ဖိုးထက် - သိပ္ပံမောင်ဝ သနားတယ်


ဖိုးထက် - သိပ္ပံမောင်ဝ သနားတယ်
 

(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၄

တစ်မြန်မနေ့က စာအုပ်ပြပွဲ တစ်ခုသို့ ကျွန်တော် ရောက်သည်။

ဆရာကြီး မြသန်းတင့်၏ ဘာသာပြန် အီလျာရင်ဘတ်၏ “လူများ သက္ကရာဇ်များ” အတွဲတွေကို စုပေါင်းပြီး ပြန်ထုတ်တာတွေ့တော့ မဖြစ်မနေ ၀ယ်ရသည်။ မြန်မာအက်ဆေး ၁၀၀ နှင့် ၁၀၁ ကတော့ ကိုယ့်ဝါသနာမို့လို့ ၀ယ်ရပြန်သည်။ ဆရာကြီး ဇော်ဂျီ၏ “စာရှုခင်း ၁” ကတော့ ၀ယ်ထားသင့်သည် ထင်လို့ ၀ယ်ရပြန်သည်။ ဆရာလှသန်းနှင့် ဆရာသိန်းဇော်၏ ကဗျာစာအုပ်တွေကိုတွေ့တော့ မဖြစ်မနေ ၀ယ်ထားပြီး စိတ်ကြည်ကြည်လင်လင်ရှိတိုင်း အမြဲဖတ်ပြီး အရသာခံသင့်တယ်လို့ ထင်ပြန်သည်။ ဆရာကြီး ရွှေဥဒေါင်း၏ ဦးစံရှား စုံထောက်ဝတ္ထုပေါင်းချုပ်စာအုပ်ကြီးကျပြန်တော့ အိမ်က ကလေးတွေ မဖြစ်မနေ ဖတ်စေချင်လို့ ၀ယ်ရပြန်သည်။ ဆက်စပ် တွေးခေါ်တတ်ဖို့၊ စာဖတ်တာ ၀ါသနာပါလာဖို့ စုံထောက်ဝတ္ထုစာအုပ်တွေက စာဖတ်စသူများအတွက် သိပ်ပြီး အသုံးကျသလို ဆရာကြီးရဲ့ ဦးစံရှားနဲ့ ဦးသိန်းမောင်က အိမ်မှာ အပိုင်ခေါ်ထားရမယ့် လူကြီးတွေ မို့လား။ နောက်ပြီးတော့ ဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ “ချစ်သူတို့ရွာ” ၀တ္ထုရှည်ပေါင်းချုပ် ကျပြန်တော့ အမြည်းဖတ်ကြည့်ရင်း ၀ယ်ကွာဆိုပြီး ဆုံးဖြတ်လိုက်ရသည်။  စုစုပေါင်း ကုန်ကျငွေကို တွက်ခိုင်းတော့ ပါလာသော ငွေလက်ကျန်က သိပ်မရှိတော့။ သို့သော် ရန်ကင်းစင်တာက ဂျေဒိုးနပ်မှာ သူငယ်ချင်းဖြစ်သူနဲ့ ချိန်းထားတာ သုံးဖို့ ငါးထောင်ကျပ်လောက် ကျန်ရင်ဖြစ်ပြီ။ ပိုက်ဆံကို ပြန်စစ်တော့ နောက်ထပ် တစ်အုပ်လောက် ၀ယ်လို့ရသေးသည်။

စာအုပ်ပုံကြီးထဲမှာ နောက်တစ်ခေါက် ပြန်ပါတ်ပြီး အကြိုက်ဆုံး စာအုပ်တစ်အုပ် ပြန်ဝယ်ဖို့ ကြိုးစားကြည့်ပြန်တော့ စိတ်ရှုပ်ရပြန်သည်။ လိုချင်တာတွေက များ။ နောက်ဆုံး ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် ဖြစ်စေတာက ဆရာကြီး သိပ္ပံမောင်ဝ၏ “၀တ္ထုဆောင်းပါး ပေါင်းချုပ်သစ်” စာအုပ်ကြီး။ ၀ယ်ရမည်။ ၀ယ်ထားရမည်။ အပိုင်ကို ရှိထားရမည့် စာအုပ်ကြီး။ ဖတ်ဘူးပြီးသား ဆောင်းပါး၊ ၀တ္ထုတွေ ပါမှာ သေချာသည်။ သို့သော် ဘယ်တော့ဖတ်ဖတ် ဘယ်တော့မှ မရိုးသွားသည့် ဆရာကြီး စာတွေကတော့ ရှိကို ရှိရမယ်လို့ တွေးပြီး ၀ယ်ဖြစ်ခဲ့သည်။ ကျွန်တော်လို စာကျမ်းပိုး မဟုတ်ပေမယ့် စာအုပ်တွေကို ချစ်တတ်သူအဖို့ စာအုပ်ထုပ်ကြီး ပိုက်ကာ သူငယ်ချင်းနှင့် ချိန်းဆိုထားရာ ရန်ကင်းစင်တာသို့ ကြည်နူးချမ်းမြေ့စွာ ချီတက်လာသည်။ ဘယ်စာအုပ်ကို အရင်စကိုင်ရမလဲဟု တွေးရင်း ငေးရင်း။

