သာထက်အောင် - စီးကရက်ခဲ သေပွဲမဝင်ရအောင်


သာထက်အောင် - စီးကရက်ခဲ သေပွဲမဝင်ရအောင်
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၄


    ဒီနှစ် စက်တင်ဘာလတစ်ရက်နေ့ကစပြီး သြစတြေးလျမှာ- စီးကရက်ကို အခွန် ၁၂.၅ ရာခိုင်နှုန်း တိုးကောက်လိုက်ပါတယ်၊ နဂိုကတည်းက ဈေးအသက်သာလှတဲ့ စီးကရက်ဟာ ခုလို အခွန်ုတိုးကောက်လိုက်တော့  ဈေးကြီးကုန်ပါပြီ၊ ၂၀လိပ်ဝင်စီးကရက် တစ်ဗူးကို ၁၉ဒေါ်လာကျော်ကျော် ဒေါ်လာ၂၀နီးပါးပေးသောက်ရမှာမို့ စီးကရက်တစ်လိပ်ရဲ့တန်ဖိုးဟာ ၁ဒေါ်လာလောက်ရှိပါတယ်၊ တချို့တံဆိပ်တွေက ဒီထက်ပိုတဲ့အတွက် အဖျင်းဆုံးလက်ထဲ ဒေါ်လာ ၂၀ မရှိပဲနဲ့ စီးကရက်သောက်ဖို့ စိတ်မကူးနဲ့တော့။ လက်လီတစ်လိပ်ချင်းလည်း ရောင်းလေ့ရှိတဲ့ နိုင်ငံမဟုတ်တော့ စီးကရက်ကြိုက်သူတွေအဖို့ ခေါင်းခဲစရာပြသနာပေါ့လေ။
    အစိုးရကဘာ့ကြောင့် စီးကရက်အပေါ်မှာ အခွန်တိုးကောက်ရသလဲ။ ရိုးရိုးရှင်းရှင်းလေးပါ။ လူတွေ စီးကရက်မသောက်စေချင်လို့။ ဖြစ်နိုင်ရင် ဖြတ်ကြဖို့။ တနှစ်တနှစ်စီးကရက်သောက်ပြီး အဆုတ်ကင်ဆာနဲ့ သေတဲ့စာရင်းမလည်း အကျမရှိ၊ အတက်ချည်းဆိုတော့.. ဒီလိုမှမလုပ်ရင် မဖြစ်တော့တဲ့အခြေအနေကိုး၊ ပညာပေးတာတွေလည်း မနည်းပါဘူး၊ စီးကရက်သောက်လို့ ဖြစ်တဲ့ရောဂါတွေအကြောင်း ထိတ်စရာ၊ လန့်စရာဖြစ်အောင်ရိုက်ပြီး တီဗွီမှာ ကြော်ငြာလည်း- လူဆိုတာကလည်း အခက်သားကလါး- ကိုယ့်မထိမချင်း နေသာသလိုနေကြတာကိုး၊ ဘူတာရုံ၊ ဘတ်စ်ကားဂိတ်၊ ရှော့ပင်းမော၊ ရုံးပြင်ကနား၊ အရက်ဆိုင်၊ စားသောက်ဆိုင်၊ ဆေးလိပ်မသောက်ရ၊ စီးကရက်ကို လူ၏မြင်ကွင်းမှန်ဘီရိုထဲ တင်မရောင်းရ စသဖြင့်- ချုပ်ချယ်တင့်သင့်မှုတွေလုပ်လည်း ဆေးလိပ်စွဲနေသူအဖို့ကတော့ ကြံဖန်သောက်ကြတာပါပဲ။ ခုလိုစီးကရက်ဈေးတွေတင်လိုက်တော့ ကိုယ့်ပိုက်ဆံအိတ်ထဲက ဘတ်ဂျက်ကို တိုက်ရိုက်ထိခိုက်ပြီဆိုတော့ တနေ့တဗူးသောက်တဲ့လူက ၂ရက်တဗူးတို့- ဆယ်လိပ်သောက်တဲ့လူက ၅လိပ်၊ လျော့ကြ- ဖြတ်ကြရင်း… တိုင်းပြည်အတွက်လည်းကောင်း-ပြည်သူတွေရဲက ကျန်းမာရေး.. စီးပွားရေးလည်းကောင်း-ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီးကရက်ကို အခွင်တိုးမြှင့် ကောက်ခံတာကို ကျွန်တော်ကတော့ ထောက်ခံတယ်။ မဲပေးရုံနဲ့ မလုံလောက်တော့ဘူး။
    အသိဥာဏ်ပညာကြီးပြီး တိုင်းပြည်နဲ့လူမျိုးအပေါ် စေတနာထားတဲ့အစိုးရများဟာ ဘာပဲလုပ်လုပ်- တိုင်းပြည်နဲ့ လူမျိုးမျက်နှာကိုပဲကြည့်ပါတယ်၊ ကိုယ်ကောင်းစားရေး- ကိုယ့်အုပ်စုကောင်းစားရေးသာ ရှေ့တန်းတင်တတ်တဲ့ အစိုးရအုပ်ချုပ်တဲ့နိုင်ငံများ၊ ကြီးပွားတိုးတက်သွားတယ်ဆိုတာ တခါမှမကြားဖူးပါဘူး၊ ပြည်သူဘဏ္ဍာကို ဘယ်လိုခိုးရမလဲ၊ မပြုတ်ခင် ဘယ်လိုသဲ့ယူရမလဲလောက်စဉ်းစားတတ်တဲ့ အစိုးရမျိုး အုပ်ချုပ်တဲ့နိုင်ငံများ ဘယ်တော့မှ လူရာမဝင်ပါဘူး၊ နိုင်ငံပေါင်င်း ၂ရာကျော်ရှိတဲ့ ကဏ္ဍကြီးမှာ- အမှတ်စဉ် ၂ရာအောက်ကနေ ဘယ်တော့မှအပေါ်မရောက်ပါဘူး။
    စကားပြန်ဆက်ရရင်- စီးကရက်ကြောင့်- တိုင်းပြည်ရော၊ ပြည်သူမှာပါ ကောင်းကျိုးတခုမှမရှိပါဘူး၊ ရှိရင်ရှိ စီးကရက်ကုမဏ္ဏီတွေမှာပဲ ရှိပါလိမ့်မယ်၊ တစ်နှစ်လျှင် စီးကရက်ကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုဖို့သုံးရတဲ့ ကျန်းမာရေးအသုံးစရိတ်ကလည်း နိုင်ငံဘတ်ဂျက်ကို ထိခိုက်ပါတယ်။ လူတွေ စီးကရက်မသောက်ရဖို့ အမိန့်ထုတ်လို့ဖြစ်တာမဟုတ်တော့၊ ခုလို စီးကရက်ဈေးတင်လိုက်ခြင်းအားဖြင့် ပြည်သူ ၂သိန်းခွဲလောက် စီးကရက်ဖြတ်လိမ့်မယ်လို့ ခန့်မှန်းပါသတဲ့။
    စီးကရက်နဲ့ပတ်သက်လို့  တင်ပြရရင်.. ပြီးခဲ့တဲ့ဇူလှိုင် ဒုတိယပတ်က စင်္ကာပူကို ခေတ်တရောက်ခဲ့ပါသေးတယ်၊ ဆစ်ဒနီမှာနေတဲ့ တူတော်မောင်က “စ” လုံးမနဲ့ ဖူးစာဆုံပြီး စင်္ကပူမှာ မင်္ဂလာဆောင်လို့ သွားရောက်ချီးမြှင့်ရတာပါ၊ စင်္ကပူလေဆိပ်အတွက် Daily Free  ဆိုင်မှ အရက် ၀င်ဝယ်ပါတယ်၊ စင်္ကာပူမှာ ဘီယာတို့- ဝီစကီတို့ ဈေးကြီးမှန်း