တူမောင်ညို - ၁၀ မိနစ် စကားပြောပွဲ
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၄
“ကြီး ၄ကြီး”၊ “ကြီး ၉ ကြီး”၊ “ထိပ်သီး ၁၄ ဦး” လို့ ဆိုပြီး ကိုယ်ထင်ရင်ကုတင်ရွှေနန်း ဘယ်လိုပဲ စိတ်ကူးယဉ် သတ်မှတ်ပြော ဆိုနေပါစေ၊ တကယ်တန်းမှာတော့ အာဏာရှိသူ/အုပ်စိုးသူတွေက အာဏာမဲ့အတိုက်အခံကို အာဏာကပ်မြှောင်တွေခြံရံပြီးခေါ်တွေ့ တာပါ။ ၁၀ မိနစ်စီ စကားပြောခွင့်ပေးတဲ့၊ “၁၀ မိနစ်စကားပြောပွဲ”မျှသာ ဖြစ်ပါတယ်။
“အစိုးရ၊ လွှတ်တော်၊ ကော်မရှင်၊ တပ်မတော်၊ ကြံ့ဖွံ့ပါတီ” တို့ကနေ သူတို့ရဲ့အဆွယ်အပွားအချို့နဲ့အတူ အတိုက်အခံပါတီ ၂ ခုက ခေါင်းဆောင် ၂ ယောက်ကို ခေါ်တွေ့တာပါပဲ။ သူတို့ကိုယ်သူတို့ “ကြီး” တယ်လို့ ထင်နေသူတွေကလည်း “နိုင်ငံတော်” က ဒီ “၁၀မိနစ်စကားပြောပွဲ” မှာ သူတို့ကို မခေါ်/ စိမ်းကားလို့ ကြိတ်မနိုင် ခဲမရဖြစ်နေကြတယ်လို့ ပြောသံလည်းကြားရပါတယ်။
“၁၀ မိနစ်စကားပြောပွဲ” ဟာ ရုတ်တရက်ထီးအနက်ဖွင့်လိုက်တာကို မြင်လို့ ဝိုင်းပြီးအာကြတဲ့ ကျီးတွေလို ခဏတဖြုတ်တော့ အုတ်အော်သောင်းသဲဖြစ်သွားပေမယ့်၊ ပြီးတော့လည်း နဂိုနေမြဲအတိုင်းပြန်ဖြစ်သွားတာပါပဲ။
ခေါ်တွေ့ တဲ့ ပုံစံကိုပဲကြည့်ပါ၊ “အစိုးရ” (ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်း)၊ “လွှတ်တော်” (ဦးရွှေမန်း၊ ဦးခင်အောင်မြင့်)၊ ရွေးကောက်ပွဲကော်မရှင် ( ဦးတင်အေး)၊ တပ်မတော် (ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်စိုးဝင်း)၊ ကြံ့ဖွံ့ပါတီ ( ဦးဌေး) တို့က သူတို့ အဆွယ်အပွားတွေထဲက အချို့ဖြစ်တဲ့ ဦးသိန်းထွန်း(တစည)၊ စိုင်းအိုက်ပေါင်း(SNDP)၊ ဦးခင်မောင်ဆွေ(NDF) တို့ ခြံရံပြီး ဒေါ်အောင်ဆန်းစုကြည် (NLD) နဲ့ ခွန်ထွန်းဦး (SNLD) တို့ကို ခေါ်တွေ့တာပါ။
“၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး “ပုဒ်မ ၄၃၆ မပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး၊ PR စနစ် ကျင့် သုံးရေး”စတဲ့ ဘက်ကနေ ကြည့်ရင်“အစိုးရ၊ လွှတ်တော်၊ ကော်မရှင်၊ တပ်မတော်၊ ကြံ့ဖွံ့ပါတီ” တို့နဲ့ သူ့အဆွယ်အပွားတွေဟာ တစ်ကျိတ် ထဲတစ်ဉာဏ်ထဲတွေပဲဖြစ်ပါတယ်။ (NLD) နဲ့ (SNLD) တို့က အခြေခံဥပဒေပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေးဘက်က မဟုတ်ပါလား။ အခြေခံဥပဒေကို (NLD) ပါတီက လွှတ်တော်တွင်းကနေပြင်ဆင်ရေးပဲကွက်ပြီးပြောနေလို့ (SNLD) က အတွင်းရေးမှူးက ဝေဖန်ပြော ဆိုချက်ဟာ အမြော်အမြင်ရှိတဲ့ပြောဆိုချက်၊ သတ္တိရှိတဲ့ပြောဆိုချက်ဖြစ်ပါတယ်။
