ကိုသန်းလွင် - ရေကြည်ရာ မြက်နုရာ
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၄
(၁)
တနေ့ကစင်္ကာပူ နိုင်ငံသား ခံယူထားသော မြန်မာ မိတ်ဆွေတယောက်နှင့်တွေ့သည်၊ သူသည် အလုပ်က အနားယူပြီးပြီ၊ ချမ်းသာကြွယ်ဝပြီး ဘဏ်မှာသူတို့အပ်ထားသောငွေမှာ သန်းချီ၍ ရှိနေပါပြီ၊ စားရေးနေရေး မပူပင်ရသော်လည်း စင်္ကာပူမှာနေရတာကိုငြီးငွေ့ဟန်တူသည်၊ မြန်မာတို့၏ လူနေမှု ၀န်းကျင်နှင့် စင်္ကာပူ က လူတွေ နေရေးစားရေး ပုံစံတွေမှာ မတူပါ၊ မြန်မာပြည်မှာဆွေရိပ်မျိုးရိပ်၊ ပါတ်ဝန်းကျင် သွားလေရာရာမှာ ကူညီ ရိုင်းပင်းတတ်သော လူတွေ မိတ်ဆွေတွေ ရှိသည်၊ ဘုရားကျောင်းကန်၊ အေးချမ်းရာ နေရာတွေရှိသည်၊ စင်္ကာပူ မှာ သည်လိုမဟုတ် လူတွေက မအား အလုပ်ပြီး အလုပ်ဆက်နေကြသည်၊
သူသည်မြန်မာပြည်သို့အကြိမ်များစွာသွားပြီး တရားစခမ်းတွေမှာ တစ်လ ကိုးသတင်းတရားထိုင်ဖူးနေပေပြီ၊ သူ့မှာ ရန်ကုန်တွင်အစုစပ် ၀င်ထားသော လုပ်ငန်းတွေရှိသည်၊ သားမှာလည်း စင်္ကာပူမှာ အလုပ်နှင့်အကိုင်နှင့် အခြေကျ နေပေပြီ၊ သားအနေဖြင့်မူ မြန်မာပြည်သို့ပြန်လာရန်အကြောင်း မရှိတော့ပေ၊ ကျွန်တော့် သူငယ်ချင်း မှာ စင်္ကာပူတွင် လုပ်စရာဆို၍ တခါတရံ ဂေါက်ရိုက်သော အလုပ်သာရှိသည်၊ သို့သော် အိမ်သူသက်ထားက ငွေကုန်ကြေးကျ များသောကြောင့်၊ အချိန်များစွာ ကုန်သောကြောင့် ဂေါက်သီးရိုက်ခြင်းကို အားမပေးလေ၊
သူသည် ရေကြည်ရာ၊ မြက်နုရာကိုရှာပြီး စင်္ကာပူသို့ လာခဲ့မိသည် အခုတော့စင်္ကာပူမှာ ရေသည် ကြည်သည် ဟု မထင်မိတော့၊ မြက်ခင်းတွေလည်းစိမ်းနေသည်ဟု မမြင်မိတော့ဘူးဟုဆိုသည်၊ သူသည် မြန်မာပြည်သို့ အခြေအနေပေးလျင် ပြန်ချင်ပြီ။
(၂)
စစ်အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှ စတင်ရေတွက်ပါသော် စီးပွားရေး တိုးတက်မှုကိုရှာကြရင်း နိုင်ငံရပ်ခြား သို့ရောက်နေကြသော မြန်မာလူဦးရေ အရေအတွက်မှာ သိန်းသန်းချီ၍ ရှိနေပါပြီ၊ အမေရိကား၊ ကနေဒါ၊ သြစတေးလျ၊ ဥရောပနိုင်ငံတွေမှာ ရောက်နေကြသော မြန်မာပညာတတ်ဦးရေမှာ ရေတွက်၍ မကုန်နိုင် အောင် များပြားနေပေပြီ၊ တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေမှာ ထိုလူတွေ၏ အတတ်ပညာ အတွေ့အကြုံတို့ကို အသုံးချနိုင်လျင် များစွာအကျိုးဖြစ်ထွန်းဘွယ်ရှိသည်၊ သို့သော် ထိုအချက်ကို အစိုးရသည် သတိပြုမိဟန်မတူပါ၊ နိုင်ငံပြင်ပမှာနေထိုင်သူတို့သည်၊ နိုင်ငံကိုမချစ်သူ၊ မျိုးချစ်စိတ်မရှိသူ၊ သစ္စာဖေါက်သူတို့သာဖြစ်သည်၊ အတိုချုပ် ပြောရလျင် နိုင်ငံခြားရောက်နေသူတို့မှာ သူပုန်တွေက များသည်၊
အဘယ်သူသည် မိမိအလိုဆန္ဒအလျောက် မိမိမွေးဖွားရာဇာတိမြေကို ခွဲခွာသွားလိုပါမည်နည်း၊ မိဘတို့ မွေးဖွားရာ၊ ခေါင်းချရာ မိမိပညာသင်ကြားတတ်မြောက်ရာမြေတို့ကို အဘယ်သူသည် စွန့်ခွာသွားလိုကြပါ သနည်း၊ ကျွန်တော်သည်မိမိကိုယ်ကို မိမိ ပြန်ပြီး ဆန်းစစ်ကြည့်မိသည်၊
၁၉၉၄ ခုနှစ်တွင် ကျွန်တော်သည် ရေနံကော်ပိုရေးရှင်းမှာ ပြန်တမ်းဝင်အရာရှိဖြစ်နေပါပြီ၊ လခက ၅၀၀ကျော် ကျော် ရသည်၊ သားတယောက်ရှိသည်၊ ကျွန်တော့်လခ သည်မီးဖိုချောင်စားရိတ် ကာမိရုံသာရှိသည်၊ ကျွန်တော့် သားပညာရေးအတွက်စဉ်းစားမိလျင် ဘာမျှ အားတက်စရာမရှိ၊ အသိလူကြီးမရှိ၊ ဘေးအန္တရယ် ဖြစ်လာလျင် အားကိုးစရာ ဗိုလ်ချုပ်ကြီးတွေမရှိ၊ အလုပ်ထဲမှာ ရှေ့တန်းရောက်အောင် တွန်းတင်ပေးရန် လူကြီးအသိမရှိ၊ သားသည်သူများနည်းတူ အစိုးရ ကျောင်းများသို့သွားခါ ဆယ်တန်းဖြေရမည်၊ အမှတ်ကောင်းလျင် ထိပ်တန်း စက်မှုတက္ကသိုလ်၊ သို့မဟုတ် ဆေးတက္ကသိုလ်တွေကို တက်ရမည်၊ ၁၀ တန်းတွင်ခြေချော် လက်ချော် အမှတ် မကောင်းလျင် ရိုးရိုးဘွဲ နှင့်သာပြီးရမည်၊
အစိုးရသည် တက္ကသိုလ်များမှာ သူပုန်တွေ စုစည်းရာနေရာဟုဆိုကာ ဖိနှိပ်နေပေရာ ပညာတတ် ပါမောက္ခကြီး ပရော်ဖက်ဆာကြီး များမှာ အလုပ်ပြုတ်သူပြုတ် နိုင်ငံခြားထွက်သူထွက်နှင့် တက္ကသိုလ်တွေ ၏ ဂုဏ်သိက္ခါ မှာ ကျချင်တိုင်းကျနေသည်၊ ပညာရေးလောက တခု လုံးမှာ ပွဲပျက်နေလေသည်၊
