တူမောင်ညို - ဒေါ်အောင်ဆန်းစုကြည်၏အသံများသည် “လူငယ်အင်အား အောင်လက်နက်” အတွက် အားမာန်ဖြစ်ပါစေ
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၄
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၄
မှိုင်း ၂ ခုဖြင့် လှည့်စားမှိုင်းတိုက်ခဲ့ကြသည်။
ပထမတစ်ခု(အရင်းခံကျသည့်မှိုင်း)သည် အုပ်စိုးသူ(နဝတ-နအဖ)စစ်အုပ်စုကဖန်တီးသည့်မှိုင်းဖြစ်သည်။ ထိုမှိုင်းသည် “၂၀၀၈ အခြေခံဥပဒေ” ပင်ဖြစ်သည်။
ဒုတိယတစ်ခု (လက်အောက်ခံမှိုင်း) သည် အုပ်စိုးသူဖန်တီးသည့်မှိုင်းကို အမှီသဟဲပြုပြီး အတိုက်အခံတွေထဲမှ အချို့က မိမိ ကိုယ်ကိုလှည့်စားသည့်မှိုင်းပင်ဖြစ်သည်။ “အခြေခံဥပဒေ မရှိတာထက် ရှိလာတာကောင်းသည်၊ ဖန်ခွက်ထဲ လုံးဝရေ မရှိတာထက် ခွက် တစ်ဝက်ရှိနေတာ ကောင်းတယ်”၊ “စပေ့ ဆိုတာ တဖြည်းဖြည်းချဲ့ယူရင်ရတယ်” ဆိုသူတို့၏ မှိုင်းပင်ဖြစ်သည်။ ယခုအခါ ထိုမှိုင်း ၂ ခု ပျက်ပြယ်စပြုလာနေပြီ။
သမ္မတ(ဗိုလ်)ဦးသိန်းစိန်၏ အပြောင်းအလဲ ဆိုသည်မှာ “၂၀၀၈ အခြေခံဥပဒေ” နဲ့အညီ သူတို့အုပ်စိုးမှုအာဏာကို ပိုမိုခိုင်ခံ့ပြီး အထာကျ အောင်၊ လိုအပ်သလို နေရာချမွမ်းမံနေသည့် လုပ်ရပ်တစ်ခုမျှ သာဖြစ်ကြောင်း ပို၍ထင်ရှားသိမြင်လာခဲကြပေပြီ။
ဒုတိယမှိုင်းဖန်တီးသူများ၏ “လွှတ်တော်တွင်းနိုင်ငံရေးလှုပ်ရှားမှု”ဆိုသည်ကလည်းထင်သလောက်အလုပ်မဖြစ်မှန်း ဝင်ရောက် လုပ်ကိုင်သူ အများစုကိုယ်၌က တစထက်တစ နားလည်သဘောပေါက်လာသည့် အနေအထားလည်းဖြစ်ပါသည်။ လွှတ်တော်ထဲမှာ (မေးခွန်းထုတ်ခြင်း/ကန့်ကွက်ခြင်းတို့မှအပ)သူတို့ဘာမှမလုပ်နိုင်ကြောင်း အာဏာရကြံ့ဖွံ့ပါတီနှင့်ကာချုပ်စစ်သားအမတ်များ လွှမ်းမိုးမှုကို ငုံ့ခံ နေကြသည့်အခြေ အနေလည်းဖြစ်သည်။
ယင်းသို့ လွှတ်တော်တွင်း/လွှတ်တော်ပ အီထိုင်းလေးလံနေသည့်အခြေအနေမှ ရုန်းထွက်/ဖောက်ထွက်လိုကြသည်။ အားမလို အားမရဖြစ် နေကြသည်။ ထိုသို့ အီထိုင်းလေးလံနေသည့်အခြေအနေထဲမှာဖောက်ထွက်လိုသူများထဲတွင်လူငယ်ထုက ပို၍စိတ်ဇောထက် သန်ပါသည်။ လူငယ်ဆိုသည်မှာ ခေတ်ကာလတိုင်း၏ လှုပ်ရှားမှုများတွင် လှံသွားအခန်း၊ တံခွန်အခန်းက ပါဝင်ကြသူတွေမဟုတ်ပါလား။ လူငယ့်သဘာဝကိုယ်၌ကထုံထိုင်းလေးကန်မှုကိုမနှစ်သက်မခုံမင်၊ မီးတောက်လိုလှုပ်ရှားတောက်ပလောင်ကျွမ်းနေလိုကြသည်။ လာမယ့် ဘေးပြေး တွေ့ချင်ကြ သည်။ တုံးဆိုတိုက်၊ ကျားဆိုကိုက်လိုက်ချင်ကြသူများလည်းဖြစ်သည်။ ကျနော်ဆိုလိုသည့် လူငယ်မှာ အလုပ်သမား လူငယ်၊ လယ်သမားလူငယ်၊ ကျောင်းသားလူငယ်များ၏ လူငယ်ထုကို ပြောဆိုနေခြင်းဖြစ်ပါသည်။
ထိုသို့ အီထိုင်းလေးလံနေချိန်တွင် ဟောင်ကောင်ကျွန်းမှ “ထီးလှုပ်ရှားမှု” ပေါ်ပေါက်လာသည်။ ထီးလှုပ်ရှားမှုသည် ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးကို ကျောင်းသားလူငယ်များကဦးဆောင်ပြီး လူထုအင်အားဖြင့် ဖိအားပေးအကြပ်ကိုင်သည့်လှုပ်ရှားမှု ဖြစ်သည်။ လမ်းမပေါ်ထွက်ပြီးအရေးဆိုသည့်လှုပ်ရှားမှုစစ်စစ်ကြီးလည်းဖြစ်သည်။
ဟောင်ကောင်၏ ထီးလှုပ်ရှားမှုက အီထိုင်းနေသော “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပခြုပ်”ထဲမှာ ကျနော်တို့လူငယ်များကို လှုပ်ရှားအားတက်သွားစေပါသည်။ လူငယ်ထုအင်အား၊ လူထုအင်အားဖြင့် မိမိတို့လိုလားချက်တွေကို ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်မည် ဆိုသည့် ယုံကြည်မှုကို တွန်းအားပေးနေသည်။ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဖြစ်စေ၊ ၄ပွင့်ဆိုင်တွေ့ဆုံရေးဖြစ်စေ၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးဖြစ်စေ၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးဖြစ်စေ” လူထုအင်အားဖြင့် ဖိအားပေးတောင်းဆိုလျှင် ယခု အခြေအနေထက်ပို၍ ခရီး ရောက်နိုင်မည်ဆိုသည့်အချက်ကိုမြင်ကြသည်။
ဟောင်ကောင်ထီးလှုပ်ရှားမှုပေါ်လာတော့ “လမ်းမပေါ်တိုက်ပွဲခေတ်ကုန်ပြီ”ဟု ဆိုခဲ့ကြသူများက ဟောင်ကောင်လှုပ်ရှားမှုကို ထောက်ခံကြောင်း ခါတော်မှီ အသံပေးလာကြသည်။ သူတို့ပေးသည့်အသံထဲတွင် လမ်းမပေါ်တိုက်ပွဲ၏ထိရောက်မှု၊ လူထုအင်အားနှင့် ဖိအားပေးအကြပ်ကိုင်ရမည်ဆိုသည့်အချက်ကို တမင်ဖုံးကွယ်ထားကြပြီး၊ “စည်းကမ်းရှိဖို့နဲ့ ငြိမ်းချမ်းစွာလှုပ်ရှား” ဖို့အရေးကို ဟန်တလုံး ပန်လုံးပြောနေသည်မှာ ရယ်စရာကောင်းလှသည်။
