မောင်ရင်ငတေ - ရောက်တတ်ရာရာအတိုအစများ (ပြင်သစ်ပြည်သို့ ကုန်းလမ်းခရီး - ၁)
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၄
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၄
ပြင်သစ်ဂျာမဏီ လူဇမ်ဘူး သုံးနိုင်ငံပိုင် မိုဇယ်မြစ်ရေပြင် (ဓါတ်ပုံ မရငတ) |
ပါရီအကြောင်းတွေ ဥရောပအကြောင်းတွေကိုစရေးတော့ မူလပထမကတော့ ကိုယ့်ဝါသနာနဲ့ကိုယ် ရေးရပြီးရော ရေးနေတာပါ။ ဘယ်ကို ဘယ်စာ စောင်ကိုမှ မပို့ဖြစ်ပါဘူး။ ရွှေပြည်တော်က စာနယ်ဇင်းလောကနဲ့ကလည်း မောင်ရင်ငတေနဲ့ အလှမ်းအဝေးကြီးပါ။ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှာ ကွန်ပြူတာအင်တာနက်တွေ အလွယ်တကူ ဈေးပေါပေါနဲ့ အသုံးပြုလာနိုင်တဲ့နောက်ပိုင်းမှာတော့ ပိုပြီးရေးဖြစ် မှတ်သား ဖြစ်ခဲ့ပါတယ်။ ဘလောဂ်တခေတ်ကို ထဲထဲဝင်ဝင် မဖြတ်သန်း ဖြစ်ခဲ့ပေမယ့်လို့ အသုံးပြုရ ပိုမိုလွယ်ကူတဲ့ ဖေ့စ်ဘွတ်ခ်ဆိုတာပေါ်လာတာရယ် အားယားနေတဲ့ အချိန်များလာတာရယ်ကြောင့် ဟိုစပ်စပ် ဒီစပ်စပ် ရေးထားတာလေးတွေကို တင်ဖြစ်ပါတယ်။ ရေးမိရေးရာ ဟိုရေးဒီရေးနဲ့ ဆိုတော့ ဟိုရောက်လိုက် ဒီရောက်လိုက် အပေါ်ပိုဒ်နဲ့ အောက်ပိုဒ် အတော်ကြီး ဆက်စပ်ယူရပါတယ်။
ပါရီမြေ ပြင်သစ်မြေကို စနင်းရာ အဓိကရ ဝင်ပေါက်ကြီးတွေဖြစ်တဲ့ ရှားလ်ဒဂိုးရ်နဲ့ အော်လီလေဆိပ်တို့ရဲ့ အကြောင်းအရာအတော်များများကို ရေးသားခဲ့ ပြီးပါပြီ။ အခုတခါ ရေးချင်တဲ့ ပြင်သစ်ပြည်ရဲ့ နယ်စပ်တွေ အကြောင်းနဲ့ ဆက်စပ်ပြီး ဖတ်မယ်ဆိုရင်တော့ ပိုပြီး သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို တပြိုင်နက်တည်း ဆက်စပ်ရေးသားခဲ့တာဖြစ်ပေမယ့်လည်း မောင်ရင်ငတေရဲ့ ထုံးစံအတိုင်း တောရေး တောင်ရောက် တောင်ရေးတောရောက် အကျင့်ကောင်းကြောင့် ဒီကနေ့ထိ အဆုံးမသတ်နိုင်။ ရေးမယ် ရေးမယ်နဲ့ ဆက်မရေးနိုင် ဖြစ်ခဲ့တာ ပါ။ မိုးမခမှာ ရေးသားခဲ့ပြီးတာတွေကို ဆက်စပ် ဖတ်ချင်သေးသပ ဆိုခဲ့ရင်ဖြင့် ဒီနေရာများမှာ ...
