ဇွန်မိုး - မြန်မာပြည်သို့ပေးစာ (အနာဂတ်မဲ့ ပစ္စုပ္ပန်)


ဇွန်မိုး - မြန်မာပြည်သို့ပေးစာ (အနာဂတ်မဲ့ ပစ္စုပ္ပန်)
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၄
 
 

မင်းတို့ဆီစာပြန်မလို့ စဉ်းစားနေပြီး မရေးနိုင်ဘူးဖြစ်နေတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ ရေးဖို့ တွေးထားတာ၊ ဒီလို အလုပ် ပိတ်ရက်ကိုရွေးပြီးလုပ်ကြတဲ့ ရပ်ရေး ရွာရေး (သာရေး နာရေး၊ လူမှုရေး) ပွဲတွေနဲ့ ရှုပ်နေခဲ့တယ်။ အများစု အလုပ်နားကြတဲ့ စနေ၊ တနင်္ဂ နွေဆိုရင် ဟိုအိမ် ဒီအိမ်၊ ဘုန်းကြီးကျောင်းတွေမှာ တခုခုအကြောင်းရှာပြီး စုကြတွေ့ကြတယ်။ တခါတလေ တနေကုန် တနေခမ်း တအိမ် တက်၊ တအိမ်ဆင်း၊ တောင်ဘက်အိမ်သွားရ၊ မြောက်ဘက်ဘုန်းကြီးကျောင်းသွားရနဲ့ ရုံးပိတ်ရက် နှစ်ရက်မှာ ဘာဆိုဘာမှ မလုပ်ဖြစ်ဘူး။ အလုပ်လုပ်ရတဲ့ တနင်္လာ-သောကြာနေ့တွေမှာလည်း မိနစ် (၄၀) လောက်စီးရတဲ့ မီးရထားပေါ်မှာ ဟိုခြစ် ဒီခြစ် တွေးရေးကြံခဲ့ပေမဲ့ အလုပ်မဖြစ်။ ပုံမှန်အားဖြင့်တော့ အသွားခရီး (မနက်ပိုင်း) မှာ သတင်းစာဖတ်ပြီး အချိန်ကုန်သွားတာများတယ် (ဒီမှာက လူတွေက ဘတ်စ် ကား၊ ရထားတွေထဲမှာ သတင်းစာဖတ်၊ စာအုပ်ဖတ်ကြတာများတယ်)။ အပြန်ခရီးမှာ တခါတလေ ထိုင်ခုံမရ၊ ရတော့လည်း တနေ့ကုန် လုပ်ရတဲ့အလုပ်ကြောင့် ပင်ပန်းပြီး (အသက်နဲ့လည်းဆိုင်မှာပေါ့) ခေါင်းမူး၊ အိပ်ငိုက်နေတာနဲ့ ဘာမှမတွေး မရေးနိုင်ဘူး။ အိမ်ရောက်တော့ ထမင်းစား၊ ဟိုနားဒီနား လမ်းလျှောက်၊ ရေမိုးချိုးပြီးတာနဲ့ အတော်မိုးချုပ်နေပြီ။ ဒါနဲ့ နောက်တနေ့ အလုပ်သွားဖို့ စောစောထရမှာမို့ အိပ်ရ တော့ ဘယ်အချိန် စာရေးနိုင်မလဲ။ ဒီလို ဟိုပြောဒီပြော ဆင်ခြေပေးပြီး စာမပြန်၊ မင်းတို့ကလည်း ဒီကောင်ပြောချင်တာတွေများပြီး ဘာရေး ရမှန်းမသိ ဖြစ်နေတာဖြစ်မယ်ဆိုပြီး ငါ့စာကို မျှော်နေမယ် မထင်ဘူး။ မင်းတို့ မျှော်မျှော် မမျှော်မျှော် ဒီနေ့တော့ နေသိပ်မကောင်းတာနဲ့ ရုံးမ သွား၊ အိမ်မှာနေပြီး နားနားနေနေနဲ့  ဒီစာကို ကြိုးစားရေးလိုက်တယ်။

