ထင်အောင် - ကျွန်တော်နှင့် နိုင်ငံရေးလုပ်စားသူများ - ၎

ထင်အောင် - ကျွန်တော်နှင့် နိုင်ငံရေးလုပ်စားသူများ - ၎
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၄


ဒေါက်တာမောင်မောင် သမ္မတအမည်ခံထားတဲ့အစိုးရက ပြည်သူတွေကိုသည်းမခံနိုင်ကြတော့ဘူးလားလို့ပြောပြီး အာဏာတည်မြဲဘို့ ကြိုးပမ်းသော်လည်းအောင်မြင်မှုမရဘဲ စစ်တပ်လက်ထဲကို အာဏာသိမ်းတယ်လို့အမည်ခံကာ အာဏာကိုလက်လွှဲပေးလိုက်ပါတယ်။ ကမ္ဘာပေါ်မှာစစ်တပ်က အာဏာသိမ်းရင် အရင်အစိုးရကတာဝန်ရှိသူတွေကို ထိမ်းသိမ်းလေ့ရှိပါတယ်။ တကယ်က ဖမ်းတာပါ။ ဒီတခါ အာဏာသိမ်းတယ်လို့ကြေငြာပေမဲ့ ဘယ်သူကိုမှဖမ်းတာ ဆီးတာမလုပ်ခဲ့တဲ့အပြင် အာဏာလွှဲပေးလိုက်ရတဲ့ သမတကြီးက ရုံးဆက်တက်အလုပ်တွေလုပ်နေတာ လူတိုင်းသိနေပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောမောင်က ဥက္ကဌအဖြစ်တာဝန်ယူကာ စစ်ကောင်စီကို ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့ဝင်တွေက စစ်ရုံးကဗိုလ်ချုပ်တွေ၊ စစ်တိုင်းမှူးတွေကို တာဝန်ပေးခန့်အပ်ထားပါတယ်။ အလုပ်လုပ်ရမဲ့အတွင်းရေးမှူးနေရာကို တပ်မတော်ထောက်လှမ်းရေးဌာနက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်ညွန့်ကို တာဝန်ပေးထားသလို တွဲဘက်အတွင်းရေးမှူးနေရာကို စစ်ဦးစီးဗိုလ်မှူးကြီး လုပ်နေတဲ့ဗိုလ်မှူးကြီးတင်ဦးကို ဆောင်ရွက်ခိုင်းပါတယ်။ အဲဒီအချိန်တုံးကစစ်တိုင်းမှူးတွေက ဗိုလ်မှူးချုပ်အဆင့် သတ်မှတ်ထားတော့ အတွင်းရေးမှူးကိုလဲ ဗိုလ်မှူးချုပ်ရာထူး ချက်ခြင်းတိုးပေးလိုက်ပါတယ်။ ဒီနောက်တော့ တွဲဘက်အတွင်းရေးမှူးကိုပါ ဗိုလ်မှူးချုပ် တိုးပေးလိုက်ပြန်ပါတယ်။ တိုင်းမှူးတွေက ဗိုလ်ချုပ်တွေအဖြစ် ရာထူးတိုးကြပြန်ပါတယ်။ နိုင်ငံအရေးအတွက်ပဲလုပ်နေသလို၊ တပ်မတော်တာဝန်ကိုပဲ ထမ်းဆောင်နေသလိုနဲ့ နိုင်ငံရေးလုပ်စားတဲ့ လူတန်းစားအသစ်ပေါ်ပေါက်လာပြန်ပါတယ်။