ကျောင်းသားလှုပ်ရှားမှု၊ အလုပ်သမားလှုပ်ရှားမှု၊ လယ်သမားလှုပ်ရှားမှုများသည် ပြည်တွင်းမှာဖြစ်စေ နိုင်ငံတကာအတွေ့ အကြုံအရဖြစ်စေ၊ စတင်ကပေါ်ပေါက်လာတည်းက ငြိမ်းချမ်းစွာစည်းကမ်းရှိစွာ ပေါ်ပေါက်လာသည့် လူထုလှုပ်ရှားမှုပင်ဖြစ်သည်။ လူငယ်ထု၊ ကျောင်းသားထု၊ ပြည်သူလူထုမှ စတင်ပြီးဘယ်တုန်းကမှ အကြမ်းမဖက်ခဲ့။ ပြည်သူ့အင်အား တစထက်တစများပြား လာပြီး၊ စည်းလုံးညီညွတ်ပေါင်းစည်းလာသောအခါ ကြောက်ဒူးတုန်လာသည့် အုပ်စိုးသူများသည် လုံထိန်းရဲ၊ စစ်တပ်တို့ဖြင့် ဒိုင်းလွှား၊ ဒုတ်၊ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံး၊ မီးသတ်ပိုက်၊ သေနတ်ကျည်ဆံတို့ဖြင့် အကြမ်းဖိနှိပ်ဖြိုခွဲခဲ့ကြသည်ချည်းဖြစ်သည်။
လူငယ်ထုက နိုင်ငံရေးအပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲ၊ ပညာရေးအပြောင်းအလဲ စဖြင့် စစ်မှန်တဲ့အပြောင်းအလဲများ ကို အလျှံညီးညီးဆာလောင်မွတ်သိပ်စွာတောင်းဆိုနေကြတာဖြစ်သည်။
လူငယ်ထုက ဒီချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစား၊ အားကိုးကြသည်၊ တန်ဖိုးထားကြသည်၊ အချို့ လူငယ်များဆိုလျှင် အမေစုအတွက် အသက်ကိုပင်စွန့်ရန်အသင့်ရှိနေကြသည်။ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီးတွင် အမေစုအတွက် မိမိအသက်ကို ပဓါနမထားပဲ ကာကွယ်ခဲ့ကြသည့်လူငယ်တွေ ပေါ်ပေါက်ခဲ့သည် မဟုတ်ပါလား။ အမေစုစကားသည် သူတို့အတွက် ဗျာဒိတ်တော်လာစွမ်းအား၊ ခွန်အားသတ္တိကဲ့သို့ပင်။ ဤမျှ ချစ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လူငယ်အင်အားကို အဓိကကျတဲ့ “အောင်လက်နက်” ဟု လှပစွာ ကဗျည်းထိုးမှတ်တမ်းပြု ထားသည်။ ထို “လူငယ်အင်အား အောင်လက်နက်” ဖြင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် အောင်ပွဲခံနိုင်ခဲ့ကြောင်း “ဒီစကား”မှာ ချီးမွမ်း ထောမနာပြုထားသည်။
“လူငယ်အင်အား အောင်လက်နက်များသည်” အမေ၏အသံကို နားစွင့်နေကြသည်။ အမေ၏အမိန့်သံကိုနာခံပြီး တိုက်ပွဲဝင် ရန် အသင့်ရှိနေကြသည်။