တနေ့က စင်္ကာပူကနေ ချစ်သူရှိရာ မြန်မာပြည်ပြန်ကို အပြေးပြန်ဖို့ ဖင်တကြွကြွဖြစ်နေတဲ့ ကျော်ဒင်နဲ့ ဖုန်းစကားပြောဖြစ်တဲ့အကြောင်း အရာကို ပြန်ဖောက်သည်ချချင်တယ်။ မင်းတို့က ပြောမှာပေါ့ ထောင်ထွက် (10D) နဲ့ ပြည်ပြေး ပြောတဲ့စကား ဘယ်မှာဂိတ်ဆုံးမယ်ဆိုတာ သိနေတယ်လို့။ ဟုတ်တယ် မင်းတို့ထင်သလို၊ ပြောသလိုပါပဲ တို့တတွေ ဘာပြောပြော နောက်ဆုံးဂိတ်ဆုံးက ကွက်ကျော်အစိုးရရဲ့  နိုင်ငံ ရေး ကစားကွက်တွေပေါ့။

သူတို့အကြောင်း နည်းနည်းပြောရရင် … တလောက ကုလား ကုလားအော်ပြီး လူတွေကို ခြောက်လန့်၊ ပြီးတော့ နဂါး နဂါးဆိုပြီး ရေကြီးခွင် ကျယ် မရောင်ရာဆီလူး ခေါင်းလောင်းဇာတ်လမ်း လုပ်ပြန်တယ်။ ဒီလို ဘုရား၊ ဘုန်းကြီး၊ နတ်နဲ့ ဇာတ်လမ်းလုပ်၊ ခြောက်လန့်ရင် အကြောက် ကြီး၊ အယုံလွယ်တဲ့ တို့ရွှေဗမာတွေကလည်း ဒါမျိုးဆိုရင် တကောက်ကောက်။ အဲဒီလို ဟိုလှည့်ဒီလှည့် လုပ်လိုက်တာနဲ့ အန်အယ်လ်ဒီ၊ ရှစ်ပူးတွေ မိုးထဲလေထဲ ရက်ပေါင်းများစွာ နှိုးဆော်ခဲ့ကြတဲ့ (၄၃၆) လည်း နဂါးမျက်စောင်းကြောင့်လား မသိ၊ ကောက်ရိုးမီးလို ထတောက်ပြီး ဖွတ်ကနဲ့ ပျောက်သွားတော့တယ်။ ကြုံလို့ပြောရရင် တို့ဆရာသမား ရှစ်ပူးတွေရဲ့  လုပ်ပုံကိုင်ပုံတွေကလည်း ဘာဆိုဘာမှ တိုးတက်ပြောင်း လဲရေးတွေ မလုပ်တဲ့ ဗိုလ်သိန်းစိန်အစိုးရရဲ့  အရှုပ်တွေကို ကွန်ထရက် (Contract) ယူပြီး လိုက်လုပ်နေသလို ဖြစ်နေတယ်။ ရေပွက်ရာ ငါး စားချ … ဟိုဟာထလုပ်လိုက်၊ ဒီဟာလိုက်လုပ်လိုက်နဲ့ ဘာလုပ်လို့ ဘာလုပ်နေမှန်းတောင် မသိတော့ဘူး။ ပြောမယ်ဆိုရင် သူတို့မပါ တဲ့ပွဲ ဘာမှမရှိတော့သလို ဖြစ်နေတယ်။ တခုခုကို တိတိကျကျ အောင်အောင်မြင်မြင် အဆုံးသတ်လုပ်နိုင်ရင် အကျိုးရလဒ် ပိုကောင်းမယ်လို့ မြင်မိတယ်။

