ငြိမ်းချမ်းအေး - သွေးစုပ်မြေ ဘဝ ကနေ လွတ်စေဖို့
(သည်လေဒီးစ် နယူးစ် ဂျာနယ်) အောက်တိုဘာ ၂၅၊ ၂၀၁၄
အောက်တိုဘာ (၂၄) ကုလသမဂ္ဂ မွေးနေ့၊ ဆရာကြီး ရွှေဥဒေါင်း (၁၈၈၉-၁၉၇၃) မွေးနေ့။ ကုလ သမဂ္ဂရဲ့ ရည်မှန်းချက်၊ ဆရာကြီး ရွှေဥဒေါင်း မျှော်တလင့်လင့် ဖြစ်ခဲ့တဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး နှစ်ပေါင်း ခြောက်ဆယ် သာ ကျော်ခဲ့တဲ့ ဖြစ်မလာသေးပါ။ ကုလ သမဂ္ဂ က စိုးရိမ်ကြောင်း မှာတမ်းတွေသာ လှိမ့်ထွက်လာခဲ့တယ်၊ ဗမာပြည် မှာ တိုင်းရင်းသား လူမျိုးစု အချင်းချင်း သတ်ဖြတ်နေတာ မရပ်သေးပါ၊ လူမျိုးစု ပဋိပက္ခ အမုန်းတွေ မကုန်သေးပါ။ ပြည်တွင်းစစ်မီး မငြိမ်း သေးပါ။
ပြည်သူတွေရဲ့ အသက် ဇီဝ အိုးအိမ် စည်းစိမ်တွေ သာ ငြိမ်းရ၊ မီးခိုးတိတ် ဖြစ်ရတယ်၊ မျှော်လင့်ချက်တွေသာ မီးကျိုးမောင်းပျက် ဖြစ်ရတယ်။ တိုင်းရင်းသား ပြည်သူလူထု အပေါင်း စစ်ဒဏ်၊ စစ်ဘေး သင့်ဆဲ။ စစ်ကျွန်၊ စစ်ဖိနပ် အောက် ရောက်ဆဲ။ စစ်ခွန်တော် ဒဏ်ထိ လူထု ခမျာ လူရုပ် မပေါ်နိုင် ဖြစ်နေဆဲ။ လူထု ဘဝ အဖတ်ဆယ် မရသေး၊ မုန့်မုန့်ညက်ညက် ကြေ ဖြစ်လျက်ပါပဲ။
စစ်ဝါဒ ကြီးစိုးမြဲ ဖြစ်တော့ စစ်တပ် ဟာ တိုင်းပြည်မှာ မင်းမူနိုင်လျက် လယ်သိမ်၊ ယာသိမ်း၊ မြေသိမ်း မပျက်ပါ။ ပြည်သူ့ ဒီမိုကရေစီ “ပန်းပန်လျက်ပါ မဗေဒါ” တော့ မဖြစ်နိုင်သေး။ တောင်ရှည် ပုဆိုး အောက်မှာ ဝှက်ထားတဲ့ ခါးက ခြောက်လုံးပြူး ကို လိုတဲ့ အချိန် ထုတ်သုံးနိုင်ပြီး “ဒီမှာ ရာမ ဗိုလ် လုပ်ချင်တဲ့ ကောင် ဆိုတာ…” လို့ အအော် မပျက် ဟစ်အော်နေနိုင်တဲ့ “ဗိုလ်အောင်ဒင်” သာ တိုင်းပြည်မှာ ပန်းဦးဆွတ်လျက်၊ တိုင်းပြည်ရဲ့ သယံဇာတ စည်းစိမ် ဥစ္စာ ဆီဦးထောပတ် ကို ပန်းကောင်း အညွန့်ခူး လုပ်နိုင်လျက်ပါပဲ။ ဒီကြားထဲ “နာလည်း နာသေး၊ နံလည်း နံသေး”၊ ဒီမိုကရေစီ စကား၊ တရားမျှတမှု အကြောင်းများ စစ်ဗိုလ်ကြီးများရဲ့ ပါးစပ်က ရွတ်ဖတ် သရဇ္ဈာယ် နေတာတွေကို ပြည်သူတွေ ခမျာ မကြားချင်အဆုံး နားကြားပြင်းကတ် နာခံနေရသေးတယ်။