ရန်ကင်း ဂျေဒိုးနပ်ဆိုင်ရောက်တော့ သူငယ်ချင်း ဖြစ်သူ မရောက်သေး။ လာနေပြီ လာနေပြီဟုလို့တော့ ပြောသည်။ ဒီအကောင် လာနေပြီဆိုတာက သိပ်စိတ်ချရတာ မဟုတ်။  တစ်ခုခု သောက်နှင့်ဖို့ ကောင်တာရှေ့မှာ တန်းစီလိုက်သည်။ ရှေ့ဆုံးမှာ ကလေးပိစိကွေးလေးနဲ့ သားသည် အမေတစ်ယောက်။ သူတို့ နောက်က အဖြူမ တစ်ယောက်နှင့် ကိုရီးယားလိုလို ဂျပန်မလိုလို တစ်ယောက်။ သူတို့ နောက်ကမှ ကျွန်တော်။ သားအမိနှစ်ယောက် ၀ယ်လို့ အပြီးမှာ စုံတွဲတစ်တွဲက နိုင်ငံခြားသူတွေ ရှေ့ က ဖြတ်ဝင်သွားသည်။ ကောင်တာက ကောင်မလေးကလဲ ဘာမှ မပြော။ ရှိပါစေလေ။ အလျင်လိုနေလို့ နေမှာပေါ့လို့  ကျွန်တော် တွေးလိုက်သလို နိုင်ငံခြားသူတွေကလဲ တွေးဟန်တူသည်။ ဘာမှ မဖြစ်။ ထိုစုံတွဲ ၀ယ်ပြီးတော့ အဖြူမအလှည့်။ သူတို့ကတော့ ရှင်းသည်။ အမေရိကန် စစ်စတမ် စစ်စစ် ဖြစ်ပုံရသည်။ သူဝယ်တာအတွက် သူရှင်းသွားသည်။ နောက်က အာရှသူအလှည့် ၀ယ်မယ်လုပ်ပြန်တော့ နောက်ထပ် တစ်ယောက် ရှေ့က ဖြတ်ဝင်ပြန်သည်။ အဖြူမက သူ့အစားအစာတွေ ထည့်ထားသော ဗန်းလေးကို ကိုင်လှည့်ထွက်ရင်း သူ့ဘော်ဒါကို မတိုးမကျယ် ပြောသွားတာ ကျွန်တော် ကြားလိုက်ရသည်။ “It’s usual.” တဲ့။ သူတို့ နှစ်ယောက်ရဲ့ မကြားနိုးနား စကားအတွက် ကျွန်တော်ကတော့ ရှက်နေနိုင်ပေါင်။ ကျွန်တော်က သူတို့ နောက်က တန်းစီထားသည်ဘဲ။ ရှေ့က ဖြတ်ဝင် ၀ယ်နေသော အမောင်ယောင်္ကျား အသင်လူသားကား တကယ့် ဖက်နမ်းချင်စရာ ကောင်းလောက်အောင် အပြစ်ကင်းစင်သော မျက်နှာလေးဖြင့်။ ရှိပါစေ။ ဟိုနှစ်ယောက် ပြောသလို usual ဆိုလဲ usual ဘဲပေါ့။

