အရှင်ကုသလသာမိ (အတည်မဲ့) - တိုင်းပြည်ကောင်းစားစေလိုလျှင် နှလုံးသည်းပွတ်ကို ဂရုစိုက်ပါ
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၄
(၁)
သာသနာရေးဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ ဆောင်းပါးအကြောင်း ပြောဆိုသံလေးတွေ ကြားနေရတယ်။ ၂ဝ၁ဝ ဝန်းကျင် အသွင်ကူးပြောင်းလာကတည်းက ပြောလာကြတာလေးတွေ ရှိတယ်။ ဗုဒ္ဓဘာသာကို ပခုံးချင်းလိုက်ယှဉ်ချင်နေတဲ့ အခြားဘာသာများက မြင်လာကြ၊ ပြောလာကြတာတွေ ရှိသလို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရှုထောင့်ကနေ ပြောလာကြတာတွေလည်း ရှိတယ်။ သာသနာရေးဝန်ကြီးဌာနဟာ ဗုဒ္ဓဘာသာကိုပဲ ထောက်ပံ့လို့ တရားမျှတမှု မရှိဘူး။ မရှိသင့်ဘူး။ ရှိမယ်ဆိုရင်လည်း ဘာသာအားလုံးကို တပြေးညီ ထောက်ပံ့ပေးရမယ်လို့လည်း အသံတွေက တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်ဖုံ၊ တဲ့တိုးတစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ထွက်လာကြတယ်။ ဒီမိုကရေစီကို အကြောင်းပြပြီး နွားထီးငါးကျပ်၊ နွားမငါးကျပ် တန်းညှိလိုကြတယ်။
(၂)
တဖြည်းဖြည်းချင်း သမိုင်းတစ်ခေတ်ဆီကို ရွေ့လာနေတဲ့ တိုင်းပြည်ရဲ့အရွေ့ကို ထိခိုက်မှာစိုးတဲ့အတွက် ဘာမှ မပြောဘဲ နေခဲ့တယ်။ ကောင်းစေချင်လို့ ပြောကြတယ်ဆိုကြသော်လည်း တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် ရန်သူအသွင်ဆောင်လာပြီး တိုင်းပြည်ရဲ့အရေးကြီးတဲ့လုပ်ငန်းတွေကိုပါ ထိခိုက်လာရတဲ့အနေအထားတွေ ဖြစ်လာတယ်။ သံဃာတော်များနဲ့ဒီမိုကရေစီတိုက်ပွဲဟာ အရင်က တစ်လှေတည်းရှိနေရာကနေ အသွင်ကူးပြောင်းကာလရောက်မှ ပြဒါးတစ်လမ်း၊ သံတစ်လမ်းအသွင် မြင်ကွင်းဖြစ်လာရတယ်။ နည်းနည်းလေး စိတ်ရှည်ကြရင် အရင်လို တစ်လှေတည်းမှာ ရှိနေသေးကြောင်း မြင်ရမယ်လို့ ယုံကြည်ပါတယ်။ အခုဟာက နှစ်ဖက်စလုံး စိတ်တွေက ကြွပ်ဆတ်လာနေခဲ့တယ်လို့ မြင်တယ်။
ဥပမာ သံဃာတစ်ပါးက အမျိုးစောင့်ဥပဒေအကြောင်း ပြောမယ်။ သူ့လွတ်လပ်ခွင့်အရ၊ သူ့ဘောင်အရ ပြောပါစေပေါ့၊ ဟောပါစေပေါ့။ အခုတော့ အဲဒီသံဃာကပဲ ဘုန်းကြီးမဟုတ်တော့သလို၊ လောကကြီးအကြောင်း ဘာမှ မသိသလို ဝေဖန်ပြောဆိုကြတယ်။ အချို့ဆို ဆဲဆိုပုတ်ခတ်တဲ့အထိ ဝေဖန်ကဲ့ရဲ့ကြတယ်။ အခြားတစ်ဖက်မှာလည်း အမျိုးစောင့်ဥပဒေ မရှိသင့်ဘူးလို့ ဟောပြောမယ်။ သူ့လွတ်လပ်ခွင့်အရ၊ သူ့ယုံကြည်ချက်အရ၊ သူ့တွေ့ရှိချက်အရ ပြောပါစေပေါ့၊ ဟောပါစေပေါ့။ သံဃာတော်တွေဟာ ဘယ်သောအခါမှ ပြည်သူ့အကျိုးစီးပွား ထိခိုက်နစ်နာရေးဆိုတဲ့ ရည်ရွယ်ချက်မျိုး သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။ အာဏာရှင်စနစ်ကို တွန်းလှန်ရာမှာ သံဃာထုဟာ ကိုယ်ကျိုးစီးပွား၊ အာဏာတစ်စုံတစ်ရာ ငဲ့ကွက်မှုမရှိဘဲ ထုနဲ့ထည်နဲ့ ခိုင်မာတဲ့ အင်အားစုကြီးအဖြစ် တည်ရှိလာခဲ့တာပါ။