အခုတော့ တောင်ပြေးမြောက်ပြေးနဲ့ ဖုန်ထနေတာပဲ တွေ့ရတယ်။ နောက်ကလိုက်ရမယ်လူတွေ၊ ပွဲကြည့်ပရိသတ်တွေလည်း ခေါင်းမူးတာ ပေါ့။ ကဲ ထားလိုက်တော့ အခုလောလောဆယ် ကိုယ့်ပေါင်ကိုယ်လှန်ထောင်ပြီး တို့ဆရာသမား ရှစ်ပူးတွေအကြောင်းတော့ မဆက်တော့ ပါဘူး။ မင်း (နင်) တို့ပဲ ဒီဆရာသမားတွေနဲ့ကြုံရင် တိုးတိုးတိတ်တိတ် သတိပေးလိုက်ပေါ့။ ပြောချင်တာက ပြေးကြည့်ကြည့် တွေးကြည့်ကြည့် တို့နိုင်ငံရဲ့  အခြေအနေက ရှာမတွေ့တဲ့ ခေါင်းလောင်းကြီးလို တကယ်ကို ဟောင်းလောင်းကြီး ဘာမှမရေမရာ။ ရေရာသေချာတာဆိုလို့ နှစ်ပေါင်းများစွာ အကွက်ချပြီး တည်ဆောက်ခဲ့တဲ့ တပ်မတော် အာဏာတည်မြဲရေး၊ “မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်လို့ တပြုံးပြုံး” နိုင်ငံ့စည်စိမ်ကို အကျိုးအမြတ်ထုတ်နေတဲ့ အခွင့်ထူးခံ သူတို့မိသားစုတွေ၊ ခရိုနီတွေ လက်ရှိပစ္စုပ္ပန်ကာလမှာ ချမ်းသာကြွယ်ဝရေး၊ သူတို့အနာဂတ် ပိုမိုတည်တန့်ခိုင်မြဲရေးပဲရှိတယ် မဟုတ်လား။

ဒီလို မရေမရာ မသေမချာများစွာနဲ့ တို့နိုင်ငံမှာ အဆိုးဆုံးလူတန်းစားက ပစ္စုပ္ပန်ဘဝပျောက်၊ အနာဂတ်မရှိတဲ့ လူငယ်လူရွယ်တွေ။ သူတို့ တွေရဲ့ဘဝကို ပြုစုပျိုးထောင် မတည်ဆောက်နိုင်သရွေ့  တိုင်းပြည်အနာဂတ်လည်း ဘာမှတိုးတက်ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ သုံးသပ် ပြောဆိုတဲ့ သူငယ်ချင်း ကျော်ဒင်ရဲ့မှတ်ချက်ကို ရာခိုင်နှုန်းပြည့် ထောက်ခံတယ်။ ပြီးတော့ သူပြောပြလို့ ပိုသိရတာက ငယ်ငယ်ရွယ်ရွယ်နဲ့ အကြွေစောသွားကြတဲ့ တို့ရပ်ကွက်ထဲက လူငယ်လေးတွေ၊ တို့ငယ်သူငယ်ချင်းတချို့အကြောင်း ကြားသိရလို့ အတော်လေး စိတ်မကောင်း ဖြစ်မိတယ်။

သူပြောသလို ငါကိုယ်တိုင် မြန်မာနိုင်ငံကို ပြန်ရောက်ချိန် (၃) ပတ်အတွင်းမှာ တို့အမေအိမ် နောက်ဘက်လမ်းက အသိတစ်ယောက်ရဲ့  အ သက် (၂၄) နှစ်အရွယ် သားလေးဆုံးတယ်။ နောက် တို့မိသားစုနဲ့ အတော်လေးရင်းနှီးတဲ့ အကိုကြီးတယောက်ရဲ့  အသက် (၂၀) ကျော် သားငယ်တစ်ယောက်ဆုံးလို့ အဲဒီ ဈာပနာတွေကို သွားခဲ့တယ်။ တကယ်တော့ ဒီကောင်လေးတွေ ဘဝလောကကြီးကို စိတ်ပျက်စိတ်ညစ်ပြီး ပေါချောင်ကောင်း အရက်အညံ့စား ချက်အရက်တွေသောက်။ အရက်အဆိပ်တောက်ပြီး ကြွေလွှင့်သွားကြတယ်။ ဘဝပျောက်နေတဲ့ လူရွယ် တွေရဲ့  မိသားစုတွေ၊ မရေရာမသေချာ ပစ္စုပ္ပန်ကာလမှာ မှုန်ရီဝိုးတဝါး အနာဂတ်ကို မျှော်ငေးနေတဲ့ လူငယ်တွေနဲ့ တွေ့ဆုံပြီး သူတို့ဘဝ ခံစားချက်တွေကို နားထောင်ခဲ့တယ်။

