ဒေါက်တာဓမ္မပိယ (ITBMU) - ဒီစနစ်ကြောင့် အမှန်တရားများ ဆိတ်သုဉ်းရတော့မည်လော
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၄
စနစ်တစ်ခုကို ကျင့်သုံးရာ၌ ဘယ်စနစ်မျိုးကိုမှ အကောင်းချည်းဟု ပြောဆို၍မရနိုင်သလို၊ ဘယ်စနစ် မျိုးကိုမှ အဆိုးချည်းဟု ပြောဆို၍မရနိုင်ပါ။ ကောင်းခြင်းနှင့် ဆိုးခြင်းဆိုသည်မှာ ဒွန်တွဲနေသောအရာများသာ ဖြစ်တယ်။
ဥပမာ၊ သစ္စာစကားနှင့် မုသားစကား … ။
ဒီဆန့်ဘက်စကားနှစ်ခုမှာ သစ္စာစကားမှာ အားသာချက်များရှိနိုင်သလို၊ မုသားစကားမှာလည်း အားသာချက်များရှိနိုင်တယ်။ ဒီနေရာမှာ အားသာချက်ဆိုတာ ကောင်ခြင်းတစ်ခုကိုသာ ရည်ညွှန်းပြောလိုတာ မဟုတ်ဘဲ၊ လုပ်ရဲခြင်း၊ ပြုရဲခြင်းစသော အချက်များလည်း ပါဝင်နေခြင်းပါ။
မြတ်ဗုဒ္ဓ၏အဆုံးအမ၌ “မုသားစကား ပြောရဲတဲ့သူဟာ မလုပ်ရဲတဲ့ အကုသိုလ် ဒုစရိုက်မှုမျိုးဆိုတာ မရှိဘူး” လို့ အတိအလင်းဟောပြထားခြင်းပါ။ ဒီဟောကြားချက်ကို ဆန်းစစ်ကြည့်လျှင် မုသားစကား ပြောရဲတဲ့ သူဟာ အကုသိုလ်ဒုစရိုက်များကို ပိုမို၍ လုပ်ရဲခြင်းဆိုတဲ့ အားသားချက်ကို ဖေါ်ပြထားခြင်းဖြစ်တယ်။
မုသားစကားကို ဘယ်လိုလူတွေက ပို၍ ပြောတတ်ကြသနည်း။ သိချင်သူတွေလည်း ရှိနေခြင်းပါ။
ပညာရှင်များ သုတေသနပြုနေကြဆဲပါ။ ဘယ်လိုလူတွေက မုသားစကား ပိုပြောတတ်ကြတယ်ဆိုတဲ့ အချက်ကိုမူ ကွန်ဖန်း (Confirm) လုပ်ရန် အချိန်စောလွန်းနေသေးတယ်လို့ ပြောရမှာပါ။ သို့သော် အပြော များများပြောတဲ့ပုဂ္ဂိုလ်များဟာ အမှားများများ ပါဝင်နေတတ်တယ်ဆိုတဲ့အချက်ကိုတော့ သတိပြုမိခြင်းပါ။
ဒီမိုကရေစီစနစ်မှာ ပြည်သူတွေ စကားများများ ပြောလာတတ်ကြပြီမို့၊ သို့မဟုတ် ပြောရဲလာကြပြီမို့ ၀မ်းသာမိခြင်းပါ။ သို့သော် မှားယွင်းစွာပြောဆိုနေတဲ့ စကားတွေကို အမှန်တရားတွေပါလို့ ထင်နေသူတွေလည်း များစွာရှိနေခြင်းပါ။ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေ သူတို့၏သဘောဆန္ဒ၊ သူတို့၏သဘောထားများကို ထုတ်ဖေါ်ပြောကြားနိုင်ရန် အခွင့်အာဏာများ ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် ပြည်သူများ ပါဝါရှိသော စနစ်မျိုးဖြစ်လာ၍ ကြိုဆိုမိခြင်းပါ။