ကျွန်တော်သည် သား ပညာရေး မိသားစုစားဝတ်နေရေး အတွက် ရေကြည်ရာ၊ မျက်နုရာနေရာသစ်ကို ရှာရတော့မည်ဟု သဘောပေါက်ခဲ့မိလေသည်၊ ထိုစဉ်က စင်္ကာပူသွားရန်အရေးမှာ မလွယ်ကူပါ၊ ပါတ်(စ)ပို့ လျှောက်ရန် အလုပ်ထွက်စာရှိရမည်၊ နိုင်ငံခြားကုမ္ပဏိက အလုပ်ခန့်စာရှိရမည်၊ ကျွန်တော့်အလုပ်ရှင်က အလုပ် ထွက်ခွင့်မပေး၊ လုပ်သက် ၁၅ နှစ်ရှိရမည်ဟုဆို၍ စောင့်ရင်း သုံးနှစ်ကြာသွားသည်၊ လုပ်သက် ၁၅ နှစ်ပြည့် သော်လည်း ထွက်ခွင့်က မကျပေ၊ လေယာဉ်လက်မှတ်မှာ ဒေါ်လာ တစ်ထောင်နီးပါးပေးရသည်၊ မိတ်ဆွေတဦး၏ဇနီးက လေယာဉ်လက်မှတ် ၀ယ်ပေးမည်ဆိုပြီး လက်မှတ်ဖိုးပေးလိုက်မိရာ လူရော ငွေပါပျောက်သွားသည်၊ စင်္ကာပူလေဆိပ်ရောက်တော့ နေခွင့်က နှစ်ပါတ်ဘဲရသည်၊ ယိုးဒယားကို Stay ရှောင်ဘို့သွားလိုက်ရသည်၊
မြန်မာနိုင်ငံမှ လက်ရှိအလုပ်ကိုပစ်ခါ နိုင်ငံခြားသို့ အလုပ်ရှာထွက်ရသည်မှာ အလွန်စွန့်စားရသောအလုပ်ဖြစ်ပါ သည်၊ နိုင်ငံခြားမှာ မရေရာ၊ မိမိကို ဘယ်သူမှသိသည်မဟုတ်၊ “ရှိတဲ့ အရင်းလေးပြုတ်သွားမယ်ဗျ” ဟုမိတ်ဆွေ တယောက်က သတိပေးသည်၊ အခုအချိန်မှ ပြန်စဉ်းစားသော် အသဲတထိတ်ထိတ်ပင်၊
သားနှင့်ဇနီး လိုက်လာသောအခါ ကျွန်တော်တို့မိသားစုတခုလုံးစုစည်း မိပါသည်၊ ရန်ကုန်ကိုအလည်ပြန်လိုသော်လည်း လေဆိပ် လူဝင်မှုကြီးကြပ်ရေးကို ကြောက်ရသည်၊ ထိုစဉ်က လေဆိပ်အရာရှိများသည် မထင်လျင် မထင် သလို ပါတ်(စ) ပို့သိမ်းတာတွေ ရှိခဲ့ဘူးသည်၊ဤနည်းဖြင့်ကျွန်တော်သည် ဆယ်နှစ်ခန့် အိမ်သို့ မပြန်ဖြစ်တော့ ပေ၊
အခုတော့ကျွန်တော်သည်စင်္ကာပူမှာ အိမ်နှင့်၊ အလုပ်နှင့် တက္ကသိုလ်တက်သည့်သားတွေနှင့် ဖြစ်နေပေပြီ၊ ထို့ကြောင့်ဤအရပ်သည်ကျွန်တော့်အဖို့ ရေကြည်ရာ၊ မြက်ခင်းစိမ်းစိမ်း၊ အသီးအနှံစိမ်းစိမ်း တို့ ဖြင့်လန်းဆန်း သော နေရာဖြစ်နေပါပြီ၊ လူတို့သည်ပျော်ရာမှာမနေ၊ သင့်တော်ရာမှာနေကြရမည်ဆိုသော လောကပါလ ဆို စကားရှိ သည်၊ သို့ဆိုသောကြောင့် ဤနေရာသည် အသက်ထက်ဆုံး ဓါးမဦးချ နေကြရမည့်နေရာလောဟု မေးစရာ ရှိသည်၊
ကျွန်တော်တို့သည် နေ့စဉ်နှင့်အမျှ မြန်မာပြည်ပြန်ရန်အရေးကို သာပြောဆိုဆွေးနွေးနေကြရပါသည်၊ ကျွန် တော်တို့ သည် နိုင်ငံရပ်ခြား၌ ဘ၀တခုကိုထူထောင်မိကြပါပြီ၊ မိမိရောက်ရာအရပ်မှာပင် သေတပန် သက် တဆုံး နေမည်ဆိုကနေနိုင်ကြပါပြီ၊ ကျွန်တော်တို့ နည်းတူများစွာသောမြန်မာနိုင်ငံသားတို့ မေးနေကြ သော မေးခွန်းမှာ ငါတို့မြန်မာပြည်ကို ပြန်ကြရမည့်အချိန်ရောက်ပြီလား၊ ငါတို့ပြန်လျင် အဆင်ပြေကြပါ့မလား၊ ဆို သောမေးခွန်းတွေပင်ဖြစ်ပါသည်၊ ကျွန်တော်တို့ တို့မြန်မာပြည်သို့ပြန်လိုခြင်းမှာ ဟိုမှာဖြစ် ပေါ်နေသော ဒီမိုကရေစီ ပြောင်းလဲရေး အရေးတော်ပုံကြီးမှာပါဝင်ဘို့မဟုတ်၊ ခေတ်ကြီးပြောင်းသော် အခွင့်အရေးတွေရကာ သူဌေးဖြစ်လိုကြခြင်းမဟုတ်၊ ငါတို့နိုင်ငံသည် အငြိမ်းစားတွေ နေထိုင်ရန် သင့်တော်သောနိုင်ငံဖြစ်သည်၊ ဘ၀ ၏နောက်ဆုံးအရွယ်မှာ ဘုရားရိပ် တရားရိပ်ကို ခိုဝင်လိုကြခြင်းသာဖြစ်သည်၊ ထိုအခါ ဘ၀၏အချေခံ လိုအပ် ချက်တွေကို အလွယ်တကူရနိုင်ကြပြီလော ဟုသိလိုကြခြင်းသာဖြစ်သည်၊
ကျွန်တော်သိသော ဆရာဝန်မကြီးတယောက်မှာ အသက်ကြီးပြီ၊ အလုပ်ကအနားယူပြီးလေပြီ၊ အင်္ဂလန် မှာ လည်းအိမ် စင်္ကာပူမှာလည်းအိမ်နှင့် သူ ဘယ်လောက်ချမ်းသာသည်ကို ကျွန်တော်မမှန်းဆတတ်ပေ၊ ဖါးအောက် ဆရာတော်ဘုရားကြီး၏ တပည့်အရင်းဖြစ်ပြီး ဆရာတော်ကြီး မိန့်သမျှ တရားဒေသနာ ကမ္မဌာန်း ကို အားထုတ် ကျင့်ကြံနေသူဖြစ်သည်၊ သူသည် နိုင်ငံရပ်ခြားက အိမ်တွေမှာ မနေ၊ ရန်ကုန် ၄၆ လမ်းက အိမ်ပု ကလေးထဲမှာ ဘဲနေပြီး တရားကို သာနှလုံးသွင်းနေလေသည်၊ အားကျစရာကောင်းသော ပရဟိတလုပ်ငန်း တွေ တွင်ကျယ် အောင် လုပ်ခဲ့ သော်လည်း တရားနှင့် ပျော်နေရသော အခုလိုနေရတာ ပျော်မွေ့စရာ အကောင်းဆုံး ဖြစ်သည်ဟု ဆိုသည်၊
တချိန်တုံးကတော့ ကျွန်တော်တို့ နိုင်ငံသည် နေထိုင်ရန် ကောင်းသောနိုင်ငံမဟုတ်ခဲ့ပေ၊၊
ဧည့်စာရင်းစစ်သည်ဟုဆိုပြီး အိမ်ပေါ်သို့ စစ်ဘိနပ်တွေနှင့် စစ်သားတွေတက်လာခဲ့ကြဘူးသည်၊ အိမ်ထောင်စု စာရင်း အတိုင်းမဟုတ်လျင် ပြသနာရှိနေပြီ၊ ဧည့်သည်လာပြီးညဥ့် အိပ်လျင် ဧည့်စာရင်းတိုင်ကြရမည်၊ ရထား စီးပြီ ဆိုလျင် စစ်သားတွေက ထိုင်ခုံတွေပေါ်မှာ ကျွန်တော် တို့က ကြမ်းပြင်ပေါ်မှာ ထိုင်ခဲ့ကြရဘူးသည်၊ ညဥ့်အချိန်မတော် တံခါးခေါက်ပြီး စစ်ထောက်လှန်းရေးက လိုက်ခဲ့ပါဦးခေါ်လျင်ငြင်းဆို ပိုင်ခွင့် မရှိ၊