နောက်တခုက အဲဒီမှာရှိနေချိန် အချိန်ပေးပြီးလုပ်ဖြစ်တဲ့ အလုပ်တစ်ခုက မနက်စောစော လမ်းလျှောက်ပြီး ရပ်ကွက်ထဲ လည်ပတ်ကြည့်တော့ သတိထားမိတာက လူငယ်လူရွယ်တွေ တော်တော်များများကို လမ်းပေါ်မှာ စောစောစီးစီး မတွေ့ရဘူး။ တို့ငယ်ငယ်တုန်းကလို စောစောအိပ်ရာထပြီး ပြေးလွှာလေ့ကျင့်ခန်းလုပ်တာ၊ စက်ဘီးစီးတာ မရှိဘူး။ အိပ်ရာထ နောက်ကျပြီး၊ နိုးရင်လည်း လက်ဖက်ရည်ဆိုင် ထိုင်နိုင်ရင်ထိုင်၊ မထိုင်ရင် အိမ်ရှေ့ လမ်းမပေါ် နေပူစာလှုံရင် ဟိုငေးဒီငေး၊ ဟိုငိုင်ဒီထိုင်နဲ့ ဘာမှ လုပ်စရာမရှိတဲ့ ဘဝတစ်ရက်ကို ဖြတ်ကျော်ကြတာကို တွေ့ရတယ်။

နင်တို့သိပြီးသားကို ထပ်ပြောရရင် မောင်မင်းကြီးသားတွေ အိပ်ရာထ နောက်ကျတဲ့အကြောင်းက ညဉ့်နက်အထိ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကြည့်၊ ဒါမှမဟုတ် မနေ့ညက နည်းနည်းများသွားလို့တဲ့။ တကယ်တော့ သူတို့မှာ နောက်တနေ့ သွားစရာ ကျောင်းမရှိ၊ အလုပ်မရှိတော့ တနေ့တနေ့ ဟိုငိုင်ဒီထိုင်၊ ညဉ့်နက်သန်းခေါင်အထိ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်နိုင်ကြတာပေါ့။ တညနေ ငါ့ညီနဲ့ လိုက်သွားပြီး လက်ဖက်ရည်ဆိုင် တဆိုင်မှာ လူငယ်တချို့ နဲ့ စကားပြောဖြစ်တော့ “အကိုတော့ ဟိုမှာ တပတ် (၆) ရက်လောက် မိုးလင်းမိုးချုပ် အလုပ်လုပ်ရတယ်။ မင်းတို့လို ဘောလုံးပွဲကြည့်၊ လက်ဖက်ရည်သောက်၊ ဘီယာစုပ် ဇိမ်နဲ့ မနေနိုင်ဘူးလို့ပြောတော့” ကျနော်တို့လည်း အကိုတို့ဆီမှာလို ပိုက်ဆံရတဲ့အလုပ်၊ လုပ်စရာအလုပ်တွေရှိရင် အချိန်တန်အိပ်၊ အချိန်တန်စား၊ အချိန်တန် အလုပ်သွားကြမှာပေါ့ ပြန်ဖြေကြတယ်။