သို့သော် စကားဆိုတာ ပြောတိုင်း ကောင်း၊ မကောင်း စိစစ်ရန် လိုအပ်လာခြင်းပါ။ နောက်ပြီး စကားဆိုတာ ပြောတိုင်းမကောင်းနိုင်သလို၊ ဆိတ်ဆိတ်နေတိုင်းလည်း မကောင်းနိုင်ပါ။ စကားပြောခြင်း အတတ်ပညာဟာ အနုပညာသဘောမှာ ပါဝင်နေတာကြောင့် ပညာရှင်များ အခါအားလျှော်စွာ ပြောဆို ဆုံးမခဲ့သောစကားများကို အသုံးပြုရာ၌ အချိန် အခါကို ကြည့်၍ ပြောဆိုသုံးနှုန်းတတ်ရန် လိုအပ်လာခြင်းပါ။ ထိုသို့ပြောဆိုပါမှ လောက ဓမ္မ နှစ်ဌာနတို့၌ အံဝင်ဂွင်ကျ ရှိလာနိုင်မှာဖြစ်တယ်။ ယနေ့ မြန်မာပြည်ရဲ့ အနေအထားဟာ စကားကို မဆင်မခြင်ပြောလို့ မရနိုင်တော့ကြောင်း သတိပြုမိခြင်းပါ။ နိုင်ငံရေးမှာ စိန်ခေါ်မှုများ ရှိလာသလို၊ အကြမ်းဖက်သမားတို့ရဲ့ စိတ်ခေါ်မှုရန်ကလည်း မသေးလှပါ။
ထိုကြောင့် စကားကို ချိန်ချိန်ဆဆ ပြောတဲ့အလေ့အကျင့်များ ပြုလုပ်ထားသင့်တဲ့ အချိန်အခါမျိုးဖြစ် နေခြင်းပါ။ “နှိုင်းနှိုင်းချိန်ချိန် သုခမိန်”ဆိုတဲ့အတိုင်း ဘယ်စကားမျိုးကိုပြောပြော လက်ခံနိုင်သူ ရှိနိုင်သလို၊ လက်မခံနိုင်သူတွေကလည်း ရှိနေခြင်းပါ။ ဥပမာ၊ “ဆိတ်ဆိတ်နေခြင်းသည် မြင့်မြတ်၏” ဆိုတဲ့ ပညာရှိတို့၏ အဆိုအမိန့်မှာ ဆိတ်ဆိတ်နေခြင်းသည် မြင့်မြတ်တယ်လို့ အဆိုပြုထားပေမဲ့ ဆိတ်ဆိတ်နေတိုင်း မြင့်မြတ်တယ်ဆိုတဲ့အဆိုကို လက်မခံနိုင်တဲ့ သူတွေကလည်း ဒုနှင့်ဒေးပါ။ သို့သော် လက်ခံနိုင်သူ၊ လက်မခံနိုင်သူတို့အကြား သတိမူသင့်သည်မှာ လူတိုင်းမှာ သဘောထားကွဲလွဲခွင့်ရှိတယ်ဆိုတဲ့ ဒီမိုကရေစီ သဘောထားကိုတော့ အမှတ်ရသင့်ခြင်းပါ။
လက်ခံနိုင်သူနှင့် လက်မခံနိုင်သူအကြား ဆန်ကျင်ဘက်မဖြစ်ရလေအောင် “ဆိတ်ဆိတ်နေခြင်းသည် မြင့်မြတ်၏” ဆိုတဲ့စကားကို ဘယ်နေရာမှာသုံးရင် အဆင်ပြေနိုင်မလဲ။ စဉ်းစားနိုင်ကြဖို့ပါ။ အကယ်၍သာ ထိုစကားကို တရားရိပ်သာများမှာ အသုံးပြုခဲ့မယ်ဆိုလျှင် နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေပြီး၊ အဓိပ္ပါယ်လည်း ပိုမိုရှိလာနိုင်ခြင်းပါ။ ဥပမာ၊ နိုဘယ်လ် ဆိုင်းလင့်စ် (Noble Silence) - “ယောဂီများ တရားအားထုတ်နေသည်။ ဆိတ်ဆိတ်နေခြင်းဖြင့် ကူညီပါ” ဆိုတဲ့ အသုံးမျိုးပါ။ ဒီလိုအသုံးမျိုးကြတော့ အားလုံး အတွက် အဓိပ္ပါယ်ရှိနေခြင်းပါ။
နောက်တစ်မျိုးက “ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံရာရောက်တယ်”ဆိုတဲ့အဆိုပါ။ ဘာသာရေးနယ်ပယ် မှာ ဆိတ်ဆိတ်နေခြင်းဟာ သဘောတူတယ်၊ ၀န်ခံတယ်ဆိုတဲ့ သဘောမျိုးရှိ၍ ဆိတ်ဆိတ်နေခြင်းဟာ ပြဿနာများကို ငြိမ်းအေးအောင် ဆောင်ရွက်ရသည့်ကိစ္စမျိုး၌ အကျိုးများလှ၍ ကြိုဆိုမိခြင်းပါ။ သို့သော် နိုင်ငံရေးနယ်ပယ်မှာ ဆိတ်ဆိတ်နေခြင်းဖြင့် မိမိပြောလိုသော၊ သို့မဟုတ် မိမိအကြံပြုလိုသော၊ သို့မဟုတ် မိမိငြင်းပယ်လိုသော ကိစ္စမျိုး၌ မိမိရဲ့အခွင့်ရေးများ ဆုံးရှုံးနစ်နာနိုင်၍ ဆိတ်ဆိတ်နေတဲ့အလေ့အကျင့်ကို အားမပေးသင့်ခြင်းပါ။
