သစ်ကောင်းအိမ် - မိကျောင်း ငိုတယ်

Photo - Aung Htet

သစ်ကောင်းအိမ် - မိကျောင်း ငိုတယ်
(မိုးမခ) အောက်တိုဘ ၇၊ ၂၀၁၄
(ပြန်လည်ဆန်းသစ်ခြင်း ၊ မူလ ဇူလိုင် ၁၇၊ ၂၀၀၉ မှာ ဖော်ပြပြီး)

ဘယ်လို ကာလပျက်ကြီးလဲ
ကြပ်ပြေးကို တိရစ္ဆာန်ရုံပြောင်းတော့
ဆင်တွေက မျက်ရည်ကျသတဲ့၊
ခုလည်း ဘယ်လို ဟာသပျက်ကြီးလဲ
ကမ္ဘာ့စီးပွားပျက်ကပ်မှာ အမေရိကား တင်ပို့ခံရလို့
မိကျောင်းတွေ ငိုကြသတဲ့၊
ဟုတ်တယ် မိကျောင်းမင်းတွေ
ငိုခင်း ပြကြတယ် …
အပုပ်အစပ် အလွန်ကြိုက်တဲ့ မိကျောင်းဟာ
ဆူလွယ်နပ်လွယ် သူ့ကျက်စားနေကျ
ရေချို ရေငန်စပ်က
မိကျောင်းမြို့တော်ကို သတိရလို့ဆိုပြီး
မိကျောင်း ငိုတယ်၊

အဲဒီ မြို့တော်မှာ
မိချောင်းတရာဝီစကီ သောက်ရင်း
မိချောင်းမ တရာနဲ့ ပျော်ပါးဖူးတဲ့
မိကျောင်းမျက်ရည် ကာရာအိုကေဘား အကြောင်း
ရွှေထီးဆောင်း ညတွေကို
စားမြုံပြန် တမ်းတပြီး
မိကျောင်း ငိုတယ်၊

လိုက်ထိုးစရာ နောက်ကျော မကျန်တော့လို့
ကိုယ့်လက်ထဲက ဓားနဲ့
ကိုယ့်ရင်ဝကိုယ် ပြန်ထိုးဖို့ပဲ ကျန်တော့သမို့
မိကျောင်း ငိုတယ်၊

ကိုယ့်အရေခွံ ကိုယ်ဆုပ်ရောင်းပြီး
ခြုံစရာ အရေ မရှိတော့လို့
မိကျောင်း ငိုတယ်၊

ကိုယ့်အမြီး ကိုယ် ဖြတ်ရောင်းပြီး
ယမ်းစရာ အမြီး မရှိတော့လို့
မိကျောင်း ငိုတယ်၊
မိကျောင်း ငိုတယ်
နာဂစ် ဒေသက
မလောက်မငှဆန်ကွဲတွေ အလှူခံ
သူ့ဆီ ပြန်ပို့ပေးရမယ့် လက်ပေါက်နဲ့
မိကျောင်းငိုတယ်၊
ဘာဘွန်း ၀ီစကီခွက်ထဲမှာ
သွေးပျက်နေသလား မိကျောင်း …
မိန်းမနဲ့ ဖက်အိပ်ပြီး
လောကကို ခံတွင်းပျက်နေသလား မိကျောင်း
ကုလားအုပ်တံဆိပ် စီးကရက်သောက်ပြီ
ဘ၀အမောတွေ ဖောက်နေသလား မိကျောင်း …

မိကျောင်းထဲမှာတောင်
မင်းက မိကျောင်းမင်းလည်း ဖြစ်ပြန်ဆိုတော့
ငိုခင်းပြ ပိုကောင်းအောင်
ငမိုးရိပ်နဲ့လည်း မနီးလေတော့
ရေချိုးကြွေဇလုံထဲမှာသာ
နှာခေါင်းဖော် သေလိုက်ပါတော့ မိကျောင်း။ ။

(၁၆. ဇူလိုင်. ၂၀၀၉)

(မိုးမခ စာကြွင်း - ကဗျာဆရာက သူ့ကဗျာ ပြန်ရှာတာ မတွေ့ဖူး ဆိုလို့ ပြန်ရှာပြီး တင်ပေးလိုက်တယ်)