ထူးထူး (တောင်ငူ) – တော်တော်လေး လိုသေးတယ်
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၄
အခန်း (၁)
စာရေးသူတစ်ယောက် ကမ္ဘာ့တောင်ဘက်စွန်းပိုင်း၊ပစိဖိတ်သမုဒ္ဒရာနဲ့တတ်စမန်ပင်လယ်ကြားက အေးချမ်းသာယာလှပတဲ့ အော်တဲရိုအာ (သို့မဟုတ်) နယူးဇီလန်နိုင်ငံကိုရွှေ့ပြောင်းအခြေချနေထိုင်ခဲ့ တာ ယခုဆို (၃)နှစ်ကျော်ခဲ့ပါပြီ။ သူတို့နိုင်ငံကို သန့်ရှင်းပြီး၊ စိမ်းစိုလန်းဆန်းနေတဲ့နိုင်ငံ (Clean & Green) လို့အမြဲဂုဏ်ယူဝံ့ကြွားစွာ ကြွေးကြော် လေ့ရှိတဲ့ နယူးဇီလန်ပြည်ဘွားကီဝီလူမျိုးတွေ မသိသေးတဲ့အချက်တွေထဲက အချက်တချက်ကတော့ သူတို့နိုင်ငံမှာ၊အင်မတန်မှဂုဏ်ယူဝံ့ကြွား ထိုက်တဲ့ နယူးဇီလန်တပ်မတော်ရှိနေခြင်းပါပဲ။
စာရေးသူတစ်ယောက်၊ သုံးနှစ်တာကာလအတွင်းမှာ နယူးဇီလန်မှာ စစ်တပ်ရှိကောရှိရဲ့လားလို့ သံသယ၀င်ခဲ့မိပါတယ်။ အကြောင်းကတော့ ယူနီဖောင်းဝတ်တပ်မတော်သားတွေ၊စစ်ကားတွေကို မြင်ရခဲလို့ပါပဲ။ သုံးနှစ်တာကာလအတွင်းမှာ စစ်ကားဆိုလို့ တင့်ကားတစ်စီးကိုမြို့ထဲမှာ တစ်ခါပဲတွေ့ဖူးပါတယ်။ ဖြစ်ချင်တော့ မီးပွိုင့်မှာမီးနီနေလို့ ကားကိုအရှိန်လျှော့ပြီးရပ်လိုက်တဲ့အချိန်၊ စာရေးသူရဲ့ကားနဲ့ဘေးချင်းယှဉ်ပြီးလာရပ်တဲ့ကားကို ရုတ်တရက်ဖြတ်ခနဲလှည့်ကြည့်လိုက်တော့၊ နည်းနည်းနောနောအမြင့်ကြီးပါလား၊ သေသေချာချာကြည့်တော့မှရှေ့မှာအမြှောက်ကြီးနဲ့ စစ်တပ်ကတင့်ကားကြီးပါလား။
စာရေးသူတင် အံ့သြဘနန်းလည်ပြန်ကြည့်တာမဟုတ်ဘူး၊ မီးပွိုင့်မှာရပ်တဲ့ကားတိုင်း လက်ကိုင်ဖုန်းတွေနဲ့လှမ်းလှမ်းပြီး ဓာတ်ပုံတွေရိုက်ကြတာ။ သူတို့မျက်နှာတွေမှာ သူတို့နိုင်ငံကစစ်တပ် တင့်ကားကိုမမြင်ဘူးလို့အထူးအဆန်းဖြစ်ပြီး အံ့သြနေကြတာအသိသာကြီး။ ဘေးမှာထိုင်နေတဲ့ စာရေးသူရဲ့ အမျိုးသမီး ကတော့ ဒါများဘာထူးဆန်းလို့လဲ၊ ဆူးလေဘုရားအ၀ိုင်း- မြို့တော်ခန်းမရှေ့မှာဘယ်နှစ်စီးကြည့်ချင် သလဲ၊ သူတို့ကိုခေါ်ပြလိုက်ချင်တယ်တဲ့။
×××××
အခန်း (၂)