စစ်အစိုးရကို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတော်တော်များများက အသိအမှတ်မပြုကြပါ။ ဒါကြောင့် အပြည်ပြည်နှင့်ဆက်ဆံရသော နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို အရပ်သားတဦးကိုအမည်ခံကာ တာဝန်ပေးခဲ့ပါတယ်။ ပညာရေးဝန်ကြီးတာဝန်ကို ပညာတတ်၊ ဆေးတက္ကသိုလ်မှာပါမောက္ခချုပ်အဖြစ် တာဝန်ယူဘူးသူကို ခန့်အပ်ခဲ့ပါတယ်။ သို့သော် မကြာခင်မှာ စစ်ရာထူးတခုအသစ်ဖန်တီးပေးကာ ပညာရှင်ကြီးကို စစ်ဝတ်စုံဆင်ပေးလိုက်ပါတော့တယ်။ ပြည်သူတွေအတွက် ယခုထိအဖြေမရသေးတဲ့ မေးခွန်းတခုရှိနေပါတယ်။ ဆရာကြီးက စစ်ဝတ်စုံဝတ်ချင်လွန်းလို့ ဝတ်ပါရစေလို့ တောင်းခဲ့တာလာ။ စစ်အစိုးရဆိုတော့ ပညာတတ်စစ်ဗိုလ်မှူးကြီးတွေရှိတယ်ဆိုတာကို ကမ္ဘာကိုကြွားချင်လို့ အတင်းဝတ်ခိုင်းတာလား ဆိုတဲ့ပုစ္ဆာပါ။

ပညာရှင်ကို ဝန်ကြီးတာဝန်ပေးထားပေမဲ့ သူ့အထက်မှာပညာရေးကော်မီတီဆိုတာက ရှိလာပြန်ပါတယ်။ ဒီကော်မီတီရဲ့ဥက္ကဌက စစ်ကောင်စီရဲ့အတွင်းရေးမှူး ဖြစ်နေပါတယ်။ ပညာရေးနားမလည်တဲ့သူတွေက စီမံနေကြတော့ ပညာရေးလောကက ဖားသူငယ်တွေ ဒုက္ခနဲ့ကြုံရပါတော့တယ်။ တက္ကသိုလ်ပညာရေးကို ခြောက်လ၊ သုံးလနဲ့ အတင်းကျောင်းပြီးအောင် ရိုက်ထုတ်ခိုင်းပါတယ်။ စာမေးပွဲတွေမှာ မတရားသောနည်းနဲ့ဖြေဘို့ ကျိုးစားနေတဲ့ကျောင်းသားတွေကို လွှတ်ထားခိုင်းပါတယ်။ အရေးယူမိတဲ့ဆရာတွေကို အရေးထပ်ယူပါတယ်။အေးချမ်းစွာပညာသင်ကြားရေးကို နှောက်ယှက်တဲ့ပုဒ်မနဲ့ပါ။ ဆရာတွေကလဲ မဖမ်းတော့ပါဘူး၊။ ကျောင်းသားတွေကလဲခိုးချတာ တရားသောနည်းလမ်းလို့ ထင်လာပါတယ်။ စာမေးပွဲမှာခိုးချတာ တကမ္ဘာလုံးမှာရှိပါတယ်။ မြန်မာနိုင်ငံမှာလဲ ကိုလိုနီခေတ်ကထဲက ရှိနေတာပါ။ သို့သော်ခိုးချသူက မတရားမှုဆိုတာကို သိနေတော့ လူမသိအောင်ပြုလုပ်ရတာပါ။ ခိုးချနေတာကို ဆရာကမိသွားရင် အင်မတန်ရှက်ကြပါတယ်။ ဆရာကမိဘတွေဆီ အကြောင်းကြားရင် မိဘက မျက်နှာပူပူနဲ့ ဆရာကြီးကို လာတွေ့ရပါတယ်။ တချို့ပြစ်မှုကြီးရင် ကျောင်းကနေ အထုတ်ခံရပါတယ်။ အခုကျတော့ အတွေးအခေါ်ပြောင်းပြန်ဖြစ်နေပါတယ်။ ကျောင်းသားက ခိုးချတဲ့နည်းကို အားရပါးရပြောနေတာကို မိဘကပြုံးပြုံးကြီး အားပေးနားထောင်နေတဲ့ခေတ် ဖြစ်သွားပါပြီ။ ရှက်သင့်သောအရာလို့ မသတ်မှတ်ကြတော့တာဖြစ်နေပါတယ်။