အိမ်တွေမှာမီးမလာ၊ ရေကလည်းပြတ်တောင်းပြတ်တောင်း၊ ဓါတ်ဆီက ခွဲတန်းနှင့်၊ ဓါတ်ဆီ လေးဂါလံ ထည့်ခွင့်ရသောနေ့ သည် အပျော်ဆုံးနေ့များပါတည်း၊ ထိုသို့သော အခြေအနေများသည် ကျွန်တော်တို့ကို လွတ်ရာကျွတ်ရာ နိုင်ငံခြားသို့သွားစေရန် တွန်းပို့နေကြသည်၊
တခါက ဗုံးပေါက်သည်ဟုဆိုကာ နိုင်ငံရေးနှင့် ပါတ်သက်ဖူးသူမှန်သမျှ ကို အစိုးရ ထောက်လှန်းရေးက လိုက်ဆွဲသည်၊ သူတို့ကို ကျေနပ် အောင် ဖြေလျင် ပြန်လွှတ်မည်၊ မတရားခေါ်ပြီး မတရားခေါ်မေးတော့ မချေမငံဖြေသူတွေ ရှိပါလိမ့်မည်၊ ထိုသူတွေကိုပြန်မလွှတ်တော့၊ဤနည်းဖြင့်သူတို့ အခေါ်ခံရမှာကို စိုးရိမ်ခါ နယ်စပ်ကိုရောက်လာရသူတွေ ရှိခဲ့ဘူးသည်၊
၁၉၈၈ ခု အရေးအခင်းကြောင့် လူဖမ်းပွဲ လုပ်တော့မှာဘဲဆိုပြီး ကျောင်းသားတွေ ထောင်သောင်းချီ၍ နယ်စပ် သို့ထွက်ပြေးကြရသည်၊ လူပေါင်းများစွာတို့မှာ လက်ခံသည့်နိုင်ငံပေါ်တွင်မူတည်၍ နိုင်ငံပေါင်းစုံ ရောက်သွားကြ သည်၊ ပန်းခင်းသောလမ်းကား မဟုတ်၊ ဘ၀ရပ်တည်ရေးအတွက် အခက်အခဲတွေ များစွာ ကြုံကြရသည်၊ ချို့ချို့ ငဲ့ငဲ့ နှင့် ပညာရှာရသူတွေလည်းရှိသည်၊ ထိုသူတွေသည် ပေးလာသည့်အချေအနေ အတိုင်းရပ်တည်ရသူ တွေ ဖြစ်ကြပါသည်၊
(၃)
မိမိတိုင်းပြည်ကိုစွန့်ခွါပြီး တိုင်းတပါးတွင်နေသည်ဆိုခြင်းမှာ မျိုးချစ်စိတ် မရှိသူတွေ၏လုပ်ရပ်ဟု၎င်း၊ မိမိနိုင်ငံ အပေါ် သစ္စာမဲ့သော လုပ်ရပ်တခုဟူ၍၄င်း စွပ်စွဲရန်ရှိသည်၊ နိုင်ငံခြားရောက်နေသူတွေမှာ အမျိုးကို မချစ် မဟုတ်၊ ဒို့ပြည်ကိုဒို့ချစ်သည်ဟူသော သဘောကတော့လူတိုင်း၏ ရင်ထဲမှာ ရှိကြသည်သာဖြစ်သည်၊
မြန်မာပြည်က အနီရောင် ပါတ်(စ)ပို့ စာအုပ်သည် သွားလေရာမှာ မျက်နှာငယ်ရသော စာအုပ်ဖြစ်ခဲ့သည်၊ တိုင်းပြည်ကို စစ်တပ်ကအုပ်ချုပ်နေသည်၊ တရားဥပဒေစိုးမိုးခြင်းမရှိ၊ ထို့ကြောင့် မြန်မာဆိုလျင် သတိထား ပြီးလက် ခံရမည် ဟုညွှန်ကြားထားသလားမသိ၊ သြစတြေလျ နိုင်ငံသံရုံးကဆိုလျင် မြန်မာဆိုသည်နှင့် သူတို့ သံရုံးပင်မအဆောက် အဦး အတွင်းသို့ ၀င်ခွင့်မပေး၊ မြန်မာတွေကို ဂိတ်မှာဘဲစောင့်ခိုင်းကာအတွင်းက လူထွက် လာပြီး ဘာကိစ္စ လဲမေးပြီးမှ လုပ်သင့်တာကိုလုပ်ပေးသည်၊