သူတို့အဖြေက ရှင်းတယ် … ဆင်ခြေဆင်လက်လို့ ပြောနိုင်ပေမဲ့ တကယ်တော့ သူတို့ပြောတာ မမှားဘူးလို့မြင်တယ်။ သူတို့ ပြောသလို ဒီလူငယ်တွေ အလုပ်မလုပ်ချင်ကြတာ မဟုတ်ဘူး။ အလုပ်လုပ်ဖို့ တကယ်ကို အလုပ်မရှိတဲ့ အခြေအနေဆိုတာကို တွေ့ရတယ်။ အလုပ်တစ်ခုရဖို့ ကျောင်းပညာဘွဲ့၊ အတတ်ပညာတစ်ခုခု ရှိဖို့ဆိုတော့လည်း ဘွဲ့ရပြီး အလုပ်မရှိတဲ့ လူငယ်တွေ အများကြီးကိုလည်း တွေ့ခဲ့တယ်။ အထက်တန်း၊ ကောလိပ်နဲ့ ကျောင်းထွက်ခဲ့ကြတဲ့ လူငယ်တွေကိုမေးတော့ ကျောင်းတက်ပြီးတော့လည်း ဘာမှမတတ်၊ မျှော်လင့်ချက် ဘာမှမရှိဘူး။  အလုပ်လက်မဲ့ တက္ကသိုလ်ဘွဲ့ရတွေကို ကြည့်ပြီးတော့လည်း မျှော်လင့်ချက်တွေ ပြိုပျက်ခဲ့တယ်လို့ ပြောကြ တယ်။ သူတို့ပြောတာ မမှန်ဘူးလား … တို့သူငယ်ချင်းတွေ၊ အသိတွေထဲမှာလည်း တက္ကသိုလ်ဘွဲ့ရတွေ အများကြီးရှိတယ် မဟုတ်လား။ ဒါပေမဲ့ တောက်လျှောက် ယိုးယွင်းပျက်စီးလာခဲ့တဲ့ မြန်မာ့ပညာရေးကနေ တို့တတွေ ဘာဆိုဘာမှ မရခဲ့ဘူး။ ရတဲ့ဘွဲ့ပညာနဲ့ လုပ်ကိုင်စား သောက်ဖို့ အလုပ်ဈေးကွက်လည်း မရှိဘူး။ နောက်ဆုံး တို့တတွေ ဘွဲ့လက်မှတ်၊ ဓါတ်ပုံချိတ်ပြီး ဘာတွေ လုပ်ကိုင်စားသောက်နေကြလဲ။

ဒီလို ပညာရေး၊ နည်းပညာ နဲ့ လူသားစွမ်းရည် အရင်းအမြစ်များ အဖက်ဖက် အားနည်းနေတဲ့ တို့နိုင်ငံက လူငယ်တွေအနေနဲ့ ပွင့်လင်းလာပြီဆိုတဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ စီးပွားလာလုပ်ကြတဲ့ နိုင်ငံခြားကုမ္မဏီတွေ၊ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေမှာ အလုပ်ရဖို့ မလွယ်သလို။ တိုင်းပြည်စွန့်ခွါပြီး တိုင်းတပါးသွား အလုပ်လုပ်တော့လည်း ဘယ်လိုအလုပ်မျိုးတွေ လုပ်ရတယ်ဆိုတာ စွန့်စွန့်စားစား အလုပ်သွားလုပ်ကြတဲ့ ရွှေမြန်မာတွေ သိကြပါတယ်။ ဒီလို မပြည့်ဝ မပြည့်စုံတဲ့ ပညာရေး နည်းပညာစွမ်းရည်တွေနဲ့ တို့တတွေ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် တိုင်းတပါး၊ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေရဲ့  ခေါင်းပုံဖြတ် နှိမ်ချခြင်းကို ခံရမှာသေချာတယ်။