ထိုစဉ် အမေ၏ အောက်တိုဘာ ၄ ရက် (ဗဟိုလူငယ်ဦးဆောင်အဖွဲ့၊ ပထမအစည်းအဝေး) မိန့်ခွန်းသည် လူငယ်ထု မျှော်လင့် ထားသလို အပြည့်အဝမဟုတ်ခဲ့။ လူငယ်ထုမျှော်လင့်သည်မှာ လူငယ်ဦးဆောင်အဖွဲ့အစည်းအဝေးမှာ လူငယ်ထုလျှောက်လှမ်းရမည့် လမ်းကြောင်း၊ ကိုင်စွဲရမည့်စိတ်ဓါတ်၊သဘောထား၊လုပ်ငန်းလမ်းစဉ်တို့ကို ယခင့်ယခင် မိန့်ခွန်းများထက်ရှင်းလင်း၊ ပြတ်သား၊ ထက်မြက်၊ ကြည်လင်စွာ မြွက်ကြားလိမ့်မည်ဟု ထက်သန်စွာ မျှော်လင့်ခဲ့ကြတာလည်းဖြစ်သည်။
သို့သော်လည်း ဒီတခါကြားရသည့်မိန့်ခွန်းမှာ ထက်သန်တက်ကြွမှုဆိုတဲ့ အသက်မာန်ပါဝင်မှု အားဖျော့နေတဲ့မိန့်ခွန်းဖြစ်နေပါ သည်။ “အားမာန်” အစား “တရားသံ” တွေက ပို၍များနေသလိုဖြစ်နေပါသည်။ ဓါးလှံလေးမြားတွေကိုင်ကြလို့ ပြောစေချင်တာမဟုတ်ပါ။
မိန့်ခွန်းကိုအနှစ်ချုပ်လိုက်တော့ “အတ္တပရမျှတကြ၊ အချိန်ကိုအကျိုးရှိစွာအသုံးချ၊ ကုသိုလ်စိတ်ကိုမွေး၊ ပေးကမ်းစွန့်ကြဲတတ် အောင်သင်ယူ၊ သိက္ခာရှိရှိရှုံးတတ်ဖို့လေ့လာ၊ ရှုံးတတ်သူတွေဟာ နောင်မှာနိုင်ဖို့ အလားအလာတွေရမယ်၊ ကိုယ့်ကိုယ်ကိုပြုပြင်၊ ကိုယ် တိုင် တိုးတက်အောင်လုပ်” ဆိုတာပဲရရှိလိုက်ပါသည်။
အသက် ၃၀ - ၃၅ သတ်မှတ်ချက်ကိစ္စမှာ လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စတစ်ခုမျှသာဖြစ်ပါသည်။ အသက် သတ်မှတ်ချက် ဆိုသည်မှာ မိမိ (နိုင်ငံ၊အဖွဲ့အစည်း၊အခြေအနေ)၏ ကိုယ်စီထူးခြားချက်များအရ သင့်တော်သလိုသတ်မှတ်ကြရတာဖြစ်ပြီး ပြောင်းလဲပြင် လွယ်လုပ်၍ရသောကိစ္စဖြစ်ပါသည်။ အရေးကြီးဆုံးအရာကိစ္စမှာ လူငယ်ထု၏အစဉ်မပြတ်ပေါက်ကွဲနေသော အားမာန်နှင့်ထက်သန်မှု အင်ဂျင်အား တိကျသောဦးဆောင်မှုဖြင့် မှန်ကန်သည့်ထွက်ပေါက်ပေးရန်ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အသံများသည် “လူငယ်အင်အား အောင်လက်နက်” အတွက် အားမာန်ဖြစ်ပါစေ။
တံတိုင်းခတ် ကာထားသော “၂၀၀၈ အခြေခံဥပဒေ” အား ပိုင်းဖြတ်ကာ သွားနိုင်မည့် ဓါး၊ လှံ လက်နက်များလည်း ဖြစ်ပါစေ။
ညွန်း -
- “ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ ပထမအစည်းအဝေး တွင်ပြောကြားသည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း” စာမျက်နှာ (၁၂) ၊ ဒီလှိုင်းစာစောင်၊ အတွဲ ၃ ၊ အမှတ် ၃၉၊ ၆-၁၀-၂၀၁၄ (တနင်္လာနေ့)
- ဒီစကား - စာမျက်နှာ (၁၃) ၊ ဒီလှိုင်းစာစောင်၊ အတွဲ ၃ ၊ အမှတ် ၃၉၊ ၆-၁၀-၂၀၁၄ (တနင်္လာနေ့)