ဖိုးစီ (ရုံးတော) - ကုလားရှဖီး၊ ဘုန်းကြီးတူမ နဲ့ ကျနော်ကြုံခဲ့ ဖူးသော လုပ်ကြံပွဲများ


ဖိုးစီ (ရုံးတော) - ကုလားရှဖီး၊ ဘုန်းကြီးတူမ နဲ့ ကျနော်ကြုံခဲ့ ဖူးသော လုပ်ကြံပွဲများ
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၄

၂၀၀၀ ခုနှစ်များဆီက ဖြစ်သည်။ ကျနော် ပြည်အရှေ့ဘက် ပေါက်ခေါင်းလမ်းဘေး က ပြည်နည်းပညာတက္ကသိုလ် (so-called ပေါ့ဗျာ) ကိုရောက်နေခဲ့သည်။  စက်မှုတက္ကသိုလ်များကို အစိတ်စိတ်အမွှာမွှာ ခွဲခြမ်း ဖြတ်တောက်ပြီး တောထုတ် သုတ်သင်ရေး စီမံချက်ထဲက တခုသော အကျိုးဆက်ပင်။

ကျောင်းသားတွေ တောထဲ လွှတ်တော့ နဂိုကတည်းက ကျောင်းသားထုအတွင်း မြှုပ်နှံထားသည့် သတင်းပေးများလည်း ခွေးအိပ်ကျင်းပြောင်းရာ ခွေးလှေးတွေ ရောပါသလို ပါလာပြန်သည်။  ကျနော် ကြို့ကုန်းကျောင်း ဒုတိယနှစ်ကတည်းက Roll No ကပ်ရက် ကျောင်းသားကို MI ဟု အများစုကသိထားကြသည်။  သူ့ ကျောင်းသားကဒ်ပေါ်က လိပ်စာ က ဟင်္သာတ မြို့နယ် မ၀တ ရုံးဟု အကြမ်းဖျင်းရေးထားသည်။  သူလည်း ပြည်ကျောင်းသို့ ရောယောင် စေလွှတ်ခြင်းခံခဲ့ရပုံရှိသည်။  ပုဂ္ဂိုလ်ရေးအရ ကျနော် သူ့ကို ခင်မင်သော်လည်း ရပ်တည်ချက်က ချေးထက် ရွံစရာ ကောင်းလှ သဖြင့် ခပ်တန်းတန်းသာ ဆက်ဆံခဲ့သည်။

တနေ့ သူကျနော့်ကို သတင်းတခုလာပေး (အမှန်တော့ လာအစ်တာဖြစ်နိုင်) သည် ။

"ဟေ့ရောင် ၊ ပြည်မြို့ပေါ်မှာတော့ ဘုန်းကြီးတွေနဲ့ ကုလားတွေ ချကြတော့မယ် ။"
" ဘာဖြစ်လို့လဲ "
"ဘုန်းကြီး တူမ တစ်ယောက်ကို ကုလားက ခိုးပြေးတာဆိုလား ..၊ rape လုပ်တာဆိုလား "
''ဟေ...." ကျနော့်မှာ အာမေဋိတ်သံကလေးသာပေးနိုင်၍ ကိုရွှေကုလားတို့ အတွက် ရင်လေးသွားမိသည်။

"ဟေ့ရောင် ..အဲ့ကုလား နံမယ်က ရှဖီး မဟုတ်လား  ..'' ကျနော် လွှတ်ကနဲ မေးလိုက်မိတော့ သူ့မျက်လုံးအစုံက မှေးစင်းသွားကာ ကျနော့်ကို သတိကပ်ကြည့်နေသဖြင့် ဆက်ပြီးမပြောတော့ဘဲ စကားကို ပြောင်းလိုက်ရသည် ။ မကြာပါ ။ ၂ ရက်ခန့် အကြာတွင် ပြည် ဘူတာ နားက ကုလားပိုင် ဟော်တယ် နှင့် ဆိုင်ခန်း အချို့ ညဘက်ကြီး အဖျက်ခံရသည်။  ခံရပုံကလည်း သင်းလွန်းသည်။