ကျွန်တော့် အလှည့်မရောက်ခင် နောက်တစ်ယောက် ဖြတ်ဝင်မယ် လုပ်ပြန်တော့ မ usual  နိုင်တော့ဘဲ မျက်နှာပုပ်ကြီးဖြင့် “တန်းစီကြဗျာ” လို့ ပါးစပ်က အသံထွက်သွားသည်။ ထွက် ထွက်ပေါ့။ မကြားချင်ယောင် ဆောင်ထားသော နောက်တစ်ယောက် ကို စောင့်ရပြန်သည်။ အစားလေး တစ်လုပ်အတွက် မင်း ဘာကောင်လဲ၊ ငါဘာကောင်လဲ အရှေ့ကိုထွက် ဆိုပြီး ပုဆိုးခါးတောင်းကျိုက် စိန်ခေါ်စရာမလိုတာဘဲလေလို့ တွေးလိုက်တော့ အဆင်ပြေသွားသည်။ ဒီလိုပါဘဲလို့ တွေးလိုက်တော့ OK ။ ကျွန်တော့်အလှည့်ရောက်တော့ စားချင်၊ သောက်ချင်တာတွေ ၀ယ်ပြီး သူငယ်ချင်း ဖြစ်သူကို ထိုင်စောင့်နေလိုက်သည်။

အချိန်ရတုံးလေး စာအုပ်တစ်အုပ်တော့ စထားမှ။ ဘာစာအုပ်စမလဲလို့ တွေးမိတော့ နောက်ဆုံးမှ ၀ယ်ထားသော အပေါ်ဆုံးက သိပ္ပံမောင်ဝ စာအုပ်ကို ဆွဲထုတ်လိုက်သည်။ မာတိကာကို အရင်ဖတ်။ ဖတ်ဘူးပြီးသားလို့ ထင်တာတွေ အရင်ခဏဖယ်ထား။ စိတ်ဝင်စားနိုင်မယ်လို့ ထင်သော ခေါင်းစဉ်ကို ရှာတော့ “ယဉ်ကျေးခြင်း” ဆိုသည့် ခေါင်းစဉ်ကို တွေ့သည်။ “လေလံပွဲ” လို အဖြစ်အပျက်ကို တိုတိုရှင်းရှင်း ပြတ်ပြတ် စိတ်ဝင်စားအောင် ရေးသလိုမျိုး ဆရာကြီးက ယဉ်ကျေးခြင်းကို ဘယ်လိုများ ရေးမှာပါလိမ့်။ ဘယ်ကိစ္စ ယဉ်ကျေးခြင်းကို ပြောမှာပါလိမ့်။
စိတ်ဝင်တစားဖတ်ကြည့်တော့ ဆရာကြီးရဲ့ စာတစ်ပိုဒ်က လောလောလတ်လတ် ရင်ခုန်သံ မငြိမ်သေးသော ခံစားချက်ကို လာဆောင့်သည်။ ဆရာကြီး ရေးပုံက….

“မြန်မာပြည်တွင် အခြား တစ်ကိုယ်ကောင်းကြံသော အလေ့အထ တစ်ခုလည်း ရှိသေး၏။ ရုပ်ရှင်သွားကြည့်သော အခါဖြစ်စေ ဘောလုံးပွဲ သွားကြည့်သော အခါဖြစ်စေ ရုံပေါက်ဝတွင် လူအများ တိုးဝှေ့နေကြသည်ကို မြင်ရပေလိမ့်မည်။ ဤအလေ့အထကား မယဉ်ကျေးသော လူတို့၏ အလေ့အထဖြစ်ပြီး မည်သို့ပင် နောက်ကျ ရောက်စေကာမူ မိမိ ရုံတွင်းသို့ လက်ဦးဆုံး ရောက်လျှင် ကျေနပ်ပြီဟူသော သဘောဖြင့် တိုးခြင်း ဖြစ်လေသည်။ စင်စစ်ကား လက်ဦးဆုံး လာသူသည် လက်ဦးဆုံး အတွင်းသို့ ၀င်ရမည်။ ဤသဘောမျိုးကို လူတိုင်း၏ စိတ်တွင် ရှိမည် ဖြစ်မူကား ယခုကဲ့သို့ ရုံပေါက်ဝတွင် တိုးဝှေ့၍ နေကြမည် မဟုတ်။ အလွန်တရာ သပ်သပ်ရပ်ရပ် ဖြစ်သွားပေလိမ့်မည်။ အင်္ဂလန်ပြည်တွင် ရုံပေါက်ဝများ၌ အရင်ရောက်သူက ရှေ့မှ ရပ်နေလျှင် နောက်ရောက်သော သူတို့က ထိုသူ့နောက်မှ ၀င်ရပ်ကာ စောင့်စားလေ့ ရှိသည်ဟု ဖတ်ဘူးလေသည်။ ထိုအလေ့အထကား ယဉ်ကျေးသော အလေ့အထဖြစ်လေသည်။ ဤအလေ့အထမျိုးကို မြန်မာများ အတုယူသင့်လှပေ၏။ ဤအတုမျိုးကို မယူသမျှ ကာလပတ်လုံး ယဉ်ကျေးသည် ဟူ၍ မဆိုနိုင်သေးပေ။” တဲ့။
    ဆရာကြီးက သူ့ဆောင်းပါးကို ၁၉၃၇ ခုနှစ် မေလထုတ် ကြီးပွားရေး မဂ္ဂဇင်း အတွက် ရေးပေးခဲ့ခြင်းဖြစ်သည်။ ဟင်…အခု ၂၀၁၄ ဆိုတော့ တယ်ကောင်း။ နှစ်ပေါင်း ၇၇ နှစ်။ ဆရာကြီးတို့များ တယ်ခေတ်မှီပါလား။ ကျွန်တော် တစ်ယောက်ထဲ စာအုပ်တစ်အုပ်ဖြင့် အလုပ်ရှုပ်နေသည်ကို သူငယ်ချင်းဖြစ်သူ ရောက်လာပြီး နားရင်းအုပ် နှုတ်ဆက်တော့မှ ဒီအကောင် ရောက်လာတာကို သိလိုက်ရသည်။