ခံခဲ့ရဘူးပေါင်းများပြီး ဟိုလေဆိပ်က အခွန်လွတ်ဆိုင်ကို မဝင်မဖြစ်ဝင်ရပါတော့တယ်၊ သူတို့ခွင့်ပြုသမျှ ဝီစကီ လီတာပုလင်းတလုံး၊ ဘီယာ ၃ဘူး၊ ဝိုင်၁လုံး ဝယ်ခဲ့ရပါတယ်၊ ကိုယ်မသောက်ပေမယ့်- လက်ဆောင်လေးဘာလေးပေးရအောင် စီးကရက်မေးတော့ မရောင်းပါဘူးတဲ့- စတိသဘော တဗူးတလေတောင်မရောင်းပါဘူး၊ စင်္ကာပူဟာ အုပ်ချုပ်သူအစိုးရမင်းများ သူတို့ပြည်သူတွေ စီးကရက်သောက်မှာ အတော်စိုးရိမ်ပုံရပါတယ်၊ အစိုးရဆိုတာ ပြည်သူတွေကို ရင်ဝယ်သားကဲ့သို့ သဘောထားရမယ်ဆိုတာ စာထဲဖက်ကောင်းရုံရေးထားတာမဟုတ်ပါဘူး၊ ကျင့်သုံးရမှာပါ၊ ကိုယ့်သားသမီးဆေးလိပ်သောက်တာကိုကြည့်ပြီး ဘယ်မိဘများပျော်ရွှင်ပီတိ ဖြစ်ကြပါသလဲ၊ ဆစ်ဒနီလေဆိပ်မှာတောင် လူတယောက် ၂ဗူးရောင်းပေမယ့်၊ စင်္ကာပူလေဆိပ်ကတော့ ပြတ်ပါတယ်၊ တဗူးမှမရောင်းပါဘူး၊ သူတို့တိုင်းပြည်ထဲ စီးကရက်ဝင်မှာ လိုလားပုံမရပါဘူး။
    စပ်မိရင်း အရက်ဈေးကြီးပုံလေး ရေးပါရစေ၊ တရက်မှာ စင်္ကပူက မကြာခင်ကမှ ဖွင့်လှစ်ထားတဲ့ ကာစီနိုကိုသွားလည်ကြပါတယ်၊ အဆောက်အဦးကြီးရဲ့ အပေါ်ဆုံးထပ် (အထပ်ပေါင်း ၃၆ ထပ်ရှိ ထင်ပါရဲ့) မှာ ရေကူးကန်အကြီးကြီး ဆောက်ထားပါတယ်၊ ရေကူးကန်ထဲကနေ တမြို့လုံးကို လှမ်းမြင်ရတဲ့အရသာကို ရောင်းတာလား၊ ဘီယာကိုရောင်းတာလားတော့ မသ်ပါဘူး၊ တိုက်ဂါးဘီယာ ပုလင်းသေးတလုံးကို စင်္ကပူဒေါ်လာ ၁၈၀ဒေါ်လာကျော်ကျော် ပေးသောက်ခဲ့ရပါတယ်။
    သူများနိုင်ငံတွေမှာ ဆေးလိပ်တို့- အရက်တို့ကို ဈေးတွေတင်၊ မသောက်ရအောင်ကြပ်ကြပ်မတ်မတ်လုပ်နေချိန်မှာ ကျွန်တော်တို့ရွှေတိုင်းပြည်ကြီးက စီးကရက်ဈေး၊ အရက်ဈေးကတော့ မယုံနိုင်လောက်အောင် ပေါနေပါတယ်၊ ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး၊ ပေါရမယ့် မီးဖိုချောင်သုံး အခြေခံစားရင်းက တာဝတိံသာရောက်နေပြီး သေမင်းခံတွင်းဝပို့မယ့် စီးကရက် အရက်ကျတော့ လူတိုင်းလက်လှမ်းမီတဲ့ အဆင့်ရောက်နေတာဟာ စီမံခန့်ခွဲသူကြီးများရဲ့ ရွှေဥာဏ်တော်လို့ ပြောရမယ်ထင်ပါရဲ့။
