ဆောင်းဝင်းလတ် - ရန်ကုန် အရှေ့ပိုင်းတနေရာ



ဆောင်းဝင်းလတ် - ရန်ကုန် အရှေ့ပိုင်းတနေရာ
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၄
 


၂၀၀၃ ခုနှစ်ကဖြစ်သည်။ ညီတယောက်သဖွယ် ခင်မင်ရင်းနှီးနေသော စာနယ်ဇင်းသမား လူငယ်တဦးက မဂ္ဂဇင်းတစောင်ကို လစဉ်ထုတ် ဝေဖို့ စတင်ပြီး စီစဉ်သည်။ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျွန်တော့်အား “အထက်အညာဒေသဘက်ကို အကိုနဲ့အတူ ကျွန်တော် ခရီး ထွက်မယ်အကို…ဟိုရောက်ရင် အဲဒီဒေသက မြန်မာ့အနုသုခုမလက်ရာကောင်းတွေအကြောင်းကို လိုက်လေ့လာပြီး အကိုက ကျွန်တော် ထုတ်မယ့်မဂ္ဂဇင်းအတွက် ဆောင်းပါးတွေရေးပေးပါ” ဟု ပြောသည်။
 
ဆယ်ရက်ကျော်ကြာမည့်ခရီးစဉ်ဖြစ်သည်။ နှစ်ယောက်သား ရန်ကုန်မှ ရထားနှင့်ထွက်လာခဲ့ကြသည်။ ကြားဘူတာရုံ တရုံအရောက်တွင် မြန်မာ့မီးရထားကြီးကရုတ်တရက် စက်ခေါင်းပျက်လေသည်။ အဆိုပါဘူတာရုံကလေးတွင် အချိန်တော်တော်ကုန်ဆုံးသွားခဲ့သည်။ ည မှောင်ရီပျိုးပြရောက်တော့ ရထားအောက်သို့ခရီးသည် တချို့ဆင်းကြကာ အညောင်းအညာပြေ လမ်းလျှောက်ကြသည်။ ကွင်းစပ်စပ် တနေရာတွင် ခရီးသည်အမျိုးသမီးကလေးတယောက်က လက်ကိုင်ဓာက်ခဲသုံး ရေဒီယိုလေးကိုဖွင့်ကာ ဗွီအိုအေသတင်းများကို ခပ်တိုး တိုးလေးဖွင့်၍ နားထောင်တော့ ကျွန်တော်လည်း ကျွန်တော့မှာပါလာသည့် ဓာတ်ခဲရေဒီယိုလေးကို ဂျာကင်အင်္ကျီအိတ်ထဲမှထုက်ကာ သတင်းတွေနားထောင်သည့်ဖော်ရသွားပြီး တယောက်နှင့်တယောက် စကားစပ်မိကြသည်။ သူက သာစည်မှာဆင်းမှာတဲ့။ ကျွန်တော်က မန္တလေးအထိ။

“လူကြားသူကြားမှာ တယောက်အကြာင်းတယောက်မသိဘဲ ရေဒီယိုသတင်းတောင်မှ ကျယ်ကျယ်ဖွင့်ပြီးနားထောင်လို့မရတဲ့ဘဝမျိုးကို ကျွန်မတို့ ဘယ်တော့မှလွတ်မြောက်ကြမလဲမသိဘူး ဦးလေးရေ…” ဟု ခရီးဖော်မိန်းကလေးက ကျွန်တော့်ကိုပြောသည်။

“ဟုတ်တယ်တူမရဲ့ လက်ရှိစစ်အစိုးရက ပြည်ပအသံလွှင့်ဌာနတွေက သတင်းကြေငြာတာတွေကို နားထောင်တဲ့လူတိုင်းကိုလည်း ရန်သူလို သဘောထားနေကြတော့ ခက်သားပဲ” ဟု ကျွန်တော်က ပြောပြသည်။