စစ်အစိုးရ အဆက်ဆက် ဂန်ဖလား အပါအဝင် ကုလ ကိုယ်စားလှယ်တော်ကြီးများလည်း တယောက်ပြီး တယောက်သာ ပြောင်းသွားခဲ့တယ်၊ လာကြတယ်၊ တွေ့ကြတယ်၊ အကြိမ်ကြိမ် လက်ဆွဲ နှုတ်ဆက်ကြတယ်၊ အခါခါ လက်ကြီးတွေ မြှောက် ပြည်သူကို အယုံသွင်း မျှော်လင့်ချက် ပေးခဲ့ကြတယ်။ ကိုရီးယား မင်းသားလေး လို အပြောကောင်းတဲ့ ကိုကိုမွန်း ကလည်း “over the moon” လပေါ် ရောက်စေသည့် အလား စကားတွေနဲ့တော့ ဗမာပြည်သူပြည်သားများကို စိုးရိမ်ပြ၊ ချစ်ပြ၊ ကျောသပ် ပြ တတ်ပေမယ့် လက်တွေ့ အလုပ်မပါ သင်္ကြန် အမြောက်ကြီး ရယ် သက်သက် လူ “ဟား” ချင်စရာ ထက် မပိုပါ။
ဒါလည်း ပြည်တွင်း က ဒီမိုကရေစီ နိုင်ငံရေး သမား တက်ကြွလှုပ်ရှားဆိုသူများ က အစ အခု မတက်ကြွတော့ဘဲ ကြွတက် ကြွက်တက်လျက် သင်္ကြန် အမြောက် တောင် မလုပ်၊ နှာစေး၊ ချောင်းဆိုး အသံဝင်၊ ချွဲသလိပ်ကပ်၊ ဒူးချောင် (၉၆) ပါး နိုင်ငံရေး ရောဂါစုံ စွဲကပ်ပြီး လက်ညှိုးထောင် ခေါင်းညိတ် ရာဘာ တံဆိပ်ခေါင်း တေမိ စစ်လွှတ်တော် နိုင်ငံရေး လုပ်ကာ စစ်မြွေ အရေခွံ နှစ် နှစ်ဆယ်ကျော် တခါလဲ သမိုင်း အတိုင်း စစ်အုပ်စု စိတ်တိုင်းကျ စစ်မိုကရေစီ ပုံစံပြောင်းခဲ့တာကို အလိုတူ အလိုပါ လိုက်လုပ် ယိမ်း နေတော့ ကမ္ဘာ က ကုလ လှမ်း အပြစ်လုံးလုံး ပုံ တကယ်တော့ မဆိုသာပြန်ပါဘူး။
ဘာပဲဖြစ်ဖြစ် အဆုံးသတ် ရလဒ်ကတော့ ဗမာပြည်က မိုက်တိုက်ဆန် တယောက် ကြိုးဝိုင်းထဲမှာ ဗိုလ်ကျ လျက်ပါ။ ခါးအောက်ပိုင်း ထိုးကွက်တွေ သုံးလျက်ပါ။ နားရွက် တွေလည်း ကိုက်ဖြတ်ဆဲပါ။
ကမ္ဘာမှာလည်း ကုလ ဟာ အရင်းရှင် ကမ္ဘာ မျက်နှာ ကြည့်ရ၊ ကြိုးဆွဲရာ ကပြ အသုံးတော်ခံရ၊ ဗမာမှာလည်း အာဏာရှင် မျက်နှာ ငဲ့ရ၊ စိုးရိမ်မိကြောင်းကနေကို မတက်နိုင်။ အလုပ်ကောင်းတွေ ဟာ နိုင်ငံတကာ ဒီပလိုမေစီ သံခင်းတမန်ခင်း လှည့်ဖြားမှု၊ ပထဝီ နိုင်ငံရေး နဲ့ နိုင်ငံကြီးများ အားပြိုင်မှု အောက်မှာ စတေးခံရ၊ ကျဆုံးကြရတယ်။
ဟိုတလောကတင် စစ်ဗိုလ်ဟောင်း ဝန်ကြီး က လူ့အခွင့်အရေးတွေ အပြည့် ရနေပြီ မို့ ဗမာပြည် လူ့ အခွင့်အရေး အကြောင်း ကုလ မှာ ဆွေးနွေးစရာ မလိုတော့ကြောင်း ကုလ စင်မြင့်ထက် မျက်နှာပြောင်တိုက် မှာတမ်းခြွေသွားနိုင်ခဲ့သေးတယ် မဟုတ်လား။
တောထဲက စစ်ဘေး ဒုက္ခသည် ဆာလောင်နေတဲ့ ကလေးသူငယ်များ၊ ငိုကြွေးနေရတဲ့ မိခင်များ၊ ပူဆွေးသောက ရောက်နေရတဲ့ ဖခင်များ၊ ပဋာမြေလူး ဖြစ်နေရတဲ့ မြေသိမ်းခံ တောင်သူ များ၊ အခြေခံ အခွင့်အရေး မဲ့ ဖြစ်နေရတဲ့ လက်လုပ်လက်စားများ၊ အလျဉ်မမီနိုင်တဲ့ စားဝတ်နေရေး အတွက် တိုင်းတပါးမှာ မျက်နှာငယ်ငယ် နဲ့ ဝမ်းစာ ရှာဖွေ ကျွန်ခံနေရတဲ့ ရွှေ့ပြောင်း အလုပ်သမားများ အစရှိတဲ့ လူ့ မွေးရာပါ ရပိုင်ခွင့် အခွင့်အရေးစုံ ဆုံးပါး နေ့စဉ် စစ်အုပ်စု နဲ့ အပေါင်းအပါ ခရိုနီ တသိုက် မောက်မာ စော်ကား ရမ်းကားသမျှ လည်စင်းခံနေရတဲ့ ကျောမွဲ ကျောပြောင် နင်းပြား ဗမာပြည်သူပြည်သား အများစု မျက်နှာကို မထောက် ဗြောင်လိမ် ဗြောင်စား စစ်ဗိုလ်များ ပါးစပ် က ပြောထွက်ပါ့။ သူတို့ က အမြဲ ပြောထွက်ရုံ မက၊ လက်တွေ့လည်း တကယ် လက်ပါ ရက်စက် နိုင်စွမ်းသူတွေ ဆိုတော့ ဒီလို စကား တွေ က တကယ်တော့ အကင်း ရှိပါသေးတယ်။
ကိုကာကိုလာ၊ ကေအက်ဖ်စီ၊ ဟီလာရီ၊ အိုဘားမားကနေ ဘုန်းတော်ကြီး တူးတူး အလယ်၊ မိုက်ကယ်လန်း နဲ့ ကေပေါ့ပ် အဆုံး ဦးခိုက်ရတဲ့ “ဗမာ့နည်း၊ ဗမာ့နည်းဟန် စည်းကမ်းပြည့်ဝ မီးဗုံးပစ် လူသတ် ဒီမိုကရေစီ” ကလိမ်ချုံ ပြုပြင်ပြောင်းလဲမှုကြီး အထမြောက်နေတာ ဝမ်းနည်းဖွယ်ပေမယ့် ပကတိ အမှန်တရားပဲ ဖြစ်တယ်။
ကုလ မျက်နှာဖုံး ယူထားတဲ့ အနောက် အုပ်စု နဲ့ နိုင်ငံတကာ ကလည်း စီးပွား အကျိုး၊ ခေါင်းထောင်နေတဲ့ နဂါးကြီး တရုတ် ကို ပြိုင် အရှေ့တောင် အာရှ ဒေသတွင်း အာဏာ ချိန်ခွင်လျှာ ညှိရေး အလို အတွက် ဗမာ့ ဝတ်စုံလဲ ဒီမိုကရေစီ မျောက်ပွဲ ကို “ကြောင်တောင်ကန်း” လုပ်ပြ၊ “ကြောင်ခံတွင်းပျက် နဲ့ဆက်ရက် တောင်ပံကျိုး”၊ “ဖိနပ်ပြတ်နဲ့ ခွေးငတ်”ဇာတ်လမ်းခင်းပြ နေတာကြောင့်လည်း ပါတာပေါ့လေ။
ဒါတွေ အပြင် ကုလ ရဲ့ ပြည်တွင်း လုပ်ငန်း လုပ်ဆောင်မှု ပုံစံပိုင်းဆိုင်ရာ အပြစ် ပို ဖို့ချင်စရာ ဖြစ်ရတာ တခုက ဟိုတလောလေးကတင် ကုလ ရုံးများ အခန်းငှားခ ငွေကြေးတွေ ခေတ်တိုင်းမှာ ဘယ်သူသေသေ မာနေမြဲ ဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်းများ သက်ဆိုးရှည်ဖို့ အတွက်ဖြစ်နေတာ ဧရာဝတီ မီဒီယာ က ဖော်ထုတ်လိုက်လို့ မသတီဖွယ် ကြားလိုက်ရသေးပါ့။ ကုလား ခပ်တဲ့ ရေ၊ ကုလား ဖင်ဆေးလို့ ကုန်ရုံမက အဆိပ်ပင်ရေလောင်း ဖြစ်နေပုံများ ရင်နာဖွယ်။