ဒါက တစ်ခုကိုပဲ နမူနာပြောတာပါ။ ကျန်တဲ့ အယူအဆတွေကို ဟောပြောရာမှာလည်း တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် သည်းခံခြင်းတရားတွေက ပျောက်ဆုံးနေတယ်လို့ မြင်တယ်။ တကယ်တော့ ကိုယ်ယုံကြည်ရာကို ဟောပြောလို့ ပြဿနာတွေ၊ ပဋိပက္ခတွေ ဖြစ်ရတာထက် အဲဒီယုံကြည်ချက်ကို ထိပါးပုတ်ခတ်ကြလို့ ပြဿနာတွေ၊ အဖုအထစ်တွေဖြစ်လာရတာက များပါတယ်။
(၃)
စာရေးသူ ကိုယ်တွေ့ကြုံရတဲ့ လူငယ်အဖွဲ့လေးတစ်ခုအကြောင်း ပြောချင်တယ်။ ဒီလူငယ်လေးတွေက သူတို့ဒေသမှာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ချစ်ကြတဲ့လူငယ်လေးတွေ။ အန်လ်ဒီပါတီရဲ့အမာခံလေးတွေ။ တစ်နေ့ သူတို့ဆီကို စီနီယာကြီးတစ်ယောက် ရောက်လာတယ်။ ရောက်တတ်ရာရာစကားပြောရင်း လူငယ်လေးတွေက သူတို့ အခု အမျိုးဘာသာသာသနာစောင့်ရှောက်ရေး လုပ်ငန်းတွေလည်း ပါဝင်ကူညီလုပ်ကိုင်နေရကြောင်း ပြောပြတော့ အဲဒီ စီနီယာက ဘယ်လို ပြောတယ် မှတ်သလဲ။ “အလကား မင်းတို့ သူများ မြှောက်ပေးတိုင်း လျှောက်လုပ်မနေနဲ့၊ ……….”လို့ ပြောလိုက်တယ်။
လူငယ်လေးတွေလည်း တစ်ခါတည်း စိတ်ဆိုးဒေါသထွက်ကုန်ကြတယ်။ ဒါက နေရာလေးတစ်နေရာက အဖြစ်အပျက်ကို မီးမောင်းထိုးပြတာ။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့လည်း ဒီလိုပဲ ဖြစ်ကုန်ကြတယ်လို့ မြင်တယ်။ တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဦးအယူအဆတစ်ဦး နားလည်မှု၊ သည်းခံမှုတွေ ပျောက်ဆုံးကုန်ကြတယ်။
(၄)
နားလည်မှုမပေးခြင်း၊ သည်းခံမှုတွေ ပျောက်ဆုံးကုန်ခြင်း၊ ငါ့ရပ်တည်ချက်ကမှ တိုင်းပြည်အတွက် ကောင်းတာဟု ယူဆပြီး တစ်ပါးသူ ရပ်တည်ချက်ကို ထိပါးပုတ်ခတ်စော်ကားခြင်း၊ အရွဲ့တိုက်ခြင်း၊ ဆဲရေးပြစ်တင်ခြင်း စတာတွေရဲ့ ရလဒ်ကတော့ “အင်အားနည်းသွားခြင်း”ပါပဲ။
နှုတ်မစောင့်စည်းမှု၊ အရေးအသားမစောင့်စည်းမှုတွေကြောင့် ဆင်းရဲစုတ်ပြတ်ပြီး အရာရာ အားငယ်နေရတဲ့ ပညာရည်မပြည့်ဝ၊ အခြေခံအသုံးအဆောင်ပစ္စည်း မလုံလောက်ကြရှာတဲ့ အဘက်ဘက်က အားငယ်နေရတဲ့ ပြည်သူတွေဟာ ဘယ်နေရာက ထောက်တည်ရာလဲဆိုတာကို ဝေခွဲမရနိုင်ဖြစ်ကုန်တော့တာပဲ။
(၅)