http://moemaka.com/archives/32709
http://moemaka.com/archives/33170 ဆက်လက်ပြီး ဖတ်လို့ရပါသေးတယ်။
ဆွစ် ပြင်သစ် နယ်စပ်ဂိတ်လေး (La Cure) (ဓါတ်ပုံ မရငတ) |
တကယ်တမ်းတော့ ပြင်သစ်ပြည်ရဲ့ ဝင်ပေါက်တွေဟာ လေကြောင်းဝင်ပေါက်များအပြင် ပြင်သစ်ရဲ့ ၂၈၈၉ ကီလိုမီတာရှည် ကုန်းကြောင်း နယ်နမိတ် တလျှောက်ရယ် ၃၄၂၇ ကီလိုမီတာ အရှည်ရှိတဲ့ ရေကြောင်းကမ်းရိုးတန်းတလျှောက် ဂိတ်အပေါက်ပေါင်း မြောက်များစွာကနေ ဝင်လာလို့ ရပါတယ်။ ရေကြောင်း ဝင်ပေါက်တွေ အကြောင်းကတော့ သိပ်ပြီးပြောစရာ မရှိပါဘူး။ ကိုယ်ပိုင်သင်္ဘောတွေစီး ဝင်လာနိုင်တဲ့သူ သို့မဟုတ် အပျော်စီးသင်္ဘောကြီးတွေနဲ့ ဝင်ရောက်လာနိုင်တဲ့သူ အရေအတွက်က ပြောပလောက်အောင် မရှိနိုင်ပါဘူး။ ကုန်းကြောင်းမှာ ကတော့ ရထားတွေဘတ်စ်ကားတွေ ကိုယ်ပိုင် ကားတွေ နယ်စပ်လိုင်းတလျှောက် ဥဒဟိုသွားလာနေကြတာပါ။ ဟိုးအရင်ခေတ်များက ယူရိုပီယန် ယူနီယံတို့ ရှန်ဂန်ဗီဇာဧရိယာတို့ မတိုင်မီခေတ်ကလို တနိုင်ငံနဲ့တနိုင်ငံ ကူးတဲ့အခါတွေမှာ ပတ်စ်ပို့ ကွန်ထရိုးလ်တို့ လဝကဂိတ် တို့လည်း မရှိတော့ပါဘူး။ အကောက်ခွန် ဂိတ်လောက်သာ ထားရှိတော့ တာပါ။ အကောက်ခွန်ဂိတ်တွေ ဆိုတာကလည်း ဖြတ်သန်းလာသမျှ ကားတွေလူတွေကို စစ်နေတာ မဟုတ်ပါဘူး။ စစ်လည်းစစ်ချိန် မရတော့ပါဘူး။ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကလည်းများပြား ဝန်ထမ်း အရေအတွက်ကလည်း လျှော့ချပြီးရင်း လျှော့ချ နည်းသထက် နည်းလာနေတော့ သတင်းရလို့ မသင်္ကာလို့စောင့် စစ်တာမျိုးတွေသာ ရှိတတ်တော့တာပါ။
France Métropolitaine လို့ ခေါ်ကြတဲ့ ဥရောပ ကုန်းမြေပေါ်ရှိတဲ့ ပြင်သစ်ပြည်မကြီး တလျှောက် နယ်နမိတ်ဆက်နေတဲ့ မိုနာကိုမြို့ကို နိုင်ငံတနိုင်ငံလို့ သတ်မှတ်ခဲ့ရင် အိမ်နီးနားချင်း ရှစ်နိုင်ငံ ရှိပါ တယ်။ နယ်စပ်ချင်း ထိစပ်မှု အရှည်ဆုံး ဖြစ်တဲ့ Espagne စပိန်ပြည်နဲ့ ၆၂၃ ကီလိုမီတာ၊ Belgique ဘယ်လ်ဂျီယံနဲ့ ၆၂၀ ကီလိုမီတာ၊ Suisse ဆွစ်ဇာလန်နဲ့ ၅၇၃ ကီလိုမီတာ၊ Italie အီတလီနဲ့ ၄၈၈ ကီလိုမီတာ၊ Allemagne ဂျာမဏီနဲ့ ၄၅၁ ကီလိုမီတာ၊ Luxembourg လူဇမ်ဘူးနဲ့ ၇၃ ကီလိုမီတာ၊ Andorre အန်ဒိုရာနဲ့ ၅၆.၆ ကီလိုမီတာ၊ Monaco မိုနာကိုနဲ့ ၄.၄ ကီလိုမီတာ အရှည်နယ်နမိတ်ချင်း ထိစပ်နေပြီး စုစုပေါင်း ၂၈၈၉ ကီလိုမီတာ အရှည်ရှိပါတယ်။ အင်္ဂလန်ကျွန်းနဲ့ကတော့ ရေပြင်ခြားလို့ နေပေမယ့် ရေအောက် ဥမင်လှိုဏ်ခေါင်းနဲ့ ဆက်ထားလို့ ဝင်ပေါက်ထွက်ပေါက် တပေါက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ တခြား အဝေးက ပြင်သစ်နိုင်ငံလို့ ပြောလို့ရတဲ့ ပြင်သစ်ပိုင် ကျွန်းပြည်နယ်လေးတွေ ဝင်ပေါက်တွေကိုတော့ ဒီနေရာမှာ ထည့်မရေးတော့ပါဘူး။
