စင်္ကာပူ အိမ်တွင်းအလုပ်သမား အေဂျင်စီ ၀က်ဆိုက်မှ မြန်မာအလုပ်သမားများ စာရင်းနှင့် ကိုယ်ရေးအကျဉ်း |
ဖိုးထက် - အိမ်ဖော် နိုင်ငံရေး
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၄
မြန်မာအိမ်ဖော်များကို ခေတ်သစ်ကျွန်ရောင်းဝယ်သလိုမျိုး ကလေး အစမ်းထိန်းပြ၊ သန့်ရှင်းရေး အစမ်းလုပ်ပြ နှင့် စင်္ကာပူ အေးဂျင့်တစ်ခုမှ ဈေးကွက်တင်သောအခါ အားလုံး ပွက်လောရိုက်ကုန်ကြသည်။ လူ့အခွင့်အရေး ချိုးဖောက်တယ်၊ မချိုးဖောက်ဘူး ဆိုတာထက် လူ လူချင်း ကျင့်ဝတ်ကို ဖောက်ဖျက်တာတော့ အမှန်။ သာကီမျိုး ကျွန်တော်က မြန်မာအလုပ်သမ လေးများဘက်က နာပါသည်။ မခံချင်ဖြစ်မိပါသည်။ ခံပြင်းပါသည်။ နေနှင့်အုံးပေါ့ကွာဆိုပြီး ငါတို့ချမ်းသာမှ နင်တို့စလုံးတွေ နိုင်ငံအရိပ်တောင် မနင်းနဲ့ဟု ကြုံးဝါး မိသည်။ လူကြီး တစ်ဦးကလဲ တစ်နှစ်အတွင်း စလုံးကို အမှီလိုက်မယ်လို့ ဆိုထားမို့လား။ စလုံးက သူတို့ကို ရပ်စောင့်မယ်လို့ သူ့ခမျာလဲ ထင်ဟန်ရှိသည်။ ရှိပါစေတော့။ အကျယ် အကျယ် မငြိမ်းဖွယ် ဖြစ်ကြရင် မျက်နှာပျက်စရာတွေက အများကြီးမို့လား။ ကိုယ်ညံ့လို့ ကိုယ်ခံကြရတာ ဘာတတ်နိုင်မှာလဲ။ ဒီစလုံးတွေ အလုပ်လုပ်တာ ညွှန့်ကို ညွှန့်တယ်လို့ တွေးမိပြီး ထိုနေ့က ဆေးခွင့်ယူကာ အိမ်မှာ အိပ်ပစ်လိုက်သည်။ မှတ်ကရော…. ဒင်းတို့ နိုင်ငံ ငါ့တစ်ရက် လုပ်အားဆုံးရှုံးပါစေပေါ့။
ဆိုရှယ် မီဒီယာတွေပေါ်မှာ၊ နိုင်ငံတကာ သတင်း ဌာနတွေမှာ စလုံးတွေ (၄င်း အိမ်ဖော်အေးဂျင့်) ထိုကိစ္စအတွက် လူဝါး ၀တာကို ထောက်ပြ၊ ဝေဖန်ကြသည်။ ပြော ပြောပေါ့။ သူတို့ဆီမှာက ရှင်းရှင်းနဲ့ ဗွင်းဗွင်း။ ဒီမိုကရေစီ လာမလုပ်နဲ့။ အားလုံး အဆင်ပြေ လွယ်ကူအောင် စီမံခန့်ခွဲပေးမည်။ ဥပဒေကို လိုက်နာ။ ဘာဒုက္ခမှ မဖြစ်စေရ။ အာမခံသည်။ သို့သော် Lee မိသားစုကိုတော့ မထိလေနှင့်။ “စုတ်ပြတ်သွားမယ်.. စုတ်ပြတ်သွားမယ်” ဟု ကိုလေးဖြူသီချင်း ဆိုရမည်။ တစ်လောက စလုံးလူမျိုး ပါမောက္ခတစ်ယောက် အတိုက်အခံ ပါတီဘက်ကို ကူသည်။ ဘက်ပြောင်းသည်။ ဒီမိုကရေစီ ရရှိရေး၊ တို့ အရေး လုပ်သည်။ အနှီ ပါမောက္ခ၏ ငယ်ကျိုး ငယ်နာများနှင့် တကွ အငှားကား ငှားစီးတာ ပြားငါးဆယ် (မြန်မာငွေ ၄၀၀ ခန့်) ပိုတင်ထားတယ်ဟု အပြစ်ရှာသည်။ မလိုအပ်ဘဲနှင့် အငှားကား ငှားစီးတယ်ဟု လက်ညှိုးထိုးသည်။ စင်္ကာပူ မြန်မာ့အလင်း ဖြစ်သည့် သီစထရိတ်တိုင်းထဲမှာ ထည့်သည်။ သွားပေရော့ မြောင်းထဲ။ ပလုံလို့တောင် အသံမမြည်နိုင်တော့။ မြုပ်သွားအောင် မြှုပ်ပြစ်သည်။ (သခင်အားရ ကျွန်ပါးဝအကောင်တွေ အင်္ဂလိပ်လို ဘာသာပြန်ပြီး သွားတိုင်ရင်ဖြင့် ကျွန်တော့်မှာ ပလုံလို့ အသံမြည်စမ်းပါရစေ)
ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း အားလုံး လုပ်ငန်းကြီးတွေမှာ သူတို့ မိသားစုဝင်တွေ တစ်ယောက်မဟုတ် တစ်ယောက် ပါတ်သက်သည်။ သို့သော် ခေါင်းပုံတော့ မဖြတ်။ ခိုးတာတော့ မခိုး။ အမှန်တကယ် အလုပ်လုပ်သည်။ အမြတ်သေချာသည့် လုပ်ငန်းတွေကိုဖြင့် လက်ဝါးတင်မက တက်ပါ ထိုင်ထားသည့် သဘော။ ရှိပါစေလေ။ ကိုယ့်နိုင်ငံမှ မဟုတ်တာ။ ကိုယ့်ဘာသာ အလုပ်လုပ်။ အချိန်တန် လစာထုတ်။ ပျော်ပါး၊ စားသောက်၊ မူးယစ်၊ ဥပဒေလိုက်နာ။ ဘယ်လောက် အဆင်ပြေပြေ အချိန်တန်ရင်တော့ ရွှေပြည်ကြီးကို ပြန်ကို ပြန်ရမှာဘဲ မို့လား။ နောက်ဆယ်နှစ်လား၊ နှစ်နှစ်ဆယ်လား၊ သေငယ်ဇော မျောနေမှလား။ ဒါကတော့ ဘုရားသခင်နှင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်မှသာ သိနိုင်မည်။ ဘောင်းဘီချွတ် ရွေးကောက်ပွဲ ကော်မရှင်နှင့် ဘောင်းဘီချွတ် အစိုးရက စိတ်စေတနာ မကောင်းလျှင်ဖြင့် သွားပေအုံးတော့ နောက် ရာစုနှစ် တစ်ဝက်ခန့်။ အရူးစကား အရူးပြောလို့ဘဲ မှတ်ပါလေ။ တောင်ရောက် မြောက်ရောက်။ အိမ်ဖော်ကိစ္စ ဆက်စမ်းပါရစီ။
၎င်း အိမ်ဖော်ကိစ္စကြောင့် ကျွန်တော်တို့ ဘက်ကလဲ ပြန်စီစစ်မယ်၊ တောင်းဆိုပါတယ် ဘာညာ လုပ်ပြီး မကြာခင် စလုံး MRT ဘူတာ တစ်ခုမှာ အိမ်ဖော်ကြေငြာ တွေက မြင်မကောင်းအောင် ကပ်ထားတာ တွေ့ရသည်။ ကျွန်တော်ကိုကဘဲ အထိမခံ ရွှေပုဂံ sensitive ဖြစ်လွန်းတာလား မသိ။ ထိုကြေငြာ ကြေငြာသူ အေးဂျင့် လုပ်ပုံက ဒီလို။ “ကောင်းမွန်စွာ လေ့ကျင့်သင်ကြားထားသော၊ ကောင်းမွန်စွာ ကျန်းမာရေး စစ်ဆေးပြီးသော၊ စင်္ကာပူ ဥပဒေကို ကောင်းမွန်စွာ နားလည်သော၊ ကောင်းမွန်စွာ ရိုသေ၊ ကျိုးနွံ့သော မြန်မာ အိမ်ဖော်များ ရပြီ။ ရပြီ။ ရပြီ” တဲ့။ အန်…ဒါ သက်သက် သောက်ရှက်ခွဲတာဘဲလို့ တစ်ယောက်တည်း ဒေါပွရင်း ကြေငြာကို သေချာကြည့်ပါမှ ဖိလစ်ပင်း၊ အင်ဒိုနီးရှားများလဲ ပါသကိုး။ သို့သော် မြန်မာဆိုသည့် စာလုံးနှင့် ဖိလစ်ပင်း၊ အင်ဒိုနီးရှန်းဆိုသည့် Font size တွေက မတူ။ မြန်မာစာလုံးကို ပိုကြီး၊ ပိုခံ့အောင် အသေအချာ ဒီဇိုင်းဆွဲ ကြေငြာ ထားသည်ဘဲ။ စာလုံးမည်းကြီးနဲ့ဆိုတာ ဒါမျိုးကွလို့ လက်ပန်းပေါက်လိုက်သည်။
“မကျေနပ် လေဖြတ်။ သူ့လုပ်ပိုင်ခွင့်ထဲက သူလုပ်တဲ့ကိစ္စ။ နင်တောင် ပြည်တွင်းမှာထက် ပိုက်ဆံ ပိုရချင်လို့ ဒင်းတို့ ပြော ပြောနေတဲ့ စတင်းဒတ်ဆိုတာကြီးကို လှိမ့်နေအောင် ခံနေရတာ မဟုတ်ဘူးလား” ဟု ကိုယ့်ကျောကိုယ် သပ်ကာ ဖြေသိမ့်လိုက်ရသည်။ ဖြေသိမ့်လိုက်အုံးဟဲ့ နောက်တစ်ခါ။ ကိုကေအေတီ ခင်ဗျားဗျာ….
စင်္ကာပူ အိမ်ဖော် အေးဂျင့်တစ်ခု မှာ အလုပ်လုပ်သည့် ကျွန့်တော့် မိတ်ဆွေ အမျိုး သမီး တစ်ယောက်ရှိသည်။ သူပြောပြသည့် အိမ်ဖော် ဇာတ်လမ်းတွေက တစ်ထောင့်တစ်ည ပုံပြင်ကို ဘာသာပြန်သည့် သခင်ဘသောင်း ကိုသာ ပြောပြရလျှင် ဆရာကြီးက အဲဒီ ပုံပြင်စာအုပ်ကြီးကို ဘာသာမပြန်ဘဲ အိမ်ဖော် ဇာတ်လမ်းတွဲတွေ အတွဲလိုက် ရေးနိုင်သည်။ များမှ များ။ ရှုပ်မှ ရှုပ်။ အိမ်ဖော် ကောင်းပြန်တော့ အိမ်ရှင် မကောင်း။ အိမ်ရှင်ကောင်းပြန်တော့ အိမ်ဖော်က ဆိုး။ အိမ်ရှင်ကောင်းတာတော့ ရှားသည်လို့ သူက ဖြည့်စွက်ပြောတတ်သည်။ တစ်ချို့ ဇာတ်လမ်းတွေက ငိုရခက်၊ ရီရခက်။
အင်ဒို အမျိုးသမီး တစ်ယောက် စလုံးကျွန်းပေါ်မှာ အိမ်ဖော် လာလုပ်သည်။ ဆေးစစ်သည်။ ကိုယ်ဝန် ရှိ လာ၊ မလာပါ စစ်သည်။ အားလုံး ရှင်းပါသည် ခင်ဗျားပေါ့။ မရှင်းတာက ထိုအမျိုးသမီးမှာ အင်ဒိုနီးရှားမှာကတည်းက ကိုယ်ဝန်ရှိလာသည်။ ကိုယ်ဝန်ရှိခါစဆိုတော့ ဆေးစစ်စဉ်က မတွေ့ခဲ့တာလဲ ဖြစ်နိုင်သည်။ ဒါတော့ ကျွန်တော်လဲ ကိုယ်ဝန် မဆောင်ဘူးတော့ နားမလည်။ သေချာတာကတော့ သူ့နိုင်ငံကတည်းက ကိုယ်ဝန်ရှိလာသည်။ ဒီမှာ ဆေးစစ်တော့ လွတ်လာသည်။ MOM နှင့် အိမ်ရှင်သားအမိ နှစ်ယောက်ကို လိမ်လို့ရခဲ့သည်။ အိမ်ရှင် သားအမိ နှစ်ယောက်မှာ အမေဖြစ်သူက ဘီတပ်ကုလားထိုင်ပေါ်မှာ။ သူ့ကို အဓိက ပြုစုရခြင်းဖြစ်သည်။ သမီးဖြစ်သူက ညတွေ အလုပ်ဆင်း။ နေ့ခင်းဘက် တစ်နေကုန် အိပ်ရသည့် အလုပ်။ (ဟယ်…အဲဒီအလုပ် ဘာအလုပ်လဲ မမေးနဲ့။ ကျွန်တော့် မိတ်ဆွေကလဲ ပြောမသွားဘူး။ စက်ရုံတစ်ရုံက ထုတ်လုပ်ရေး အော်ပရေတာလို့ မှတ်လိုက်) ဒီတော့ သူ့ကို သတိထားပြီး ကြည့်နိုင်ဟန်လဲ မတူ။ အလုပ်လုပ်တာ အဆင်ပြေနေရင် ပြီးရော သဘော။ ဗိုက်ကြီးပူပူလာတယ်ဆိုတာ တွေ့နေ မြင်နေကြလူက ဘယ်သိမှာလဲ။ ဥပမာအားဖြင့် ကျွန်တော်တို့တွေ ဘီယာတွေ စွတ်သောက်၊ ဖောလာကြတာမှာ အခန်းဖော် အချင်းချင်းတော့ “ချောပါသေးတယ်ဟ။ သိပ်ပူသေးပါဘူး” လို့ ထင်သလိုမျိုး နေမှာပေါ့။ တကယ်ကျတော့ ပူတာမှ ဘာမှ မမြင်ရတော့။ ခြေမ။ ဟူး….
ပြီးတော့ သူ့ပုံစံက ထောင်ထောင်မောင်းမောင်း ၀၀ ဖြိုးဖြိုး။ ပူလာသော ဗိုက်က သိပ်ကြီး မသိသာတဲ့။ မသိသာအောင်လဲ သူက သတိထားတာလဲ ပါမှာပေါ့။ သူကိုယ်ဝန်ရှိကြောင်း ပြောပြလိုက်ပြန်ရင်လဲ သူပေးခဲ့ရတဲ့ အေးဂျင့်ဖိုးငွေတွေက ဘယ့်နှယ့်လုပ်မလဲ။ ကိုယ်ဝန်ကြီးနှင့် သူများ အလုပ်လဲ လုပ်ရစဉ်မှာ ဘယ်သူက လိမ်ချင်မှာတဲ့လဲ။ ဒါပေမယ့် မတတ်နိုင်တော့။ ခပ်တည်တည်နှင့် ဆက်လှိမ့်ခဲ့သည်။ တိုတိုပြောရလျှင် မွေးချိန်ကျတော့ ရေချိုးခန်းထဲမှာ တံခါးပိတ်ပြီး သူ့ဘာသာ ကြိတ်ပြီး မွေးဖို့ ကြိုးစားသည်။ မွေးပြီးမှ ကလေးကို ပစ်ချင်လဲ ပစ်မယ်လို့ တွေးချင် တွေးမှာပေါ့လေ။ သို့သော် ရေချိုးခန်းထဲမှာ တစ်ယောက်တည်း မရှူ နိုင်၊ မကယ်နိုင်ဖြစ်ကာ အိမ်ရှင်တွေပါသိသွားပြီး ဆေးရုံတင်လိုက်သည်။ မယ်မင်းကြီးမကို အင်ဒိုနီးရှားသို့ ပြန်ပို့လိုက်ရသည်။ ကလေးကော အမေရော အသက်ပါမသွားတာ ကျေးဇူးတင်ရမည်။