    မင်္ဂလာဆောင်ကိစ္စနဲ့ စင်္ကာပူရောက်နေတဲ့ ကျနော့အကိုဟာ အရက်မသောက်ပေမယ့် ဆေးလိပ်တော့ ပက်ပက်စက်စက် ရှိလှပါတယ်၊ အထက်တန်းကျောင်းသားဘဝလောက်ကတည်းက သောက်လာတဲ့ ဆေးလိပ်အသက် ၆၀ကျော်တဲ့အထိ တခါမှမဖြတ်ခဲ့ပါဘူး- အကျိုးဆက်က နားလေးသွားပါတယ်၊ ဆေးလိပ်အင်မတန်ကြိုက်တဲ့ ကျတော့် အဖေကလည်း နားလေးတော့ သူကလည်း ဘမျိုးဘိုးတူ မျိုးရိုးကြောင့်လို့ပဲ ထင်နေပါတယ်၊  မနှစ်လောက်က ဆစ်ဒနီရောက်တော့ သားလုပ်တဲ့သူက သူ့နားကို စပယ်ရှယ်လစ်နဲ့ ပြကြည့်ပါတယ်၊ အဖြေက ဆေးလိပ်ကြောင့်လို့ ပေါ်လာပါတယ်၊ ဖအေက ဆေးလိပ်ကြောင့် နားလေးသွားတာ နားလည်နိုင်ပေမယ့် ဆေးလိပ်မသောက်တဲ့သူ အမေပါနားတစ်ဖက်လေးသွားတာကို စပါယ်ရှယ်လစ်ကို မေးပါတယ်၊ အိမ်ထောင်သက် နှစ်၄၀လောက် ဆေးလိပ်သောက်တဲ့မင့်အဖေနဲ့ အတူနေမှတော့ သူလည်း passive smoking ပေါ့ကွာ၊ ဆေးလိပ်သောက်သူလိုပဲ ခံစားရတော့တာပေါ့တဲ့။ အဲဒီမှာ- လန့်ဖြန့်ပြီး ဆေးလိပ်ကိုဖြတ်လိုက်တာ ရက်ပိုင်းပဲခံပါတယ်၊ ခုထိ-သောက်ဆဲ သောက်မြဲပါပဲ။ ၇၀ နားနီးပြီ ... ခုထိ မဖြတ်နိုင်သေးပါဘူး။
    စင်္ကာပူမှာတွေ့တုန်း ညီကို၂ယောက် ဟိုအကြောင်း ဒီအကြောင်းပြောစဉ်မှာပဲ သူက အိတ်ထဲက စီးကရက်မီးညှိပါတော့တယ်၊ ကျနော်လည်း ဖြတ်ခဲ့တာ ၁၅နှစ်ရှိပါပြီ ဆိုသော်လည်း အရင်ကစွဲလန်းဖူးတဲ့ ဒူးယားဘူး ဝါဝါလေးတွေ့တော့ တလိပ်မြည်းကြည့်ရင်း စီးကရက်ဈေးမေးကြည့်တော့  "ကျပ် ၃ထောင်တဲ့" ။ သြစီဒေါ်လာနဲ့တွက်ကြည့်တော့ ၃ဒေါ်လာကျော်ကျော်ပဲ ကျပါတယ်၊ ဆစ်ဒနီက စီးကရက်ဈေးနဲ့နှိုင်းပြီး ပေါလှချည်လားလို့ပြောမိပါတယ်၊ ဆစ်ဒနီမှာ မရဘူး၊ တဗူး ၁၅ဒေါ်လာ၊ အောက်ထပ်တချို့ဆို ဒေါ်လာ၂၀ကျော်တယ်ဆိုတော့ ကျနော့်အကိုက  ဟကောင် ငါပြောတဲ့ ၃ထောင်ဆိုတာက  ၁၀ ဗူးဝင်တစ်တောင့်ကိုပြောတာ၊ တဗူးဆို ကျပ် ၃၀၀ ပဲ ကျတယ်ဆိုတော့၊ ကျနော်မယုံချင်ဘူး၊ ဟုတ်မှဟုတ်ရဲ့လား၊ အမှတ်များမှားနေသလားဆိုတော့ ဘယ့်နဲ့မှားရမလဲ ဒီလာခါနီးမှာ ငါကိုယ်တိုင်ဝယ်လာတာ၊ စင်္ကာပူမှာစီးကရက်ဈေးကြီးမှန်းသိလို့ ဒီမှာသောက်ဖို့ တကာတွန်းဆွဲလာတာ၊ မင်းလိုချင်ယူသွား၊ ဒို့ ဟိုမှာ ပေါမှပေါ၊ သြော်…သေမင်းနိုင်ငံလိုအမြန်ဆုံးနှုန်းနဲ့ ပို့ပေးမယ့်စီးကရက်ကျ ပေါမှပေါ၊ လူသက်တမ်းလေးဆန့်လို့ရမယ့် အာဟာရဖြစ်စေမယ့် နွားနို့တို့၊ ကြက်ဥတို့ အမဲသားတို့ ကြက်သားတို့၊ ဆန်ကောင်းကောင်း ဆီကောင်းကောင်းတို့ကျ မကြားဝံ့မနာသာ ဈေးတွေ ၊ ဆိတ်သားတပိသာ ကျပ်ငွေတစ်သောင်းကျော်ဆိုတော့… စက်ရုံအလုပ်သမားတစ်ယောက်ရဲ့တနေ့လုပ်အားခ- ကျောင်းဆရာမတစ်ယောက်ရဲ့ တလဝင်ငွေ- တလလုံးလုပ်မှ တသိန်း ၈သောင်းရတဲ့ဆရာဝင်တယောက်ရဲ့လစာ၊ ဘယ်ဘောဂဗေဒပညာရပ်မှ နားလည်အောင်ရှင်းမပြနိုင်တဲ့ ဝင်ငွေနဲ့ အခြေခံစားရင်းတို့ရဲ့ သဟဇာတမဖြစ်မှုတွေပါပဲ။
    သြစတြေးလျမှာရော ဈေးပေါသလားတဲ့… ဖြေရရင် ပေါတဲ့ဟာတွေပေါပြီး မပေါတဲ့ဟာတွေ မပေါပါဘူး၊ ဥပမာပြရရင် .. လူတယောက်အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ မီးဖိုချောင်သုံးပစ္စည်း အခြေခံစားကုန်၊ လူသုံးကုန်ပစည်းတွေကတော့ ရတဲ့လခနဲ့ ရပ်တည်လို့ရကြပါတယ၊် ၂လီတာနို့တပုံး တံဆိပ်လိုက်လို့ ၂၊ ၃၊ ၄ ဒေါ်လာ၊ ကြက်ဥတကဒ် (၁၂လုံး) ၃ဒေါ်လာ၊ ကြက်တောင်ပံ တကီလို ၂ဒေါ်လာခွဲလောက်နဲ့ ဝယ်လို့ရပါသေးတယ်၊
    အဲ- အိမ်မှာမသောက်ပဲ ဆိုင်မှာမှသောက်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်တော့ ဘီယာတစ်ခွက် အောက်ထစ် ၅ဒေါ်လာ၊ ဝီစကီတပက် ၆- ၇ ဒေါ်လာပေးရပါလိမ့်မယ်၊ ဝီစကီတလုံး ဒေါ်လာ ၃၀ အောက်မရှိတော့ပါဘူး၊ ဆေးလိပ်နဲ့ အရက် အပေါ် တမင်အခွန်တိုးမြှင့်ကောက်ခံထားတဲ့အတွက် ဇိုးသမားများ၊ ဆေးလိပ်သမားများဖြတ်ချင်ရင်ဖြတ်၊ မဖြတ်ချင်ရင်လျော့သာက်၊ အစိုးရကတော့ TAX လျော့မှာမဟုတ်၊