အဲဒီလို နယ်စပ်ကုန်းမြေ အရှည်ကီလိုမီတာ နှစ်ထောင့်ရှစ်ရာကျော် ကိုးရာခန့်ရဲ့ တောက်လျှောက်လိုလိုမှာ နှစ်နိုင်ငံ မြို့သေးသေး ရွာ သေးသေးလေးတွေကို အလွယ်တကူ ကူးသန်းသွားလို့ ရနိုင်တဲ့ လမ်းတွေကိုသုံးပြီး ဟိုဘက်ကဒီဘက်ကို ဈေးဝယ်ကျောင်းတက် အလုပ် သွားနေကြတာက ဥဒဟိုပါ။ ဘာအတားအဆီးရယ်လို့ မရှိပါဘူး။ တခါတလေ ရံဖန်ရံခါမှာ အတားအဆီးတွေ အစစ်အဆေးတွေ ရှိတတ်တဲ့ လမ်းတွေက တနိုင်ငံနဲ့ တနိုင်ငံ ကူးသန်းပြေးဆွဲကြတဲ့ အမြန်လမ်း အဝေးပြေးလမ်းမကြီးတွေသာဖြစ်ပြီး ရွာလမ်းလေးတွေကတော့ အများ အားဖြင့် ဝင်ရထွက်ရတာ စိတ်ချမ်းသာရပါတယ်။
ပြင်သစ်ပြည်သို့ ကုန်းလမ်းခရီးတွေအကြောင်းကို ရေးရမယ်ဆိုခဲ့ရင် ဝင်ပေါက်တွေက များပြားလွန်း လှတာဖြစ်လို့ ဘယ်ဝင်ပေါက်ကိုများ ဦးစားပေးပြီးတော့ ရေးရမယ်ဆိုတာကို စဉ်းစားလို့မရနိုင်သလို ဘယ်အပေါက်က အရေးကြီးသလဲ မသိနိုင်လောက်အောင်ပါ။ မောင်ရင်င တေ ကိုယ်တိုင်သွားဖူးတဲ့ အတွေ့အကြုံအရဆိုရင် မြို့ကြီးကြီးတွေဆီသို့ သွားရာလမ်းပေါက်တွေကလည်း အရေးကြီးသလို တခြားသော အပြိုင်အဆိုင်ဖွင့်ဖြိုးအောင် ကြိုးစားလာတဲ့ နာမည်သိပ်မကြီးသေးတဲ့ မြို့အလတ်တွေဆီသို့ သွားရာလမ်းတွေကလည်း ပိုမိုစည်းကား အ သွားအလာများလာနေတာမို့ ချန်ထားခဲ့လို့ မရနိုင်ပါဘူး။ ဒါကြောင့် သွားဖူးခဲ့တာတွေနဲ့ မသွားဖူးသေးသော ဝင်ပေါက်များကို အစဉ်ပြေသ လိုသာ ရေးပါတော့မယ်။ အတတ်နိုင်ဆုံး ဆက်စပ်ပေးပြီး ရေးပါမယ်။ အဲဒီလို ပြင်သစ်ပြည်ရဲ့ ဝင်ပေါက်တွေ အကြောင်းကိုရေးရင် လည်း နယ်ချင်းဆက်စပ်နေတဲ့ ရွာလေးတွေ မြို့လေးတွေအကြောင်းကလည်း မပါမဖြစ်ဆိုသလို ပါဝင်လာမှာ အသေအချာမို့လို့ အပိုင်း တပိုင်း ထဲနဲ့ရေးလို့ ဘယ်လိုမှ ပြီးပြည့်စုံမှာမဟုတ်ကြောင်း ကြိုတင်အသိပေးရင်း ကျေးဇူးပြုပြီး ဆက်စပ်ဖတ်ကြပါရန် ပြောကြားလိုပါတယ်။
ပထမဆုံး ဥပမာအနေနဲ့ နယ်စပ်ဒေသက ရွာကလေး တရွာအကြောင်း ရေးရရင်တော့ … ….. အပေါ်ကဓါတ်ပုံကို ပြင်သစ်ပြည်ရဲ့ အရှေ့ဘက်ခြမ်းက Massif du Jura ဂျူရာတောင်တန်းပေါ်မှာတည်ရှိတဲ့ ဆွစ်ဇာလန်နယ်စပ်ကို မောင်ရင်ငတေ ရောက်ခဲ့တုန်းက ရိုက်ယူ ခဲ့တာပါ။ Les Rousses ဆိုတဲ့ ပြင်သစ်ရွာလေးကနေ ဆွစ်ဇာလန်ဘက်ထွက်တဲ့ အထွက်ပေါက်က အကောက်ခွန်ဂိတ်လေးတခုပါ။ တော်ရုံတန်ရုံဆိုရင် ဘာတခုမှ အစစ်ဆေးမရှိတဲ့ အဲဒီအကောက်ခွန်ဂိတ်က ဖြတ်လျှောက်သွားလိုက်ရင်တော့ ဆွစ်ဇာလန်ရဲ့ ဂိတ်ဆုံး ရထားဘူတာလေး Gare de la Cure ကို ရောက်ပါပြီ။
