ဆောင်းယွန်းလ - မီးပွိုင့်မိနေတဲ့ စိတ်ကူးများ

ဆောင်းယွန်းလ - မီးပွိုင့်မိနေတဲ့ စိတ်ကူးများ
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄

 
နေ့တနေ့ရဲ့မှတ်တိုင်မှာ ရပ်မိတိုင်း
လတလရဲ့ လူကူးမျဉ်းကြားတွေမှာ ဖြတ်မိတိုင်း
နှစ်တနှစ်ရဲ့ လမ်းထိပ်မှာ
အမိုးအကာနဲ့ အရိပ်တွေကိုရှာမိတိုင်း
တိုင်တ၀တ်မှာ ခေါက်ရိုးကျိုးနေတဲ့
ဝမ်းနည်းခြင်းသင်္ကေတ အမှတ်အသားတွေကိုပဲ
မျက်ဝါးထင်ထင် မြင်နေတွေ့နေခဲ့ရတယ်....

တရံတခါဆီက ကျွတ်လွတ်ခြင်းမှာ
သူတို့တတွေ မကျွတ်မလွတ်ခဲ့ကြသေးသလို
လက်ရှိဘ၀ရဲ့ မကျွတ်မလွတ်ခြင်းမှာလည်း
ငါတို့တတွေ မကျွတ်မလွတ်နိုင်ခဲ့ကြသေးဘူး...

လူ့ဘုံမှာ
တနှစ်ကုန်ပြီးရင်း နောက်တနှစ်နဲ့
သစ်စရာရှိတာတွေ သစ်သစ်သွားခဲ့ကြတယ်
တချစ်ပြီးရင်း နောက်တချစ်နဲ့
သားစဉ်မျိုးဆက်တွေ အဆက်ဆက်တိုးပွားလာနေခဲ့ကြတယ်...

ငါတို့အဖြစ်အပျက်တွေမှာတော့
အမုန်းလက်နက်နွံအိုင်နက်ထဲ လွန်ဆွဲနေခဲ့ရတုန်းပါပဲ...

လူ့ပြည် လူ့ရွာမှာ
တ၀ါကုန်ပြီးရင်း နောက်တ၀ါနဲ့
ဝါစရာရှိတာတွေ ထပ်ထပ်ပြီးဝါသွားခဲ့ကြတယ်...

ငါတို့နေ့တွေမှာတော့ မီးနီပြကောင်းနေခဲ့တုန်းပါပဲ...

ဘယ်တော့မှ သူ့အလိုလိုစိမ်းမလာမယ့်မီးကို
အထီးတည်းရပ်စောင့်နေရဦးမှာလား...

ကိုယ်တိုင်လဲကျနေခြင်းကို
ကိုယ်တိုင် မထူမကူနိုင်သေးသမျှ
ကိုယ့်ကိုကိုယ်ပဲ အမျှဝေလိုက်ရုံပေါ့....

အရာရာကို အလဲအလှယ်လုပ်လို့ရကြေးသာဆိုရင်
ရှင်သန်နေလျက်က သေဆုံးနေရခြင်းကို
သေနေလျက်က ရှင်သန်နေရခြင်းနဲ့ လဲချင်တယ် ...။

(အောက်တိုဘာ ၈ ရက်၊ ၂၀၁၄)