    သာမန်ဝင်ငွေသာရှိတဲ့ မိသားစု တစ်စုဟာ ကိုယ့်ဝင်ငွေထွက်ငွေကို သတိကြီးစွားထားပြီး စီမံခန့်ခွဲမှသာ အဆင်ပြေပါလိမ့်မယ်၊ ဘယ်ဟာ အပိုဇိမ်ခံပစ္စည်း Luxury လဲ၊ ဘယ်ဟာမရှိမဖြစ် essenlial လဲ၊ ခွဲသိဘို့လိုပါတယ်၊ စိတ်အလိုအလွန်လိုက်တဲ့ သြစီတွေဟာ သူတို့ကြိုက်တဲ့ ရပ်ဘီပွဲကောင်းတွေဆိုရင် လက်မှတ်တစောင် ဒေါ်လာတရာကျော်၊ နှစ်ရာကျော်ပေးကြည့်တာပါ၊ နောက်နေ့ကျလက်ထဲတပြားမှမရှိလို့ သူများဆီ ဆေးလိပ်တောင်းသောက်တဲ့သူတွေ မတွေ့မချင်းမှအဆုံး၊ ဆေးလိပ်တို့ အရက်တို့ဆိုတာ မရှိမဖြစ်ပစ္စည်းလား- ကျန်းမာရေးထိခိုက်တဲ့ပစ္စည်းလား- ဒါကိုခွဲခြားနားလည်လို့ရှိရင် ခုလို မယုံနိုင်လောက်တဲ့ ဈေးနှုန်းနဲ့ ထုတ်လုပ်နေတဲ့ စီးကရက်ကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်ပြီလိုပ ထင်ပါတယ်။
     ပြည့်သူ့ကျန်းမာရေးစောင့်ရှောက်မှုကို တကယ်တတ်ကျွမ်းနားလည်တဲ့ ပညာရှင်များဦးစီးပြီး ဥပဒေနဲ့ ကြပ်ကြပ်မတ်မတ်လုပ်သင့်ပါပြီ၊ ကျနော့ဆောင်းပါးဖတ်ပြီး ဆေးလိပ်မှ မဟုတ်ဘူး အရက်ကလည်း ဒို့တမျိုးသားလုံးကို ခြိမ်းခြောက်နေပြီလို့ တစုံတယောက်ကပြောလာရင် သဘောတူပါတယ်၊ ဘာနဲ့ ဘယ်လိုချက်လို့ ဒီဂရီဘယ်လောက်ရှိမှန်းမသိတဲ့ လိုင်စင်မဲ့အရက်တွေ ပလူပျံနေတယ်ဆိုတာ ကျနော်သိပါတယ်၊ အစတစ်စကို ဆွဲထုတ်လိုက်ရင် အစပေါင်း ၁၀၀လောက်ထွက်နိုင်တဲ့ လူထုကျန်းမာရေးကိစတွေ၊ ပြသနာတွေ- အန္တရာယ်မကင်းတဲ့ စားသောက်ကုန်တွေ- ဆေးဝါးအတုတွေ…စသဖြင့်..ကမာ့္ဘကျန်းမာရေးအဖွဲ့က ၁၉၉၇ ခုနှစ်တုန်းက မေလ (၃၁) ရက်နေ့ကို WORLD NO TOBACCO DAY ဆေးလိပ်ဆန့်ကျင်ရေး လုပ်ခဲ့ပါသေးတယ်၊ အဲဒီတုန်းက ရွှေပြည်ကြီးက ဂျာနယ်၊ သတင်းစာတွေမှာ ရေးကြ၊ လှုံ့ဆော်စည်းရုံးကြတာတွေ တွေ့ဖူးပေမယ့် မြန်မာ့ထုံးစံ ကောက်ရိုးမီးလို ဟုန်းကနဲထတောက်ရုံပါ။
