Photo - Aung Htet |
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄
တနင်္ဂနွေ ဆို အိပ်ရာဝင် နောက်ကျပြီး တနင်္လာ မနက် ရုံးအသွား ခက်တာ အကျင့်တခုလို ဖြစ်နေပြီ။ ချမ်းစိမ့်စိမ့်လေး ဖြစ်နေရင် ပိုဆိုးသေးသည်။ ၇း၀၀ နာရီ နှိုးစက် မြည်လို့ မထ ဖြစ်သေးရင်တော့ Taxi နဲ့ သွားရလေ့ရှိသည်။
ဒီမနက်လည်း ထုံးစံမပျက် နောက်ကျ လျက်ပင်။ တိုက်အပြင် ထွက်ပြီး Taxi စောင့်ဖို့ ပြင်တော့ လမ်း ဘယ်/ညာ မှာ ကိုယ်လို ဘ၀တူတွေက အစီအရီ။ ကိစ္စမရှိပါ။ ရုံးတက်၊ ရုံးဆင်း ကားလမ်း ကျပ် ချိန်တွေမှာ ကားဆရာတွေက သွားမယ့် နေရာ မေးပြီး ခေါက်တိုသာ လိုက်ချင်သော အကျင့်ရှိကြသည်။ ကျနော့် အလုပ်က နီးနီးကလေး။
ရုတ်တရက် ငှားပြီး (Hired) မီးအနီ ဖွင့်ထားသော Taxi တစ်စင်းက ပြတင်းမှန်ချ၍ နံဘေးမှာ ရပ်လာသည်။
“Woodland Ave 9” လို့ ကျနော်လှမ်းအော် ပြောတော့ မေးဆတ်၍ ကားထဲဝင်စေလေသည်။
ထိုင် ထိုင်ချင်းမှာပင် ကျနော်ကိုယ်က မတ်ခနဲ ဖြစ်ကာ သူ့ကို လှည့်ကြည့် လိုက်မိသည်။ အသက် ၆၀ တန်းခန့် စလုံး တရုတ်ပေါက်နဲ့ အဘိုးကြီး တစ်ယောက် ။ ကားထဲမှာ ဖွင့်ထားသည်က ချစ်လှစွာသော မျိုးကြီး ဧ။် “အဆိပ်ခွက်”။
"နေကောင်းလား .." သူ့ မြန်မာ စကားသံက ပီပီသသ။
"ကောင်းပါတယ် ခင်ဗျ၊ ဦး က ဗမာလား"။
"မဟုတ်ဘူး၊ အိုင်အမ် စင်ကပူရီယမ်"
"အိုး.. မြန်မာ စကားတတ်နေတာပဲ"
"တတ်တယ်၊ နည်းနည်း တတ်တယ်၊ ချစ်တယ်၊ စားမယ်၊ ကောင်းဒယ်၊ ဘယ်တွားမလဲ..”။
သူက တတ်သမျှတွေ ကြွားတော့ ကျနော့မှာ ပြုံးရလေသည်။
"မျိုးကြီး ကြိုက်လား”။
“Change the song?"
"မပြောင်းပါနဲ့၊ ကျနော် ဒီသီချင်း ကြိုက်တယ်"။
♬ ♪ ♩ ♭ ♫ ∮… ငါဟာ မုန်တိုင်းကြားထဲက..
လေလွင့်တဲ့ ငှက်တစ်ကောင်..
မင်း.. ထားခဲ့စမ်း .. ♬ ♪ ♩ ♭ ♫ ∮…
သူက သီချင်းကို ပါးစပ်လှုပ်ရုံ ညည်းရင်း “သိပ်ကောင်းတာပဲ” ဟု ရေရွတ် နေသေးသည်။
မျိုးကြီး ကောင်းတယ်၊ ၀ိုင်ဝိုင်း ကြိုက်တယ်၊ လဲဖြူ ကောင်းတယ် ..."။
ကျနော် သိလိုက်ပါပြီ ။ သူ့ အာစရိ ကိုရွှေဗမာဟာ IC ပရိသတ်ဖြစ်ရမည်။
“အဆိပ်ခွက်” ဆုံးသွားတော့ ဒက်ရှ်ဘုတ်ကို ဖွင့်ရင်း သူ CD ထပ်ရှာသည်။ အနည်းငယ် ကြွားလိုဟန်လည်းရှိသည်။ ကျနော် မျက်စိဝေ့ ကြည့်လိုက်တော့ အားပါး.. ဗမာခွေတွေ ချည်းပါလား။ သူက ရင်ဂို ရဲ့ သင်္ကြန် တေးစုကို ရွေးထုတ်ရင်း “ရင်ဂို” ဟု တိုးတိုးရေရွတ်လိုက်သေးသည်။
ကြည့်ကြပါဦးဗျာ။ စိတ်ဖိစီးမှုတွေ များလှသော တိုင်းခြား ပြည်ခြားမှာ သင်္ကြန်မိုး သီချင်းသံကလေးနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ရုံးသွားနေရတာ အိပ်မက် မက်နေ သလား အောက်မေ့ ရသေးတော့သည် ။ ပြီးတော့ ဒီ သီချင်း ချစ်သူကြီးဟာ သွေးမတူ၊ မွေးမတူ တကျွန်းပေါက် အဖိုးကြီး တစ်ယောက်။
"Where u got these CDs?”