သို့သော် မြန်မာတို့ရဲ့ ဓလေ့၊ သို့မဟုတ် အစဉ်အလာက တစ်စုံတစ်ယောက်ကို မိမိမကြိုက်သော်လည်း၊ သို့မဟုတ် တစ်စုံတစ်ခုကို မိမိလက်မခံလိုသော်လည်း ဆိတ်ဆိတ်နေတတ်သော အလေ့အကျင့်များကို ဆက်လက်ကျင့်သုံးနေကြ၍ နိုင်ငံရေးနယ်ပယ်မှာဖြစ်ဖြစ်၊ လူ့အခွင့်ရေးနယ်ပယ်မျိုးမှာပဲဖြစ်ဖြစ်၊ ဆုံးရှုံးနစ်နာမှု များနှင့် ကြုံတွေ့နေကြရခြင်းပါ။ ဆိတ်ဆိတ်နေတတ်သော အလေ့အကျင့်များကို ကျော်လွှားနိုင်အောင်၊ သို့မဟုတ် မိမိတို့၏သဘောဆန္ဒများကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ်ပြောဆိုနိုင်အောင် စာများများဖတ်ခြင်း၊ ဆွေးနွေးပွဲများ၊ ဆီမီနာများ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ များများတက်ရောက်၍ အတွေ့အကြုံများကို များများရယူသင့်ခြင်းပါ။
နောက်တစ်ခုက “ပြည်သူတွေ ဆိတ်ဆိတ်နေခြင်းသည် ကိုယ်တိုင်က ဒီမိုကရေစီစနစ်ကို ခြိမ်းချောက် နေသူတွေ ဖြစ်နေတတ်တယ်” (Citizen’s silence threatens Democracy) ဆိုတဲ့ အဆိုအမိန့်ပါ။ ရချင်တာက ဒီမိုကရေစီ၊ အမူအယာက ထုံအအ။ ဒီလိုလူမျိုးတွေအတွက် စနစ်တစ်ခု အလျှင်အမြန် အောင်မြင်ဖို့ဆိုတာ တခါတရံမှာ ကိုယ်တိုင်က အဟန့်အတားတွေ ဖြစ်နေတတ်ခြင်းပါ။ ထို့ကြောင့် မိမိဆန္ဒကို ထုတ်ဖေါ်ရာမှာ ဒီမိုကရေစီ ဘောင်ထဲ၊ စည်းထဲကနေ ရဲရဲဝံ့ဝံ့ ထုတ်ဖေါ်နိုင်ကြဖို့ပါ။ ဆန္ဒကို ထုတ်ဖေါ်ပြောဆိုရာမှာလည်း အကြောက်တရားတွေ ကင်းရှင်းပြီး ဆန္ဒကို ထုတ်ဖေါ်နိုင်ကြဖို့ပါ။
သို့သော် ဒီမိုကရေစီစနစ်အရ ပြည်သူ့ဆန္ဒကို ထုတ်ဖေါ်ပြောဆိုရာ၌ ပြည်သူများဖြစ်ချင်သော၊ သို့မဟုတ် ပြည်သူများတောင်းဆိုသော အရာတိုင်းသည် ဖြစ်လာနိုင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဒီမိုကရေစီစနစ်သည် အမှန်တရားနှင့် သစ္စာတရားကို ဦးစားပေးနိုင်သော စနစ်မျိုးမဟုတ်ဘဲ၊ အများစု၏ သဘောဆန္ဒကို အလေးပေးရသော စနစ်မျိုးဖြစ်၍ ကိစ္စခြင်းရာများအတွက် မှန်ခြင်း၊ မှားခြင်းကို အလေးမမူ နိုင်ဘဲ၊ အများစု၏ဆန္ဒနှင့် လိုက်လျောညီထွေရှိအောင် ဆောင်ရွက်ပေးသောစနစ်ဖြစ်၍ ဒီမိုကရေစီ စနစ် အောက်မှာ လူ့အခွင့်အရေးများ ဆုံးရှုံးသွားရသူများလည်း များစွာရှိနိုင်ခြင်းပါ။