“ဟရောင် ဘာစား၊ ဘာသောက်မှာလဲ။ အပုပ်ချိန်မဟုတ်ဘူး။ ကော်ဖီဘဲသောက်။ ကိုယ့်ဘာသာ သွားဝယ်။ ဒါပေမယ့် တန်းစီကွာ” လို့ ကျွန်တော်က မှာတော့ ထူးထူးထွေထွေ ပြန်မေးမနေဘဲ သွားဝယ်သည်။ ဒီကောင်လဲ ကျွန်တော့်အတိုင်း။ ဟင်း..ဟင်း..ဟင်း…ငါတစ်ယောက်ထဲ ခံရတာ မဟုတ်။ ဒင်းလဲ ခံရတာဘဲလို့ စိတ်ကျေနပ် အားရ ပီတိဖြစ်သွားသည်။

    ကော်ဖီပန်းကန်ကြီးနဲ့ ဒီကောင် ပြန်ရောက်လာတော့ “ဘာကို တန်းစီလို့ မင်းက ပြောတာလဲ။ သိပ်ကြီးကျယ်မနေနဲ့ ကိုယ့်လူ။” တဲ့။ ကျွန်တော်က ဖြစ်ကြောင်းရယ်မှ ကုန်စင် နတ်သံနှောကာ ဒီကောင့်ကို နှုတ်သီးကောင်း လျှာပါးဖြင့် ခုနက နိုင်ငံခြားသူ နှစ်ယောက်ရဲ့ “It’s usual.” ဆိုတာကြီးကို ဖောက်သည်ချသည်။ ပြီးတော့ သိပ္ပံမောင်ဝ ဆောင်းပါးကို ပေးဖတ်လိုက်သည်။ ဒင်းကို လူရိုင်းကြီး၊ မယဉ်ကျေးသူကြီး ဖြစ်စေ သတည်းပေါ့။