ကြားရက်တရက်မှာ စာရေးသူတို့မြို့က Pak n Save လို့ခေါ်တဲ့ စူပါမားကပ်မှာ တပတ်စာလိုအပ်တဲ့ အသား၊ ငါး၊ အခြောက်အခြမ်းလေးတွေဝယ်နေတုန်း၊ နယူးဇီလန်စစ်တပ်က ပျောက်ကျားဝတ်စုံ ၀တ်ထားတဲ့ ထောင်ထောင် မောင်းမောင်း၊ ခန့်ခန့်ငြားငြား စစ်သားကြီးတယောက်ကို စူပါမားကပ်ထဲမှာရုတ်တရက်တွေ့လိုက်ရပါတယ်။ သူ့ဘေးမှာ ကလေးတွေဝိုင်းဝိုင်းလည်နေပြီး၊ တယောက်ပြီးတယောက်ဓာတ်ပုံတွဲရိုက်နေကြတာ၊ ကလေးမိဘတွေကကျေနပ်၊ ပီတီဖြစ်တဲ့ မျက်နှာတွေနဲ့ ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်နေကြတာများ၊ စာရေးသူတောင်ကြည့်ပြီး သူတို့အပျော်တွေ၊ ပီတီတွေရင်ဘတ်ထဲရောက်လာတယ်- မြင်ကွင်းကကြည်နူးစရာအပြည့်ဗျာ။ ကလေးတွေအလှည့်ပြီးတော့၊ မိဘတွေအလှည့်ပေါ့- မိဘတွေကတော့စစ်သားကြီးဘေးမှာဝိုင်းပြီး စစ်သားကြီးနဲ့စကားတွေအပြန်အလှန်ပြောနေကြတာ။ စကားပြောနေကြတဲ့အထဲမှာ တွန်းလှည်းနဲ့ဈေးဝယ်လာတဲ့အဖိုးကြီးတွေလည်း ပါတယ်ဗျ၊ သူတို့ကြည့်ရတာ ကမ္ဘာစစ်က စစ်ပြန်ကြီးတွေ ဖြစ်ဟန်တူတယ်။ အားလုံးဟာ ပြုံးပျော်ပြီး၊ မြင်ရတဲ့မြင်ကွင်းက စာရေးသူတသက်မှာ မယုံနိုင်စရာမို့ ခပ်လှမ်းလှမ်းကနေ ဘယ်မှမသွားနိုင်တော့ပဲအတောင့်လိုက်ရပ်ကြည့်နေမိ ပါတော့ တယ်။
မြင်ကွင်းက မူလအစမှာ စာရေးသူအတွက်ကြည်နူးစရာဖြစ်ခဲ့ပေမယ့်၊ ရုတ်တရက် သတိပြန်လည်လာ သလို ဖြစ်တဲ့အချိန်မှာ- သြော် ကွာလိုက်တာလို့တွေးရင်း ရင်ထဲစို့နင့်စွာတယောက်တည်းကြေကွဲခဲ့ ရပါတယ်။ တလက်စတည်း ဆရာဦးအောင်သင်းစာပေဟောပြောပွဲတခုမှာ ပြောခဲ့တာကို ပြန်ပြောင်း အောက်မေ့သတိရမိပါတယ်…
ဆရာပြောခဲ့တာက- ဟိုတုန်းက၊ ပြည်သူ့ရဲဘော်တယောက် ကာကာဆိုင်ထိုင်ပြီး၊ ပိုက်ဆံရှင်းမယ်လုပ် တော့ ဆိုင်ရှင်က တလေးတစားနဲ့ ရှင်းပြီးသွားပါပြီခင်ဗျာ။ အဲ့တော့ပြည်သူ့ရဲဘော်က မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်စားသောက်တာ၊ ကျွန်တော်ရှင်းမှာပေါ့ဆိုတော့ …..
ဆိုင်ရှင်က - မဟုတ်ရပါဘူးဗျာ၊ ဟော့ဒီ့ကဆရာလေးအတွက် ပိုက်ဆံရှင်းပေးချင်တဲ့ သူတွေများလွန်းလို့ ဘယ်သူ့ပိုက်ဆံကို လက်ခံရမှန်းတောင်မသိဘူးဖြစ်ရပါတယ်တဲ့…..
ပြည်သူ့ရဲဘော်တွေ ရွာမှာစခန်းချတယ်ဆိုရင်၊ တအိမ်တခွက်လာပို့တဲ့ ထမင်းနဲ့ဟင်းဟာ ရဲဘော်တွေ အ၀စားပြီးတာတောင် ပိုလေ့ရှိတယ်။ ရွာသားတွေက ပြည်သူ့ရဲဘော်တွေကို ချစ်သလို၊ ပြည်သူ့ရဲဘော်တွေကလည်း ပြည်သူတွေကို အရမ်းရိုသေလေးစားတာတဲ့…..