    ကနေ့- ကမ္ဘာ့နိုင်ငံအတော်များများ ဆေးလိပ်ကိုကြောက်ပါတယ်၊ ပညာရှင်များကလည်း ဆေးလိပ်ရဲ့ဆိုးကျိုးကို အကြွင်းမဲ့လက်ခံပြီးပါပြီ၊ အရက်ကမှ ဝိုင်ကို ထမင်းမစားခင် တနေ့တခွက် မှန်မှန်သောက်ရင် နှလုံးရောဂါကို ကာကွယ်တယ်ဆိုတဲ့ အသံမျိုး ပညာရှင်တွေဆီက ကြားရဖူးပါတယ်၊ ဆေးလိပ်ကတော့ တစ်လိပ်ဆို တစ်လိပ် တစ်ဗူးဆိုတစ်ဗူး၊ မြန်မြန်သေချင်ရင် များများသောက်၊ ကာယကံရှငိက သေမှာမကြောက်လို့သောက်ပေမယ့် နိုင်ငံတော်မှာက ဆေးလိပ်နဲ့ ဆက်နွှယ်တဲ့ ရောဂါတွေကုဖို့ အသုံးစရိတ်ကို အခွန်ထမ်းတွေဆီက ယူရတာပါ၊ နိုင်ငံဘတ်ဂျတ်ထိနိုင်ပါတယ်။
    ဒါကြောင့် ဆေးလိပ်၊ စီးကရက်တွေကို လူ့အဖွဲ့အစည်းထဲမပျံ့နှံ့အောင် လျော့ကျအောင်- ပပျောက်အောင် နည်းမျိုးစုံနဲ့ကြိုးစားနေကြရပါတယ်။ ဆေးလိပ်ဘူးပေါ်မှ.. “ဆေးလိပ်သောက်ခြင်းသည် ကင်ဆာကိုဖြစ်စေသည်” ဆိုတဲ့စာတန်းရှိလဲ၊ ဆေးလိပ်ကို အခွန်တိုးကောက်- ဆေးလိပ်မသောက်ရ နယ်မြေတွေသတ်မှတ်၊ ၁၈နှစ်အောက်ကလေးကို ဆေးလိပ်ရောင်းရင် အရေးယူ၊ အသက်အာမခံကုမဏ္ဏီတွေက ဆေးလိပ်သောက်သူဆို ငွေပိုဆောင်း၊ Daily free ဆိုင်အပါအဝင် စတိုးဆိုင်ကြီးတွေ- ဆေးလိပ်ရောင်းတဲ့ဆိုင်အားလုံး စီးကရက်ဘူးကို မှန်ဘီရိုပေါ်မတင်ရ၊ လူမြင်ကွင်းမှာမထားရ၊ ဆေးလိပ်သောက်ခြင်းသည် လူကိုသေစေပါသည် စာတန်းကြီး ဆိုင်မျက်နှာစာမှာ ချိတ်ရ၊ စသဖြင့်… ပေါ့လေ၊ တီဗွီတွေ စာနယ်ဇင်းတွေကလည်း အခါအားလျော်စွာ ပညာပေးရေးသားလွှင့်ထုတ်နေကြရပါတယ်။
    အဲသလို ကမ္ဘာနဲ့ အဝှမ်း ဆေးလိပ်အန္တရာယ်ကြောင့် အမျိုးသားကျန်းမာရေးကို ထိခိုက်မှာစိုးလို့ အားသွန်ခွန်စိုက်ကြိုးစားနေချိန်မှာ ကျနော်တို့ကတော့ အန္တရာယ်ကိုမသိတာပဲလား၊ မသိချင်ယောင်ဆောင်နေတာလားတော့ မသိဘူး၊ ထုတ်တဲ့လူကလည်း ပျော်ပျော်ကြီးထုတ်၊ သောက်တဲ့လူကလည်း ပျော်ပျော်ကြီးသောက်၊ ရောင်းချင်သလိုရောင်း၊ ဝယ်ချင်သလိုဝယ်၊ ထိန်းသိမ်းကြပ်မတ်၊ ကွပ်ညပ်ခြင်းမရှိပဲ၊ စီးကရက်လက်ကြား ညှပ်ပြီး မရဏတိုင်းပြည်ကို ဗီဇာမလိုပဲ ဈေးပေါပေါနဲ့ သွားနေကြတာ တွေ့ရတော့ ... အင်း ... ... ကျနော်မျိုးလည်း စိတ်မကောင်းရုံမှ တပါး ။     ။