ရေခဲတောင်ခြေက ဆွစ် ပြင်သစ် နယ်ခြားကျောက်တန်း (ဓါတ်ပုံ မရငတ) |
ဒီ အပေါ်က ပုံကလည်း ပြင်သစ် Les Rousses ရွာကနေ ဆယ်မိနစ်သာသာ ကားမောင်းသွားခဲ့ရင် ရောက်ပါတယ်။ ရေခဲစကိတ် စီးလို့ရတဲ့ La Dôle တောင်ခြေမှာပါ။ La Dôle တောင်က ဆွစ်ဇာလန် နယ်မှာရှိတာ ဖြစ်ပေမယ့် တောင်ခြေကတော့ ပြင်သစ်နဲ့ တယောက်တဝက် ပိုင်ဆိုင်တာပါ။ နယ်စပ်မျဉ်းကို ဒူးဆစ်ကျော်ရုံသာမြင့်တဲ့ ကျောက်တန်းလေးနဲ့သာ ခွဲခြားထားတာပါ။ ပြင်သစ်ဘက်ခြမ်းက နေပြီး ဆွစ်နယ် မြေကိုရောက်နေတဲ့ မောင်ရင်ငတေ့ မိတ်ဆွေတွေကို လှမ်းလို့ရိုက်ထားတဲ့ ပုံတပုံပါ။
ပေငါးထောင်ကျော် မြင့်မားတဲ့ တောင်တန်းတွေပေါ်က အဲဒီနယ်တကြောဟာ အေးချမ်းသာယာလှပေမယ့်လို့ လူနေကျဲပါးပါတယ်။ သွားရေးလာရေးကလည်း အဓိကအမြန်လမ်းကြီးတွေရဲ့ ဝေးရာမှာတည်ရှိလို့ ဆောင်းတွင်း ရေခဲစကိတ်စီးတဲ့ရာသီမှာသာ လူစိမ်းသူစိမ်းတွေ ရောက်လာတတ်တာပါ။
တကယ်ဆိုရင် အဲဒီ La Cure ဘူတာကနေ ဆက်လို့ သွားမယ်ဆိုရင် နာမည်ကျော် ဂျီနီဗာမြို့ကြီးနဲ့ ကီလိုမီတာ ၄၀ ကျော်သာဝေးတော့တာပါ။ မောင်ရင်ငတေကတော့ ကံကောင်းတယ် ပြောရပါမယ်။အဲဒီဒေသကို ရောက်ရှိနေထိုင်နေကြတဲ့ ရွှေဘိုရေဦးနယ်သား အညာသားစုံတွဲရဲ့ ကောင်းမှုကြောင့် ရောက်ဖူးခွင့် ရခဲ့တာပါ။ တကယ်တမ်းကျတော့ နယ်စပ် ဒေသတွေဟာ သာယာတဲ့ သဘာဝအလှနဲ့ အေးချမ်းတိတ်ဆိတ်တဲ့ နေရာတွေပါ။ ဒီလိုဒေသတွေကို အမည်းရောင်ဆိုးသူတွေကတော့ ဘယ်သူတွေသာဖြစ်လေမလဲ ….. … လို့ မောင်ရင်ငတေ မေးခွန်းထုတ် ချင်မိပါတယ်။
အဲဒီလို အေးချမ်းသာယာလှသလို လွယ်လွယ်ကူကူ ကူးသန်းနိုင်တဲ့ နှစ်နိုင်ငံ နယ်နမိတ် ပိုင်းခြားရာ နေရာမျိုးတွေက အနောက်ဥရောပရဲ့ နိုင်ငံကြီးတွေကြားမှာ တော်တော်များများ ရှိနေတယ်ပေမယ့် အမေရိကအပါဝင် နိုင်ငံနယ်နမိတ် တော်တော်များများမှာ ခြံစည်းရိုးတွေခတ် အုတ်တံတိုင်းတွေကာ တဖက်နဲ့တဖက် ရန်တွေဆောင်နေကြတာကိုတော့ နယ်စပ်စည်းတွေကိုမှ ကျော်ဖြတ်သွားလာချင်တတ်တဲ့ မောင် ရင်ငတေက ဘယ်လိုမှသဘောမကျနိုင်ရိုး အမှန်ပါ။ ဒါပေမယ့်လို့ လက်ရှိလွတ်လပ်နေပါတယ်ဆိုတဲ့ အနောက်ဥရောပနယ်နမိတ် ဖြတ် ကျော်ခွင့်တွေကိုတောင်မှ ဘယ်အချိန် ပြန်ပိတ်လေမလဲ စိုးရိမ်စိတ်နဲ့ ရင်တမမဖြစ်နေရနေပါပြီ။ ရှန်ဂန်ဗီဇာစနစ်ဆိုတာမျိုးကို မကြိုက်နှစ် သက်သူ ဆန့်ကျင်ချင်သူ ပြောင်းလဲပစ်ချင်သူ အနောက်ဥရောပသားတွေ ပိုများလာနေပါပြီ။
စိမ်းလန်းစိုပြေ ရှန်ဂန်မိုဇယ်မြေ (Photo Michel De Luxe) |