မြန်မာသံရုံးက ပါတ်(စ)ပို့ စာအုပ်သက်တန်းတိုးပေးရန်အရေး အခွန်တော်က ကောက်လိုက်သေးသည်၊ ပါတ်(စ)ပို့ စာအုပ်ဈေးက မတန်တဆ၊ စင်္ကာပူ အစိုးရသည် သူတို့နိုင်ငံသားခံယူသူတွေကို ခံစားခွင့်တွေ ပေး ထားသည်၊ အိမ်ဝယ်ရာတွင် အိမ်သစ် တိုက်သစ်ဝယ်ပိုင်ခွင့်ရှိသည်၊ ဈေးနှုံးသက်သာခွင့်ပေးသေးသည်၊ ထိုထို သော အကြောင်းများကြောင့် မြန်မာနိုင်ငံသား များစွာတို့သည် မြန်မာ အဖြစ်ကိုစွန့်လွှတ်ခါ စင်္ကာပူ နိုင်ငံသား လုပ်လိုက်ကြလေသည်၊ ကျွန်တော်သည် ထိုသူတွေကို အပြစ်မတင်မိပေ၊ လက်ရှိအခြေအနေ အရ သူတို့သည် လုပ်သင့်ရာကို လုပ်ကြခြင်းသာဖြစ်သည်၊ ကျွန်တော်သည် ထိုသူတို့ထက် ခေတ်ကိုသာ အပြစ်တင်ချင်တော့သည်၊
မြန်မာပြည်မှာပြည့်ပြည့်စုံစုံမရှိတာကိုထားလိုက်ဦး၊ ထိုမပြည့်စုံရခြင်းကို ပြေလည်အောင် လုပ်နေသည့် အရိပ် အရောင် ကို မမြင်ရခြင်းမှာ အဆိုးဆုံးဖြစ်သည်၊ ပြသနာရှိကြမှာကို နားလည်ပါသည် သို့သော်ထို ပြသနာများကို အစိုးရက သိသည် သူတို့ဖြေရှင်းနေပါသည် ဆိုသော အချက်က မြင်သာထင်သာရှိဘို့လိုသည်၊ တရားဥပဒေ လည်းမစိုးမိုး၊ ထိုပြသနာမှာရှေ့တွင်ပြေလည်ရန် အကြောင်းမရှိ အဘယ်ကြောင့်ဆိုသော် ထိုပြသနာ များနှင့် ပါတ်သက်၍ ဘယ်သူမှ ဘာမှမလုပ်ကြသောကြောင့်ဖြစ်သည်၊
အစိုးရ အရာရှိကြီးတွေ ခြစားနေကြသည်၊ ပေါ်ပေါ်ထင်ထင်ပျက်စီးနေသော လူတွေကို အရေးမယူ၊ သူတို့သည် စည်းစိမ် ဥစ္စာ တွေ တိုးပွားရင်းတိုးပွားနေသည်၊ ခရိုနီတွေမှာ အလုပ်အကိုင်မပျက်၊ ရှေးယခင် အခါများက အတိုင်း ရောင်းဝယ်ဖေါက်ကားမပျက်၊ ကျွန်တော်တို့သည် အာဏာရှင်ကြီးစိုးသော ခေတ်ပျက်ကြီးထဲမှာနေခဲ့ ကြရသည်၊ ဘာမှပြောပိုင်ခွင့်မရှိသော အမှောင်ခေတ်မှ ဒီမိုကရေစီ ဟုကြွေးကြော်ခါ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေပါသည်ဆိုသည်၊ သို့သော်လည်း တိုင်းပြည်ကို စစ်ဗိုလ်တွေ အုပ်ချုပ်တုံး၊ စစ်ဗိုလ်တွေဘဲနေရာတကာ တွင်ကျယ် နေကြတုံးပင်၊
အဖြေကတော့ တိုင်းပြည်ကြီးကောင်းတော့မှာဘဲဟု မျှော်လင့်ချက်ဖြင့် ပြန်လျင်တော့ ရေလိုက်လွဲပေတော့မည်၊ သည်ပုံစံ သည်လူတွေသွားနေပုံ ဖြင့်တော့ကောင်းလာရန် အကြောင်းမမြင်မိသေးပေ၊
