ဇင်လင်း - ငြိမ်းချမ်းရေးဆွေးနွေးပွဲ နဲ့ အပစ်ရပ်ရန် ငြင်းဆန်နေသူများ


ဇင်လင်း - ငြိမ်းချမ်းရေးဆွေးနွေးပွဲ နဲ့ အပစ်ရပ်ရန် ငြင်းဆန်နေသူများ
(ဒီလှိုင်း) အောက်တိုဘာ ၂၈၊ ၂၀၁၄


    မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေဟာ ရှေ့တိုးနေသယောင်နဲ့ နောက်ပြန်ဆုတ်နေပြီလားလို့ ထင်စရာ အဖြစ်အပျက်တွေ ပေါ်ပေါက်နေတာ တွေ့လာရပါတယ်။ အဓိကဖြစ်စဉ်တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပါတယ်။ မြင်သာတဲ့ ကိစ္စတစ်ခုကတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက အစိုးရတပ်နဲ့ ကချင်လွတ်မြောက်တပ်ရေး တပ်မတော် (KIA) တို့အကြား စစ်ရေးတင်းမာမှုဖြစ်ပါတယ်။  အစိုးရက ကေအိုင်အေ တပ်ရင်း ၆ ကို ဖားကန့်နယ်ထဲကနေ ဆုတ်ခွာပေးဖို့ အထပ်ထပ် ပြောဆိုနေတယ် လို့  ကေအိုင်အေ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောကြောင်း ဒီဗွီဘီသတင်းအရ သိရပါတယ်။ တပ်ရင်း (၆) ဘက်ကို စစ်ဆင်ရေး လုပ်လာမယ်ဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း သူကပြောပါသေးတယ်။ စက်တင်ဘာ ၂၂-၂၆ ရန်ကုန် MPC မှာ တပ်ပိုင်း ဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ဖြစ်ပေမယ့်၊ အစိုးရဘက်က တပ်ပိုင်းဆိုင်ရာကိစ္စတွေကို နောက်မှ ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။ နောက်တော့ KIA တပ်ရင်း (၆) ကို ဖယ်ခိုင်းတဲ့ ကိစ္စပေါ်လာတယ်လို့ ဗိုလ်ချုပ် ဂွန်မော်က ဆိုပါတယ်။

    နောက် အလားတူကိစ္စတစ်ခုက သျှမ်းပြည် တိုးတက်ရေး ပါတီ/သျှမ်းပြည် တပ်မတော် SSPP/ SSA နဲ့ အစိုးရ တပ်မတော်အကြား စစ်ရေးတင်းမာမှုဖြစ်ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက တာ့ဖာဆောင် တံတားအနီးမှာ အစိုးရ စစ်တပ်နဲ့ SSPP/SSA ရှမ်းတပ်တို့ အကြား စစ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့အတွက် အဲဒီနေရာ ကနေ ဆုတ်ခွာပေးကြဖို့  သမ္မတ ဦးသိန်းစိန်က ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရှမ်းတပ်တွေက ဆုတ်ခွာပေးခဲ့ပေမယ့် အစိုးရတပ်က မဆုတ်ဘဲ တပ်စွဲထားတယ်လို့ SSPP/SSA ဘက်က ပြောဆိုပါတယ်။  ကျေးသီးမြို့နယ်ထဲက တာဖာဆောင်းမှာ အစိုးရတပ်ဖွဲ့နဲ့ SSPP/SSA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။ Pyidaungsu Institute (PI) မန်နေဂျင်း ဒါရိုက်တာ ဦးခွန်စိုင်းက တိုက်ပွဲဖြစ်ရခြင်းဟာ အစိုးရ တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ဖြစ်တယ်လို့သုံးသပ်ပြောဆိုတာတွေ့ရပါတယ်။

    “အစိုးရစစ်တပ်က အပစ်ရပ်သဘောတူစာချုပ်ကို မလိုက်နာဘူး။ SSPP/SSA နဲ့ အစိုးရတပ်တို့ ပက်ပင်တိုးမိလို့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ အစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ် တယ်” ဟု Pyidaungsu Institute (PI) မန်နေဂျင်းဒါရိုက်တာ ဦးခွန်စိုင်းက ပြောပါတယ်။

