ကိုသန်းလွင် - စာမသင်ကြေး ပညာရေး
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၄
(၁)
လွန်ခဲ့သောနှစ် ကျွန်တော်မြန်မာပြည်ခေတ္တပြန်ရောက်စဉ် အထက်တန်းပြဆရာတယောက်နှင့် စကားပြောရင်း “စာမသင်ကြေး” ဆိုသောစကားကို ကြားဖူးခဲ့ရပါသည်၊ အထက်တန်းကျောင်းသားများသည်အစိုးရစစ် ဆယ် တန်း စာမေးပွဲဖြေဆိုရန် အစိုးရကျောင်းတွေကိုအားမကိုးကြ၊ အပြင်ကအလွတ်သင် ကျူရှင်ကျောင်းတွေကို ပိုပြီး အားကိုးကြသည်၊ အလွတ်သင်ကျောင်းတွေ ကကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစားခေါ်ပြီး သင် ကြသည်၊
ကလေးတွေမှာ တခါတရံညဉ်နက်မှ အိပ်ကြရသည်လည်းရှိသည်၊တခါတရံ အလွတ်သင်ဆရာတွေက သူတို့ သင်ကြားပို့ချ သောနည်းသည်သာ ကလေးတွေကို အမှတ်ကောင်းရစေလိမ့်မည်ဟုယုံကြည်ကြသည်၊
ဘယ် ကျောင်းသား ကိုတော့ စာသင်တာကိုနားမထောင်လျင်ဖြစ်စေ၊ အိပ်နေလျင်ဖြစ်စေ၊ ဆရာက လစ်လျူရှုပေးစေလို ပါသည်၊ ကလေးကို မအော်မငေါက်ပါစေကြောင်း ပိုက်ဆံ ကတော့ သည်ကို စာမသင်ကြေး ဟုခေါ်ပါသည်၊
ကျွန်တော်ကြားရတာတွေသာ အမှန်တွေဆိုပါလျင် မြန်မာပြည်စာသင်ကျောင်းများအချေအနေမှာ ဆိုရွားလှ ပေသည်၊ ပညာသင်ရာကျောင်းဟူ၍အစိုးရက အဆောက်အဦးဆောက်၊ ဆရာဆရာမတွေကို လခပေး၊ တိုင်းပြည်၏အနာဂါတ် ခေါင်းဆောင်လေးတွေကို ပြုစုပျိုးထောင်ပေးရာကျောင်းသည် မိမိအလုပ်ကို မိမိ လုပ်သည်မမည်တော့ပေ၊
မြန်မာနိုင်ငံတွင်ကျောင်းဆရာဟူသော လူတန်းစားမှာများသောအားဖြင့်ရိုးသားဖြောင့်မတ်သူများဖြစ်ကြပါသည်၊ သူတို့သည် သူဌေးဖြစ်ရန်စိတ်မကူး၊ ကျောင်းသားလူမမယ်လေးတွေ စာတတ်ပေတတ်တွေဖြစ်ပြီး လူလား မြောက်သွားရေးသာသူတို့ ရည်မှန်းချက်ဖြစ်သည်၊ သူတို့သည်အချိန်တန်လျင် ပင်စင်ယူပြီးအေးအေးဆေးဆေး နေသွားဘို့သာ ဆန္ဒရှိတတ်ကြသည်၊ ဘေးပါတ်ဝန်းကျင် အချေအနေ၊ အုပ်ချုပ်သူတွေက မိမိဖါသာ ချမ်းသာ အောင်လုပ်သွားကြသောဥပမာများကိုမြင်သော် သူတို့လည်း ကိုယ်နည်းကိုယ့်ဟန် စီးပွားရှာကြရင်း ကျူရှင် ဆိုတာတွေပေါ်လာရသည်၊ ကျွန်တော်ကတော့ ဆရာအချို့ စီးပွားရေး လုပ်နေကြခြင်းအတွက် ခေတ်ကိုသာ အပြစ် တင်မိတော့သည်၊