သင်္ကန်းအ၀ါဝတ် ပုဂ္ဂိုလ်များ မြေသယ်သည့် ကားကြီးများ နှင့်ပေါက်ချလာပြီး အားရအောင် ရိုက်ခွဲဖျက်ဆီးကာ ကားကြီးတွေပေါ် ပြန်တက် ပျောက်ကွယ်သွားကြသည် ။ ဘယ်ဆီ ဘယ်ဝယ်မသိ ...။

နောက်ရက်များကျတော့ ပြည်မြို့ပေါ် စာသင်တိုက်များမှ ရဟန်းငယ် စာသင်သားများကို ရပ်ရွာတည်ငြိမ်ရေး အကြောင်းပြချက်ဖြင့် ထွေအုပ်နှင့် သာသနာရေးဦးစီးမှ ၀ါတွင်းကြီး ၀ါချိုးကာ နယ်တွေ ပြန်ခိုင်းတော့သည်။

အမယ်မင်း .. လုပ်ပုံကလေး သင်းဘူးလားဗျာ..။  မသိရင် ကုလားတွေ အမြင်မှာ ဒီဦးဇင်းတွေပဲ ထွက်ရိုက်တာလိုလို ..။

အထက်နားတွင် ဆိုခဲ့သည့် ဘုန်းကြီးတူမ အား rape လုပ်သည်ဆိုသော ကုလား ရှဖီးကို ကျနော် ကောင်းကောင်းသိထားခဲ့သည်။  သိဆို ၁၉၉၇ မန္တလေး၊ ကျောက်ဆည် တ၀ိုက် ဗလီများ ဖျက်စဉ်က ကျနော်က မန္တလေး တောင်ထီးလင်း တိုက်ထဲမှာ။  ဦးဇင်းတွေကြား ဖြန့်ဝေခဲ့သော ကောလာဟလ ကတော့ ရှဖီး ဆိုသော ကုလားသည် ဘုန်းကြီးတူမအား မုဒိမ်းကျင့်လို့တဲ့ ။

ဇာတ်လမ်းက ဇာတ်ချက်နာလှသည့် တောပြဇာတ် တပုဒ်နှယ်ပင်။

စစ်အာဏာရှင် စနစ်၏ ဆိုးညစ် ယုတ်မာမှု အတွင်းမှ ငိုရမှန်းမသိ ၊ ရီရမှန်းမသိ အဖြစ်ကတော့ ဘုန်းကြီး တူမဆိုသော ဇာတ်လိုက် မင်းသမီးချောကို မမြင်ဖူးရှာသည့် ကုလားရှဖီး သည်ကား ထောင်အတွင်းဝယ် ဗလီဖျက်သည် ဟုစွပ်စွဲခံရသော ဦးဇင်းများနှင့် သူငယ်ချင်း ဖြစ်ခဲ့လေသည် တမုံ့။

နောက်တကြိမ်က မကွေး ပြည်တော်သာ လမ်းပေါ်မှ ကုလား ဦးတင်ဦး ၏ ကုန်စုံဆိုင် ဖျက်ပွဲ။  ကျနော် မကြုံခဲ့ရပေသည့် အဆိုပါ ဦးတင်ဦး ဆိုင်ဘေး ကပ်ရက်တွင် ကျနော့ အချစ်ဆုံးသူငယ်ချင်း ၂ ယောက်နေလေသည်။  ညကြီး ၁၁ နာရီခန့်ဝယ် မြေသယ်ကားကြီးများဖြင့် သင်္ကန်းအ၀ါဝတ် ပုဂ္ဂိုလ်များ ငှက်ကြီးတောင်ဓားကြီးများ ကိုင်ဆောင် ရောက်ရှိလာပြီး ဆိုင်ကို ရိုက်ခွဲဖျက်ဆီးလိုက်ကြတာကို အိမ်နီးပါးချင်းတွေ ငုတ်တုတ်ထိုင်ကြည့်နေခဲ့ရပါသတဲ့။