    တပ်မတော်က ပြည်ထောင်စုအစိုးရရဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ယုံယုံကြည်ကြည်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်က သြဂုတ်အတွင်းမှာ ပြောကြားခဲ့ဖူးပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က “၀” အထူး ဒေသ ၂ ဗဟိုကော်မတီဝင် ဦးကျောက်ကော်အန်း၊ SSPP/ SSA မြောက်ပိုင်း ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်း၊ မိုင်းလား အထူးဒေသ (၄) ဒု ဥက္ကဋ္ဌ ဦးစန်ပေ့တို့ ဦးဆောင်တဲ့အဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ် သမ္မတက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    အဲဒီ တွေ့ဆုံပွဲမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ် ပြန်ခဲ့ပါတယ်။ သမ္မတနဲ့ တွေ့ဆုံအပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံရာ မှာတော့  တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ (၆) ချက် ကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စနဲ့ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ ကြတယ်လို့ ဆိုပါတယ်။ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ(၆)ချက်က - ငြိမ်းချမ်းရေးရရှိဖို့ အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်တွေ ကို ကတိတည် ရန်၊ ငြိမ်းချမ်းရေးသဘောတူညီမှုတွေကို အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူတွေကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ ဒို့တာဝန် အရေး (၃) ပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရန်စတဲ့အချက်တွေ ပါဝင်ပါတယ်။

    ဦးသိန်းစိန်အစိုးရနဲ့ SSPP/SSA တို့ဟာ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းက အပစ်ရပ်စဲရေး သဘောတူခဲ့ကြတာဖြစ်ပြီး SSPP/SSA ခေါင်းဆောင် တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ တယ်လို့ မီဒီယာသတင်းတွေအရ သိရပါတယ်။ ဒါပေမယ့် ပြဿနာတွေက ပြေလည်သွားပုံမရပါဘူး။ “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ယနေ့လက်ရှိ တပ်မတော်၏ စစ်မက်လုပ်ဆောင်ချက် များအပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း၊” တပ်မတော်နဲ့ RCSS/SSA တို့အကြား ဖြစ်ပွားခဲ့တဲ့ တာ့ဖာဆောင်ဒေသ တိုက်ပွဲကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA က အောက်တိုဘာ (၃) ရက်နေ့မှာ သဘောထား ထုတ်ပြန်ကြေညာခဲ့တာတွေ့ရပါတယ်။ “တပ်မတော်မှ SSPP/SSA အား စစ်အင်အား အလုံးအရင်းနှင့် ပြင်းထန်စွာထိုးစစ် ဆင်နေမှုအပေါ် ကန့်ကွက်ဝေဖန် ရှုတ်ချသည်” လို့ RCSS/SSA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တိုင်းရင်းသားဒေသတွေမှာ လတ်တလော အစိုးရစစ်တပ်ရဲ့ ထိုးစစ်ဆင်နေခြင်းကြောင့် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု လျှော့နည်းလာ နိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲအပေါ် ထိခိုက်မှာကို စိုးရိမ်ကြောင်း “ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)” ဒု ဥက္ကဌ(၁) နိုင်ဟံသာက ကရင်သတင်းဌာန (KIC) ကို ပြောကြားခဲ့တာလည်း တွေ့ရပါတယ်။ နိုင်ဟံသာက “တကယ်လို့ စစ်ပွဲတွေ ဒီလိုဖြစ်လာရင် နိုင်ငံရေးအရ နှောင့်နှေးသွားမယ်။ တစ်ဖက်က ယုံကြည်မှုတွေလျော့ကျ သွားမယ်။ တစ်ဖက်က တိုက်ပွဲတွေဖြစ်နေရင် လူတိုင်း နှစ်ဖက်စလုံး ဒေါသတွေ၊ မောဟတွေ ဖြစ်လာမယ်။ အဲဒီတော့ နိုင်ငံရေးအရ ဆွေးနွေးတဲ့နေရာမှာ နားလည်မှုရယူဖို့အများကြီး ခဲယဉ်းသွားမယ်” လို့ဆိုပါတယ်။