မြန်မာနိုင်ငံ၏ပညာရေးစံနစ် ကြီးမှာနိုင်ငံတကာအဆင့်မမှီဖြစ်နေသည်မှာ အများပြည်သူအသိပင် ဖြစ်ပါသည်၊ ဤသို့ပြုပြင်ရန်လိုအပ်နေသည်ကို အုပ်ချုပ်သူအစိုးရများက နားလည်ဘို့လိုပါသည်၊ လိုနေတာတွေကို ပြုပြင်ဘို့ အစီအမံတွေ၊ အချိန်ဇယားတွေရှိဘို့လိုပါသည်၊ ထိုအစီအစဉ်တွေကို ပြည်သူပြည်သားတွေထံ အချိန် မှန်မှန်ချ ပြသင့်ပါသည်၊
(၂)
နိုင်ငံ၏ပညာရေးကဏ္ဍ စီမံခန့်ခွဲမှုကို တတ်သိနားလည်သည့် ဆရာကြီးဆရာမ ကြီးများ၏ လက်ထဲမှာသာထား စေချင်သည်၊ ပညာရေးကောင်စီကို ဖွဲ့ပေးပြီး ကျောင်းသားတွေစာသင်ကြားရေး၊ သင်ကြားမှုအထောက်အကူ ပစ္စည်း စုံစုံစေ့စေ့ ရရှိရေး၊ နိုင်ငံတကာနှင့် တန်းတူသောပညာရေးစံနစ် ဖန်တီးရေးကို ထိုပညာရေးကောင်စီ ကလွတ်လွတ်လပ်လပ် စီမံပိုင်ခွင့် ရှိစေသင့်သည်၊ မြန်မာတက္ကသိုလ်ဘွဲ့ရတွေကို စင်္ကာပူ တက္ကသိုလ်တွေက ဘွဲ့လွန်သင်တန်းတွေအတွက်လက်ခံပါသည်၊ အလုပ်လျှောက်လျင်တော့ ဘယ်နှစ်ခုနှစ်နောက်ပိုင်းရသည့် ဘွဲ့ဆိုလျင် လက်မခံဘူးဆိုတာတွေကြားရဘူးသည်၊
အစိုးရအမှုထမ်းဘဲဖြစ်စေ၊ အခြား မိမိကိုယ်ပိုင်အလုပ်လုပ်သူတို့မှာဖြစ်စေ မိမိကျွမ်းကျင်သောအလုပ်ကို လုပ် နေခြင်းသာ အကောင်းဆုံးဖြစ်သည်၊ စစ်သားသည်စစ်မြေပြင်မှာ ဖြစ်စေ၊ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်ရာနေရာမှာရှိနေသင့်သည်၊ တိုင်းပြည်၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးသည် စစ်သားတို့နေရာမဟုတ်ပေ၊ ကျွမ်းကျင်မှု၊ စိတ်ဝင်စားမှုမရှိသူကို တာဝန်ပေးခြင်းဖြင့် ဘာမှတိုးတက်လာရန်မရှိ၊ ထိုအရာရှိက စာရိတ္တ ကောင်းသူမဟုတ်လျင် ပို၍ဆိုးတော့သည်၊ ၀န်ကြီး၊ မြိုတော်ဝန်ကဲ့သို့သော ထိုးထွင်း ဥာဏ်ကိုအသုံးပြုရန် လိုသည့်နေရာတွင် စစ်မှုထမ်းဟောင်းတွေကို နေရာချထားနေခြင်းမှာ အစိုးရ အနေဖြင့် အမှားယွင်းဆုံး လုပ်ရပ် ဖြစ်သည်၊ နိုင်ငံပြုပြင်ရေးလုပ်မည်ဆိုလျင် စစ်သားဟောင်းတွေ မြို့ပြအုပ်ချုပ်ရေးမှာ နေရာပေးနေတာတွေကို ရပ်ဆိုင်းပစ်ရမည်၊
