ဖိုးစီ (ရုံးတော) အမေ၏ နိုင်ငံရေး


ဖိုးစီ (ရုံးတော) အမေ၏ နိုင်ငံရေး
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄
 
 

မနက်ဖြန်ခါ အမေရောက်မည်။  ရွာမပြန်နိုင်လေသော သားအတွက် သား ရှိရာကို အမေလာရသည်။  သားကို လွမ်း၍လော၊ မြေးကို မှန်း၍ လာမည်လော အမေသာ သိမည်။

နှစ်ဦး နွေရာသီတုန်းက တခေါက် အမေ လာခဲ့သေးသည်။  ရန်ကုန်ကိုပင် ညအိပ်ညနေ (၂) ရက်ပြည့်အောင် မရောက်ခဲ့ဖူးသော အမေ့အတွက် စင်္ကာပူက အံ့သြဘနန်း ခမ်းနားလှလိမ့်မည် ဟု ကျနော် ထင်ထားခဲ့ဖူးသည်။  အမေ ရောက်လာတော့ ကျနော့် အထင်မှားမှန်း သိရသည်။

လူဝင်မှုကြီးကြပ်ရေး ကောင်တာ ကိုဖြတ်ပြီး ထွက်လာသော အမေသည် သားကို နှုတ်မဆက်အား။  အမေ့ အကြည့်က ဗျက်လက်တ၀ါးခန့် သာသာ ဘောင်းဘီတိုကလေး ၀တ်ထားသော ကောင်မလေး တယောက်ဆီမှ မခွာနိုင်ဘဲ အံ့အား အသင့်ကြီး သင့်လျှက်ရှိသည်။

“အမေ ..ခရီးစဉ် ချောတယ်မလား..” ကျနော့် အမေးကို မဖြေနိုင်။

“...ဟဲ့ .. ဟို ကောင်မ .ဟာ...” ဟု ဆိုကာ အတော်ပင် အလိုမကျဟန်ဖြင့် .မျက်မှောင်ကုတ်နေသည်။

“လာ ..အမေ ..အဲဒါ မဆန်းဘူး..။  ဒီမှာ အဲလိုတွေပဲ အ၀တ်များတယ်”။

"မဟုတ်ဘူး ..။  သူ... ဗမာလို ပြောနေတယ် ..”။

အဲဒီတော့မှ အမေ ဘာကို မကျေမနပ် ဖြစ်နေမှန်း ရိပ်မိတော့သည် ။  ပထမ ထိုကောင်မလေးကို ဗမာမဟုတ်နိင်ဟု အမေ တွေးထားခဲ့ပုံ ရသည်။

“ရောမ ရောက်တော့လည်း ရောမ လိုကျင့်ကြတာပေါ့ဗျာ ..”။

“အို..သူ့ ရောမ က မ.. မ နိင်လွန်းတယ်တော် ..”။

ကျနော် အသာပြုံးနေရသည်။ အမေသည် သူ့သမီးနှင့် သူ့ချွေးမ ဘောင်းဘီတို ၀တ်သည်ကို မမြင်ဖူးရသေး။
လေယာဉ်ပေါ်မှာ ဘာမှ မစားခဲ့သော အမေက ရေသောက်ချင်သည် ဆိုတော့ ကျနော်က ချန်ဂီလေဆိပ် နေရာ အနှံ့တွင် တွေ့ရသည့် သောက်ရေ ဘုံဘိုင် (Drinking Water Tap) ကိုခေါ်သွားတော့ ရွံစရာကြီး မသောက်ချင်ဘူး ဟု ငြင်းလေသည်။

ရွာက ကျနော့် အိမ်မှာ ဒီနေ့ အထိ အမိုးအကာမဲ့ စမ်းရေတွင်းမှ စိမ့်ရေကို ပိတ်ဖြူ ရေစစ်ဖြင့် စစ်သောက်နေတုန်း ဖြစ်သည်။  ပထမကမ္ဘာမှ နိင်ငံတကာလေဆိပ်ကြီးသည် ရုံးတောသူ အမေ့ကို နွေးနွေးထွေးထွေး မကြို နိင်သလို ၀ံ့ဝံ့ကြွားကြွားလည်း မဖမ်းစားနိင်ခဲ့ချေ။

