ခိုင်မာကျော်ဇော - အူးဒါးချောင်းကိုဖြတ်၍

ခိုင်မာကျော်ဇော - အူးဒါးချောင်းကိုဖြတ်၍
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၄


အူးဒါးချောင်းဆိုတာ သံလွင်မြစ်ကြီးထဲကိုစီးဝင်တဲ့ ချောင်းရိုးလေးတခုပါ၊ သံလွင်မြစ်နဲ့  အူးဒါးချောင်းဆုံရာနေရာမှာ ကရင်ပြည်နယ် ဖာပွန်ဒေသက စစ်ပြေး မိသားစု အစု(၂၀)ကျော် ပုန်းအောင်း နေထိုင်ကြပါတယ်။

တဲအိမ်လေးတွေ ၃-၄လုံး ဟိုတစု ဒီတစုရှိတဲ့ သူတို့ နေတဲ့ နေရာလေးကို ရွာပုန်းလေး တရွာလို ခေါ်ပြီး ဇာတိရပ်ရွာတွေကို စွန့် ခွာထွက်ပြေးလာကြ၊ တောတွေတောင်တွေထဲမှာ ပုန်းအောင်းနေထိုင်ကြတဲ့ သူတို့ ကိုတော့ ရွာပုန်းရွာရှောင်တွေလို့  ခေါ်ကြပါတယ်။

ရွာပုန်းရွာရှောင်တွေနေတဲ့ တဲအိမ်လေးတွေနဲ့  စာသင်ကျောင်းလေး တကျောင်းကိုတော့ အူးဒါးချောင်းက ပိုင်းခြားထားပါတယ်။ တဲအိမ်ငယ်လေးတွေက အူးဒါးချောင်းရဲ့ အနောက်ဘက်မှာ၊ စာသင်ကျောင်းလေးကတော့ အူးဒါးချောင်းအရှေ့ ဘက် တောနက်နက်တနေရာမှာ။ စာသင်ကျောင်းလေးကို အူးဒါးချောင်းရဲ့ တဖက်ကမ်းက တောနက်နက်တနေရာမှာ ပို့ ထားရတာ လုံခြုံရေးအတွက်လို့  သူတို့ က ပြောကြပါတယ်။

သူတို့ ပြောတဲ့ လုံခြုံရေးဆိုတာက ကျောင်းလေးရဲ့ လုံခြုံရေး။ ကျောင်းသားတွေရဲ့ လုံခြုံရေး။ ကျောင်းဆရာမလေးရဲ့  လုံခြုံရေးအတွက်သာမက သူတို့ အားလုံးရဲ့  လုံခြုံရေးနဲ့  ဒီနေရာလေးမှာ သူတို့ ကြာကြာနေနိုင်ရေးအတွက်ဆိုတာကိုတော့ သူတို့ ထဲက တဦးပြောပြပါတယ်။

‘ကလေးတွေရဲ့  စာအံသံဟာ အဝေးကြီးကနေ ကြားနိုင်တယ်’

‘အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်မှာစိုးလို့  စာသင်ကျောင်းလေးကို ချောင်းတဖက်ကမ်း တောနက်တဲ့နေရာမှာ ဆောက်ထားရတာ’

ဒါကြောင့်လည်း တဲအိမ်လေးတွေက ကျောင်းသား(၂၀)ကျော်နဲ့  ကျောင်းဆရာမလေးတဦးဟာ အူးဒါးချောင်း ကိုဖြတ်ပြီး ချောင်းတဖက်ကမ်း တောနက်နက်တနေရာမှာရှိတဲ့ ကျောင်းလေးရှိရာကို ကျောင်းတက်ကျောင်းဆင်း လုပ်ရပါတယ်။

တဲအိမ်လေးတွေရှိတဲ့ အူးဒါးချောင်းရဲ့ ကမ်းစပ်မှာ သက်ရင့်ပျဉ်းမပင်ကြီး တပင်ရှိပါတယ်၊ အဲဒီ ပျဉ်းမပင်ကြီးကတော့ သူတို့ ရဲ့  ကျောင်းသွားကျောင်းပြန် ဆုံရပ် ဆုံမှတ်ပါပဲ။ ဆရာမလေးနဲ့  ကျောင်းသူကျောင်းသားတွေဟာ မနက်(၇)နာရီလောက်မှာ ပျဉ်းမပင်ကြီးမှာ စုဝေးကြ၊ လူစုံရင်တော့ အူးဒါးချောင်းကိုဖြတ်ပြီး စာသင်ကျောင်းလေးရှိရာကို ချီတက်ကြပါတယ်။

ဆရာမလေးဦးဆောင်တဲ့ သူတို့ စစ်ကြောင်းမှာ ကျောင်းနေအရွယ်မဟုတ်တဲ့ ကလေးငယ်တွေနဲ့  ခွေး၃-၄ကောင်လည်း ပါပါတယ်။  ခွေးတွေကတော့ သူတို့ ရဲ့ သခင် ကျောင်းသားလေးတွေ ကျောင်းတက်ရာကို တကောက်ကောက်နဲ့  လိုက်ပါကြတာဖြစ်ပြီး ကလေးငယ်တွေကတော့ တောတဲ တောင်ထဲ ဖားရှာငါးရှာ ဟင်းရွာရှာ ထွက်ကြတဲ့ မိဘတွေက သူတို့ ရဲ့  ကလေးငယ်တွေကို ကျောင်းသွားကြမယ့် အကိုအမတွေနဲ့  ထည့်ပေးလိုက်ကြတာပါ၊

