ရန်လင်းအောင် - ပိုကောင်းသွားမလား လို့

Photo Aung Htet
ရန်လင်းအောင် - ပိုကောင်းသွားမလား လို့
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၄


ပိုကောင်းသွားမလား လို့ အပျော်အပါးလျှော့တယ်
အပျင်းပြေအလုပ်တွေ နားလိုက်တယ်

ပိုကောင်းသွားမလား လို့
ကဗျာ ရေးတယ်
သစ်ပင်စိုက်တယ်

ပိုကောင်းသွားမလား လို့
ပန်းချီ ဆွဲတယ်
ဒဏ်ကြေဆေးတွေ လိမ်းကြည့်တယ်
သွေးပေါင် ခဏခဏချိန်ကြည့်တယ်

ပိုကောင်းသွားမလား လို့
ဆေးလိပ် ဖြတ်တယ်
အရက် ဖြတ်တယ်
လူပေါင်းမမှားဖို့ ဂရုစိုက်တယ် ။

ပိုကောင်းသွားမလား လို့
သစ္စာဆိုတယ်  မေတ္တာပို့တယ်
မည်သို့ဆိုစေ  ကိစ္စမရှိဘူး
သင်ပုန်း ချေတယ်

ပိုကောင်းသွားမလား လို့
ပုံ မပြောတော့ဘူး
အတွန့် မတက်တော့ဘူး
အငြိမ်ဇယားပဲ ဆွဲပါတယ်

ပိုကောင်းသွားမလား လို့
ငါး ဝယ်လွှတ်တယ်
ငှက် ၀ယ်လွှတ်တယ်
လိုအပ်ရင်
ကံ့ကော်ညွန့်လို အချိုးခံပါ့ မယ်

ပိုကောင်းသွားမလား လို့
အိပ်ယာနေရာ သန့်ထားလို့
အိပ်မက်လှလှ စွဲအောင်တွေးလို့
အေးအေးလူလူ ကမ္ဘာကြီး
ဘယ်တော့ ဘယ်လို ပြန်လာနိုင်မလဲ
စိတ်နဲ့ ကိုယ် ဘယ်တော့ မြဲမြံပါ့ မလဲ
မင်း သေမှ အေးမယ်ဆိုလည်း
ပြဿနာမရှိ ...
အပိုစကား ဆိုစရာ ငါ့ မှာ နတ္ထိ ။
ပိုကောင်းသွားမလားလို့ ...
ပိုကောင်းသွားမလားလို့ ...
ပိုကောင်းသွားမလားလို့  . . . . ။