မုန့်လုံးစက္ကူကပ်လို့ ပြောရမလား … လူငယ်တွေ ကျောင်းမပျော်၊ ကျောင်းမတက်၊ စာမသင်၊ စာမတတ်ကြတာ ခေတ်ဆွေးပညာရေး စနစ်ကြောင့်။ ပညာရေးစနစ် ရပ်တန့်နေတာ ခေတ်နဲ့အညီ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲမှု မရှိတဲ့ ပညာမဲ့အစိုးရရဲ့  ပညာရေးပေါ် လစီကြောင့်။ ကျောင်းတက်ဘွဲ့ရတွေ အလုပ်လက်မဲ့ဖြစ်နေတာ ပွင့်လင်းလွတ်လပ်တဲ့ အလုပ်ဈေးကွက်မရှိသလို။ တိုင်းပြည်မှာ တတ်တဲ့ ပညာနဲ့ အလုပ်လုပ်စားဖို့ မရှိတော့ တိုင်းတပါးထွက် အလုပ်လုပ်စားတော့ ကိုယ့်နိုင်ငံ ပညာရေးကနှိမ့်တော့ ထိုက်တန်တဲ့ အလုပ်မရ။ ဒီလို အဆင့်အတန်း၊ အရည်အချင်း မပြည့်မီတဲ့ ပညာရေးစနစ်ကြောင့် တနေ့တနေ့ လူငယ်တွေ ကျောင်းတက်နှုန်း ပိုနည်းလာတယ်။ ကျောင်းထွက်နှုန်း တိုးလာတာကို တွေ့ရတယ်။ ဆင်းဆင်းရဲရဲ နာ (၃) နာနဲ့ ကြိုးစားသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ ရှိကြပေမဲ့ အခြေခံ ပညာရေး အဆောက်အအုံက မကောင်း၊ ဒီနေ့အထိ ကျောင်းအင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ စာသင်ကျောင်းတွေ မရှိသေးဘူး။ “ကျုပ်တို့ အစိုးရလက်ထက်မှာ ကျောင်းပေါင်း ဘယ်လောက်တိုးချဲ့ ဆောက်လုပ်နိုင်ပါတယ်” ဆိုတဲ့ ဝါဒဖြန့်ကြွားဝါမှုပဲရှိတယ်။ (၂၅) နှစ်အကြာမှာ တို့ငယ်ငယ်တုန်းက တက်ခဲ့တဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေရဲ့  အခြေအနေက အရင်ကထက် အများကြီး ပိုဆိုးနေတာ နင်တို့ အမြင်တွေ့တဲ့အတိုင်း။

စာသင်ကျောင်းတွေ စိတ်ဝင်စားစရာ မကောင်းလို့  လွတ်လွတ်လပ်လပ် စာဖတ်လေ့လာနိုင်ဖို့ ရပ်ရွာထဲမှာ စာဖတ်ခန်း၊ စာအုပ်ဆိုင်၊ စာကြည်တိုက်တွေလည်း မရှိဘူး။ ဒီတော့ ကျောင်းမတက်၊ အလုပ်မရှိ ညစ်နေလေနေ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် လုပ်စရာ၊ သွားစရာ တစ်ခုပဲရှိတော့တာပေါ့။ မိုးလင်းမိုးချုပ် ဟိုငေးဒီငေး၊ ဟိုငိုင်ဒီထိုင် လမ်းပေါ်ရောက်၊ လက်ဖက်ရည်ဆိုင်ထိုင် လေပန်း၊ ဘောလုံး ပွဲကြည့် (ဘောပွဲလောင်း)၊ မှိုလိုပေါက် ပေါများလာတဲ့ အရက်ဘီယာဆိုင်တွေထိုင်၊ ညစ်လို့သောက်၊ မရှိလို့မောက်၊ ကြာတော့ဂေါက်နဲ့ နောက်ဆုံး ဘဝပျောက်သူ အရှုံးသမား (Loser) တွေ ဖြစ်ကုန်ကြတယ် မဟုတ်လား။