တိုင်းပြည်ကို အကောင်းဘက်ရောက်စေချင်တယ်၊ တိုးတက်စေချင်တယ်၊ ထွန်းကားစေချင်တယ်ဆိုရင် နိုင်ငံကြီးတွေမှာ အာဏာရ ရွေးကောက်ခံပါတီတွေရဲ့ ရပ်တည်ချက်ကို သေသေချာချာ လေ့လာသင့်တယ်။ သူတို့ဟာ (အာဏာရပြီးမှ ဥပဒေနဲ့အညီ အကောင်အထည် ဖော်ချင်ဖော်မယ်) သူတို့တိုင်းပြည်ရဲ့ အဓိကယုံကြည်ကိုးကွယ်မှုကို ဘယ်သောအခါမှ မထိပါး၊ မပုတ်ခတ်ကြဘူးဆိုတာပဲ။ အခုဟာက လွတ်လပ်မှုဆိုတဲ့အနံ့တောင် မရသေးခင်၊ လွတ်လပ်ခွင့်ကို အဓိပ္ပာယ်တောင် ကောင်းကောင်း မဖွင့်ဆိုတတ်သေးခင် လွတ်လပ်ခွင့်ဆိုတာကို သိပ်ပြောချင်ကြတယ်။
(၆)
အခုလည်း သာသနာရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီး သတင်းတွေ ကြားလာရပြန်ပြီ။ သာသနာရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံ အခြားဝန်ကြီးဌာနများလို အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်မှု၊ နိုင်ငံရေးရပ်တည်ချက် စတာတွေကြောင့် ဝေဖန်မယ်ဆိုရင်တော့ လက်ခံပါတယ်။ ဒါဟာ လူတိုင်းမှာရှိတဲ့ ဝေဖန်ခွင့်၊ မေးခွန်းထုတ်ခွင့်၊ စောဒကတက်ခွင့်တွေလို့ နားလည်တယ်။
ဒါပေမဲ့ သာသနာရေးဝန်ကြီးဌာနကို ဗုဒ္ဓဘာသာကိုပဲ ဦးစားပေးလို့ ဒီမိုကရေစီလမ်းကြောင်းနဲ့ သွေဖီနေတယ်လို့ ပြောတာကျတော့ ရူးနှမ်းမှုတစ်ခုလို့ ဆိုချင်တယ်။ ငွေကြေးအင်အား၊ ခေတ်ပညာတတ်ဆိုတဲ့နာမည်ရဲ့အင်အားတွေ ရှိနေသူများရဲ့ နွားထီးငါးကျပ်၊ နွားမငါးကျပ် လော်ဘီလုပ်မှုအောက်မှာ သံယောင်လိုက်ကုန်တာလားဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။
(၇)
စဉ်းစားစရာ၊ နှိုင်းယှဉ်သုံးသပ်စရာဖြစ်အောင် အနည်းငယ် ပြောချင်ပါတယ်။ စံပြဒီမိုကရေစီလို့ဆိုတဲ့ ဂျာမနီစတဲ့ ဥရောပနိုင်ငံတွေမှာ Church Tax ဆိုတာ ရှိပါတယ်။ ပြည်သူတွေရဲ့ ဝင်ငွေကနေ ချာ့ပ်ကျောင်းတွေအတွက် အခွန်ကောက်တာပါ။ ၁၉ ရာစုကတည်းက ဂျာမနီမှာ ဒီအခွန်စနစ်ကို ကျင့်သုံးခဲ့တာပါ။ ချာ့ပ်ကျောင်းတွေ ပြုပြင်ထိန်းသိမ်းဖို့၊ ဘာသာရေးအခမ်းအနားတွေ ကျင်းပပြုလုပ်ဖို့၊ သာသနာထွန်းကားပြန့်ပွားရေးတွေ လုပ်ဖို့ ဥပဒေထဲထည့်ပြီး ခရစ်ယာန်သာသနာ ထွန်းကားပြန့်ပွားရေးအတွက် အခွန်စနစ်ကို ထည့်သွင်းထားတာပါ။ ခရစ်ယာန်ဘာသာအဖြစ် တရားဝင်စာရင်းပေးသွင်းထားသူတိုင်း ဒီအခွန်ကို ပေးရပါတယ်။ အချို့မြန်မာအလုပ်သမားတွေတောင် ဘုမသိဘမသိ ချာ့ပ်ကျောင်းအခွန်ဆောင်နေကြရတယ်။