နိုင်ငံတော်၏သံမှုး၊ သံအမတ်၊ များမှာ စစ်မှုထမ်းဟောင်းတွေချည့်ဘဲဟုဆိုသည်၊ အလွန်မဖြစ်သင့်သော ကိစ္စ ဖြစ်သည်၊ သံခင်း တမာန်ခင်းဆိုသည်မှာ ယဉ်ကျေးပျူငှာသောလူတို့၏အလုပ်ဖြစ်သည်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ထူးချွန်ပြောင်မြောက်သော စစ်ဗိုလ်ကြီးတွေကို နေရာပေးတာကို ဘာမှပြောရန်မရှိပါ၊ သို့ပါသော် လည်း စစ်မှုထမ်းဟောင်းဆိုသည်နှင့် သံတမာန်ရာထူးတွေကို ရထိုက်သည်ဆိုသော အယူအဆကို စွန့်လွှတ် သင့်သည်၊ ကမ္ဘာကြီး က အမြဲတီထွင်ပြောင်းလဲနေသည်၊ စက်မှုကရိယာ လက်နက်ပစ္စည်းတွေမှာ အစဉ်တိုးပွား လာနေသည်၊ ကမ္ဘာ အဆင့်အတန်းမှီရန် အုပ်ချုပ်သူတွေကလည်း စာရေး စာဖတ် လေ့လာဆည်းပူးနေကြရ မည်၊ အုပ်ချုပ်သူတွေက ပညာမသင်ခဲ့ရသူ လေ့လာဆည်းပူးမှုအားနည်းသူ မဖြစ်သင့်ပေ၊
ကျွန်တော်တို့နိုင်ငံမှာ ကောင်းအောင်လုပ်စရာ၊ ပြင်စရာတွေက ရေးချ၍မကုန်နိုင်ပါ၊ လူတယောက်အဇွဲ့အစည်း တခုတည်း၏အလုပ်မဟုတ်၊ ပြည်သူအားလုံး အတတ်ပညာရှင်အားလုံး ပူးပေါင်းပါဝင်မှ သာ ဒေါင့်စေ့အောင် လုပ်နိုင်ကြပါမည်၊ ကွန်ပျူတာခေတ် ITထွန်းကားနေသောခေတ်ကြီးမှာ ပြည်သူတွေနေ့တဓူဝ လုပ်ငန်းတွေကို စိတ်ဆင်းရဲခြင်း ကင်းစွာ လုပ်နိုင်အောင်လုပ်စရာတွေ အများကြီးရှိနေပါသည်၊
(၃)
ကျောင်းသားဆိုသည်မှာ နိုင်ငံ၏ရတနာများဖြစ်ကြသည်၊ သူတို့သည် တချိန်တွင် နိုင်ငံတော်ကိုဦးဆောင်မည့် ခေါင်းဆောင်တွေဖြစ်လာမည့်သူများဖြစ်ပါသည်၊ ဗြိတိသျှအင်ပါယာကြီးကို အရှုံးပေးထွက်ပြေးရအောင်၊ မတရား အုပ်ချုပ်နေခြင်းကို ရပ်ဆိုင်းသွားအောင် တော်လှန်ကြသူများဖြစ်သော ကိုအောင်ဆန်း၊ ကိုနုတို့မှာ သူတို့ တန်ပြန်ရေးအစီအစဉ်ကို ကျောင်းသားဘ၀မှ စခဲ့ကြခြင်းဖြစ်ပါသည်၊ ရန်ကုန်တက္ကသိုလ်သည် သူပုန် တက္ကသိုလ်ဟုစွတ်စွဲပြီး ပိတ်ပစ်မည်၊ လယ်ကွင်းတွေထဲသို့ရွှေ့ ပစ်မည်ဆိုလျင် ကိုအောင်ဆန်းလည်း ဗိုလ်ချုပ် အောင်ဆန်းဖြစ်မလာသလို၊ ကိုကြီးနုလည်း ၀န်ကြီးချုပ်ဦးနု ဖြစ်ကောင်းမှဖြစ်လါပါလိမ့်မည်၊
ဟောင်ကောင်နိုင်ငံသည် တရုပ်ပြည်မကြီးလက်ထဲသို့ပြန်ရောက် ခဲ့သည့်အနှစ် ၂၀ ပြည့်ချိန် ၂၀၁ရ တိုင်အောင် မိမိခေါင်းဆောင်ကို မိမိ စိတ်တိုင်းကျရွေးချယ်ခွင့် မရှိသောကြောင့် ကျောင်းသားတွေဘဲဦးဆောင်ကာ ဆန္ဒတွေပြ နေကြပါသည်၊ ဗမာပြည်မှာသာဆိုလျင် ကျောင်းသားတွေမှာ သူပုန်တွေ ဦးစီးနေသည်ဆိုကာ အကြမ်းဖက် ဖြေရှင်းမှာကို စိုးရိမ်ကြရပါသည်၊