    ဒါပေမယ့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အောက်တိုဘာ ၁၇ ရက်နေ့က အီတလီနိုင်ငံမှာ ကျင်းပတဲ့ အာရှ-ဥရောပထိပ်သီး သီးသန့် အစည်းအဝေးအတွင်း မိန့်ခွန်းပြောရာမှာ မြန်မာနိုင်ငံပြုပြင် ပြောင်းလဲမှုတွေလုပ်နေပြီဖြစ်လို့ ဥရောပသမဂ္ဂအနေဖြင့် နှစ်စဉ်ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီထံ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ အဆိုတင်သွင်းမှု ရပ်ဆိုင်းပေးဖို့  တောင်းဆိုခဲ့ပါတယ်။

    ဆက်လက်ပြီး ဦးသိန်းစိန်က --- “မိမိတို့အနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ သားအားလုံး၏ အဓိကဆန္ဒနှစ်ခုဖြစ်သော တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်  တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် ဆန္ဒနှစ်ရပ်ကို အကောင်အထည်ဖော်နေခြင်းပင် ဖြစ်ပါကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးသည် မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း။ မိမိတို့အစိုးရအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိပြီး ယခုဆိုလျင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးနီးပါးနှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ကာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် အလွန်နီးစပ်နေပြီ ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးသည့် နောက်တွင် နိုင်ငံရေးဆွေးနွေးပွဲများအဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။”  လို့ ထည့်သွင်းပြောကြားခဲ့တာ တွေ့ ရပါတယ်။

    နိုင်ငံတကာ စင်မြင့်မှာ ဦးသိန်းစိန်ပြောဆိုချက်တွေဟာ ပြည်တွင်းလက်တွေ့ ဖြစ်စဉ်တွေနဲ့တော့ အတော်ကို လွဲချော်နေတာ တွေ့ရပါ တယ်။ အထူးသဖြင့် “မိမိတို့အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးနီးပါးနှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ကာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် အလွန်နီးစပ်နေပြီ ဖြစ်ပါကြောင်း၊”   ဆိုတဲ့ ပြောဆိုချက် ဟာ နိုင်ငံတကာကို အမှန်အတိုင်း မပြောဘဲ၊ လှည့်ဖျားပြောဆိုနေတာ သိသာထင်ရှားနေပါတယ်။ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး” အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ NCCT တို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပေမယ့်၊  စက်တင်ဘာ ၂၂-၂၆ က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပြီး အဖုအထစ်တွေ ဖြစ်ပေါ်နေတာတွေ့နေရတယ်။

    အထက်မှာ တင်ပြခဲ့တဲ့ ကချင်လွတ်မြောက်တပ်ရေး တပ်မတော် (KIA)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ/သျှမ်းပြည် တပ်မတော် SSPP/ SSA တို့နဲ့ အစိုးရ တပ်မတော်အကြား စစ်ရေးပဋိပက္ခတွေ ရှိနေတာကို ဖုံးကွယ်ပြောဆိုထားတာတွေ့ရတယ်။ ဒီ စစ်ပွဲတွေ မရပ်နိုင်သေး တဲ့အတွက် ဦးသိန်းစိန်တောင်းဆိုတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ အဆိုတင်သွင်းမှု ရပ်ဆိုင်းပေးဖို့ဆိုတာ လည်း ဖြစ်နိုင်ဖွယ် မရှိပါဘူး။  ဒီ စစ်ပွဲတွေရဲ့ နောက်ကွယ်မှာ ဒုက္ခသည်တွေ သိန်းဂဏန်းချီပြီးရှိနေတာ၊ အရပ်သားတွေ မိုင်းနင်းမိကြလို့ မသန်စွမ်းသူ အရေအတွက် မြင့်တက်လာနေတာ၊ စစ်သားတွေကျူးလွန်ကြတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုပြဿနာ…တွေ ဆက်လက် ပေါ်ထွက် လာနေတာကြောင့် ငြိမ်းချမ်းရေး အလားအလာတွေဟာ မှေးမှိန်လာနေတာ တွေ့ရပါတယ်။