လပိုင်းနဲ့သင်ရတော့ သင်ရိုးတွေကလည်း ကိုးရိုးကားယားဖြစ်ကုန်ပါတယ်။ အဆိုးဆုံးက အခြေခံပညာ အထက်တန်းစာမေးပွဲ ခေါ်တဲ့ ဆယ်တန်းစာမေးပွဲပါ။ ဆယ်တန်းစာမေးပွဲမေးခွန်းတွေကို ရန်ကုန်တက္ကသိုလ်က သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေက တာဝန်ခံ၍ ထုတ်ရပါတယ်။ အဖြေလွှာတွေကိုတော့ တက္ကသိုလ်က ဆရာဆရာမတွေ၊ အခြေခံအထက်တန်းကျောင်းတွေက အထက်တန်းပြဆရာ၊ ဆရာမတွေက စစ်ဆေးရပါတယ်။ စာစစ်ပြီးရလဒ်များကိုမြန်မာနိုင်ငံစာစစ်ရုံးကို ပို့ရပါတယ်။ စာစစ်ဥက္ကဌက လက်မှတ်ရေးထိုးကာ အောင်စာရင်းကို ထုတ်ပြန်ရပါတယ်။ စာစစ်ဥက္ကဌဆိုသူများဟာ အလွန်တည်ကြည်ပြီး အဂတိတရား ကင်းရသူများဖြစ်ပါတယ်။ စာစစ်နေချိန်တွင် ပါမောက္ခဟာ တာဝန်အရှိဆုံးဖြစ်တာကြောင့် ပါမောက္ခကို ဘာမှစွက်ဖက်တာ မရှိပါဘူး။ ဌာနမှာ စာစစ်နေသောအခန်းများအတွင်း ဝင်ရောက်ကာ အဖြေလွှာများ ကောက်ကြည့်ခြင်း၊ အမှတ်စာရင်းတောင်းကြည့်ခြင်း လုံးဝမရှိခဲ့ပါ။ ၁၉၈၈နောက်ပိုင်းတွင် စာစစ်ဥက္ကဌနေရာကို စစ်ဗိုလ်ဟောင်းများကို တာဝန်ပေးခဲ့ပါတယ်။ ယခင်က စာစစ်ဥက္ကဌများ သိက္ခာရှိရှိ ထိမ်းသိမ်းခဲ့သော စည်းကမ်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာပါတယ်။ စာစစ်နေသောအခန်းတွင်း ဝင်ရောက်ကာ အဖြေလွှာများကိုကြည့်ရှုခြင်း၊ စာမေးပွဲအောင်နှုံးကို ရာခိုင်နှုံးသတ်မှတ်၍ ပြုလုပ်ခြင်များ ပြုလုပ်လာပါတယ်။ သတ်မှတ်ထားတဲ့ အောင်ချက်ရာခိုင်နှုံးရရန် အောင်မှတ်များကို လျော့ချပေး ပါတော့တယ်။ ဒီအခါမှာ လုံးဝအဆင့်မမှီသူများပါ အောင်မြင်သူများဖြစ်သွားပါတယ်။ ဒါကို စစ်အစိုးရပညာရေးစံနစ်ကြောင့် အောင်မြင်သူများလာပြီး ပညာတတ်အရေအတွက် တိုးပွားလာတယ်လို့ ဝါဒဖြန့်ပါတော့တယ်။

သိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာနှင့် သိပ္ပံရောထားသော ဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲတို့ကို ပေါင်းစပ်ကာ ငါးဘာသာသာဖြေရသောစံနစ်ကို တီထွင်လိုက်ပါတယ်။ တက္ကသိုလ်ကောလိပ်များရဲ့ စာသင်နှစ်ကိုလဲ သုံးနှစ်လို့ သတ်မှတ်ပြန်ပါတယ်။ သင်ရိုးအားလုံး ကမောက်ကမ ဖြစ်ကုန်ပါတယ်။ ဒါကိုပင် အောင်မြင်တယ်လို့ ဘုန်းတော်ဘွဲ့ရေးတင်ကာ နေရာရသွားသော နိုင်ငံရေးလုပ်စားသူတွေ ပေါ်လာပါသေးတယ်။