ဘုန်းကြီးဒုတ်ကိုင်မှသာ စည်းကမ်းမဲ့သူ ကျောင်းသားကကြောက်မည်၊ စကားကိုနားထောင်လိမ့်မည်ဟုဆိုကြသည်၊ ထိုမူအတိုင်း စစ်အစိုးရ အဆက်ဆက် ကြမ်းခဲ့ရမ်းခဲ့ကြပါသည်၊
၁၉၆၃ခုနှစ် ကျောင်းသားအဆောက်အဦးကို ဗုံးတိုက်ဖြိုချပြီးချိန်တွင် ကျောင်းသားတွေကို လူစုခွဲရမည်ဟု အစိုးရ ကယူဆခဲ့ပါသည်၊ ယခင်က ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်ဟူ၍ ရှိရာ တွင် Inter နှစ်နှစ်ကို BOC ကောလိပ်တွင် ကျောင်းသားတိုင်း သင်တန်းများ အတူတကွ တက်ကြရပါသည်၊ ၁၉၆၄ ကျောင်းပြန်ဖွင့်သော် စက်မှုတက္ကသိုလ် ကျောင်းသား တွေက ကြို့ကုန်း အဆောက်အဦးကြီးမှာ ပဌမနှစ်က စပြီးတက်ရန်စီစဉ်ပါသည်၊ လူစုခွဲခြင်းဖြစ်ပါ ၏၊ ဆေးကျောင်းသားတွေက လိပ်ခုံးမှာ ၀ိဇ္ဇာသိပ္ပံကျောင်းသားတွေကျန်ခဲ့စေ၊ ကျောင်းသားလူစု ကွဲလျင်ပြီး ရော၊ ငါတို့မမှား၊ ငါတို့ပေါ်လစီ ကိုပြောင်းစရာမလို ငါတို့သည်တိုင်းပြည်ကိုကယ်တင်ရှင်များ ဖြစ်သည်ဟု ကြွေးကြော်ခဲ့ကြပါသည်၊ ထိုအယူအဆ ဘယ်လောက်မှားသည်ကို ခေတ်အဆက်ဆက် ကျောင်းသား ဆန္ဒပြမှုတွေက သက်သေခံနေပါ သည်၊
ယခုနှစ်ဆိုလျင် ကျောင်းသားတွေမစုမိအောင် လူစုခွဲရမည် ဆိုသော အယူအဆ ဖြစ်ပေါ်ခဲ့သည်နှာ အနှစ် ၅၀ ပြည့်ပါပြီ၊ နှစ်ပေါင်းများစွာကြာလာသည့်တိုင် အစိုးရမှာ ကျောင်းသားတွေကို တနေရာထဲမှာထားရန်မဖြစ်နိုင်ဟု ယူဆနေဆဲဖြစ်ဟန်တူသည်၊
၁၉၈၈ အရေးအခင်းပြီးသော် စက်မှုတက္ကသိုလ်ကိုဖျက်သိမ်း နေရာရွှေ့ပြောင်း၊ ဆေးတက္ကသိုလ်တွေကို နေရာပြောင်း၊ စစ်ဖက်ဆိုင်ရာ စက်မှုတက္ကသိုလ်၊ စစ်ဖက်ဆိုင်ရာဆေးတက္ကသိုလ်တွေအဖြစ်လုပ်ခဲ့ကြပြန် ပါသည်၊နိုင်ငံထူထောင်ရေးမှာ ပြည်သူပါစရာမလို စစ်တပ်မိသားစု နှင့်ဒီပညာတွေသင်နိုင်သည် ဟုဆိုခဲ့ ကြပါသည်၊ စစ်စက်မှုကျောင်းမှာ ကျောင်းသားတွေ ဆန္ဒပြသော် ကျောင်းအုပ်ကြီးလည်းဒုက္ခရောက်၊ ကျောင်းသားတွေလည်းအဖမ်းခံရပြီး ပိတ်လိုက်ရပါသည်၊ ငါတို့အယူအဆ တွေမှားနေပြီဟု ဘယ်သူမှ တွေးခေါ်တတ်ခဲ့ပုံမရ၊