သူတို့ စစ်ကြောင်း အူးဒါးချောင်းကို ဖြတ်တဲ့အခါ ကလေးငယ်တွေကို ဆရာမလေးနဲ့  သက်ဆိုင်တဲ့ အကိုအမတွေက ချီပိုးဖြတ်ကျော်ကြရပါတယ်၊ ပျဉ်းမပင်ကြီးကနေ စပြီးတာထွက်လာတဲ့ သူတို့ စစ်ကြောင်းဟာ အူးဒါးချောင်းထဲကို ပြေပြေလေးဆင်း၊ ချောင်းကိုဖြတ်၊ ချောင်းစပ်ကနေ ချောင်းကမ်းနဖူးပေါ် ကွေ့ ကာဝိုက်ကာနဲ့ ပြန်တက်၊ အဲဒီနောက်မှာတော့ မနိမ့်လွန်းမမြင့်လွန်းတဲ့ တောင်(၂)လုံးကို တက်လိုက်ဆင်းလိုက်နဲ့  ခရီးရှည်ကြီး ချီတက်လာလိုက်တာ (၁)နာရီကျော်လောက်ကြာတဲ့အခါ မြွေလိမ်မြွေကောက်လမ်းလေးထဲ တိုးဝင်ပြီးတဲ့ နောက်မှာတော့ ၀ါးရုံပင်အုပ်အုပ်လေးတွေအောက်က အသံတိတ် အဖော်မဲ့နေတဲ့ စာသင်ကျောင်းလေးတကျောင်းကို ဆိုက်ရောက်ပါတော့တယ်၊

ဝါးရုံပင် အုပ်အုပ်လေးတွေကာဆီးထားတဲ့ သူတို့ ကျောင်းလေးဟာ ကျောင်းငယ်လေးတကျောင်းပါ၊

သို့ သော် သစ်လုံးတိုင်တွေနဲ့  ခိုင်ခိုင်ခန့် ခန့် ။ အမျိုးအမည်မသိတဲ့ ဖက်မျိုးစုံနဲ့  မိုးကာထားသော်လည်း ထူထူထဲထဲ လုံလုံခြုံခြုံ၊ သစ်မာသားတွေနဲ့ ပြုလုပ်ထားတဲ့ စာသင်ခုံလေးတွေကလည်း ညီညီညာညာ။

ကျောင်းခန်းထဲမှာတော့ ခရစ်ယာန်တရားဟော ဆရာတဦး ကောင်းမှုပြုထားတဲ့ သင်ပုန်းကြီး(၁)ချပ်၊ မြေဖြူဗူး (၃)ဗူးနဲ့  တိုင်ကပ်နာရီ(၁)လုံး၊

သူတို့ ကျောင်းလေးရဲ့  အခင်းအကျင်းကတော့ ဒီမျပါပဲ၊ အူးဒါးချောင်းကိုဖြတ်ပြီး  ချီတက်လာတဲ့ သူတို့ စစ်ကြောင်းဟာ ကျောင်းခန်းထဲရောက်တာနဲ့  သူငယ်တန်း တစု၊ ပထမတန်းက တစု၊ ဒုတိယတန်းက တစု၊ စာသင်ခန်းရဲ့  အနောက်ဘက် ထောင့်တထောင့်မှာတော့ ကလေးငယ်တွေနဲ့  ခွေး ၃-၄ကောင်ကတစု၊ အားလုံးအလိုက်တသိနဲ့  တပ်ဖြန့် ပြီး နေရာယူလိုက်ကြပါတယ်၊  ပြီးတာနဲ့  သူတို့ ရဲ့ စာသင်ချိန် စပါတော့တယ်၊

ဆရာမလေးက ကျမ်းစာအုပ်တအုပ်ထဲက ကျမ်းစာပိုဒ်(၂)ပိုဒ်ကို သင်ပုန်းကြီး တခြမ်းပေါ်ရေးချ၊ ဒုတိယတန်းအစုက ကလေးတွေက ကူးရေး၊ အပေါင်း၊ အနှုတ် သင်္ချာအက္ခရာကို ကျန်တဲ့ သင်ပုန်းကြီးတခြမ်းပေါ်မှာ ဆရာမလေးက ရေးချ၊ ပထမတန်း ကလေးတွေက လိုက်ကူး။ အင်္ဂလိပ်အက္ခရာ အေကနေ ဇက်အထိကို သင်ပုန်းကြီးရဲ့  အောက်ဆုံးနားမှာ ဆရာမလေး ရေးတဲ့အချိန်မှာတော့ သူငယ်တန်းကလေးတွေက လိုက်ရေးကြပါတယ်။