မလိုအပ်ပဲနေရာအနှံမှာ တက္ကသိုလ်တွေ ဖွင့်လှစ်ပါတယ်။ အဆိုးဆုံးက အင်ဂျင်နီယာပညာရှင်များမွေးထုတ်ပေးမဲ့ စက်မှုတက္ကသိုလ်တွေကို နိုင်ငံတလွှား တောချုံတောင်ကြားတွေမှာ ဖွင့်
လှစ်တာပါပဲ။ သင်ကြားရေးမှာ အဓိကကျတဲ့ လက်တွေ့လုပ်နိုင်သောစက်ကိရိယာများ လုံးဝမရှိဘဲအင်ဂျင်နီယာများ မွေးထုတ်နိုင်ကြောင်း ပြသထားသော တက္ကသိုလ်များဖြစ်ပါတယ်။
သင်ကြားရေးအတွက်အဓိကလိုအပ်သောဆရာများကိုမူ နှစ်ပေါင်းများစွာ စာပေနှင့်ကင်းကွာနေသော၊ ဒီပလိုမာသင်တန်းကိုသာ သင်ကြားနိုင်သော ဆရာများကို မဟာဘွဲ့များအတင်းပေးခိုင်းကာ သင်ကြားစေပါတယ်။ ထိုထက်အမြင်ကျယ်လာသောအခါ ပါရဂူဘွဲ့အထိ တိုက်ရိုက်ပေးအပ်ကာ ကျောင်းအုပ်ကြီးများ တာဝန်ပေးခဲ့ပါတယ်။

ကျောင်းအုပ်ကြီးတွေရဲ့တာဝန်က တည်ဆောက်ရေးလုပ်ငန်းပါ။ ဘာမှမရှိတဲ့တောထဲမှာ အဆောက်အဦတွေကို ခန့်ခန့်ညားညားဖြစ်အောင် ဆောက်ပါတော့တယ်။ ပြီးရင် ဆိုင်းဘုတ်တင်ကာ ဖွင့်ပွဲအခမ်းအနားကို ငွေကြေးအမြောက်အများအကုန်ခံကာ ကျင်းပပါတယ်။ ဖွင့်ပွဲတိုင်းကိုလဲ နိုင်ငံတာဝန်တွေကို နေ့မအား ညမအား လက်မလည်အောင်လုပ်နေပါတယ် ဆိုတဲ့သူတွေက တက်ရောက်ဖွင့်လှစ်လေ့ရှိပါတယ်။ သတင်းစာတွေကလဲ ဒီကျောင်းကြီးပြီးသွားလို့ ကျောင်းသားတွေက အထူးပျော်ရွှင် ဝမ်းမြောက် ဂုဏ်ယူနေကြကြောင်းကို ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာဖြစ်အောင် ရေးထားကြပါတယ်။ တကယ့်အဖြစ်မှန်ကတော့ နယ်ကကျောင်းသားတွေက ဆယ်တန်းအောင်ရင် ရန်ကုန်၊ မန္တလေးက တက္ကသိုလ်တွေမှာ ပညာသင်ချင်ကြတာပါ။ အခုတော့ အထက်တန်းတုံးကမြို့ထဲမှာ စာသင်ရသေးတယ်၊ အဆင့်မြင့်ပညာသင်မှ တောထဲလာသင်နေရတယ် ဆိုပြီးကျောင်းမလာတဲ့သူတွေ များလာပါတယ်။