ကျောင်းသားသမဂ္ဂအဆောက်အဦးကိုဖျက်ဆီးတာမကောင်းပါ၊ ပြည်သူပိုင်သိမ်းတယ်ဆိုတာလည်း မကောင်းပါ၊ ငွေစက္ကူတွေ တရားမ၀င်ဘူးလုပ်တာမကောင်းပါ၊ အာဏာသိမ်းသည်ဆိုပြီး ရွေးချယ်တင်မြှောက်ထားသော အစိုးရ အဖွဲ့ တခုလုံးကို ထောင်ထဲ ထညိ့ပစ်သည်မှာ မကောင်းပါ၊ ထိုကဲ့သို့ မဖွယ်မရာလုပ်ခဲ့သည်တို့မှာ မကောင်းသည့်အလျောက် ကျောင်းသားလူငယ်တွေက ဆန္ဒပြကြခြင်းသာဖြစ်ပါသည်၊ အစိုးရသည် မိမိလုပ်ရပ် ကောင်းမကောင်းကို မဝေဖန် မဆန်းစစ်နိုင်ဘဲ ကျောင်းသားတွေကို သူပုန်ဟုစွတ်စွဲကာ နှိမ်နင်းခဲ့ခြင်းဖြစ်ပါ သည်၊
ကျွန်တော်တို့နိုင်ငံဆင်းရဲရခြင်းမှာ ပညာတတ်သူများ မိမိအလုပ်ကို မိမိ လုပ်ခွင့်မရသောကြောင့်ဖြစ်ပါသည်၊ ၀န်ကြီးဆိုသူမှာ စစ်တပ်ကလာသည်၊ နည်းပညာနားမလည်တာကိုထားဦး၊ စီမံခန့်ခွဲရေးဆိုတာကိုလည်း မကျွမ်းကျင်၊ ဘာလုပ်ရမည်ကိုမသိ၊ အထက်ဗိုလ်ချုပ်အဘက ဆဲဆိုကြိမ်းမောင်းလျင် သူလည်းသူ့အောက် ကလက်အောက်ငယ်သားကို ဆဲဆိုကြိမ်းမောင်းမည်၊ အကြံကောင်းဥာဏ်ကောင်းဆိုသည်မှာ အော်ဟစ်ကြိမ် ဆဲနေခြင်းဖြင့်ထွက်မလာနိုင်ပေ၊ နိုင်ငံတော်အကျိုးကို ရွတ်ရွတ်ချွန်ချွန်လုပ်မည့်သူတွေကိုနေရာပေးရန် မစဉ်းစား၊ ပညာရှင်များအဖို့ မိမိစားဝတ်နေရေးအတွက်ထွက်ပြေးဘို့သာ ကြိုးစားကြတော့သည်၊ ထို့ကြောင့် မြန်မာပြည်အဖို့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ဆုံးရှုံး ခဲ့ ကြခြင်းဖြစ်ပါသည်၊ ဤအချက်ကို ခေတ်ပြောင်းချိန် တွင်ခေါင်းဆောင်နေကြသော ခေါင်းဆောင်ကြီးတွေ မြင်ကြဘို့လိုသည်၊
(၄)
ကျွန်တော့်တွင်သားနှစ်ယောက်ရှိရာ သားကြီးမှာ စင်္ကာပူသို့ နှစ်နှစ်အရွယ်မှာရောက်ပြီး သားငယ်က စင်္ကာပူမှာ မွေးသည်၊ မူကြိုကျောင်းမှာ အိမ်မှ ငါးမိနစ်ခန့်လျှောက်လျင်ရောက်သည်၊ သားတွေကို ကျောင်းအပ်ပြီးကတည်း ကသူတို့အတွက်ပူလိုက်ရသည်ဟုမရှိပါ၊ အကြီးကောင်ကအတန်းထဲမှာငြိမ်ငြိမ်မနေ၊ ဆော့သည်၊ အလယ်တန်း တလျောက်လုံးအတန်းစဉ် ဆရာတွေကခေါ်ပြီး Complain လုပ်ကြလေသည်၊ နှစ်စဉ်အခေါ်ခံရတော့ ကျွန်တော် တို့မှာ ပြုံး၍သာနေရတော့သည်၊ ဆရာပြောမှာတွေကို ကျွန်တော်တို့ ကြိုသိနေကြပြီ၊
အငယ်ကမူ ၀လွန်းသောကြောင့် ဆရာတွေကခေါ်ပြီးသူတို့ကို နားလည်ဘို့ ကူညီဘို့ပြောကြသည်၊ ကျွန်တော် တို့လည်းမတတ်နိုင်။ စစ်တပ်ထဲဝင်ချိန်ရောက်လျင် ၀နေလို့ကတော့ ၀တာကိုလျှော့အောင် သင်တန်းဆရာက မောင်းလိမ့်မည်၊ ကျောင်းကခေါ်လွန်းသောကြောင့် ကျွန်တော်တို့မှာ မျက်နှာဘယ်လိုထားရမည်ကို ကျင့်သားရ နေကြပြီ၊ သူတို့အတွက်ပူပင်နေရန်မလို၊ သူတို့အကြောင်းလေးတွေကို သူတို့ ဆရာတွေက စိတ်ဝင်တစားရှိကြ သည်၊