ကျနော့် အိမ်ခန်းကိုရောက်တော့ ချွေးမဖြစ်သူ ပြင်ဆင်ထားသည့် ဘုရားစင်နှင့် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ၏ ပုံတူကားကို ကြည့်ကာ ကျေနပ်သွား သယောင် ထင်ရသည်။

ကျနော်က YouTube မှနေ၍ သူ့အကြိုက် နီနီဝင်းရွှေ ဖွင့်ပြသည်။  ရွှေမန်းတင်မောင် မြိုင်ထ၊ ဆရာကြီး ဦးလှသိန်း တရားတော်များ စသဖြင့်.သူ ကြိုက်မည်ထင်တာ ရွေးချယ် ဖွင့်ပြသော်လည်း ကျနော့်သား၊ သူ့မြေးက Thomas Train ဟု တခွန်းအော်လိုက်လျှင်တော့ သက်ပြင်းချကာ ချန်နယ်လိုင်း ပြောင်းရတော့သည်။  ဒင်းကလေးကား ရုံးတောသွေးပေတည့် တကျွန်းပေါက်ကလေး မဟုတ်လား။

“မင့်အလုပ်က ဘယ်နှနာရီ အထိတုန်း”၊ နောက်နေ့ ရုံးသွားခါနီး အမေကျနော့်အားမေးသည်။

“ညနေ (၅) နာရီထိ အမေ။  ဒါပေမဲ့ ပုံမှန် ပြန်လို့တော့ မရဘူးပေါ့။  အများအားဖြင့်တော့ နောက်ကျတယ်..”။

နောက်ကျတတ်တယ် ဟုစကား ကြိုခံထားသော်လည်း အမေ ကတော့ (၅) နာရီကျော်တာနဲ့ မျှော်နေတတ်ပြီဟု အိမ်ကနှမက သတင်းပေးသည်။  မနက် ကျနော့် သားမနိးခင် အိမ်မှထွက် အလုပ်သွား၍ ညမှောင်မှ အိမ်ပြန်ဝင်လာသည့် ကျနော်တို့ ပထမကမ္ဘာ မှ လူနေမှု ပုံစံက အမေ့အတွက် အထာကျပုံမရပါ။

ရွာမှာ အမေသည် နေ့စဉ် နံနက် ၄ နာရီခွဲ ထ၍ ဆွမ်းချက်ကာ ညစဉ် ၉ နာရီခန့် ဘုရားဝတ်ပြု ၍ အိပ်ယာဝင်မြဲ။  ထိုသို့သော တောသူမကြီး အမေ့ အတွက် မိုးလင်းမိုးချုပ် အလုပ်ထဲမှာ နှစ်ထားရသည့် ကျနော်တို့ဘ၀တွေကို ဘ၀င်မကျနိင်ခြင်းမှာ သဘာဝကျပါသည်။  သို့သော် ဒါကို သူနားလည်လက်ခံထားဟန်ဖြင့် တခွန်းမှ ဖွင့်ဟ မပြောခဲ့ပါ။

တရက်တွင် ကျနော် အမေ့ကို Marina Bay Sand Hotel အပေါ်ဆုံးမှ Sky Park သို့ လိုက်ပို့သည်။  (၅၇) ထပ်အထက် အမိုးပေါ်တွင် တည်ထားသည့် စင်္ကာပူ မြို့ ကို စီးမိုးကြည့်ရှုနိင်သော မိုးပျံဥယျာဉ်ကြီး။

“စတုမဟာရာဇာ် နတ်ပြည်ဆိုတာ သာမျိုးနေမှာပဲ” ဟု အမေက ချီးဝှဲလေသည် ။

“အင်း..ငဒို့က ကြည့်တော့သာ ခဏရယ်၊ သူရို့ ခမျာ ဘယ်လောက် အပင်ပန်းခံ ဆောက်လိုက်ရမလဲ မသိဘူး” ဟု ဆောက်လုပ်ရေး အလုပ်သမားတွေအတွက် တွေးပူနေပြန်သေးသည် ။