အကျဉ်းချုံး ဆိုရရင်တော့ ကုလ သမဂ္ဂ ပြဋ္ဌာန်းချက် အခန်း (၁) ပါ ခွင့်တူ ညီမျှခြင်း၊ ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိခြင်း၊ လူ့ အခွင့်အရေး နဲ့ လူသား အခြေခံ လွတ်မြောက်မှု တရား ကိုယ် ကြီးများဟာ အရင်းရှင် တစု လိုတမျိုး မလိုတမျိုး ခြေတော်တင်ရာ၊ အာဏာရှင် အစိုးရ မိစ္ဆာ နိုင်ငံများ၊ အစွန်းရောက် နိုင်ငံများရဲ့ ကျီစယ် ကစား အလေး ဂရု မပြုရာ ဝမ်းနည်းဖွယ် ဖြစ်နေဆဲပါ။
ဘုရားသခင် ဟာ အမြဲ နောက်ကျတတ်သလို အမှန်တရား က လည်း ကြန့်ကြာ တတ်ပါတယ်။ “သစ္စာတရား က ဖိနပ် ကြိုးချည်နေစဉ် မုသားဝါဒ က ကမ္ဘာပတ်နေလေပြီ” ဆိုတာ လောက ဖြစ်စဉ် ဓမ္မတာ လို ဖြစ်နေပေမယ့် နောက်ဆုံးမှာ တရားမျှတမှု နဲ့ အမှန်တရား သာ အောင်နိုင်ရမှာ မုချဆတ်ဆတ် ပါ။
အနာဂတ် ဟာ ကမ္ဘာ့ နိုင်ငံတွေ စုစည်း ညီညွတ် ငြိမ်းချမ်း “United Nations” ဖြစ်ရမယ် ဆိုတာ အမှန်ပါ။ “ကုလ သမဂ္ဂ - လူမျိုး၊ နိုင်ငံပေါင်းစုံ စုစည်း ညီညွတ် သဟဇာတဖြစ်မှု” အနာဂတ် ကမ္ဘာဟာ မလွဲမသွေ ပါ။ ငို့ဘ သမား အရင်းရှင် ကမ္ဘာ လဲပြိုကာ နိုင်ငံစုံ ဖွံ့ဖြိုး တိုးတက် တပြေးညီ ချမ်းသာ ဝပြော ပိုမို ကောင်းမွန် ပြန့်ပြုး ညီမျှတဲ့ တကယ့် လက်တွေ့ “ကမ္ဘာပြားကြီး” အမှန်တကယ် ဖြစ်ရမယ် ဆိုတာလည်း မလွဲ ပါ။ စီးပွား ဘီလူး၊ အာဏာ ဘီလူး များ ပြိုလဲ ပျက်စီး ရမယ် ဆိုတာလည်း အဟုတ်ပါ။ အစွန်းရောက် သမား များ ရဲ့ အနာဂတ် က လည်း မှေးမှိန် ပျောက်ကွယ် ရမှာပါ။ အလားတူပဲ အာဏာရှင် တွေ ရဲ့ ကျဆုံးခန်း ဇာတ်သိမ်းဟာလည်း တနေ့တော့ ရောက်လာမှာ ဧကန် ပါ။
ဒါပေမဲ့ ကျနော်တို့ လက်ရှိ အနေအထား ပကတိ အခြေအနေမှန် ကို တော့ သိမြင် ဖို့ လိုပါတယ်။ အပေါ်ယံ အပြောင်းအလဲ၊ ဆေးသကြားအုပ် အကျင့် အကြံ တွေကို ရိပ်စားမိ ဖို့ လိုပါတယ်။ စစ်အာဏာရှင် စနစ် အသွင်ပြောင်း စစ်ခရိုနီအရင်းရှင်စနစ် အမြစ်တွယ်နေပြီ ဆိုတာကိုတော့ သိနားလည် လက်ခံဖို့ လိုပါတယ်။ ဒါမှသာ ပြည်သူ့ဒီမိုကရေစီ အောင်ပန်း ရန်မှန်းချက် အတိုင်း ချီတက်နိုင် အဆုံးမှာ အရယူ ဆွတ်ခူးနိုင်ကာ လူမှု တရားမျှတမှု တိုင်းပြည်မှာ ရှင်သန် လာနိုင်မှာပါ။ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ ခွင့်တူညီမျှ ဝါဒဖြူစင်ခြင်း လောကပါလ တရားတွေ ထွန်းကားလာမှာပါ။ စစ်ပွဲတွေလည်းရပ်၊ ပဋိပက္ခ တွေ ပျောက်၊ အမုန်းတွေလည်း ကုန် သွားမှာပါ။ လူထု ခံစားရတဲ့ စီးပွား လူမှု ဒုက္ခတွေလည်း ကင်းငြိမ်းသွားမှာပါ။