ဂျာမနီနိုင်ငံမှာ နှစ်စဉ် ချာ့ပ်ကျောင်းအခွန်ငွေဟာ ၆.၃ ဘီလီယံ (ကတ်သလစ်ဘာသာအတွက်) နှင့် ၅.၅ ဘီလီယံ (ပရိုတက်စတင့်ဘာသာနှင့်လူသာရင်ဘာသာအတွက်) အထိ ရှိပါတယ်။ ခရစ်ယာန်ဘာသာ ထွန်းကားပြန့်ပွားရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ၁၂ ဘီလီယံခန့် ထောက်ပံ့ပေးနေတဲ့သဘောပါ။ မြန်မာနိုင်ငံစတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ခရစ်ယာန်သာသနာပြုလုပ်ငန်းတွေနဲ့ အခြားအကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ ဒီကနေ အထောက်အပံ့အများကြီး ပေးနိုင်တာဟာ ဒီစနစ်ကြောင့်လည်း ပါပါတယ်။ မြန်မာနိုင်ငံက အိုင်အန်ဂျီအိုတွေ အသိဆုံးဖြစ်မှာပါ။ ဒီတော့ တစ်နည်းအားဖြင့်ပြောရရင် တစ်နိုင်ငံလုံး သာသနာပြုပုဂ္ဂိုလ်များဖြစ်အောင် စီမံထားတဲ့စနစ်တစ်ခုလို့တောင် ဆိုနိုင်ပါလိမ့်မယ်။
(၈)
တစ်ဖက်မှာ ဥရောပတစ်တိုက်လုံး ဘာသာမဲ့တိုက်အဖြစ်ကို တဖြည်းဖြည်း ဦးတည်နေတာဆိုတော့ ချာ့ပ်ကျောင်းတွေကို အခွန်မပေးနိုင်တော့ဘူးဆိုပြီး ငြင်းဆန်လာကြတာကလည်း နှစ်စဉ် သိန်းချီနေတယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ အစိုးရစာရင်းမှာ ချာ့ပ်ကျောင်းအခွန် မပေးချင်တော့ဘူးလို့ ငြင်းလာသူ ၁၈၁,ဝဝဝ နဲ့ ၂ဝ၁၁ ခုနှစ်မှာ ၁၂၆,ဝဝ ရှိပြီး နှစ်စဉ် တဖြည်းဖြည်း ချာ့ပ်ကျောင်းတွေနဲ့ အဆက်ဖြတ်လာကြတယ်လို့ ဆိုပါတယ်။
ပြည်သူတွေဘက်က အဲဒီလို အခွန်မပေးချင်ကြတော့ ချာ့ပ်ကျောင်းတွေ ဘက်ကလည်း ပြန်တင်းတယ်။ အခွန်မပေးဆောင်သူများအား ဘာသာရေးအခမ်းအနားများ ပါဝင်ဆင်နွှဲခွင့်၊ ကျောင်း၊ ဆေးရုံ စသည်တို့ရှိ ဘာသာရေးအခမ်းအနားများ ကျင်းပခွင့်၊ အပြစ်ဝန်ခံခြင်း ပြုလုပ်ခွင့်များကို ခွင့်မပြုနိုင်ဘူးလို့ ဆိုပါတယ်။ ထားပါတော့ … ပြောချင်တာက အခုချိန်ထိ ပြည်သူများ အဓိကကိုးကွယ်တဲ့ဘာသာ(ခရစ်ယာန်ဘာသာ) ထွန်းကားပြန့်ပွားရေး၊ ရေရှည်တည်တံ့ရေး တစ်နည်းအားဖြင့် ဂုဏ်မငယ်ရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ ဥပဒေပြဋ္ဌာန်းပြီး ကာကွယ်ပေးထားတယ်ဆိုတာကို ပြောချင်တာပါ။
(၉)
သြစတြီးယား၊ ခရိုအေးရှား၊ နော်ဝေ၊ ဒိန်းမတ်၊ အီတလီ၊ ဖင်လန်၊ အိုက်စလန် စတဲ့ နိုင်ငံတွေမှာလည်း ခရစ်ယာန်ဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အခွန်ငွေ ပေးသွင်းရပါတယ်။ ဒိန်းမတ်နိုင်ငံမှာ ပြည်သူ့တစ်ဦးဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းခန့်ကို ချာ့ပ်ကျောင်းအခွန်အဖြစ် ပေးရတယ်။ ပျမ်းမျှလစဉ် ယူရို ၃ဝဝဝ ခန့်ဝင်ငွေရှိနေတဲ့အတွက် ချာ့ပ်ကျောင်းတွေဟာ အထောက်အပံ့ ဘယ်လောက်တောင် ရနေသလဲဆိုတာ ခန့်မှန်းနိုင်ပါလိမ့်မယ်။