"ကျော်ကျော်ယံဦး ပေးတယ်"။ (နားထဲကြားရသလို ပြန်ရေးတာပါ၊ မှားနိုင်ပါတယ်။)
“သြော်.. မြန်မာ စကား သူ သင်ပေးတာလား"။
"ဟုတ်တယ်၊ CD တွေ အများကြီး ထပ်မှာထားတယ်"
"ဗမာပြည် အလည် မသွားဘူးလား"။
"Sorry, again?"
"အလည် .. visit .."
" Oh.. သွားမယ်။ saving money.. ဈေးကြီးတယ်လို့ ပြောတယ်"။
ပြောပြီး သူက လမ်းမကို ငေးကာ ကားကို ဂရုစိုက် မောင်းလျက် ရှိသောကြောင့် ကျနော် စကားစရပ်ပေးလိုက်သည်.။ မေးချင်နေသေးတာတွေ ကတော့ အများကြီး။ ခဏကြာတော့ ကျနော်ခွင့်တောင်းသည်။
"အန်ကယ် Can I take a photo?"
"Of course, can…" ကျနော် ဖုံးနဲ့ သူ့ ကားလိုင်စင်နံပါတ်နဲ့ သူ့ ပုံကို ရိုက်လိုက်သည်။
ကျနော့်ရုံးက ၁၀ မိနစ်ကျော်သာ မောင်းရသည်။ ကားခရှင်းပြီး ဆင်းတော့ သူကပင် “ဖြည်းဖြည်းသွား” လို့ လောက၀တ် စကားပြောလိုက်ချေသေးသည်။
ရုံးခန်းရှိရာ လမ်းလျှောက်ရင်း ကျနော့် အတွေးတွေ ပလုံစီ လျက်ရှိသည်။ ကျနော် ဒီ ဦးလေးကြီးထက် ပို၍ သူ့ကို မြန်မာ သီချင်း ချစ်တတ်အောင် ပုံသွင်းခဲ့သော ရွှေအချင်းချင်းကို အလေးပြုချင်နေပါသည်။ "ငဘ" ၀တ္ထု ရေးသော ဆရာကြီး မောင်ထင် ဟာ တရုတ်သွေးပါသည်ဟု ကြားဖူးသည်။ သူငယ်စဉ်က မိဘများက ဘုရားကျောင်းလူကြီးများထံ သွား၍ တရုတ်စာသင်စေတော့ သူကား တရုတ်စာ ကောင်းကောင်းမတတ်ခဲ့၊ လူကြီးတွေတော့ မြန်မာစာတတ်ကုန်သည်ဟု ဖတ်ဖူးသည်။
နှစ်ပေါင်း ထောင်ချီ၍ လူမျိုးကြီး( ၂) ခု ကြားညပ်ခဲ့တာတောင် ကျနော်တို့ စကားမပျောက်အောင် ဘိုးဘွားတွေ ဘယ်လိုရှင်သန်ခဲ့ကြပါသလဲ။ လူမှုဘ၀ နေထိုင်မှုပုံစံ Flexible ဖြစ်လွန်းခြင်းက ကျနော်တို့ကို ရှင်သန်ကျန်ရစ်စေခဲ့သည်ဟု ထင်သည်။ ကုလားဆီက ဒိုတီကို ကျနော်တို့ ပုဆိုးယူဝတ်တော့ ပိုသပ်ရပ်တယ်ဟု ထင်သလို တရုတ်ရင်ဖုံးကို ဆင့်ကာထွင်လိုက်သော တိုက်ပုံကလည်း ကိုယ့်နည်းကိုယ်ဟန် ခန့်ညားလှသည် အမှန်ပင်။
အတွေးတွေ ယောက်ယက်ခတ်ကာ ရုံးထဲသို့ အ၀င်မှာ ကာယာတီ (Ka Yati) ဟု ကျနော်က နံမယ်ပြောင်ပေးထားသော မလေးအဖွားကြီးက "နောက်ကျားဒယ်'' ဟု လှမ်းအော်တော့ ကိုယ့်ဘာသာ ကျိတ်ပြုံး၍ ကျေနပ်နေမိလေသည်။
ဖိုးစီ (ရုံးတော)
(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။ အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။)