ဒီ ဖြစ်စဉ် အတွက် သမိုင်းတလျှောက် မျှော်လင့်သလောက် အားမကိုးခဲ့ရတဲ့ ကုလကို လည်း မမျှော်လေနဲ့၊ နိုင်ငံတကာ လည်း အားမကိုးချင်ပါနဲ့။ “လူထုအင်အား” သည်သာ အကြီးကျယ်ဆုံး “အား” ပါ၊ အာဏာရှင်များ၊ လူတစု ကောင်းစားရေး သမားများကို အောင်နိုင်ရာပါ။ အရင်းရှင်၊ ခရိုနီ နဲ့ စစ်အုပ်စု ရဲ့ စိတ်တိုင်းကျ ခြယ်လှယ်ခံ “သွေးစုပ်မြေ ဘဝ ကနေ လွတ်စေဖို့”၊ ပြည်သူ့ဘဝ “မျှော်တလင့်လင့် မဖြစ်စေဖို့” လူထုအား ကို သာ ယုံကြည်ပါ၊ ကိုးစားပါ၊ အသုံးချပါ။ နောက်ဆုံးမှာ အဆုံးသတ်တိုက်ပွဲ အောင်နိုင်၊ လူထုဒီမိုကရေစီ တရား တည်ဆောက်နိုင်မှာပါ။
စပါးနှံချီသော ဂျိုးဖြူငှက်ငယ်တွေ ဗမာပြည် တခွင် မှာ ဝဲလို့ မြူးပျော်စေ။ ကုလသမဂ္ဂ ရဲ့ သံလွင်ခက်ချီ ဂျိုးဖြူငှက်ငယ်တွေ ကမ္ဘာ တခွင် မှာ အမှန်တကယ် ဝဲလို့ မြူးပျော်နိုင်စေ။ သာယာ နားဝင် ချိုအေးတဲ့ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်း တေးသံတွေ ဝေနိုင်စေ။ ကြတ်ပြေး နေပြည်တော် က အတုအယောင် ဒီမိုကရေစီ ကို စွန့်ခွာ တကယ့် ရွှေပြည်တော်သစ် ဆီသို့ ဗမာပြည်သူ ပြည်သား အပေါင်း ညီညီ ညာညာ ချီတက်ကြပါစို့။
လူကြီးလူကောင်း ပီသ စွာ နေထိုင် ပြုမူ ကျင့်ကြံလိုစိတ်၊ တရားမျှတမှု ကို ချစ်မြတ်နိုးစိတ်၊ မတရားမှု ကို မဟုတ်မခံ ဆန့်ကျင် လိုစိတ် နဲ့ ကျိုးကြောင်း ဆက်စပ် တွေးခေါ် မြော်မြင် လိုစိတ် တွေကို ရသ စာပေ က တဆင့် သွတ်သွင်း ပေးခဲ့တဲ့ ဆရာကြီး ရွှေဥဒေါင်း ရဲ့ စာပေ ဂုဏ် ကျေးဇူးကို ဦးညွတ် ဂါရဝပြု ကန်တော့ လျက်။
ငြိမ်းချမ်းအေး
၂၃ အောက်တိုဘာ၊ ၂၀၁၄
Follow @ Facebook: https://www.facebook.com/nyeinchanaye81
(အောက်တိုဘာ ၂၄ ရက် သောကြာနေ့ ထုတ် သည်လေဒီးစ် နယူးစ် ဂျာနယ်၊ အတွဲ (၂) အမှတ်စဉ် (၃၆) တွင် မူလ ပုံနှိပ်ခဲ့သည်။ မိုးမခ တွင် ထပ်မံ ဖော်ပြသည်။ ဆောင်းပါး ပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)