ထိုသူများထဲတွက် နာမည်ကျော် ဂရိ ဖီလိုဆိုဖာကြီး ဆိုကရတီးတစ်ယောက်လည်း ပါဝင်နေခြင်းပါ။ ဒီမိုကရေစီစနစ်၌ အမှန်တရားထက် ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားများသည် ပိုမို၍ ဦးစားပေးထားကြောင်း တွေ့ရှိရခြင်းပါ။
ဂရိ ဖီလိုဆိုဖာကြီး ဆိုကရတီးစ်သည် လူငယ်၊ လူရွယ်များကို ပညာတတ်စေချင်၍ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးရာ၌ အခကြေးငွေမယူဘဲ ပညာများကို တတ်မြောက်အောင် ကူညီပေး ခဲ့တယ်။ ဆိုကရတီးစ်၏ပညာရေးစနစ်သည် ဆရာက ကျောင်းသား၊ ကျောင်းသူများအား အရာရာတိုင်းကို သင်ကြားပေးသော စနစ်မျိုးကို အသုံးမပြုဘဲ၊ ကျောင်းသားများ၌ရှိနေသော ဥာဏ်ရည် ဥာဏ်သွေးများကို စနစ်တကျ အသုံးချတတ်အောင် ကူညီထောက်ပံ့ပေးသော ပညာရေးစနစ်ဖြစ်တယ်။ ဥပမာ၊ ယောက်သွားထဲ၌ ရှိနှင့်ပြီးဖြစ်နေသော ပုလဲကို ထုတ်ယူသောနည်းမျိုးဖြစ်တယ်။ စနစ်ကောင်းလှ၍ သူ၏ ကျောင်းသား၊ ကျောင်းသူများသည် တစ်နေ့တစ်ခြား ပို၍ပို၍ များပြားလာခဲ့တယ်။
သို့သော် ပညာသင်ကြားပေးရာ၌ အခကြေးငွေယူ၍ ပညာသင်ကြားပေးကြသော ထိုခေတ်ထိုအခါက ဆရာအများစုက မကျေမနပ်ဖြစ်ကာ ဆိုကရတီးစ်အပေါ်၌ ရန်ငြိုးဖွဲ့ခဲ့တယ်။ အမှုဆင်၍ တရားရုံးတော်၌ တရားစွဲ ဆိုခဲ့ကြတယ်။ သူတို့တရားစွဲဆိုခဲ့သော တရားမမှု အမှုနှစ်ခုမှာ - (၁) ကျောင်းသားများအား ပြည်သူများ ကိုးကွယ်နေသော ဘုရားသခင်အား အကြည်ညိုပျက်အောင် ဆောင်ရွက်မှု (၂) လူငယ်များ စာရိတ္တပျက်ပြားအောင် ဆောင်ရွက်မှု၊ ဤနှစ်မှုကို ခေါင်းစဉ်တပ်၍ ရုံးတော်သို့တင်ခဲ့ကြတယ်။
သူ့အပေါ်၌ တင်ထားသော ပြစ်မှုများသည် အမှန်တရားမဟုတ်သော်လည်း ဒီမိုကရေစီစနစ်အရ အများစု၏သဘောဆန္ဒအတိုင်း ရုံးတော်မှ ထိုအမှုအတွက် ပြစ်ဒဏ်နှစ်ခုကိုချမှတ်ခဲ့တယ်။ ထိုပြစ်ဒဏ်ကား - ဆိုကရတီးစ်သည် သူကျုးလွန်ထားခြင်းမရှိသော ပြစ်မှုအတွက် တိုင်းပြည်အတွင်းမှ အမြန်ထွက်ခွါသွား ရန်ဖြစ်တယ်။ ထိုသို့မပြုလုပ်နိုင်ပါက တိုင်းပြည်တွင်းမှာပင် အဆိပ်သောက်၍ ကိုယ်တိုင် အဆုံးစီရင်ရန် ဖြစ်တယ်။