အတန်းခွဲအလိုက်။ အုပ်စုလိုက် အလှည့်ကျစနစ်နဲ့  ကူးရေး။ တွက်ချက်နေချိန်မှာ ကျောင်းသားတွေရဲ့  အရေးအတွက် မှန်မမှန်ကို ဆရာမလေးက ကျောင်းသားတဦးချင်းစီ အနားသွားပြီး အနီးကပ်စစ်ဆေး အမှတ်ပေးပါတယ်၊

ဝါးရုံပင်အုပ်အုပ်လေးတွေနားအောက်က ကျောင်းလေးက တိတ်တိတ်ဆိတ်ဆိတ်၊ ဆရာမလေး စာသင်တာကလည်း တိုးတိုးတိတ်တိတ်၊ ကျောင်းသူကျောင်းသားတွေကလည်း တိုးတိုးတိတ်တိတ်၊ အတူလိုက်ပါလာတဲ့ ကလေးငယ်တွေနဲ့  ခွေး ၃-၄ကောင်ကတော့ ငြိမ်သက်စွာနဲ့  အိပ်မောကျလို့ ။

စာသင်ခန်းအလယ်တိုင်မှာ ချိတ်ဆွဲထားတဲ့ တိုင်ကပ်နာရီလက်တံ (၁၂)ဂဏန်းကို ညွန်ပြတော့ ဆရာမလေးက သင်ပုန်းကြီးပေါ်က စာလုံးတွေကို ဖျက်၊ ကျောင်းသားတွေကလည်း တအုပ်တည်းသော စာအုပ်ကို လွယ်အိတ်ထဲထည့်၊ အိပ်မောကျနေတဲ့ ကလေးတွေနဲ့  ခွေးတွေကို နှိုး၊ နှိုးမရတဲ့ ကလေးတွေကို ချီပိုးပြီး ကျောင်းခန်းထဲကနေ စီတန်းပြီးထွက် ပြီးတော့ လာရာလမ်းကို မျက်နှာမူလိုက်ကြပါတယ်။

အဲဒီနောက်မှာတော့ ဆရာမလေးဦးဆောင်တဲ့ သူတို့ စစ်ကြောင်းဟာ အူးဒါးချောင်း ကမ်းစပ်က ပျဉ်းမပင်ကြီးရှိရာ ပြန်လည် ချီတက်ကြပါတော့တယ်၊ ပျဉ်းမပင်ကြီးဆီကို ရောက်တဲ့အခါမှာတော့ သူတို့ လူစုခွဲလိုက်ကြပြီး တဲအိမ်ငယ်လေးတွေရှိရာကို အလျိုအလျိုနဲ့  တိုးဝင်ပျောက်ကွယ်သွားကြပါတယ်၊

မွန်းလွဲ(၂)နာရီလောက်မှာ သူတို့  အူးဒါးချောင်းကမ်းစပ်က ပျဉ်းမပင်ကြီးမှာ ပြန်ဆုံကြဦးမှာပါ၊

ပြီးတော့ အူးဒါးချောင်းတဖက်ကမ်း ကျောင်းလေးရှိရာကို ချီတက်ကြဦးမှာပါ၊

ညနေ(၅)နာရီလောက်မှာတော့ အူးဒါးချောင်းကိုဖြတ်ပြီး ပျဉ်းပင်ကြီးရှိရာကို သူတို့  ပြန်လည်ရောက်ရှိလာကြမှာပါ၊

အူးဒါးချောင်းနေရာလေးမှာ သူတို့  ဘယ်လောက်ကြာကြာ နေရမယ်ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ အူးဒါးချောင်းကို သူတို့ ဘယ်လောက်ကြာကြာ ကျော်ဖြတ်ခွင့်ရနေမယ်ဆိုတာလည်း ဘယ်သူမှ အတိအကျ မသိကြပါဘူး၊

အူးဒါးချောင်းကို တနေ့ ကို(၄)ကြိမ် ကျော်ဖြတ်နေရတဲ့ အလွန်စကားနည်းတဲ့ ဆရာမလေးကတော့ သူ့ ရင်ထဲက ဆန္ဒကို ကျမကို တိုးတိုးလေး ဖွင့်အံခဲ့ပါတယ်၊

‘အူးဒါးချောင်းကို တနေ့ ဘယ်နှစ်ကြိမ်ပဲ ဖြတ်ရဖြတ်ရ ကျမတို့  ဖြတ်နိုင်ပါတယ်’

‘ ဒါပေမယ့် ဒီနေရာလေးကနေ ကျမတို့ ဘယ်ကိုမှ ထပ်ပြီး မပြေးချင်တော့ပါဘူး’တဲ့။

လမိုက်ည သန်းခေါင်ယံမှာ သံလွင်မြစ်ကြီးထဲကို ကွေ့ ကာဝိုက်ကာနဲ့  စီးဆင်းသွားတဲ့ အူးဒါးချောင်းရဲ့  ရေစီးသံဘေးကိုတော့ ပုန်းတဲလေးတလုံးပေါ်ကနေ ကျမ သဲ့သဲ့လေး ကြားခဲ့ရပါတယ်။


(Photo - Khaingmar Kyawzaw)