(၄)
မြန်မာနိုင်ငံတွင် အမြဲတန်းနေထိုင်ခွင့် (Permanent Residence) ကိုနိုင်ငံခြားသားတွေကို ချပေးတော့မည်ဟု ဆိုသည်၊ သို့သော်လည်းနိုင်ငံခြားသားစစ်စစ်တွေကိုသာ ချပေးမည်၊ မြန်မာနိုင်ငံသား တခြားနိုင်ငံသားခံယူထား သူတွေကို ယခုလက်မခံသေး၊ နောက်အဆင့်များတွင်မှလက်ခံမည်ဟုဆိုသည်၊
အစိုးရသည် အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံခြားသားခံယူသူတွေကို သူပုန်တွေဘဲဟုသတ်မှတ်ဟန်တူသည်၊ မိမိအိမ်မှာ မပျော်ပိုက်သောကြောင့် အိမ်မှ ထွက်သွားသူပြန်လာလျင် လက်ခံရမည်သာဖြစ်သည်၊ နွေးထွေးစွာ ကြိုဆိုရမည်သာဖြစ်သည်၊ ထိုသူတွေတတ်ကျွမ်းသည့်အတတ်ပညာ၊ အဆက်အသွယ်တွေနှင့် တိုင်းပြည် ထူထောင်ရေးတွင် ပါဝင်ခွင့်ပေးရမည်သာဖြစ်သည်၊ အစိုးရသည် သဘောထားကြီးရပေမည်၊
မြန်မာပြည်မှ အကြောင်းအမျိုးမျိုးကြေင့်ထွက်ခွါသွားသူတွေပြန်လာရေးကို အစိုးရက ပေါ်လစီချ၍ဆောင်ရွက် သင့်သည်။
နိုင်ငံခြားမှပြန်လာသူလက်ခံရေးကို ရုံးခမ်းဖွင့်လှစ်ထားရမည်၊ နိုင်ငံပေါင်းစုံရောက်နေကြ သော မြန်မာတွေကိုစာရင်းပြုစုထားသင့်သည်၊ သံရုံးပေါင်းစုံ ချိတ်ဆက်ခါ နိုင်ငံခြားရောက်မြန်မာတွေကို Network ချိတ်ဆက်ထားရှိရမည်၊ Website တခုဖွင့်ထားပြီး ပြန်လာချင်သူတွေနှင့် ဆက်သွယ်ရေးလမ်း ကြေင်းဖွင့်ထား သင့်သည်၊ အသက်အရွယ်ငယ်ရွယ်သူ လုပ်ငန်းအတွေ့အကြုံရှိသူတွေကို စည်းရုံးရန်ဆောင်ရွက် သင့်သည်၊ နိုင်ငံတကာမှ စိုးရိမ်မှုများပြေပျောက်စေရန် ထိုပြန်လည်လက်ခံရေး အေဂျင်စီက ကြော်ငြာစာ၊ ဖိတ်ခေါ်စာ၊ တွေ ထုတ်ပြန်သင့်သည်၊
အစိုးရ ၏တာဝန်မှာ ပြည်သူများနှင့် အမုန်းပွားဘို့မဟုတ်၊ ရန်ငြှိုးနှင့်လက်စားချေရန်မဟုတ်၊ ခေတ်မှီ နိုင်ငံတော်ကို ပညာတတ်ကျွမ်းသူတွေနှင့် ထူထောင်ရန်သာဖြစ်သည်၊
မြန်မာတို့မြေသည် ရေကြည်ရာ မြက်နုရာမြေဖြစ်သည်၊ အစာရေစာ ပေါကြွယ်ဝသောနိုင်ငံဖြစ်သည်၊ စေတနာ မမှန်သူ စာရိတ္တချို့ယွင်းသူတွေကိုဖယ်လိုက်လျင် အလွန်ပင် လှပတင့်တယ်သောနိုင်ငံဖြစ်နိုင်ပါသည်၊ လာချင် သူတွေ၊ အခြေချနေထိုင်ချင်သူတွေ မရှားပါ၊