အဲလိုရေးတဲ့နေရာမှာ ပြင်သစ်ပြည်နဲ့ နောက်နှစ်နိုင်ငံ တွေ့ဆုံကြတဲ့ ရွှေကြိဂံဆုံချက်ပွိုင့်များကိုတော့ မောင်ရင်ငတေ ဦးစားပေးပြီး ရေးချင်ပါ တယ်။ ရွှေကြိဂံဆုံချက်ပွိုင့် ခြောက်နေရာ ရှိပါတယ်။ ပြင်သစ် လူဇမ်ဘူး ဘယ်လ်ဂျီယံ ဆုံချက်ပွိုင့်မှာ တနေရာ၊ ပြင်သစ် လူဇမ်ဘူး ဂျာမဏီ ဆုံချက်မှာ တနေရာ၊ ပြင်သစ် ဂျာမဏီ ဆွစ်ဇာလန်မှာ တနေရာ၊ ပြင်သစ် ဆွစ်ဇာလန် အီတလီမှာ တနေရာ၊ နောက်ဆုံး ပြင်သစ် စပိန် အန်ဒိုရာမှာ နှစ်နေရာ ရှိပါတယ်။ ဒီလို သုံးနိုင်ငံဆုံတွေရာ နေရာတွေက တောတောင်တွေရဲ့အကြားမှာ တည်ရှိတာမို့ မြို့ကြီးတွေနဲ့ ခပ်လှမ်း လှမ်းမှာသာရှိတတ်လို့ ကားလမ်းမကြီးတွေနဲ့ မနီးစပ်ပါဘူး။ ခရိုင်တွင်း မြို့တွင်းသွား ကျေးလက်လမ်းများသာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလို သာယာလှပတဲ့ တောတွေ တောင်တွေကြားမှာ ဖောက်လုပ်ထားတဲ့ လမ်းမျိုးတွေ သွားရတာကို မောင်ရင်ငတေ ပိုပြီး စိတ်ဝင်စားပါတယ်။ မြစ်ဘေး ချောင်းဘေး သစ်ပင်တွေကြားက တောင်စောင်းတွေကြားမှာ တည်ရှိနေတတ်တဲ့ မြို့သေးသေးလေးတွေ ရွာသေးသေးလေးတွေဟာ တကယ်တမ်းသာ နေရရင် ကြာကြာနေနိုင်မနေနိုင် ဘယ်လိုနေမယ် မသိနိုင်ပေမယ့် အတော်တော့ နေချင်စရာ ကောင်းလှတာပါ။ ဒီ ဒေသမှာ တွေ့ကြရတဲ့ အစိမ်းရောင် စိုက်ခင်းတွေ အများစုကတော့ စပျစ်ခင်းတွေပါ။ မိုဇယ်မြစ်ဝှမ်းရဲ့ စပျစ်ဝိုင်ချက်တဲ့ လုပ်ငန်းကတော့ ထင်ရှားလှသလို နာမည်ကြီး ဝိုင်ဖြူတွေကလည်း လူကြိုက်များလှပါတယ်။ မိုဇယ်မြစ်ရိုးတလျှောက်မှာ ကီလိုမီတာ ၂၄၀ ကျော် ရှည်လျှားတဲ့ Route des vins de Moselle ဆိုတဲ့ ဝိုင်စိုက်ခင်းတွေကို လေ့လာရေး ဇိမ်ခံတိုးလ်ရစ် လုပ်ငန်းကလည်း ခရီးသွားလောကမှာ ထင်ရှားတာတခုပါ။
Pont de Schengen (Perl Brücke) (1959) (ဓါတ်ပုံ မရငတ) |
ခြောက်ခုသော ရွှေကြိဂံ ဆုံချက်ပွိုင့်တွေထဲမှာ အထင်ရှားဆုံးကတော့ Schengen Visa Free Area စာချုပ်ချုပ်ဆိုခဲ့တဲ့ ပြင်သစ် ဂျာမဏီ လူဇမ်ဘူး သုံးနိုင်ငံရဲ့ ရွှေကြိဂံ ဆုံချက်ပါ။ အဲဒီ ရှန်ဂန် တြိဂံပွိုင့် ကလည်း တကယ်တော့ ရွာသာသာ မြို့ကလေးတွေသာရှိနေတဲ့ နေရာတွေပါ။ ဒါပေမယ့် လူဇမ်ဘူး နယ်မြေထဲမှာတည်ရှိတဲ့ ရှန်ဂန်ရွာလေးမှာ တကူးတက လာရောက်တွေ့ဆုံကြပြီး ဥရောပတလွှားရဲ့ နယ်ခြားမဲ့ရေး စာချုပ်ချုပ်ဆိုခဲ့ရာ နေရာ ဖြစ်ခဲ့လို့ လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်က စတင်ပြီး ခရီသွားသူများ ကြားမှာ ထင်ရှားလာတာ ဖြစ်ပါတယ်။ တကယ်တမ်းကတော့ လွန်ခဲ့တဲ့ ပထမကမ္ဘာစစ် မတိုင်မီထိ ပါရီမြို့က ရုရှားပြည် စိန့်ပီတာစဘတ် သွားရင်တောင်မှ ခရီးသွားစာအုပ်တို့ ဗီဇာတို့ မလိုအပ်ပါဘူး။
