ကိုသန်းလွင် - နောက်ဘဝ
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၄
(၁)
အောက်တိုဘာလ ရ ရက်နေ့ လန်ဒန်ထုတ် တယ်လီဂရပ် သတင်းစာကြီးက “ နောက်ဘ၀ရှိသည်ဆိုခြင်း ကို သိပ္ပံနည်းကျ သက်သေပြရန် ပဌမအဆင့်ကိုတွေ့ရှိရပြီ” ဟူ၍ သတင်းရေးသားထုတ်ပြန်ခဲ့သည်၊ ထိုသတင်း ကို ကိုးကားခါ စင်္ကာပူ စထရိတ်တိုင်း(မ) သတင်းစာက “နောက်ဘ၀ရှိသည်ဆိုခြင်း၏ သက်သေကိုရှာဖွေခြင်း “ ဟူသော ခေါင်းစဉ်ဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သတင်းဖေါ်ပြခဲ့ပြန်သည်၊
သိပ္ပံနည်းကျ လက်တွေ့ပြနိုင်မှသာ ယုံကြည်လေ့ရှိကြသောပညာတတ် ပုဂ္ဂိုလ်ကြီးများက နောက်ဘ၀ရှိသည် ဆိုခြင်းကို လက်မခံနိုင်ဖြစ်နေကြသောအခါ မြန်မာဗုဒ္ဒဘာသာဝင်ကျွန်တော့်အဖို့ တွေးစရာများရှိလာကြပါသည်၊
(၂)
ရှိတ်စပီးယားက ဟင်းမလက်ပြဇတ်တွင် သင်သေသွားသော် အိမ်မက်တွေမက်ပါလိမ့်မည်ဟု နောက်ဘ၀ ကို ရည်ညွှန်းရေးသားခဲ့သည်၊အီဂျစ်လူမျိုးတို့သည် တချိန်တွင် လူ့ဘ၀ကို ပြန်လည် ရရှိလိမ့်မည်ဆိုကာ သူတို့ အလောင်း ကောင်တွေ ကိုတာရှည်ခိုင်ခန့်အောင်စီမံကြသည်၊ ဟိန္ဒူများကမူ အ၀တ်ဟောင်းကို စွန့်ပြစ်ပြီး အ၀တ် သစ်ကို ၀တ်ဆင် သကဲ့သို့ ဘ၀များပြောင်းလဲကြသည်ဟု ဘဂ၀ါ ဂီတ (Bhagavad Gita) တွင် ဆိုသည်၊ ခရစ္စယမ် တို့က ထာဝရ မပျောက်ပျက်သော ၀ိဥာဉ်ကို ယုံကြည်ကြသည်၊
ဗုဒ္ဓဘုရားရှင်က သတ္တ၀ါ တို့၏နောင်တွင်ဖြစ်ရမည့် ဘ၀များအကြောင်းကို နေရာပေါင်းများစွာတွင် ဟောကြားခဲ့ သည်၊ ကံ၊ ကံ၏အကျိုးဟု ဆိုသောဤဘ၀တွင်မိမိပြုသောကံသည် နောင်ဘ၀များတွင် အကျိုးသက်ရောက် ရလိမ့်မည်ဟု ဆိုသည်၊ နောင်ဘ၀တွင် ချမ်းသာကြွယ်ဝအောင် ယခုဘ၀တွင် ပေးလှုကြရမည်ဟု မိဘဆရာ သမားတို့က သွန်သင်ဆုံးမကြသည်၊ နောင်ဘ၀တွင် နတ်သားနတ်သမီးတွေဖြစ်အောင် ယခုဘ၀တွင် အစွမ်း ကုန် ရိုးသားကြပါဟု တိုက်တွန်းကြသည်၊ ဖရောင်းတိုင်တတိုင်မှမီးသည် နောက်တတိုင်သို့ ကူးသလို ဘ၀များ ကူးပြောင်းကြသည်ဟု ဥပမာပေးလေ့ရှိကြသည်၊
ကမ္ဘာကျော် သတင်းစာကြီးများက ယခုလို နောက်ဘ၀အကြောင်း ရေးကြီးခွင့်ကျယ် ရေးသားနေကြခြင်းမှာ Dr. Sam Parnia ခေါင်းဆောင်သော သုတေသန ပညာရှင်များ၏ စာတမ်းကြောင့်ဖြစ်ပါသည်၊ ယခုလထုတ် Resuscitation ဂျာနယ်တွင်သူတို့စာတမ်း ကိုဖေါ်ပြခဲ့သည်၊ (AWARE – Awareness during Resuscitation) ခေါ်စာတမ်းတွင် လူပေါင်း ၂၀၆၀ ဦးအပေါ် ၄ နှစ်တာမျှ အချိန်ယူကာ အင်တာဗျူးလုပ်ခဲ့ကြပြီးတွေ့ရှိချက်များကို တင်ပြထားခြင်းဖြစ်သည်၊ ဤ ပရောဂျက်တွင် အင်္ဂလန်၊ အမေရိကား၊ သြစတေလျ နိုင်ငံတို့မှ ဆေးရုံးကြီး ၁၅ ရုံ တို့ပါဝင်ခဲ့ကြသည်၊