ကျောင်းမှန်မှန်တက်သူတွေကလည်း ကျောင်းတည်ရှိရာ နေရာအရပ်က အရပ်သူ၊ အရပ်သားတွေနဲ့ ဖူးစာဆုံကြတော့ မိဘတွေစိတ်မကောင်းဖြစ်ရပါတော့တယ်။ ကျောင်းသားကျောင်းသူအချင်းချင်း မသင့်လျော်နဲ့အပြုအမူတွေ ပြုလုပ်နေတဲ့အခွေတွေ ထွက်လာသလို၊ ကျောင်းအနားမှာ တည်းခိုခန်းတွေ ဖွင့်ခင့်ပြုထားတာကလဲ ပညာရေးမပြီးဆုံးအောင် အားပေးနေသလိုဖြစ်နေပါတယ်။ လောင်းကစားဝိုင်းများ စည်ကားနေခြင်း၊ ယမကာဆိုင်များက လက်ဖက်ရည်ဆိုင်ထက် အဆများစွာ ပေါများနေခြင်းများက စာသင်ခန်းသို့ သွားမည့်လမ်းကို ပိတ်ထားသလိုဖြစ်နေပါတယ်။ တာဝန်ရှိသူတွေကလည်းသိနေတော့ အမိန့်ထုတ်ပါတယ်။ စာမေးပွဲအချိန်ကာလအတွင်း ယမကာဆိုင်များ ၊လောင်းကစားနဲ့တွဲနေသော ဂိမ်းဆိုင်များ ည ၉ နာရီအထိသာ ဖွင့်ရမည်ဆိုတဲ့ အမိန့်မျိုးပါ။ တချို့အမြင်ကျယ်သူတွေက စာမေးပွဲစစ်ဆေးနေသောကာလအတွင်း ဆိုင်ဖွင့်ခွင့်မပြုလို့ အမိန့်ထုတ်လိုက်တော့ ဆိုင်တွေက ပိုကြိုက်သွားပါတယ်။ သက်စွန့်ဆန်ဖျား ခိုးဖွင့်ရတော့ ဈေးတက်သွားတာပေါ့ဗျာ။ မိဝေးဖဝေးနေရာမှာ နေရတော့ အားကိုးသူရှာရင်း ပညာမစုံခင်ကြင်ရာစုံသွားလို့ မိဖတွေ ရင်ကျိုးခဲ့ရတဲ့ မိသားစုတွေလဲ မရေတွက်နိုင်တော့နိုင်အောင်ကို တိုးလာပါတယ်။

ဒီအချိန်ထိ ပညာရေးစံနစ် အောင်မြင်နေပါတယ်လို့ အာဆီယံအစည်းအဝေးတွေမှာ မျက်စိမှိတ်ပြီး ဂုဏ်ယူစွာပြောနေတဲ့သူတွေ ပေါ်လာပါသေးတယ်။ ဒီလူတွေကတော့ နောက်ဆုံးပေါ်နိုင်ငံရေးလုပ်စားသူတွေပေါ့ဗျာ။ တချို့ကတော့ ရာထူးနေရာတာဝန်အရ လိမ်ပြောနေရတဲ့သူတွေလဲရှိပါတယ်။ လိမ်ပြောနေရမှန်းလဲ သိပါတယ်။ ကြာတော့ အဲဒီစာရင်းဇယားတွေကို အမှန်လို့တောင် ထင်လာတယ်လို့ နေရာတကာလှည့်ပြီး လိမ်ပြောနေရတဲ့ ဆရာတဦးက ပြောဖူးပါတယ်။

လွှတ်တော်ကလူတွေက နိုင်ငံရေးလုပ်စားနေရသလို အောက်ခြေကဝန်ထမ်းတွေက ဝမ်းစာအတွက် ခိုင်းသမျှကို
လုပ်ပေးနေရတာပါ။ ခိုင်းသမျှကို ကျေကျေနပ်နပ်လုပ်ပေးလို့ အချိန်တိုအတွင်း နေရာကောင်းရသွားသူတွေကိုလဲ တွေ့နိုင်ပါတယ်။ လာဘ်ပေးလာဘ်ယူ (မှားသွားလို့ပါ) အဂတိ လိုက်စားသူများက တာဝန်ပေးရင် ကျေပွန်အောင်လုပ်ရမှာပါဆိုတဲ့ စကားလုံးလေးနဲ့ နေရာကောင်းတွေကို တာဝန်ခံရတဲ့အဆင့်ကို ရောက်နိုင်တာကို တွေ့နေရတဲ့ဝန်ထမ်းတွေအတွက် အဂတိဆိုတာ သုံးသိန်းမကျော်ရင် ကြောက်စရာမလိုဆိုတဲ့ မှားနေတဲ့ စိတ်ဓာတ်တွေဝင်နေပါပြီ။

သမ္မတကြီးက လစာတိုးပေးစရာမလိုပဲ ဝန်ထမ်းတွေ အန္တရာယ်မရောက်စေနိုင်တဲ့ ဝင်ငွေရှာနည်းကို သင်ပြပေးလိုက်တာပါ။ ရပ်သိရွာသိ အဂတိလိုက်စားသူကို အရေးယူတဲ့အနေနဲ့ နယ်ပြောင်းပေးလိုက်ပါတယ်၊ရောက်တဲ့နေရာမှာ ဆက်ပြီးလုပ်စား ဆိုတဲ့သဘောပါလို့ လူတိုင်းကဝေဖန်နေကြပါတယ်။ အလုပ်တကယ်လုပ်တယ်၊ မှန်ကန်တယ၊်ရိုးသားတယ်လို့ အမည်ထွက်တဲ့သူတွေကတော့ မိမိဆန္ဒအရ နှုတ်ထွက်ကုန်ကြတာတွေ့နေရပါတယ်။ ဒီတော့ကျန်နေတဲ့သူတွေက အလုပ်တကယ်မလုပ်တဲ့သူ၊ မမှန်ကန်တဲ့သူ၊ မရိုးသားတဲ့သူတွေဖြစ်နေပါတော့တယ်။

ခေတ်အဆက်ဆက်မှာ နိုင်ငံရေးကို လုပ်စားနေသူတွေရှိပါတယ်။ ကိုလိုနီလက်အောက်မှာနေရတုံးကလဲ လုပ်စားတဲ့သူတွေရှိပါတယ်။ သူတို့ကို ကျွန်စိတ်ရှိသူတွေလို့ ခေါ်ကြပါတယ်။ ဂျပန်ခေတ်တုံးကလဲ ဂျပန်တွေအားကိုးနဲ့ ပါးလိုက်ရိုက်နေတဲ့ လူတန်းစားပေါ်လာတာပါတယ်။ ဒီလုပ်စားတဲ့လူတွေကိုတော့ ဂျပန်အလိုတော်ရိလို့ ခေါ်ကြပါတယ်။ သခင်အားကိုးနဲ့ တရွာထဲသားတွေကို ပါးရိုက်ဘို့ဝန်မလေးတဲ့သူတွေ ဖြစ်ကြပါတယ်။

လွှတ်လပ်ရေးရပြီးတော့လဲ ပြူစောထီးဆိုတဲ့အဖွဲ့အစည်း ပေါ်လာပါ သေးတယ်။ အာဏရပါတီကဖွဲ့ပေးထားတာကြောင့် ဘယ်သူကိုမှ လူမထင်တော့ဘဲလက်ရဲဇက်ရဲရှိလာတဲ့ အဖွဲ့ဖြစ်လာပါတယ်။ လွှတ်တော်အမတ်တွေအတွက် လူသတ်ပေးရဲတဲ့ သတ္တိတွေပါ ရှိလာကြပါတယ်။ နိုင်ငံရေးလုပ်စားသူတွေအားကိုးနဲ့ နိုင်ငံရေးလုပ်စားလာကြတဲ့ အကျင့်စရိုက်တွေ လူတွေ ပေါ်ပေါက်လာပါတယ်။