ဒီလို “ခေါ်တွေ့” တာကို ပင့်တင်တွန်းပို့မီဒီယာတွေက “သမိုင်းဝင်တွေ့ဆုံမှု” လို့ ပြူးတူးပြဲတဲရေးသားကြတယ်။ လက်တွေ့ မှာ တော့ တွေ့ဖူးပြီးသားလူတွေ အချင်းချင်းလက်ဆွဲနှုတ်ဆက်ကြ၊ ဓါတ်ပုံအတူတွဲရိုက်ကြ၊ ပြီးတော့ ၁၀မိနစ်စီ စကားပြောကြရတာပါ။ (KNU)၊ (RCSS)၊ (UWSP)“ဝ”နဲ့မိုင်းလားတို့ ပြီးရင် ကာချုပ်ကို ပထမဆုံး ဖူးတွေ့ရတယ် ဆိုတဲ့ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေး မှူး အဖို့တော့ မာန်တက်ပြီးလက်မထောင်ချင်စရာပဲ။ သူက ကာချုပ်နဲ့ “ ၃နာရီနဲ့မိနစ် ၂၀ ” ကြီးများတောင်တွေ့ပြီး စကားပြောခဲ့ရတာ မဟုတ်လား။ ကာချုပ်က ခဏခဏခေါ်တွေ့နေတဲ့(KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုးနဲ့ ပဒိုမန်းငြိမ်းမောင်တို့ကတော့ “ဒါလေးများကွာ” ဆို ပြီး ပြုံးနေကြလိမ့်မယ်ထင်တယ်။
“သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ်” တို့ နဲ့ တွေ့ကြရသူတွေအားလုံးမှာ တူညီချက်တစ်ခုတော့ရှိတယ်။ အဲဒါကတော့ အဲဒီလို “ခေါ်တွေ့မှု” ဆိုတာတွေကနေ ဘာရလဒ်မှ မယ်မယ်ရရ ဆုပ်ဆုပ်ကိုင်ကိုင်ရရှိခြင်း မရှိဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ “ ဗြိစုံ- ဗြုံစိ၊ ဗြုံစိ- ဗြိစုံ” ပါပဲ။
အတိုက်အခံလို့ခေါ်တာကိုမကြိုက်တဲ့ အတိုက်အခံပါတီခေါင်းဆောင်ကတော့ ရတဲ့အချိန် ပိစိညှောင့်လေးအတွင်းမှာ ဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်အပေါ်ထားရှိတဲ့ သူမရဲ့“ပလေတိုးနစ်အချစ်” ကို ပြောဖြစ်အောင် ပြောလိုက်တာကဖြင့် ဒီတွေ့ဆုံမှု ရဲ့ အဓိက ဇာတ်ထွဋ်များဖြစ်နေမလားမသိပါ။ ကိုပါကြီးရဲ့ကျန်ရစ်သူမုဆိုးမနဲ့ ဆွမ်လွတ်ရွယ်ဂျာရဲ့မိဘများနဲ့အတူ စစ်တပ်ရဲ့မီးရှို့မှု၊ မုဒိန်းကျင့်မှု၊ သတ်ဖြတ်မှုမျိုးစုံကို တွေ့ကြုံခံစားခဲ့ကြရတဲ့ အခြားအခြားသော တိုင်းရင်းသားပြည်သူတွေက ဘယ်လိုများပြောကြမှာပါလိမ့်။ ဒီစကားကို မြင့်မြတ်ရာဘုံက ဆရာ ဦးဝင်းတင်ကြားရင် ဘယ်လိုများပြောမှာပါလိမ့်မယ်။
မြန်မာ့နိုင်ငံရေးမှာ (ဖဆပလ) အစိုးရမှသည် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအထိ အဆက်ဆက်သော အုပ်စိုးသူတွေဟာ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲက ယာယီထွက်ပေါက်ရှာ လိုတဲ့အခါမှာပဲဖြစ်ဖြစ်၊ ထုနဲ့ထည်နဲ့ဖြစ်တည်လာတဲ့ (ပြည်တွင်း စစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး စတဲ့) ပြည်သူလူထုဆန္ဒကို လမ်းကြောင်းပြောင်းဖြိုခွဲ လိုတဲ့အခါမှာ ပဲဖြစ်ဖြစ် “ဟန်ပြတွေ့ဆုံဆွေးနွေးပွဲ” တွေဖော် ထုတ်လေ့၊ ပြုလုပ်လေ့ရှိပါ တယ်။ “၁၀ မိနစ်စကားပြောပွဲ” ဟာလည်း အဲဒီလို “ဟန်ပြတွေ” ထဲမှ ခပ်ညံ့ညံ့အမျိုးအစားတစ်ခုမျှသာဖြစ်ပါကြောင်း။