    ရန်ကုန်မြို့မှာ အောက်တိုဘာ (၁၄ - ၁၆) သုံးရက်ကြာ မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၅၇ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၆၅ဝ ကျော် ပါဝင်တဲ့ Myanmar Civil Society Forum ဆွေးနွေးပွဲအပြီး အောက်တိုဘာ (၁၇) ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ ဆက်ထားဖို့၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးသံတမန် ဆက်လက်ထားရှိဖို့ စတဲ့ တောင်းဆိုမှု တွေ ရှိကြောင်း အလဲဗင်းမီဒီယာသတင်းအရ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အစိုးရအနေနဲ့ ကတိပြုထားပြီး မလိုက်နာသေးတဲ့ နိုင်ငံတကာ စာချုပ်စာတမ်းတွေ - ဥပမာ အမျိုးသမီး အခွင့်အရေးနဲ့ပတ်သက်တဲ့ CEDAW၊ ကလေးအခွင့်အရေး များနဲ့ ပတ်သက်တဲ့ CRC ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမျိုးသမီးများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ၊ စစ်မက်ဖြစ်ပွားရာ ဒေသများရှိ အမျိုးသမီးများ အခွင့်အရေးအတွက် သီးသန့်ကာကွယ်ပေးရန် ဆုံးဖြတ်ချက်များ (UNSCR 1325 and 1820) - စတဲ့ ကဏ္ဍတွေကို အကောင်အထည်ဖော်ဖို့ လည်း Civil Society Forum က တောင်းဆိုထားပါ တယ်။

    အောက်တိုဘာ ၁၈ -၁၉ ရက် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ “ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လွှတ်တော်အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” မှာ “သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  ငြိမ်းချမ်းရေးအုတ်မြစ်ပဲ ချနိုင်တော့မယ်” လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာက ကောက်ချက်ချလိုက်တဲ့အကြောင်း၊ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကို ကိုးကားပြီး ဒီဗွီဘီသတင်းဌာနက ဆိုပါတယ်။ ဒါကြောင့် နိုင်ငံတကာ စင်မြင့်မှာ ဦးသိန်းစိန်ပြောကြားခဲ့တဲ့ (ငြိမ်းချမ်းရေးရရှိရန် အလွန်နီးစပ်နေပြီ) ဆိုတဲ့ စကားဟာ အခြေအမြစ်မရှိတာ သေချာသလောက်ဖြစ်ပါတယ်။ သူ့အစိုးရသက်တမ်းမှာတော့ ငြိမ်းချမ်းဖို့ မရှိဘူးလို့MPC က အတည်ပြုလိုက်တဲ့ သဘောပါပဲ။ အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ဒေါ်လာငွေဘီလျံပေါင်းများစွာနဲ့ အစိုးရသက်တမ်းတစ်ခု အသုံးပြုပါလျှက်နဲ့ အခုထိ အပစ်အခတ်ရပ်ရေးတောင် ဘာကြောင့် မရသေးတာလဲ..လို့..မေးစရာဖြစ်လာပါတယ်။

    ဒီတော့ မြေပြင်ပေါ်က အခြေအနေ အရှိအတိုင်းကို မူတည်ပြီး ပြောရရင်  “အစိုးရစစ်တပ်က အပစ်ရပ် သဘောတူ စာချုပ်ကို မလိုက်နာဘူး။” ဆိုတဲ့ PI မန်နေဂျင်း ဒါရိုက်တာ ဦးခွန်စိုင်း စကားကိုပဲ လေးလေးနက်နက် စဉ်းစားကြဖို့ရှိပါတော့တယ်။ ငြိမ်းချမ်းရေးမရတာ ဘယ်သူကြောင့်လဲ။ စာချုပ်ကို လိုက်နာဖို့ ပျက်ကွက်သူတွေ ကြောင့်လို့ အားမနာတမ်းပြောရပါတော့မယ်။ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခကို စာနာသောအားဖြင့် ငြိမ်းချမ်းရေးအတွက် တပ်မတော်က စာချုပ်ပါ သဘောတူချက်ကိုတော့ လိုက်နာသင့်ကြောင်း မေတ္တာရပ်ခံလိုက်ပါရစေ။

((အောက်တိုဘာလ (၂၇) ရက်၊၂၀၁၄၊ တနင်္လာနေ့၊ ဒီလှိုင်းစာစောင်မှာ ဖေါ်ပြခဲ့တဲ့  ဆောင်း ပါးဖြစ်ပါတယ်။))