ဆရာဦးအောင်သင်းပြောပြလို့သာကြားရတာ၊ အခုမြန်မာပြည်က စစ်တပ်အနေအထားနဲ့ဆို နည်းနည်းလေးမှယုံနိုင်စရာ မရှိဘူးဖြစ်နေတယ်။ စဉ်းစားလေ….. အသည်းနာလေ၊
တွေးကြည့်လေ ….. ကြေကွဲလေပါပဲ ဗျာ။
×××××
အခန်း (၃)
စာရေးသူတယောက်-သမိုင်းအလိမ် အညာတွေကို သင်ခဲ့ရမှန်းသိလာတဲ့အချိန်ကစပြီး လက်လှမ်းမီသလောက် ကြိုးစားပြီး သမိုင်းကိုပြန်လေ့လာကြည့်တော့၊ ဆရာဦးအောင်သင်းပြောပြခဲ့တဲ့ ပြည်သူ့ရဲဘော်ဆိုတာ တကယ်ရှိခဲ့ တာပဲ။ ဟုတ်ပါတယ် တကယ့်ကိုရှိခဲ့တာပါ။ ပြည်သူကလည်း တပ်မတော်ကိုချစ်သလို၊ တပ်မတော်ကလည်း ပြည်သူကိုမိဘသဖွယ်ရိုသေလေးစားခဲ့တာ တွေ့ရပါတယ်။
ဒါပေမယ့် ၁၉၆၂ ခုနှစ် အာဏာရူးနေ၀င်း လက်ထက်ကစပြီး၊ ယနေ့ချိန်အထိ မြန်မာ့တပ်မတော် ဟာ ပြည်သူ့ရဲဘော် (သို့) ပြည်သူ့စစ်တပ် မဟုတ်တော့ပါဘူး။ တနည်းအားဖြင့် လက်တဆုပ်စာ လူတစုရဲ့ လက်ကိုင်တုတ်-ကြေးစားစစ်တပ် ဖြစ်မှန်း မသိဖြစ်လာတဲ့အချိန်မှာ၊ ပြည်သူတွေ အော့နှလုံးနာပြီး၊ ရွံရှာတာလည်း မဆန်းပါဘူးလေ။
ဟုတ်တယ်လေ …. ၈၈၈၈ ပြည်သူ့အရေးတော်ပုံကြီးတုန်းကလည်း ရဟန်းရှင်လူပြည်သူ (၃၀၀၀) ကျော်ကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တာလေ…..
ရွှေဝါရောင်တော်လှန်ရေးမှာလည်း ထေရ၀ါဒဗုဒ္ဓဘာသာရဟန်းတော်များကို ရက်ရက်စက်စက်ဖြိုခွင်းခဲ့လို့၊ ဂျပန်သတင်းထောက်တောင်အဆစ်ပါလိုက်သေးတယ် …..
တိုင်းရင်းသားကျေးရွာတွေကိုမီးရှို့ဖျက်ဆီး၊ ရွာကအိမ်မွေးတိရစ္ဆာန်တွေကိုဖမ်းဆီး သတ်ဖြတ် စားသောက်၊တိုင်းရင်းသူလေးတွေကို အတင်းအဓ္ဓမမုဒိန်းကျင့်စော်ကား၊ စပါးခင်းတွေဖျက်ဆီး၊ နောက်ဆုံး ကောက်ရိုးပုံပါမကျန်၊ ရွာရှိသစ်ငုတ်တိုပါမရှောင် အကုန်မီးရှို့ဖျက်ဆီးပြီး၊ စော်ကားချင်တိုင်း စော်ကားနေတဲ့ ဖက်ဆစ် စစ်တပ်ဖြစ်နေမှတော့ ပြည်သူ ချဉ်တာလည်း မမှားပါဘူး …..
စစ်သားတွေသာလျှင်တိုင်းပြည်အတွက်အသက်ပေးထားတာ၊ ကျန်တဲ့သူတွေကအလကားလို့ ကိုယ့်ကိုကိုယ် သွေးနထင်ရောက်ချင်တိုင်းရောက်၊ ရမ်းချင်တိုင်းရမ်း ကြမ်းချင်တိုင်းကြမ်းနေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာရှိခဲ့ပြီ မဟုတ်ပါလား …..
ပြည်သူကမွေး၊ ပြည်သူကကျွေးပြီး ပြည်သူ့ကြားကပေါက်ဖွားလာတဲ့ စစ်သားတွေဟာ၊ စစ်တပ်ထဲရောက်မှ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဖြစ်ကုန်ပြီး၊ လက်ရဲ ဇက်ရဲ၊ သတ်ရဲ ဖြတ်ရဲ၊ ခိုးရဲ ၀ှက်ရဲနဲ့ ရိုင်းစိုင်းယုတ်မာကုန်ကြတာ ငြင်းမရတဲ့ အချက်တွေထဲက အချက်တချက်ပါ ….