ဆိုရှယ်လစ်ခေတ်မှာလဲ ထောက်လှမ်းရေးကမွေးထာတဲ့ သတင်းပေးတွေ၊ ရပ်ကွက်လက်ဖက်ရည်ဆိုင်မှာ နောက်ပြောင်ပြောနေတဲ့စကားများကို အရေးတကြီးနဲ့ ပါတီယူနစ်ကို သတင်းသွားသွားပို့နေရတဲ့ သတင်းပေးလူတန်းစားတရပ် ပေါ်လာပါတယ်။ ဒီသတင်းတွေကြောင့် လုပ်သမျှအားလုံးအောင်မြင်နေတယ်လို့ ထင်လာကြပြီး နောက်ဆုံးပါတီပါပျက်စီးသွားရတဲ့အဆင့် ရောက်သွားပါတော့တယ်။

၁၉၈၈နောက်ပိုင်းစစ်အစိုးရလက်ထက်မှာတော့ နိုင်ငံရေးလုပ်ရန်မဟုတ်ပဲ၊ လူမှုဝန်ထမ်းလုပ်ငန်း တွေသာလုပ်ရန် ဖွဲ့စည်းခဲ့တဲ့ လူမှုရေးအသင်းကြီးက စွမ်းအားရှင်ဆိုတဲ့ လုပ်စားသူများကို မွေးထုတ်လိုက်ပါတယ်။ ပြူစောထီးအဆင့်နဲ့ သိပ်မကွာပါဘူး။ ခိုင်းတာအားလုံးကို မျက်စိမှိတ်၊ အရက်သောက်၊ ကွမ်းစားပြီး လုပ်နေကြတာကို လူတိုင်းသိနေကြပါတယ်။ ခက်တာက စွမ်းအားရှင်ဆိုတာ မရှိပါဘူးလို့ပြောနေသလို၊ စွမ်းအားရှင်ဖြစ်ရတာကို ဂုဏ်ယူပြီး ဘယ်နေ့တွေမှာ ဘယ်မှာစုပြီး ဘာတွေလုပ်ရတယ်လို့ ပြောနေတဲ့သူတွေကလဲ ရှိနေပါတယ်။ မနက်စာကို ကုလားဆိုင်က ဝယ်ကျွေးပြီး၊ နေ့လည်စာလက်ဖက်ရည်ကို ဘယ်ဆိုင်က မှာပေးတယ်၊ ခိုင်းထားတဲ့ အလုပ်ပြီးရင် နေ့တွက်စာရိတ်ပေးသေးတယ်လို့ ပြောနေတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စဖွဲ့ခါစက အဖွဲ့ဝင်တွေ အတော်ဒုက္ခရောက်ကြပါတယ်။ လူငါးယောက်ထက်ပိုမစုရဆိုတဲ့ အမိန့်ကရှိနေသေးတော့၊ အဖွဲ့ဝင်အချင်းချင်းတွေ့ဘို့တောင် အခက်အခဲရှိလှပါတယ်။ ဘယ်သူ့အကြံလဲတော့ မသိပါဘူး။ ညညမှာ အိမ်တအိမ်မှာ ဝတ်ပြုတယ်ဆိုပြီး ဆုံကြပါတယ်။ လူတန်းစားအမျိုးမျိုးကိုတွေ့ရပါတယ်။ အားလုံးက ဒီမိုကရေစီဆိုတာ သူတို့မလုပ်ရင် မရနိုင်တော့ဘူးလို့ ထင်နေကြပါတယ်။ အဲဒီမှာ တပ်မတော်က ထွက်လာတဲ့သူဆိုတာကို တွေ့မိပါတယ်။ သူက စာအုပ်အဌားဆိုင်လေး ဖွင့်ထားပါတယ်။ ခေတ်ပေါ်မဂ္ဂဇင်းတွေနဲ့ ခလေးတွေအကြိုက် ကာတွန်းရုပ်ပြတွေသာရှိတဲ့ ဆိုင်လေးပါ။ မိုးလင်းတာနဲ့ ဒီမိုကရေစီအရေး ကြွေးကြော်နေတဲ့ပုဂ္ဂိုလ်ကြီးပေါ့ဗျာ။ တနေ့တော့ ပါတီဝင်တော်တော်များများကို ဖမ်းသွားပါတယ်။ ကျိုက္ကဆံမြင်းပြိုင်ကွင်းထဲက အမျိုးသားညီလာခံကိုယ်စားလည်တွေကို ထားတဲ့နေရာမှာ ထားထားတာလို့ သိရပါတယ်။ နောက်တနေ့ မိုးလင်းတာနဲ့ အဲဒီပုဂ္ဂိုလ် အိမ်ပြန်ရောက်နေတာ တွေ့ရပါတယ်။ သတင်းသွားမေးတော့ ဘာမှပြန်မပြောတော့ပါဘူး။ နောက်မှ နိုင်ငံရေးမလုပ်တော့ပါဘူးလို့ လက်မှတ်ထိုး ထွက်လာတာလို့ သိရပါတယ်။ နောက်ပိုင်း စာအုပ်အဌားဆိုင်လေးကို လုံးဝပိတ်လိုက်ပါတယ်။ သူအိမ်မှာတော့ လူစည်နေပါတယ်။ စားပွဲတစ်လုံးနဲ့ ချဲဒိုင်ကိုင်နေတယ်လို့ သိရပါတယ်။ နိုင်ငံရေးမလုပ်ရင် ကြိုက်တဲ့စီးပွားရေး လုပ်ခွင့်ပေးလိုက်တာကို အခွင့်ကောင်းယူလိုက်တာပါ။ အဖမ်းအဆီး ယနေ့အထိ လုံးဝမရှိခဲ့ပါ။ ပြိုကျကာနီး အိမ်ကလေးကို နိုင်ငံရေးလုပ်စားလိုက်တာကြောင့် တိုက်အိမ်ကြီးဖြစ်သွားပြီး၊ ကိုယ်ပိုင်အဌားကား လေးစီးလောက် ပိုင်နေပြီဖြစ်ပါတယ်။ အပျင်းပြေလုပ်ငန်းအဖြစ် ဖွင့်ထားတဲ့လက်ဖက်ရည်ဆိုင်လဲ ရှိနေပါတယ်။