“ရန်သူလိုသဘောထားတာတော့ အသေအချာပဲဦးလေးရေ…ကျွန်မတို့ တောနယ်ဘက်တွေမှာဆိုရင် စွမ်းအားရှင်တို့၊ ကြံ့ဖွတ်တို့နဲ့ ပတ်သက်တဲ့သတင်းပေးတွေကလည်းရှိသေးတော့ သူတို့က ဟိုလိုလိုဒီလိုလို မဟုတ်မဟပ်သတင်းတွေ ပို့လိုက်တာနဲ့ ရေဒီယိုလေးနား ထောင်တာ ကိုတောင်မှ စစ်ထောက်လှမ်းရေးတွေက သူတို့တပ်ချင်တဲ့ပုဒ်မတပ်ပြီး ဖမ်းချင်တဲ့သူကိုဖမ်းနေတာကိုး” ဟု ကလေးမက ညီးညီးညူညူ လေးပင် ပြေနေရှာပေတော့သည်။

“နယ်မှာမှမဟုတ်ပါဘူး…ဦးလေးတို့မြို့မှာလည်း တကယ်တမ်းကျတော့ တရားဥပဒေမှမရှိတာ…အာဏာကို အလွဲသုံးစားလုပ်ချင်တိုင်းလုပ် နေကြတော့ ရေဒီယိုသတင်းနားထောင်ရင်ပဲ တကယ့်တရားခံကြီးတွေဖြစ်တော့မလိုလို… ဟိုနား ဒီနား စုစုဝေးဝေးနဲ့ထိုင်ပြီး တိုးတိုး တိတ်တိတ် စကားပြောနေတာတွေ့ရင်တောင်မှ သံသယစိတ်နဲ့ လက်ဖက်ရည်ဆိုင်တွေထဲဝင်လာပြီး ဖမ်းတာဆီးတာတွေက တိုင်းပြည်မှာ ဘာတရားဥပဒေမှမရှိတော့ဘူးဆိုတာကို ပေါ်လွင်နေတာပဲလေ” ဟု ကျွန်တော်က ပြောပြလိုက်ပါသည်။

“ဒါဆိုရင်လည်းဦလေးရယ်… ကမ္ဘာပေါ်မှာ ရေဒီယိုကိုစပြီးတီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီးတွေကိုပဲ သင်္ချိုင်းထဲက အရိုးစုတွေပြန်ဖော်ပြီး တရားရုံးတင် တရားစွဲရတော့မလို ဖြစ်မနေပေဘူးလား” ဟု သူက ခပ်ယဲ့ယဲ့လေးပြုံးရင်းပြောသဖြင့် ကျွန်တော်က… “မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေက အချိန်ကုန်ခံပြီး အဲ့ဒီအရိုးစုတွေကို ဘယ်တရားရုံးမှတင်ကြမှာမဟုတ်ပါဘူး…အရိုးစုတွေကို တွေ့တဲ့နေရာမှာ စစ်ဖိနပ်နဲ့ နင်းခြေပြီး ကြေမွအောင်ပဲလုပ်ပစ်လိုက်ကြတော့မှာပေါ့” ဟု ပြောပြီး ရယ်နေမိသည်။