ဒင်းက ဖတ်ပြီးတော့ “အဲဒီတော့ ဘာဖြစ်လဲ။ ဘာထူးဆန်းသလဲ။ နင်လဲ သိတာဘဲ မိုးကျရွှေကိုယ်တွေလေ။ ကိုယ်သိ ကိုယ်တတ်ပတွေက လုပ်သက် အများကြီးနဲ့ ပညာရှင်တွေ ရှေ့က နေရာယူနေတာ အများကြီး ။ ဒါလဲ နင်ပြောတဲ့ တန်းမစီခြင်း ကိစ္စဘဲ။ ဟော အခု PR ဆိုတာလဲ တန်းမစီဘဲ မျက်နှာပြောင်တိုက် လုပ်ချင်တာဘဲ မဟုတ်ဘူးလား။ မိန်းမကြီးလို ငါ့ကို ဟိုဟာ လာတိုင်၊ ဒီဟာ လာတိုင် လုပ်မနေနဲ့။ ဒီလိုမျိုး ဘာမဟုတ်တဲ့ ကော်ဖီဝယ်တာလေးကို တန်းမစီလို့ဆိုပြီး ငိုကြီး ချက်မ လုပ်မနေနဲ့။ နင့်အဘတွေကိုယ်တိုင် ရှေ့ဆောင်လမ်းပြ လုပ်နေတဲ့ကိစ္စတွေကို နင်က ကိုယ်လို သူလို လူတွေကို လာပြီး စည်းကမ်းလဲ မရှိဘူး။ ကျင့်ဝတ်ကျတော့ အနှုတ်ပြ ဘာ ညာ လာမလုပ်နဲ့။ နောက်ပြီး ဟိုက တကယ့် စာရေး ဆရာကြီး ပညာတတ်ကြီးမို့လို့ အဲဒီလို ပေါ်တင် ရေး ၊ ပေါ်တင်တွယ် ရဲတာ။ နင့်လို အကောင်၊ နင့်လို အဆင့်နဲ့ ဟင်း…ဟင်း..မကျေနပ် လေဖြတ် ကိုယ့်လူ။ တော်ကွာ…တော်…တော်။ မုန့်စားချင်တယ်။ မင်း ကြိုက်ရာ သွားဝယ်ခဲ့” ဆိုပြီး ကျွန်တော့်ကို အုပ်လဲ အုပ်၊ ခိုင်းလဲခိုင်းပေါ့။

ဒီတစ်ခေါက်တော့ ဘာရလိမ့်မလဲ။ ချက်ဆို နားခွက်က မီးတောက်။ ကိုယ်ရဖို့ အတွက်ဆို ပါးရည် နပ်ရည်ရှိတာက မျိုးနဲ့ ရိုးနဲ့ တော်တဲ့ အကောင်ပေဘဲ။ ရှေ့ က ဖြတ်ဝင်။ ကိုယ်ဝယ်ချင်တာ ဇွတ်ဝယ်။ ဇွတ်ပြော။ ခုနကလို ခြေညောင်းအောင် စောင့်နေစရာ မလိုတော့။ ကောင်းလေစွ တကား။ နောက်က လူတွေကို မသိမသာ အကဲခတ်လိုက်ပြန်တော့ အားလုံးက အေးအေးဆေးဆေး။ ကျွန်တော့်လိုမျိုး မျက်နှာပုပ်ကြီးနဲ့ ဖြစ်နေသူ တစ်ယောက်မှ မရှိ။ ကောင်းလေစွ။ ကောင်းလေစွ။

မုန့်ဗန်းကို သူငယ်ချင်း ရှေ့ ချပေးရင်း “ကိုင်း မျို ဆို့တော်မူ” လို့ ကျွန်တော် ပြောတော့ “ဒီလောက်ဆို နင်ရပြီ။ အူရဒူး တိုးမလား။ တယ်လီနော တိုးမလား။ အမ်ပီတီ တိုးမလား။ မြန်မာနိုင်ငံမှာ ကြိုက်တဲ့ နေရာ ၀င်တိုးလို့ရပြီ။ အဲ တိုးလို့မရတဲ့ နေရာတွေတော့ ရှိသပေါ့ကွာ။ နင့်ထက် ဆရာကျတဲ့ လူတွေ ငါးဖယ်တိုးလေးနဲ့ ဘယ်လိုလုပ် ရှေ့ရောက် ရောက်နေမှန်း မသိတဲ့ လူတွေ အများကြီး” တဲ့။

ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ကောင် လေပန်းနေတုံးမှာ ဆရာကြီး သိပ္ပံမောင်ဝကတော့ စာအုပ်အိတ်ကြီးထဲမှာ တိတ်တိတ်ဆိတ်ဆိတ်။ လာမလုပ်နဲ့။ မယဉ်ကျေးဘူးတွေ။ ရိုင်းတယ်တွေ။ ဟေ…ဟေ…နေတတ်ရင် ပျော်စရာကြီးပါဘဲဆိုတာ ဆရာကြီး သိသွားဟန် မရှိ။ သနားစရာ ကောင်းလိုက်ပါဘိတော့ ဆရာကြီးရယ်။

ဖိုးထက်
ကာတွန်း သရုပ်ဖော် ဘီရုမာ