လမ်းဘေးမှာ ဒီမိုကရေစီလို့ ယောင်ဝါးဝါးထအော်နေတဲ့သူကိုတောင် ဒီလောက်အခွင့်အရေးပေးထားရင် လွှတ်တော်ကိုယ်စားလှယ်အဆင့်လောက်ဆို ဘယ်လောက်အခွင့်အရေးပေးမလဲဆိုတာ တွေးကြည့်ပါတော့ဗျာ။ ခရိုနီအဆင့် ရှိသွားသူတောင် ရှိနေပါတယ်လို့ ကြားဘူးပါတယ်။

ကျွန်တော်အခုရေးနေတာ “နိုင်ငံရေးလုပ်စားကြ” လို့ပြောနေတာမဟုတ်ပါဘူး။ ဒီလိုလူတွေ ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ်။ ဒီခေတ်ကတော့ အဆိုးဆုံးပေါ့ဗျာ။ သူတို့တတွေဟာ ချမ်းချမ်းသာသာနေရပေမဲ့ လူတိုင်းကအကောင်းပြောတာ မခံရပါဘူး။ အလှူတွေ ချိမ့်ချိမ့်သဲလှူနေပေမဲ့ လူတွေက သာဓုမခေါ်ကြပါဘူး။ နိုင်ငံတကာကို သွားနေပေမဲ့ နေရာမရကြပါဘူး။ သံသရာမှာ ဆက်လက်ကျင်လည်ကြရင် နိုင်ငံရေးလုပ်စားသူတွေကို တဘဝစံတွေဖြစ်လို့ ငရဲလားမှာလို့ ပြောနေကြပါတယ်။ အအေးခန်းအထဲမှာ အမြဲနေနေတဲ့သူတွေ အပယ်ကျရင်လဲ သူများတွေနဲ့မတူပဲ အပူဒဏ်ကို ပိုခံကြရမှာပါလားလို့ တွေးနေမိပါတော့တယ်။