“ကျွန်မတို့လူထုဘက်က သတင်းငတ်တယ်ဆိုတာ အမှန်ပဲနော်ဦးလေး”… “ဒါပေါ့… တယ်လည်းသတင်းအမှန်တွေကို ထမင်းငတ်သလို ငတ်နေကြလို့ ဦးလေးတို့က ဘီဘီစီ၊ ဒီဗွီဘီ၊ အာရ်အက်ဖ်အေနဲ့ ဗီအိုအေကလွှင့်နေတဲ့သတင်းတွေ စောင့်နားထောင်နေကြရတာပေါ့။ မြန် မာပြည်က စစ်အစိုးရထုက်နေတဲ့ နေ့စဉ်သတင်းစာဆိုတာကလည်း စစ်အစိုးရပေါ်လစီတွေနဲ့ပဲ စာမျက်နာပြည့်နေသလို ရေဒီယိုနဲ့တီဗွီ သတင်းတွေကလည်း သတင်းဦးသတင်းထူးလည်းမပါသလို တိုင်းပြည်မှာ တကယ်ဘာတွေဖြစ်ပျက်နေပြီလဲဆိုတာလည်း မပါတော့ ညည်း ငွေ့စိတ်ပျက်လွန်းတာနဲ့ ဦးလေးဆိုရင် ကြေးမုံနဲ့မြန်မာ့အလင်းသတင်းစာ မဝယ်ဖြစ် မကြည့်ဖြစ်တာကြာပြီလေ”… “ကျွန်မလည်း သတင်း သာမဖတ်…နာရေးသတင်းတွေ မကြည့်မိလို့ တချို့မိတ်ဆွေတွေထဲက ဆုံးတာတောင် မသိလိုက်တာနဲ့ နာရေးလိုက်မပို့ဖြစ်ပဲ လူမူရေးပျက် ကွက်ပေါင်းများပြီ ဦးလေးရဲ့” ဟု ကျွန်တော်တို့ နှစ်ယောက်စကားကောင်းနေဆဲမှာပင် ရထားစက်ခေါင်းကြီး ဝူးခနဲ စက်နှိုးသံကြားလိုက်ရကာ ရထားလမ်းဘေးမှာဆင်းနေကြသော ခရီးသည်တွေထဲကတယောက်က… “စက်ပြန်နှိုးနေပြီဗျို့ ရထားထွက်တော့မယ်” ဟုဆိုကာ တွဲ တတွဲပေါ်တက်သွားတာမြင်မှ ခရီးသည်အားလုံး ကိုယ့်တွဲကိုလိုက်တက်ကြရပြန်သည်။ အမှန်တကယ်လည်း စက်ခေါင်းပြန်ကောင်းသွားပြီမို့ ညဥ့်တော်တော်မှောင်တော့မှ အဲသည်ကြားဘူတာရုံကလေးမှတဆင့် ရန်ကုန်-မန္တလေး အမြန်ရထာကြီး ခရီးဆက်ခဲ့ရသည်။

အညာဒေသမှာ ၁၀ ရက်ကြာလှည့်လည်သွားလာ၊ လေ့လာစရာတွေကိုလည်း လေ့လာပြီး၊ မဂ္ဂဇင်းအတွက် ကောင်းနိုင်ရာရာဆောင်းပါးတွေ ရေးခဲ့သည်။ မဂ္ဂဇင်းထုတ်စေမည့် ညီငယ်နှင့် ကျနော်ရန်ကုန်ပြန်ရောက်ပြီးနောက် ၂ ရက်လောက်ကြာတော့ သူမဂ္ဂဇင်းတိုက်အသစ် တည်ရာအတွက် “နှစ်ချုပ်စာချုပ်” ဖြင့်သူငှားရမ်းထားသော မြေညီထပ်တိုက်ခန်းကြီးသို့ ကျနော်ရောက်သွားသည့် ရန်ကုန်နယ်နိမိတ် အရှေ့ပိုင်းရှိ လမ်းတလမ်းထဲမှာ အခန်းငှားကာ မကြာခင်ထွက်လာတော့မည့် မဂ္ဂဇင်းအသစ်အတွက် စိုင်းပြင်းတာစူနေကြတာ သိုက်သိုက်ဝန်းဝန်းတွေ့လိုက်ရတော့ စိတ်ထဲမှာဘဝင်ကျမိသည်။

“အကိုရေ… အဲဒီတာအဖွဲ့ရော၊ စာစီစာရိုက်စာပြင်ဆရာရော… ကျနော်တို့တော့ အားလုံးအဆင့်သင့်ပါပဲ။ အညာမှာတုန်းက အကိုရေးလာတဲ့ ဆောင်းပါးစာမူတွေလည်း တလစီမျှပြီး ဓာတ်ပုံလေးတွေ ဝေဝေဆာဆာနဲ့ ထည့်သွားလိုက်မယ်အစ်ကို” ဟု ညီငယ်မဂ္ဂဇင်းထုတ်ဝေသူက ပြောပြရင်း၊ သူနှင့်ကျနော် နောက်တခါသွားရအုံးမည့် နယ်ဒေသခရီးစဉ်တခုအတွက် တိုင်ပင်နေကြသည့်လူငယ်လေးတဦးက စာရွက်တချို့ ကို ကိုင်ကာအခန်းထဲဝင်လာရင်း “ဆရာရေ…လဝကရုံးကတော့၊ ရပ်ကွက်ရုံးကထောက်ခံစာ အပြည့်အစုံပါရင်… သန်းခေါင်စာရင်းလုပ် ပေးလို့ရတယ်လို့ ပြောလိုက်တာနဲ့၊ ကျနော်က ခုလေးတင်ပဲ ရပ်ကွက်ရုံးမှာ ဝင်ပြောလိုက်တယ်။ ကျနော်တို့က ဒီလမ်းထဲမှာ မဂ္ဂဇင်းထုတ်ဝေ မှာဆိုတော့ ညရေးညတာ ဖောင်ပိတ်ရက်၊ စက်ရိုက်ရက်တွေမှာ ညအိပ်သမားတချို့လည်းရှိမယ်။ တပတ်တခါ ဧည့်စာရင်းတိုင်နေရရင် အလုပ်ပိုမှာစိုးလို့ သန်းခေါင်စာရင်းလုပ်ချင်တယ်။ ရပ်ကွက်ထောက်ခံချက်လိုပါတယ်လို့ပြောတော့ ရပ်ကွက်ဥက္ကဌကိုယ်တိုင်က ကျွန်တော့်ကို ခေါ်တွေ့ပြီး ပြောတယ်အကို” ဟု ပြောပြသည်၊။