မကွေးမြို့ စာသင်တိုက်ကြီးများက အဆိုပါ ဆိုင်၏ အနောက်ဘက်တွင်သာရှိသော်လည်း မြေသယ်ကားကြီးများကတော့  အရှေ့အရပ်မှ လာခဲ့ပြီး အရှေ့အရပ်ဆီသို့ ပင်ပြန်တက်သွားကြတာကို ကိုယ်တိုင်မြင်ခဲ့ကြရပါသတဲ့ဗျာ။

နောက်တလခန့်အကြာ ကျနော့်ရွာက ဦးဇင်းတပါး ကသူကြားလာခဲ့သော ဦးတင်ဦး ဆိုင်ဖျက်ရခြင်း သတင်းကို ပြောဆိုနေရာ ဇာတ်လမ်း၏ လက်သည်မှာ ကုလား ရှဖီး ပင်ဖြစ်နေကြောင်း အံ့စဖွယ် ကြားရပြန်တော့သည်။  မန္တလေး ရှဖီးက ထောင်ထဲ ရောက်နေပြီ ဖြစ်ရာ မကွေး ရှဖီးက ၀င်ရောက် သရုပ်ဆောင်ပြီး နောက် ၃ နှစ်အကြာမှာတော့ ထောင်ကလွတ်လာသည်ထင့် ၊ ပြည်မြို့၌ ကပြ အသုံးတော်ခံလေသည်။

ဆယ်စုနှစ် တခုကြာမြင့်၍ လူမှုဆက်သွယ်ရေး စနစ်ပုံစံများ ပြောင်းလဲသွားပြီးသော ယနေ့ အခါတွင်ကား မသူတော်တို့ အတွက် ယုတ်ပတ်ချက် ကမ်းကုန်နိုင်အောင် ဘုန်းကြီးတူမနှင့် ကုလားရှဖီးတို့ မလိုအပ်တော့ပြီ။  ညဘက် လူမမြင်၊ သူမမြင် မှာ မြေသယ်ကားကြီးတွေလည်း မလိုတော့ပါ။

အနေအထိုင် အပြောအဆိုမတတ်သည့် ကိုရွှေကုလားအချို့ နှင့် စဉ်းစားချင့်ချိန် ဉာဏ်ရေချိန် နည်းလှသော မျက်ကန်းမျိုးချစ်တို့အား ကီးဘုတ် တချက်ခေါက်ရုံနှင့် ကယ်တင်ရှင်ကြီးပင် ဖြစ်နိုင်သေးကြောင်း သူယုတ်ကြီးများ ကောင်းကောင်း သဘောပေါက်ခဲ့ကြပြီ။

ပေါက်သည့်အတိုင်းလည်း မြောက်အောင်ဆောင်ခဲ့ကြပြီ ။

လတ်တလော အရေးအခင်းများ၌ နောက်ကွယ်က လက်မည်းကြီးများအား အပြစ်တင်ရန်ရှိသည်ကို ရာခိုင်နှုန်းပြည့် သဘောတူပါသည်။  သို့ရာတွင် ရှူးမတိုက်ခင် ကိုက်ချင်ချင် ဖြစ်လာအောင် ကျနော်တို့လူတွေ ဆင်ခြင်ဉာဏ် နည်းခဲ့ကြပြီလား ..။

ပြန်လည်ဆန်းစစ်ဖို့ သိသလောက် ဖောက်သည် ချလိုက်ရပါသည်။      ။

ဖိုးစီ (ရုံးတော)


(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင်လည်း ကြိုးကြား စာများ ရေးသားနေသူ ဖြစ်သည်။)