။ သင်က ပေးနိုင်သလောက်ပေးပြီး ရွေးမှာပါပဲ။ အလားတူစွာပင် သင်လှူလိုက်သော သွေးကြောင့် တစ်စုံတစ်ဦး ရောဂါပျောက်ကင်းသွားမည်၊ သို့မဟုတ် လူ့သက်တမ်း နည်းနည်းရှည်သွားမည်ဆိုလျှင် ကျေနပ်ဖို့ ကောင်းပါပြီ။ မသမာသူတွေကို ဖယ်ရှားဖို့ ဆိုတာလဲ လုပ်ရမှာပဲ။ သို့သော် အညှာကို သိဖို့တော့ လိုပါသည်။ မေတ္တာသုတ်တွင် သတ္တ၀ါများကို တစ်ဦးတည်းသော သားကို ချစ်သလို ချစ်ဖို့ ဗုဒ္ဓက ဟောထားပါ၏။