ဒီဝင်ငွေနဲ့ချာပ့်ကျောင်းလုပ်ငန်းဆောင်တာများ၊ ဘုန်းကြီးလခများအတွက် သုံးစွဲရတယ်။ ဒါပေမဲ့ ချာ့ပ်ကျောင်းအသုံးစရိတ်တွေဟာ ၁ ရာခိုင်နှုန်းအခွန်ငွေနဲ့ မလုံလောက်တဲ့အတွက် အစိုးရက ကြည့်နေမယ်များ ထင်သလား။ ကြည့်မနေပါဘူး။ လိုအပ်တဲ့ အသုံးစရိတ်ငွေတွေကို အစိုးရက ပေးပါတယ်။ ဒီတော့ ချာ့ပ်ကျောင်းတွေကို ခရစ်ယာန်ဘာသာဝင်သာမက ဘာသာမဲ့များနှင့်အခြားဘာသာဝင်များကလည်း ထောက်ပံ့နေရတယ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။
(၁ဝ)
ဘာသာမဲ့များ တိုးပွားလာလို့ အခွန်မဆောင်သူများ တဖြည်းဖြည်း လျော့လာတယ်လို့ ဆိုရသော်လည်း ချာ့ပ်ကျောင်းကို ပေးဆောင်ရမယ့်အခွန်ငွေဟာ ကိုယ့်ဆီရောက်လာတာတော့ မဟုတ်ပါဘူး။ အစိုးရဆီကို ရောက်သွားတာပါ။ နိုင်ငံတစ်ခုနဲ့တစ်ခု အခြေခံထားတဲ့ ဥပဒေတွေကတော့ အနည်းငယ်စီ ကွဲပြားပါလိမ့်မယ်။ ဒါပေမဲ့ အခြေခံအရတော့ လူများစုကိုးကွယ်တဲ့ တိုင်းပြည်ရဲ့ အဓိကဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အစိုးရက ပ,စားပေးထားတာကတော့ အတူတူပါပဲ။
(၁၁)
အဲဒီတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဆိုတာ လူများစုကိုးကွယ်ရာ ဘာသာတရားကြီးပါ။ မြန်မာပြည်သူတွေရဲ့ အသည်းနှလုံးပါ။ နှလုံးသည်းပွတ်ပါ။ ဒီမိုကရေစီရှုထောင့်အရပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးရှုထောင့်ကပဲဖြစ်ဖြစ်၊ ဘယ်ရှုထောင့်အရပဲဖြစ်ဖြစ် မြန်မာပြည်သူတွေကို ကောင်းစားစေချင်တယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ နှလုံးသည်းပွတ်ကို ခလုတ်မတိုက်ကြပါနဲ့လို့ ဆိုချင်ပါတယ်။ ဒါတွေကို ပြောနေတာဟာ ဒေါပါလို့ ပြောနေခြင်း မဟုတ်ပါ။ ဘယ်သူ ကောင်းတယ်၊ ဘယ်သူဆိုးတယ်လို့ ပြောနေခြင်းလည်း မဟုတ်ပါကြောင်း ဆိုချင်တယ်။ အခြေအနေအရပ်ရပ်ကို နှိုင်းယှဉ်သုံးသပ်ပြီး နှုတ်စောင့်စည်းမှု၊ အရေးအသားစောင့်စည်းမှုတွေ ရှိစေချင်တာပါ။ ပြည်သူချစ်တဲ့ တိုင်းပြည်ခေါင်းဆောင်တွေ ပြည်သူ့နှလုံးသားကနေ ခုန်ထွက်မသွားစေချင်တာပါ။
(၁၂)
မြန်မာပြည်သူတွေရဲ့ နှလုံးသည်းပွတ်ကို ထိခိုက်စော်ကားလိုတဲ့ ဘယ်နိုင်ငံရေးသမားမဆို မြန်မာ့နိုင်ငံရေးမှာ အောင်မြင်မှုရမယ်လို့ မမျှော်လင့်လိုက်ပါနဲ့။ ပြည်သူက ချစ်တဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ပြည်သူက မချစ်တဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ နှလုံးသည်းပွတ်ကို ချစ်ဖို့တော့ အလွန်ပဲ အရေးကြီးလှတယ်လို့ ဆိုပါရစေ။
အရှင်ကုသလသာမိ (အတည်မဲ့)
၁ဝ၊ ဝ၉၊ ၂ဝ၁၄
www.facebook.com/ashinkusalasami
Photo - www.concordatwatch.eu