ကမ္ဘာစစ်ကြီးတွေ ဖြစ်ပွားလာရင်းက စစ်ပွဲတွေကို ဖန်တီးခဲ့ကြသူတွေက သူတို့ရဲ့ လုံခြုံရေးအတွက် စိတ်မချရလို့ ဆိုပြီး စစ်ဟယ်ဆေးဟယ် လုပ်ကြရာကမှ စပြီး သာမန်ခရီးသွား ပြည်သူလူထုတွေကို စိတ်ဆင်းရဲရစေတဲ့ ပတ်စ်ပို့စ်တို့ ဗီဇာတို့ စစ်ဆေးရေးဂိတ်တို့ ဆိုတာမျိုးတွေ ပေါ်ပေါက်လာရတာပါ။
တကယ်တမ်းကတော့ သူတို့တတွေ စစ်ဘုရင် အမည်ခံချင်ကြလို့ သူတို့ဖာသာ စစ်ပွဲတွေ ဖန်တီးပြီး ရန်သူ ပိုများလာတာကို ကာကွယ်ဖို့ စိတ်ကူးရာက ဗီဇာတွေ ပတ်စ်ပို့စ်တွေ ပေါ်ပေါက်လာရတာပါ။ မောင်ရင်ငတေသာ ငြိမ်းချမ်းရေး နိုဘယ်ဆုသာရခဲ့ရင် ကမ္ဘာတဝှမ်း ဒါမျိုးတွေ ပြန်လည်ဖျက်သိမ်းဖို့ အရင်ဆုံး ဆွေးနွေးကြဖို့ တောင်းဆိုမိမှာပါ။ အဲဒီလိုနဲ့ ဥရောပတိုက်မှာ သာမက ကမ္ဘာတလွှားမှာပါ ခရီးသွားလာချင်သူများအတွက် ဗီဇာဆိုတာ အဟန့်အတား ဖြစ်ခဲ့ရပါတယ်။ ငြိမ်းချမ်းရေးစကားတွေ တွင်တွင်ပြောပြီး ငြိမ်းချမ်းရေးဆိုတာက စာချုပ်ချုပ်ကြတဲ့ စက္ကူတွေပေါ်မှာသာ ရှိနေဆဲပါ။
Moselle river at Luxembourg (foreground) Germany (left background) France (right background), as seen from Schengen. (ဓါတ်ပုံ မရငတ) |
ပြင်သစ် ဂျာမဏီ လူဇမ်ဘူး သုံးနိုင်ငံရဲ့ကြိဂံဆုံချက်တည်ရှိရာ ရှန်ဂန်ရွာကလေးကတော့ ဘာတခုမှ ထင်ရှားလှတာ မရှိပါဘူး။ မိုဇယ်မြစ်နဲ့ တောင်စောင်းက စပျစ်စိုက်ခင်းတွေရယ် အဲဒီ ဝင်ကြေးမရှိတဲ့ ရှန်ဂန်ဗီဇာသမိုင်း ပြတိုက်သေးသေးလေးရယ် ဒီတံတားရယ်သာ ရှိတာပါ။ ရှန်ဂန်ဗီဇာအကြောင်းကိုမောင်ရင်ငတေ ၂၀၁၂ ခုနှစ်လောက်က မိုးမခအွန်လိုင်း http://moemaka.com/archives/28453 မှာရေးခဲ့ဖူးပါ တယ်။ ဒီလိုမျိုး ဥပဒေတွေကို သက်ဆိုင်ရာ အစိုးရတွေက မကြာခဏ ပြောင်းပစ်တတ် တာမျိုးကိုလည်း သတိပြုကြရမှာက ခရီးသွားသူတွေ သာ ဖြစ်ပါတယ်။
၁၉၈၅ ခုနှစ် နောက်ပိုင်းမှာတော့ ရှန်ဂန်ဗီဇာဆိုတာကြီး ပေါ်လာပြီး ဥရောပတနိုင်ငံက ဗီဇာရပြီးရင် နောက် ရှန်ဂန်အဖွဲ့ဝင် နိုင်ငံတွေကို ဝင်ထွက်သွားလာခွင့် ပြန်လည်ရရှိလာခဲ့ပါတယ်။ ဒါပေမယ့်လို့ ၂၀၁၀ ခုနှစ် နောက်ပိုင်းကာလများမှာ တကယ်သာမန်ခရီးသွားများထဲက ဆိုးသွမ်းလာသူတွေ ပိုပြီး များလာလို့လားတော့ မောင်ရင်ငတေ သေချာမသိပါဘူး။ နယ်စပ်တွေမှာ စစ်ဆေးမေးမြန်းမှုတွေက ပိုမို ပြန်လည်များပြားလို့သာ လာနေကြောင်းပါ။ အဲဒါကြောင့်မို့ နိုင်ငံကြီးသား စာရင်းဝင်တဲ့ ပြင်သစ် စာအုပ် ကိုင်ဆောင်ထားသူမဟုတ်သော မောင်ရင်ငတေတယောက် အခွင့်ရတုန်းရခိုက် ကြုံးရုန်းပြီး သွားခွင့်ရတာလေးတွေ သွားနေဖြစ်ခဲ့တာပါ။ အလွယ်တကူလွတ်လပ်စွာ သွားလာခွင့်က တစတစနဲ့ လျော့နည်းလာနေတာကို တွေ့ရလို့ပါ။