လက်ပန်းတောင်းတောင်မှာ မီးသင်္ကန်းကပ်တာလည်းစစ်ဘောင်းဘီချွတ်လူတသိုက်ပါပဲ …..
တိုင်းပြည်ရဲ့သဘာဝသယံဇာတတွေကိုဝေသာလီပြည်ဘီလူးဝင်သလို ခုတ်ထစ်၊ ဖြတ်တောက်ပြီး ကိုယ်ကျိုးစီးပွားရှာနေကြတဲ့သူတွေဟာလည်း အစိမ်းရောင်ဝတ် သူခိုးများနဲ့ သူတို့၏အပေါင်းအပါ ခရိုနီ၊ ခရိုပြာ တသိုက်ပါပဲ …..
တချိန်ကအာရှတိုက်ရဲ့စပါးကျီဖြစ်ခဲ့တဲ့တိုင်းပြည်ဟာ စွမ်းရည်ပြည့်ဝတဲ့စစ်သားတွေကြောင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတတ်မှုအနည်းဆုံးနိုင်ငံတခုအဖြစ်စံချိန်တင်ရောက်ရှိခဲ့ရပြန်ပါတယ် …..
လက်နက်မပါတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေကိုတော့ မြို့လည်ခေါင်မှာ သေနတ်တွေ တကားကား၊ တုတ်တွေတ၀င့်ဝင့်နဲ့တော့ သတ္တိပြရဲကြတယ် …..
အပြစ်မရှိတဲ့ကိုယ့်နိုင်ငံသားကို တိုင်မှာသံကြိုးနဲ့ချည်၊ ဗုံးသီးငုံခိုင်းပြီး သေနတ်ဒင်နဲ့သေအောင်ထုရဲ၊ ရိုက်ရဲတဲ့ မဟာသတ္တိ တော့ရှိကြတယ် …..
တိုင်းရင်းသားတွေကိုသတ်ဖြတ်၊ အနိုင်ကျင့်လို့ရလာတဲ့ သူရ၊ သီဟ၊ သူရသီဟ စတဲ့ လူသတ်သမား ဆုတံဆိပ်တွေကို အရှက်မရှိတပ်ရဲကြပြန်တယ် …..
မြန်မာ့စစ်တပ်ကဒီလောက်စွမ်းရည်ပြည့်ဝနေပေမယ့်၊ ဒီလောက်စစ်ရေးအမြင်ရှိတဲ့ စစ်သား ကောင်းကြီးတွေနေတဲ့တိုင်းပြည်ဟာ တခြားထုတ်ကုန်တွေ၊ မထုတ်နိုင်ဘူး၊ နိုင်ငံတကာကို ထုတ်ကုန် တွေမပို့နိုင်သည့်တိုင်အောင် အနည်းဆုံး- မြန်မာ့စစ်ရေးစွမ်းရည်ကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ တခြားအိမ်နီးနားချင်းနိုင်ငံ တနိုင်ငံက သူနိုင်ငံသားတွေကိုစစ်ပညာသင်ပေးဖို့ ကမ်းလှမ်းလာတာ၊ ဒါမှမဟုတ် ပြင်ဦးလွင်က စစ်တက္ကသိုလ်ကို နိုင်ငံတကာကကျောင်းသားတွေ လေ့လာရေး လာတာ တွေလည်း တခါသားမှ မကြားမိပါဘူး …..
နယူးဇီလန်မှာတော့ ရှိတဲ့လူဦးရေ (၄)သန်းခွဲ ကျော်ထဲက၊ ထောင်ချီတဲ့နယူးဇီလန် ကြည်း၊ရေ၊လေ စစ်သားတွေဟာ အာဖကန်လိုနေရာမျိုးမှာ၊ ကမ္ဘာ့အရေးကြီးတဲ့နေရာတွေမှာ၊ နယူးဇီလန်နိုင်ငံ အတွက်သာမက ကမ္ဘာ့နိုင်ငံများအတွက် အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ စတဲ့နိုင်ငံကစစ်သားတွေနဲ့တန်းတူ ရင်ဘောင် တန်းပြီး တိုက်ပွဲဝင်နေကြတာ- တခါမှလည်း အမိမြေမှသားကောင်းများဆိုပြီး နိုင်ငံတော်ကား တီဗွီကနေ ပြရကောင်းမှန်းမသိကြဘူး …..
တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားချည့်မည်ဆိုတဲ့ ဆိုင်းပုဒ်တွေလည်းမတွေ့ရဘူး …..
နယူးဇီလန်နိုင်ငံသားတွေ တော်တော်လေးကို လေ့လာဖို့လိုသေးတယ်ဗျာ။