ဆိုကရတီးစ်သည် အကောက်ကြံ၍ အမှုဆင်ထားသော ထိုပြစ်မှုအတွက် သူမမှားကြောင်း သိထားပြီး ဖြစ်သော်လည်း ပြည်သူများ၏သဘောဆန္ဒအရ ထိုအမှုအတွက် သူပြစ်မှုတစ်ခုခုကိုခံရမည် ဆိုတာကို သိခဲ့တယ်။ သို့သော် ဆိုကရတီးစ်စဉ်းစားသည်မှာ သူတို့စီရင်ချက်ကြောင့် သူတိုင်းပြည်အတွင်းမှ ထွက်ခွါသွား ခဲ့မည်ဆိုလျင် သူသည် အမှားပြုလုပ်ထားသူဖြစ်၍ တိုင်းပြည်မှ ထွက်ခွါသွားရသည်ဟု အများအထင် မှားစရာဖြစ်သွားနိုင်တယ်။ နောင်အနာဂတ်မှာ (ပြည်သူများ အမှန်တရားကို သိလာသောတစ်နေ့မှာ) သူ့မေတ္တာ၊ သူ့စေတနာတို့ကို ပြည်သူများနားလည်လာနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့တယ်။ ထိုကြောင့် တပည့်အများက အဆိပ်ကို မသောက်ရန် အတန်တန် တားမြစ်နေသည့်ကြားမှ အမှန်တရားများ အစဉ်ထာဝရ မဆိတ်သုဉ်းနိုင်ရေးအတွက် အဆိပ်ရည်ကို သောက်၍ သူ့ဘ၀ကို အဆုံးစီရင်သွားခဲ့တယ်။
ဂရိ ဖီလိုဆိုဖာကြီး ဆိုကရတီးစ်သည် အမှန်တရားကို မျက်ကွယ်ပြုထားသော ထိုခေတ်၊ ထိုအခါက ဒီမိုကရေစနစ်အောက်မှာ သူ့ဘ၀တစ်ခုလုံးကို ပေးဆပ်သွားခဲ့တယ်။ သူတွေးထင်ထားခဲ့သည့်အတိုင်း သူ့အမှု၌ အမှန်တရားကို ပြည်သူများ ဖေါ်ထုတ်လာနိုင်ခဲ့ကြပြီ။ ပြည်သူများသည် ဖီလိုဆိုဖာကြီး ဆိုကရတီးစ်၏ ဂုဏ်ကျေးဇူးများကို ချီးကျူး၍ မဆုံးနိုင်အောင် ရှိခဲ့ကြပြီ်။ အမှန်တရားဘက်၌ အသက်ပေး၍ ရပ်တည် သွားခဲ့သူဖြစ်ကြောင်း သမိုင်း၌ သက်သေထူနိုင်ခဲ့ပြီ်။ သို့သော် ဂရိ ဖီလိုဆိုဖာကြီး ဆိုကရတီးစ်၏ ဘ၀ကား နေ၀င်ချိန်သို့ ရောက်ခဲ့ရပြီမဟုတ်ပါလား။
သတိပြုရမည်မှာ ဒီမိုကရေစီစနစ်၌ အမှန်တရားကို မျက်ကွယ်ပြုနိုင်ခြင်း၏ အကြောင်းများစွာ ရှိနေခြင်းပါ။ စပွန်စာပေးထားခြင်းကြောင့်၊ အကြောက်တရားကြောင့်၊ ယုံကြည်ချက်ကြောင့်၊ အတိုက်အခံ စိတ်ရှိနေခြင်းကြောင့် စသည့်စသည့် အကြောင်းများစွာ ပါဝင်နိုင်ခြင်းပါ။ ဆိုကရတီးစ်သည် ဘာကြောင့် အသေဆိုးနှင့် သေရသနည်း။ လူ့အခွင့်ရေးစကား တွင်တွင်ချည်းပြောဆိုနေကြသော်လည်း လူသားအချင်းချင်း အနိုင်အထက်ပြု၍ သတ်ဖြတ်နေကြသော ဒုစ္စရိုက်မှုများအတွက် အမှန်တရားကို မျက်ကွယ်ပြုလိုသော သူများကလည်း များစွာရှိတယ်။ အမှန်တရားကို တန်ဖိုးထားတဲ့ ဆိုကရတီးစ်လို ကမ္ဘာကျော်ပုဂ္ဂိုလ်များနှင့် ကမ္ဘာမကျော်သောပုဂ္ဂိုလ်များရဲ့ လူ့အခွင့်ရေးများ ဆုံးရှုံးနေရတဲ့ အမှုပေါင်း ဤကမ္ဘာလောက၌ မည်၍မည်မျှ ရှိနေပြီဖြစ်ကြောင်း မည်သူမျှ သိနိုင်မည်မဟုတ်ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။