ဗီဇာအကြောင်းအဝင်အထွက်ဂိတ်တွေအကြောင်း အင်တာနက်စာမျက်နှာတွေမှာ ဝင်ရောက်ရှာဖွေ ဖတ်မှတ်ပြီးမှ ခရီးသွားကြရင် တကယ်သွားတဲ့အခါမှာ ပိုလို့သာ အစဉ်ပြေ လွယ်ကူနိုင်တာ အမှန်ပါ။ တခုပိုပြီး သတိထားရမှာက အနောက်ဥရောပ နိုင်ငံကြီး အချင်းချင်း ပြင်သစ် ဂျာမဏီ ဘယ်လ်ဂျီယံ နယ်သာလန်တို့ အဝင်အထွက်မှာ သိပ်အစစ်အဆေး မများလှပေမယ့် တခြားရှန်ဂန်ဗီဇာဧရိယာဝင် ဥရောပ အရှေ့ခြမ်း နိုင်ငံများကနေ အနောက်ခြမ်းဘက်ကို ဝင်လာကြသူများကိုတော့ အစစ်အဆေး ပိုမိုထူပြော များပြားလှတာကို တွေ့ရ လေ့ရှိပါတယ်။ အနည်းဆုံး ခရီးသွားလက်မှတ်တို့ မှတ်ပုံတင်တို့ အစစ်ခံရ တတ်ပါတယ်။ ပိုလန် တူရကီတို့ကလာတဲ့ လမ်းကြောင်း တွေမှာ စစ်ဆေးမှု ပိုများပါတယ်။
လွတ်လပ်ငြိမ်းချမ်း ရွှေတြိဂံရှန်ဂန် (Photo Google) |
ရှန်ဂန်မှာ မိုဇယ်မြစ်ကူး တံတားနှစ်စင်း ရှိပါတယ်။ တစင်းက A13 အမြန် လမ်းမကြီးပေါ်က တံတား ဖြစ်ပြီး နောက်တစင်းကတော့ ရိုးရိုးတောလမ်းက တံတားပါ။ ဂျာမဏီဘက်အခြမ်းက ရထားဂိတ်ဆုံး Perl (Sarre) မြို့လေးက ရှန်ဂန်တံတားကို လမ်းလျှောက် ကူးသွားရုံနဲ့တင် ရောက်သွားတာဖြစ်ပြီး လူဦးရေ တထောင်သာရှိတဲ့ ပြင်သစ်နယ် Apach ရွာကလေးက တံတားညာဘက် ခပ်လှမ်းလှမ်းမှာ တည်ရှိပါတယ်။ မောင်ရင်ငတေတို့ ရောက်သွားခဲ့တုန်းကတော့ လူဇမ်ဘူးနယ်ဘက်ခြမ်း ရှန်ဂန်ဗီဇာ ပြတိုက်နားက ကားပါကင်မှာ ကားထိုး ရပ်ထားခဲ့ပြီး ပေ ၂၀၀ ကျော် သာသာလောက် ရှည်လျှားတဲ့ တံတားကိုဖြတ်ကာ ဂျာမဏီဘက်ခြမ်းမှာ ဖွင့်ထားတဲ့ အီတလီစာ စားသောက်ဆိုင်မှာ စပါဂေတီစား ဂျာမန်ဘီယာအေးအေးလေးမှာသောက် ပြင်သစ်ဘက်ခြမ်းကို အစာကြေအညောင်းအညာပြေလေး အရသာခံ လမ်းလျှောက် လေ့လာခွင့်ကို ရခဲ့တာပါ။ အဲဒီလိုမျိုး သုံးနိုင်ငံဆုံဆည်းရာနယ်နမိတ်ကို အေးအေးလူလူ လမ်းလျှောက်ခဲ့ရတဲ့ အရသာက ဘယ်ခရီးဘယ်လမ်းနဲ့မှ မတူဘူးလို့ ထင်မိပါတယ်။ ဘာဖြစ်လို့ အဲဒီခံစားမှုမျိုး ရခဲ့သလဲလို့ မေးသူတွေများ ရှိလာခဲ့မယ်ဆိုရင် မောင်ရင်ငတေမှာ အဖြေ အဆင့်သင့် ရှိနေပါတယ်။ လွတ်လပ်လို့ပါ။ စိတ်လွတ်လပ်စွာ ဖြတ်သန်းခဲ့ရတယ်လို့ ခံစားမိခဲ့ရလို့ပါ။ အဲလိုမျိုး ခရီးတွေ များများသွားချင်မိပါတယ်။ ဟိုရှေးသရောအခါက ဒီနေရာမျိုးတွေမှာ ဒီဒေသခံတွေ ဒီလိုမျိုး လွတ်လပ်စွာ သွားလာခဲ့ကြ တာပါ။ နောက်ပိုင်းမှာတော့ အဲလိုမျိုး လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခံထားရတဲ့နေရာတွေ တော်တော်များများ ရှိလာပါတယ်။ အခုခေတ် တချို့ဥရောပသားတွေ ကြွေးကြော်နေကြတဲ့ Sans Frontières နယ်စည်းမခြား ဆိုတာတွေကလည်း ထင်သလောက်တော့ ခရီးမ ရောက်မပေါက်သေးပါဘူး။ နေရာတကာမှာ ကန့်သတ်မှုတွေ တားမြစ်မှုတွေ စစ်ဆေးမှုတွေက ရှိလို့နေဆဲ နေမြဲပါ။ ခရီးသွားသူတွေ ဘက်ကလည်း လက်တလုံးခြား ချိုးဖောက်သူတွေ ရှိနေဆဲပါ။ ခက်တာက ဆယ်မိနစ်လောက် လမ်းလျှောက်သွားတာနဲ့ အခွန်အခ သတ်မှတ်ထားပုံတွေ မတူညီ ကြလေတော့ ကုန်ဈေးနှုန်း ကွာခြားချက်ကရှိနေတာပါ။ ဈေးဝယ်သူတွေကလည်း ဈေးသက်သာတဲ့ ဆိုင်တွေရှိရာ သွားဝယ်ကြမှာပါ။ ဒီဒေသမှာ လူဇင်ဘူးက သူထက်စီးပွားရေး အင်အားကြီးမားလှတဲ့ ပြင်သစ်တို့ ဂျာမဏီတို့ကို တိုက်ခိုက် တဲ့အနေနဲ့ အခွန်မကောက် ဈေးလျှော့ရောင်းကြ စီးပွားရေး ပုံစံ မျိုးကိုများ ကျင့်သုံးနေလေသလား ထင်မိပါရတယ်။
မိုဇယ်မြစ်နဘေး ရှန်ဂန်သင်္ဘောဆိပ်နဲ့ ဂျာမဏီဘူတာရုံ (ဓါတ်ပုံ မရငတ) |
အဲဒါကြောင့်လည်း ပြင်သစ်နိုင်ငံဘက်မှာ အခွန်အခမြင့်လို့ ဈေးတင်ရောင်းနေကြရတဲ့ စီးကရက်တို့ အရက်တို့ကို ဈေးနှုန်းသက်သာတဲ့ လူဇင်ဘူးကနေ မှောင်ခိုသွင်းတဲ့ လုပ်ငန်းမျိုးတွေပေါ်လာတာပါ။ အဓိက မှောင်ခိုလမ်းကြောင်းက အဲဒီ မိုဇယ်မြစ်ကြောင်းပါ။ နှိမ်နင်းမှုတွေ ရှိနေသော်လည်း မှောင်ခို ကုန်ကူးသူများက ရှိနေဆဲပါတဲ့၊ ဥရောပကုန်းမကြီးမှာ ဆွစ်ဇာလန်နဲ့ ပြင်သစ်က စီးကရက်နဲ့ အရက် ဈေးနှုန်း အမြင့်မားဆုံးပါ။ အဲဒါကြောင့် မောင်ရင်ငတေတို့လို သောက်သုံးသူတွေဟာ ဥရောပခရီးကို နော်ဝေး အင်္ဂလန် ဆွစ်ဇာလန်တို့ဘက် ထွက်တော့မယ် ဆိုခဲ့ရင် စီးကရက်တို့ အရက်တို့ဝယ်သွားရပြီး ကျန်တဲ့နိုင်ငံ အများစုကို သွားရင်ဖြင့် ဝယ်သွားစရာ မလိုအပ်ပါဘူး။
သူရဲခြောက်မှာ စိုးရိမ်ဖွယ်ရာ လူဇမ်ဘူးမှ ပြင်သစ်အဝင် အခွန်ဂိတ် (ဓါတ်ပုံ မရငတ) |
ဒီလို ခရီးသွားခြင်းတွေကို ရေးရရင် ရေးစရာ အကြောင်းတွေက တခုပြီးတခု ဆက်စပ်ပေါ်လာတာ ဖြစ်တာကြောင့် အဆုံးသတ်ဖို့ကတော့ မလွယ်ကူလှပါဘူး။ ပေရှည်ဆွဲချင်ရင် ဆွဲသလောက်ရှည်နိုင် တာမို့ ဒီလောက်နဲ့တင် ဒီနေရာမှာ နားလိုက်ပါအုံးမယ်။နောက်ထပ်လည်း မောင်ရင်ငတေ သွားဖူးခဲ့ ရောက်ဖူးခဲ့တဲ့ ဝင်ပေါက် ထွက်ပေါက်တွေရော မရောက်ဖူးသေးတာတွေရော အများကြီး ကျန်နေပါ သေးတယ်။ ဆက်ရေးဖို့ ကြိုးစားလိုက်ပါအုံးမယ်။စာဖတ်သူတွေ လိုက်ပို့ပေးသူတွေ ကျွေးမွေးဧည့်ခံ သူတွေရော အားလုံး အားလုံးကို ကျေးဇူးအထူး တင်ပါတယ်။
မောင်ရင်ငတေ ၀၇၁၀၂၀၁၄