မြန်မာနိုင်ငံက ကလေးမိဘတွေ မိမိ သားသမီးပညာရေးအတွက် ပူပန်ကြရတာကို သတိရမိသည်၊ ကျောင်း ကောင်းကောင်းရရေး ဘယ်သူကိုမှလွှဲထား၍မရ၊ မိမိဖါသာအားစိုက်ပြီးလူအားငွေအားဆွေမျိုးအား၊ အဆက် အသွယ်အား အကုန် သုံးကြရသည်၊ ငွေကြေးလွန်စွာ တတ်နိုင်သူတွေကတော့ နိုင်ငံခြားမှာကလေးတွေကို ကျောင်းထားဘို့လုံးပမ်းကြရသည်၊ စားရိပ်စက အတွက်မပူရဘူးဆိုဦးတော့ နိုင်ငံရပ်ခြားမှာ မိဘတွေနှင့်ခွဲပြီး ကျောင်းထားရသော ဒုက္ခ မှာမသေးလှပေ၊
မိမိသားသမီး ပညာတတ်အောင်သင်ရေးမှာမိဘတိုင်း၏တာဝန်တရပ်ဖြစ်ပါသည်၊ မြန်မာပြည်မှာ အဆင့်မှီသော ပညာရေးစံနစ်မရှိဘူးဟုဆိုခြင်းမှာ မဖြစ်သင့်ဆုံးကိစ္စ တခုဖြစ်ပါသည်၊အများပြည်သူ မိဘတွေမှာ တိုင်းပြည်တွင် အားကိုးလောက်သော ပညာရေးစံနစ်မရှိခြင်းကြောင့် များစွာစိတ်သောကရောက်ကြရပါသည်၊တာဝန်သိသော အစိုးရ၏အဓိကထားဖြေရှင်းရမည့်ု ပြသနာကြီး ဖြစ်ပါသည်၊
(၅)
ဂျပန်အစိုးရသည် အိန်တာကေး မီးတောင်ကြီးပေါက်ကွဲမှာကို ကြိုတင်မသိဘူးဟုဆိုသည်၊ဆူနာမီလာစဉ်က လည်းကြိုပြီးသိသည့်တိုင် အပျက်အစီးတွေကို မတားဆီးနိုင်၊ မုန်တိုင်း ကက်ထရီးနားလာစဉ်က အမေရိကန် ပြည်သူတွေ ဆိုးဆိုးရွားရွား ခံလိုက်ကြရသည်၊ သဘာဝ ဘေးကြီးတခုလုံးကို အစိုးရက ကြိုပြီး မသိဘူး ဆိုသည်မှာ အလွန်အရုပ်ဆိုးပါသည်၊
ထိုသဘာဝအန္တရာယ်များမှာ မျက်ဝါးထင်ထင်မြင်နေကြရသည်၊ မြန်မာပြည်၏ပြသနာများမှာ မြင်သူရှိ၊ မမြင်ဘူး လည်းဖြစ်နိုင်သည့် ပြသနာတွေဖြစ်သည်၊ ပညာရေးတွင်ယိုယွင်းနေသည်များမှာ ကာလကြာမြင့်နေပြီး များစွာ ၀မ်းနည်းစရာတွေဖြစ်နေပါသည်၊ အစိုးရသည်ပြုပြင်ရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက်လုပ်နေပါသည် ဆို သောအရိပ်အရောင်ကို မတွေ့ကြရပါ၊ မျိုးဆက် အနည်းဆုံး ၂ ဆက်ကတော့ပြီးသွားပါပြီ၊ နောက်မျိုးဆက်သစ် တွေအတွက်ကတော့ ရင်လေးဘွယ်ရာပင်၊ ကျွန်တော်တို့အတွေးခေါင်နေတာဟုသာ မှတ်ယူချင်လှပါသည်၊
ကိုသန်းလွင်
Photo Credit - http://www.phoonuthit.com/2010_12_01_archive.html