ဒီမှာ ကျောင်းတက်တုန်းက ဆရာသမားတစ်ယောက် ပြောခဲ့သလို “တိုင်းပြည်နဲ့ လူ့ဘောင်အဖွဲ့အစည်းတခု ရေရှည်တည်တန့် ဖွံ့ဖြိုးတိုး တက်၊ ငြိမ်ချမ်းသာယာတည်ငြိမ်ဖို့ နောက်မျိုးဆက်က ရှေ့ မျိုးဆက်ထက် အသိဥာဏ်၊ စွမ်းရည်အဖက်ဖက် ပိုမိုပြည့်စုံ၊ စွမ်းဆောင်နိုင်မှ အဲဒီလူ့အဖွဲ့အစည်းနဲ့ တိုင်းပြည် အနာဂတ် အလားအလာ ကောင်းမယ်တဲ့”။ တို့နိုင်ငံရဲ့  သမိုင်းမျိုးဆက်တွေကို ကြည့်လိုက်ရင် ဗိုလ်ချုပ် အောင်ဆန်းတို့ခေတ် လူငယ်တွေက ပဒေသရာဇ်ခေတ် မျက်စိပိတ်နားပိတ် လူငယ်တွေထက် ပိုမိုထက်မြက်ကြတယ်။ ဒါပေမဲ့ စစ်အာဏာ ရှင် ဗိုလ်နေဝင်းကြောင့် တိုင်းပြည်အမှောင်တိုက်ထဲရောက်၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်မှုအဖက်ဖက် ကျဆင်းပျက်စီးပြီး တို့မျိုးဆက်တွေ ဘဝပျက်ခဲ့ကြတယ်။ နောက်မျိုးဆက်တွေ၊ အခုလက်ရှိ မျိုးဆက်လူငယ်တွေလည်း ခေတ်အဆက်ဆက် ပညာတန်းဖိုး၊ လူ့တန်းဖိုး နားမလည်းတဲ့ စစ်အာဏာရှင် မင်းအဆက်ဆက်ကြောင့် ဒုက္ခပင်လယ်ထဲ နစ်မြုပ်နေရတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ တက္ကသိုလ်ဘွဲ့ရ လူငယ်ကျောင်းသား ရာခိုင်နှုန်း (၇၀) ကျော် အလုပ်လက်မဲ့။ အခြေခံ အထက်တန်းပညာရေး မပြီးဆုံး၊ ကျောင်းထွက်တဲ့ ကျောင်းသားအရေအတွက် အများဆုံး။ တိုင်းပြည်ကိုစွန့်ခွါပြီး  အိမ်နီးနားချင်းနိုင်ငံတွေမှာ တရားဝင်/တရားမဝင် (အများစု အောက်ခြေသိမ်းအလုပ်တွေ) သွားရောက်လုပ်ကိုင်ကြတဲ့ ကောလိပ်တက္ကသိုလ် လူငယ်လူရွယ် အင်အားက ကြောက်စရာ ကောင်းလောက်အောင် များပြားလှတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတော်တော်များများက ဒုက္ခပေါင်းစုံ ရင်စီးခံပြီး တိုင်းတပါးမှာ အလုပ်လုပ်နေကြတဲ့ သားသမီးတွေ ပေးပို့တဲ့ငွေနဲ့ စားသောက်နေကြတာများတယ်။ တခါစားအကြံနဲ့ ခရိုနီတွေ၊ ဗိုလ်ချုပ်တွေရဲ့  ရှိတာရောင်းထုတ် စီးပွားရေးစနစ်နဲ့ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးလာမှာ မဟုတ်ဘူး။ သဘာဝသယံဇာတ ဘာဆိုဘာမှ မရှိမထွက်တဲ့ စင်္ကာပူ နိုင်ငံကိုကြည့်  နိုင်ငံတကာအဆင့်မြင့် ပညာရေးနဲ့ ပြည့်ဝတဲ့ ခေတ်ပညာတတ် လူအရင်းအမြစ်ကြောင့် ချမ်းသာကြွယ်ဝ တိုးတက်နေ တာဖြစ်တယ်။ ဒီနေ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေကို ကြည့်လိုက်ရင် တွေ့ရမှာက ရှေ့ မျိုးဆက်ထက်သာတဲ့ နောက်မျိုးဆက်သစ်တွေကြောင့် ဖြစ်တယ်။

