ဆောင်းလူ - နိုင်ငံသား ....

Photo: နိုင်ငံသား ....
ဆောင်းလူ
စက်တင်ဘာ ၂၊ ၂၀၁၄
======

အများမိုးခါးရည်မှာ ...
ဆယ်စုနှစ် တခုကျော် သစ္စာတရားအောက်မှာတောင် ...
အသိအမှတ် မပြုခံရဘူး ...။ 

၅၁ သန်းသောပြည်သူတွေမှာ ငါတို့ မပါတော့ဘူး ...။ ၀မ်းနည်းစရာကောင်းတာက အခက်အလက်တွေ သင်းသတ်ခံခဲ့ရတာပဲ ...။ ဘုရားတွေ အားလုံး ထီးထီးချည်းဖြစ်နေချိန် ... ငြမ်းဖြစ်ခဲ့ဘူးတဲ့ ငါတို့ခဗျာရဲ့ အိတ်ထောင်ထဲမှာ နီကျင့်ကျင့် နိုင်ငံသား သင်္ကေတတခုခမျာ .. ငိုက်လို့ မျည်းလို့ ...။ 

အဖေသူပုန် .. သားခိုလှုံခေတ်ကြီးကို ငါတို့ ကြုံခဲ့ဖူးတယ် ....။ 
အမေသူပုန် သမီးခိုလှုံခေတ်ကြီးကို ငါတို့ ဖြတ်ခဲ့ဖူးတယ် ...။ 
လူအသောင်းသောင်း သွေးအလိမ်းလိမ်းကျံနေတဲ့လမ်းပေါ်လျှောက်ရင်း နိုင်ငံသားသင်္ကေတတွေ ပွားများကုန်တယ်။ သေစာရင်းသွင်း ခံလိုက်ရတဲ့ ၀ိညာဉ်တွေက ဆက်အကျဉ်းကျနေတယ် ...။ ကျနေဆဲလည်း ဖြစ်တယ်။ 

ပတ်သက်ရာ ဆက်နွယ်မှုတွေကြောင့်.. အနုပညာကို သင်းသတ်ခံခဲ့ရလို့ အုပ်စိုးသူတွေကို ငြိုငြင်ခဲ့သလို .... အဖေက သူ့အရိပ်နဲ့မိုးတဲ့ အခက်အလက်အောက်က ရုန်းထွက်ခဲ့သွားလို့ ... ငြိုငြင်ခံခဲ့ရတယ် ...။ အဖေသူပုန် ... သားခိုလှုံခေတ်မှာ  လိပ်ပြာကို အလိုလိုက်မိခဲ့လို့ မိဘအငြိုအငြင်ကို စိတ်လိုလက်ရခံခဲ့တယ် ...။ စကားဟက်ဟက်ပက်ပက် ပြောဖို့ ငြင်းဆန်သွားတယ် ...။  အိုကြီး အိုစာ ... မစို့ မပို့ ... မူးပို့ မတ်ပို့လေး ပို့မိရင်တောင် .. အငြင်းခံရမတတ် .. ပြန်အမေးခံရတတ်တဲ့ဘ၀ ...။ 

ခုတော့လည်း ဘ၀ဟာ .. ဟက်ဟက်ပက်ပက် .. 
မနေ့ညက ၀ိုင်တွေ လိုတာထက် ပိုခါးနေတာပဲ သိတော့တယ် ...။ လူကြီးမင်းခေါ်ဆိုသော ဖုန်း ... ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတာပဲ အဖတ်တင်တယ် ..။

သေစာရင်းသွင်းခံလိုက်ရတဲ့ ၀ိညာဉ်တွေလည်း ဆက်အကျဉ်းကျနေတယ် ...။ ကျနေဆဲဖြစ်တယ် ...။ ကျနေဦးမှာလည်း ဖြစ်တယ် ...။ သူတို့ယုံကြည်ရာတွေခမျာ .. ခုတော့ လမ်းခုလတ်မှာ လမ်းလွဲလိုက်ကုန်တယ် ...။ 

ဒီမနက် မိုးခါးရည် သောက်မသောက် ...ပြန်ဆန်းစစ်နေရတယ် .... ဒါပေမယ့်
ဆယ်စုနှစ်တခုကျော်အရောက်မှာ ... ငါနိုင်ငံသား မဟုတ်တော့တာ ငါသိလိုက်ရတယ် ...။ 

(ဒီမနက် ထုတ်ကြည့်မိတဲ့ ကိုယ်ပိုင်င်ငံသားသင်္ကေတ - ဓာတ်ပုံ အောင်ထက်)

စက်တင်ဘာ ၂၊ ၂၀၁၄ (၂း ၄၂) နေ့ခင်းချိန် 