“ဒါကြီးဆောက်တာ ဗမာတွေ အများကြီးပါတယ် အမေရ” ဆိုတော့ အင်းလေ .. “စာများများတတ်၊ ပက်ဆံ (ပိုက်ဆံ) များများရှိတော့ စာနည်းနည်းတတ် ပက်ဆပ် (ပိုက်ဆံ) နည်းနည်း ရှိတဲ့ လူတွေကို သေချာဂန ခိုင်းတတ်တာပေါ့” တဲ့။

တောသူမကြီး အမေရဲ့ ရိုးစင်းလှသည့် နိင်ငံရေးအမြင်။

ရွာပြန် ရောက်သောအခါ ရွာက လူတွေက စင်္ကာပူမှာ ဘာတွေ ထူးခြားသတုန်း လို့ မေးကြတော့ “ဘာထူးတုန်းသိချင် ကိုယ်တိုင် သွားကြည့်ပါမှပဲ၊ ကျုပ်ကတော့ စာမဖွဲ့တတ်ဘူး” လို့ အငေါ်တူးပါသတဲ့။

ခုတော့ အမေ သည်ထိုစကားအတွက် နောင်တ ရလျှက်ရှိသည် ။

“ငါပြောလိုက်တာ နှုတ်စရည် သင့်ကုန်ကြထင်ပါရဲ့”ဟု ယခုနှစ်အတွင်း စင်ကာပူရောက်လာ၍ အိမ်အကူလုပ်ကြမည့် သူ့ ဆွေထဲမျိုးထဲက ကျနော့် နှမကလေးများကို ညွှန်းကာဆိုလေသည် ။

အတန်းပညာ (၄) တန်းသာအောင်၍ တလျှောက်လုံး ရွာမှာကြီးပြင်းလာသည့် အမေသည် နိင်ငံရေး၊ ကမ္ဘာ့အရေး ကောင်းစွာ နားမလည်သော်လည်း ဇာစ်မြစ်ပါအောင်တော့ စကားပြောတတ်ပါသည်။

အိမ်အကူဘ၀ ဖြင့် ရွာမှ စင်္ကာပူရောက်နေသည့် ကျနော့် နှမငယ်တယောက်နှင့်ဖုံးပြောစဉ်ဝယ်
“ကြိုးစားအေ.. တောင့်ထား ..။ ကိုရင်ငပု ရဟန်းခံရအောင် ..။  နောက်နောက်က အကြောင်းမကောင်းခဲ့ လို့သာ တပြည်တရွာ ထွက် ရှာစားရသာ..။  နောင်ခါ တနေ့ အစိုးရတွေ ပြောင်းလို့ ကောင်းလာရင် စင်္ကာပူက လူတွေ တောင် ငဒို့ဆီ လာလုပ်ချင် လုပ်ရမှာ ။ အကြောင်းဆိုတာ ပြောလို့ ရတာမဟုတ်ဘူး .. အားငယ်မနေနဲ့ .." လို့ အားပေးပါလေသတဲ့။

ထိုအမေ နက်ဖြန်ခါ စင်ကာပူသို့ ရောက်လာဦးမည်။

တမြန်နေ့က ရွာမှထွက်စဉ် နွားလှည်းစီး၍ လာမှာ ဖြစ်ပေမင့် စင်္ကာပူ လေဆိပ်တွင် အမေ ကျီးကြည့် ကြောင်ကြည့် ကြည့်နေလိမ့်မည်မထင်။  လူဝင်မှုစီစစ်နေသော စားပွဲခုံ ကောင်တာနောက်မှ စင်ကာပူရီယန် အရာရှိအား စေ့စေ့ကြည့်၍ စိတ်ထဲမှ “ဒီတခါ ငါ့ အလှည့် ၊ နောက်မြေးမြစ်တွေ ကျရင် နင်တို့ အမေတွေ အလှည့်” လို့ များ ကျိန်နေလေမည်လော မပြောတတ်။  ။

ဖိုးစီ (ရုံးတော)
အောက်တိုဘာ ၁၅၊ ၂၀၁၄

(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။
)