ဒီတော့ ဖြစ်စေချင်၊ ဖြစ်သင့်တာက ပြည်သူတွေဘဝ (လူငယ်တွေ အနာဂတ်အတွက်) ဒီနေ့ဒီအချိန်အထိ ဘာဆိုဘာမှ စွမ်းဆောင်စီမံ ဆောင်ရွက်ဖို့ စီမံကိန်း၊ ရည်ရွယ်ချက်မရှိတဲ့ အစိုးရကိုတော့ ဘာမှ မပြောချင်တော့ဘူး။ ဒါပေမဲ့ နိုင်ငံနဲ့ လူမျိုးအကျိုးကို စွမ်းဆောင်ပေးနေတဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ (အထူးသဖြင့် ရှစ်ပူးတွေ - ဦးသိန်းစိန်အစိုးရရဲ့  မရေမရာ အလုပ်တွေအစား) အနေနဲ့ လမ်းပေါ်ရောက် လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် ပိုမိုထိရောက်တဲ့ စွမ်းရည်မြှင့် ပညာရေး၊ နည်းပညာသင်တန်းတွေ တိုးချဲ့ ဖွင့်လှစ် လုပ်ဆောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒီလို လူငယ်တွေရဲ့  ပစ္စုပ္ပန်အခြေအနေကို တနည်းတဖုံ မြှင့်တင်မလုပ်ဆောင်နိုင်ရင်တော့ သူတို့ အနာဂတ်ဘဝ မရှိသလို၊ တို့တိုင်းပြည် နဲ့ လူမျိုးအနာဂတ်လည်း အလားအလာမကောင်း၊ ဘယ်လိုမှ ဖွံ့ဖြိုးမတိုးတက်နိုင်ဘူး။

တကယ်ပါ ဒီအကြောင်းကို ဆက်ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီးရှိသေးတယ်။ အခုတော့ ဟိုရောက်ဒီရောက် ရေးရင်နဲ့ စာကတော်တော်ရှည်လာပြီ။ သောက်ထားတဲ့ ကိုယ်ပူကျဆေးအရှိန်ကြောင့် ခေါင်းလည်းမူးနောက်နောက်ဖြစ်၊ အိပ်ချင်လာတယ်။ ပြီးတော့ စာအရှည်ကြီး မဖတ်ချင်တဲ့ ရွှေအိ က ဗြစ်တောက်ဗြစ်တောက်နဲ့ နောက်တခါ ငါ့စာလာတယ်ဆိုတဲ့အသံ မကြားချင် ဖြစ်နေမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရင်ထဲရှိနေတာတွေကို ဖွင့်ပြောလို့ရတဲ့ ချစ်သူငယ်ချင်းတွေကိုတော့ ရင်ဖွင့်ပြောဖို့ နောက်မှ ထပ်ရေးလိုက်မယ်။ ခံစားချက် ရင်ဖွင့်ချက်တွေကို နားလည်းပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးပါ။

ကြွေလွင့်သွားကြတဲ့ ပစ္စုပ္ပန်ပျောက် အနာဂတ်မဲ့ ငွေကြယ်ပွင့်ကလေးများ နောင်ဘဝဆက်တိုင်းမှာ လှပသော လူငယ်ဘဝကို ငြိမ်းချမ်းသာယာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းရင်၊ သူငယ်ချင်းအားလုံးလည်း ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ။

မင်းတို့ရဲ့  ချစ်သူငယ်ချင်း
ဇွန်မိုး