တစ်ခါသားကျတော့ အိမ်ဖော် ဖိလစ်ပင်း အမျိုးသမီးကြီးတစ်ယောက် အဲဒီအိမ်မှာ အလုပ်လုပ်လာတာ ဆယ်လေး ငါးနှစ် ကြာခဲ့ပြီတဲ့။ စလုံးကလေးတွေ မွေးစကတည်းက ကလေးတွေ တက္ကသိုလ်တက်သည်အထိ သူ့လက်ပေါ်မှာ ကြီးလာကြရသည်။ သူမှသူ။ သူတို့ မိဘတွေ ပြောလျှင် မရချင်။ အဲဒီ အိမ်ဖော် အဖွားကြီး ပြောရင် နားထောင်ကြသည်။ သူကလဲ ကလေးတွေကို ချစ်တာ ဘယ်အထိများလဲဆိုလျှင် သူ့ အိမ်ရှင်တွေကို “လစာ မပေးလဲ နေပါတော့။ ထမင်းဘဲ ကျွေးပါ။ ငါ့ကို ဒီကလေးတွေနဲ့ မခွဲပါနဲ့” လို့ကို ပြောသည်။ ဒီလို သံယောဇဉ်တွေမျိုး အိမ်ဖော်နှင့် အိမ်ရှင်ကြားမှာ ရှိတောင့် ရှိခဲ ရှိတတ်သည်တဲ့။
“ဒါဆို ကျွန်တော်တို့ မြန်မာ အိမ်ဖော်တွေကော အဆင်ပြေကြလား” လို့ ကျွန်တော်က မေးတော့ “စလုံး အိမ်ရှင်တွေ သိပ်ကြိုက်ပေါ့” တဲ့။ ပါးနပ်တယ်။ ရိုကျိုးတယ်။ ခိုင်းတဲ့ ဟာကို စိတ်ချရတယ်။ ဘာသာ စကား အခက်အခဲ ရှိပေမယ့် သိပ်လည်တယ် တဲ့။ “ကျွန်တော့် ညီမတွေများလားဗျာ။ ခင်ဗျားပြောတဲ့ အရည်အချင်းတွေ ကျွန်တော့်မှာ အကုန်ရှိပါ့” လို့ ပြန်ပြောတော့ “ဟဲ့ မြန်မာလူမျိုးက လူရည်လည်ပေမယ့် စည်းကမ်းကျတော့ အားနည်းတယ်ဟဲ့” တဲ့။ သူ ဘာပြောချင်သလဲ ကျွန်တော် တကယ်မသိ။ ၀ါးလုံးရှည်နဲ့ အီးသုတ်ရမ်းသလား။ သို့တည်းမဟုတ် သူကြုံဆုံရသော ကျွန်တော်တို့၏ ညီမ အိမ်ဖော်များကို ပြောသလော။ မမေးဖြစ်ခဲ့ပါ။
ဟော…ခုတော့ သတင်း တစ်ပုဒ် ဖတ်ရသည်။ မြန်မာ အိမ်ဖော်ကို မြန်မာ ပီအာတစ်ယောက်က အနိုင်ကျင့်စော်ကားလို့ စင်္ကာပူ အစိုးရက ဒဏ်ငွေ ရိုက်သည်တဲ့။ အိမ်ဖော်နှင့် အိမ်ရှင် ဆက်ဆံရေးမှာ အနိုင်မကျင့်သော အိမ်ရှင် ခပ်ရှားရှားဖြစ်ပေလိမ့်မည်။ ကိုယ်ထိလက်ရောက် မလုပ်ရင်တောင်မှ နှုတ်အားဖြင့် ဆဲကြ၊ ဆိုကြ အနိုင်ကျင့်ကြသည်ဘဲ။ လူ၊ လူချင်း ငါတို့ကို ကူညီပေးနေတဲ့ အလုပ်သမားပါလားဆိုသည့် စိတ်မျိုးဖြင့် ဆက်ဆံကြသော အိမ်ရှင်များပင်လျှင် အိမ်ဖော်များကို တန်းတူ၊ ရည်တူ ထမင်း စားဝိုင်း တစ်ဝိုင်းထဲ အတူ ထိုင်စားဖို့ဆိုတာ ရှိတော့ ရှိပါလိမ့်မည်။ နေ့ခင်း ကြောင်တောင် မီးထွန်းပြီး ရှာရသလိုမျိုး ရှားပါလိမ့်မည်။ စင်္ကာပူ အိမ်ရှင်တွေ အိမ်ဖော်တွေ အပေါ် ဘယ်အထိ အနိုင်ကျင့်တယ်ဆိုတာ ကျွန်တော့် မိတ်ဆွေ အမျိုးသမီး ပြောပြချက်အရ သိရသည်။ သူတို့က အိမ်ဖော်နှင့် အိမ်ရှင်ကြားက စေ့စပ်ညှိနှိုင်းရသူမို့လား။ ပြဿနာပေါင်း သောင်းခြောက်ထောင် နေ့စဉ်ဖြေရှင်းရသည်။ အခု မြန်မာ အမျိုးသမီး လုပ်သလိုမျိုး ခေါင်းကို လက်နှင့် ပုတ်ခြင်း၊ စော်ကားခြင်းလောက်ကတော့ မလုပ်သင့် မလုပ်ထိုက်ပေမယ့် အပရိက ကိစ္စမျိုးတဲ့။ နေ့စဉ် ဖြေရှင်းပေးနေရတဲ့ အရာတွေပါတဲ့။
ဒီလို ဆိုရင်ဖြင့် မြန်မာအစိုးရက စလုံးတွေ ကြိုက်သည့် မြန်မာ အိမ်ဖော်တွေကို စလုံး မသွားရလို့ ပိတ်ပင်တားဆီးတာရဲ့ အကျိုးဆက်လေများလားလို့ အတွေးခေါင်မိသည်။ (“မသွားရဘူးသာ ပြောတယ်။ ရန်ကုန်လေဆိပ် လ၀ကမှာ တစ်ယောက် ဒေါ်လာ ငါးဆယ်နဲ့ လာလို့ရပါ့
လို့ မိတ်ဆွေ အမျိုးသမီးက ပြောသွားသည်။ လက်ဆုပ် လက်ကိုင်မရှိရင် မတိုင်ရဘူးလို့ ပြောထားမို့လား။ တိုင်ရဲပေါင်ဗျာ။ ဒါက စကားချပ်) စင်္ကာပူ အစိုးရက နင်တို့ အိမ်ဖော်တွေကို အနိုင်ကျင့်တာ၊ စော်ကားတာ ငါတို့တင် မဟုတ်။ နင်တို့ လူမျိုး ကိုယ်တိုင်ပါဗျာ ဆိုသည့် အချိုးမျိုး များ ချိုးလေသလား။ ကျွန်တော် အတွေးခေါင်ပြန်ပြီ ထင်သည်။ အစစ အရာရာ အဆင်ပြေ ချောမွေ့နေသော နေရာကို ရောက်ကြလျှင် မြန်မာလူမျိုးဆိုတာက ဘ၀င်မြင့်သည်။ အောက်ခြေလွတ်သည်။ ပါမောက္ခလေသံနှင့် စကားပြောမည်။ ငါ့ထက်ပိုပြီး ဘယ်သူမှ ပိုမသိဆိုသည့် အမြင်ဖြင့် ပါတ်ဝန်းကျင်ကို ကြည့်သည်။ ခက်တော့ ခက်သည်။ ဒီလို အချိုးတွေက ကျွန်တော့်မှာလဲ ရှိသည်။ အဲဒီ အိမ်ဖော်ကို စော်ကားသည့် မြန်မာ အမျိုးသမီး ဆီမှာလဲ ရှိသည်။ နောက်ပြီး ကျွန်တော်တို့ လူကြီးတွေဆီမှာလဲ ရှိတာဘဲ မို့လား။ အမယ်…သူတို့က ပိုသေးဗျာ။
စလုံးမှာက Lee မိသားစု မထိရင် ပြီးတယ်။ ကျွန်တော်တို့ဆီမှာက ငါးသိန်းလောက်ရှိတဲ့ လူတွေကို မထိနဲ့ဗျား။ စုတ်ပြတ်သွားမယ်..စုတ်ပြတ်သွားမယ်…. မီးလောင်သွားမယ်…. မီးလောင်သွားမယ်…. စစ်ဖြစ်သွားမယ်…စစ်ဖြစ်သွားမယ်…၂၀၁၅ ရွှေ့ပြစ်လိုက်ရမလား…ရွှေ့ပြစ်လိုက်ရမလား…
ဖိုးထက်