ဘာပြောလိုက်လဲဟု ကျတော်တို့ကမေးတော့၊ “ဟောဒီ့ပုံစံစာရွက်တွေယူသွားပြီး မင်းတို့မဂ္ဂဇင်းတိုက်အဖွဲ့သားအားလုံးက ကြံ့ခိုင်ရေးဝင်ဖို့ လျှောက်လွှာတင်ကြရမယ်။ ဒါဆိုရင် မင်းတို့သန်းခေါင်စာရင်းအတွက် ငါထောက်ခံချက်ပေးလိုက်မယ်။ တကယ်လို့ ငါတို့ကြံ့ခိုင်ရေးထဲမဝင်ဘူးဆိုရင်တော့ မင်းတို့ကို တပါတ်တခါ ဧည့်စာရင်းနဲ့ပဲ နေခွင့်ပြုမယ်။ အဲဒါမင်းတို့အချင်းချင်း ပြန်ပြီးပြောပြလိုက်ပေတော့လို့ ပြောလိုက် တယ်အကို” ဟုဆိုကာ စာရွက်တွေပြသည့် မဂ္ဂဇင်းထုတ်ဝေမည့်ညီငယ်က ကြံ့ခိုင်ရေးလျှောက်လွှာပုံစံစာရွက်များကို လှမ်းယူကာ ကျွန်တော့်ရှေ့မှာပင် ဆွဲဖြဲပစ်လိုက်ပြီး နံဘေးရှိအမှိုက်ခြင်းထဲသို့ လုံးခြေ၍ ပစ်ထည့်လိုက်သည်။

“ဒါ…တို့ကို သက်သက်အနိုင်ကျင့်တာကွ။  မင်းတို့ကော ကြံ့ခိုင်ရေးထဲဝင်မယ့်သူရှိရင် ဝင်နော်၊ ဝင်ချင်တဲ့သူကိုတော့ ငါမညိုညင်ဘူး၊ အလုပ်လည်းမဖြုတ်ဘူး။ ဒါက ကိုယ့်အခွင့်အရေးနဲ့ကိုယ်ပဲ။ ငါခွင့်လွှတ်တယ်။ ငါကတော့ ဘယ်တော့မှ စစ်အစိုးရဖွဲ့ထားတဲ့ ကြံ့ခိုင်ရေး ထဲဝင်မှာမဟုတ်ဘူး” ဟု သူ့အဖွဲ့သားများဆီသို့ လှမ်းပြောလိုက်ရာ အားလုံးကလည်း ခါးခါးသီးသီးပင် ဘယ်သူမှမဝင်ချင်ကြကြောင်းပြောကြသည်။

ဤသို့ဖြင့်ပင် သူတို့မဂ္ဂဇင်းတိုက်ကလေးသည် ထိုမြို့နယ်၊ ထိုနေရာ၊ ထိုရပ်ကွက်၊ ထိုလမ်းထဲ၌ တပါတ် တခါ ညဘက် ညဘက် ဧည့်စား ရင်းသွား၍တိုင်ခဲ့ကြရ၊ ညကြီးသန်းခေါင်မှာ မကြာ မကြာ ဧည့်စာရင်းလာစစ်တာခံကြရသဖြင့် ခရီးဆင့်ခဲ့ကြရပါကြောင်း ...။  ။