Heart attack ကြောင့် ရုတ်တရက် နှလုံးခုံ ရပ်သွားသူများမှာ မေ့မျောသွားရာမှ အချိန် မှီ နှလုံးပြန်ခုန်သော အခါ မေ့မျောနေစဉ်ကာလ အတွင်းသူတို့ တွေ့မြင် ရသည်များကို ပြန်ပြောနိုင်ကြပါသည်၊ ဆရာဝန်များက ထိုလူနာများစွာကို ရှာဖွေ ၍မေးမြန်းသုတေသနပြုကြခြင်းဖြစ်ပါ၏၊
လူတယောက်နှလုံးခုန်ရပ်သွားပြီ ဆိုသည်နှင့်ဦးနှောက်ဆီသို့ အောက်စီဂျင်ပါသောသွေးကို မပို့ပေးနိုင်တော့ပေ၊ ၃ မိနစ်ကျော် အောက်စီဂျင်မရတော့ဘူးဆိုလျင် ဦးနှောက်သည် သုံးမရအောင်ပျက်စီးသွားနိုင်ပါသည်၊ နှလုံး အခုန်ရပ်ပြီး စက္ကန့် ၂၀-၃၀ အတွင်းဦးနှောက်ကလည်းအလုပ်မလုပ်တော့ပါ၊
သုတေသနအဖွဲ့သည် လူနာ ၂၀၆၀ ဦးကိုလေ့လာခဲ့ကြရာလူ ၃၃၀ မှာအသက်မသေ၊ ပြန်လည်ကောင်းမွန်လာ ကြသည်၊ လူနာ ၁၄၀ ဦးကိုအင်တာဗျူးလုပ်ခဲ့ကြရာ ၃၉% ကသူတို့ကို အသက်ပြန်ရှင်အောင်ဆရာဝန်တွေ ကြိုးစား နေချိန်မှာ သူတို့ အသက် ၀ိဥာဉ်သည် သူတို့ကိုယ်ခန္တာပြင်ပသို့ရောက်သွားခါ သတိပြန်လည်ချိန်တွင် သူတို့ အတွေ့အကြုံကို ပြန်ပြောနိုင်ကြသည်၊ ထိန်လင်းနေသော အလင်းရောင် ကိုမြင်ရသူတွေရှိသည်၊ ရွှေရောင် တဖျတ်ဖျတ် လင်းနေတာ၊ တွေ့ရသလို တချို့ကလည်းရေထဲနစ်သွားသလိုခံစားကြရသည်၊ ထူးခြားစွာ ငြိမ်သက် သွားတာကိုမှတ်မိသူတွေလည်းရှိကြသည်၊ တချို့ကမူ သူတို့သည် သူတို့ ကိုယ်ခန္ဓာထဲမှ ပြင်ပသို့ ရောက်သွားပြီး ဆရာဝန်တွေ လုပ်ကိုင်နေပုံကို အပြင်မှ တွေ့မြင် ခဲ့ကြသည်ဟုပြောပြကြသည်၊
EEG ( Electroencephalogram) စက်ကိုဦးနှောက်နှင့်ဆက်သွယ်ထားပါလျင် ဦးနှောက်၏ လျပ်စစ် ဓါတ်အား လှုတ်ရှား မှုကို မြင်နိုင်ကြသည်၊ ဆရာဝန်များက ဦးနှောက် အလုပ်လုပ်မှု ရပ်ဆိုင်းသွားခြင်းကို Flat Line အဖြစ်နားလည်ကြသည်၊ အကယ်၍ ၃မိနစ်အတွင်း နှလုံးပြန်မခုန်ပါသော် နောက်ထပ် စက္ကန၊့် မိနစ် အနည်း ငယ်အတွင်း ထိုလူသေဆုံး သည်၊ ဦးနှောက်ကြောင့် စိတ်ဖြစ်ရသည်ဆိုလျင် ဦးနှောက်သေဆုံးပါက စိတ်လည်း သေဆုံးရမည်မဟုတ်ပါလား၊
သို့ဆိုလျင် ယခု ထိုလူတွေ မှတ်မိနေကြသော မှတ်ဥာဏ်သည် ဘယ်ကရောက်လာပါသနည်း၊ အီး၊အီးဂျီ အလက်ထရုပ်များ ကမမှီနိုင်သော ဦးနှောက်အတွင်းပိုင်း နေရာများမှာ စိတ်ကို Control လုပ်သော နေရာများ ရှိနေသဖြင့် ထိုနေရာများကလာခြင်းလော၊ ထိုနေရာတွေသည် ဦးနှောက်အပြင်ပိုင်းတွေလို အောက်စီဂျင်မလို သဖြင့် ပိုမိုအသက်ရှည်နိုင်ကြပါသလား၊ လွန်ခဲ့သော တနှစ်ကျော်ကမူ မေ့မျောနေသော်လည်း ဦးနှောက်တွင် လှိုင်းတမျိုးကို ထုတ်လွှတ် နိုင်သည်ဟု ဆရာဝန်များကဆိုကြသည်၊ ထိုအတွေ့အကြုံများကို အခြေခံကာ ၀ိဥာဉ် ဆိုသောအရာသည် လူမှ ခွာထွက်ပြီး နောက်ဘ၀ တခုသို့ ကူးပြောင်းသည်ဟု ယူဆခြင်းမှာ သိပ္ပံ နည်းကျ တွေ့ ရှိမှုဖြစ်သည်ဟု ဆရာဝန်တို့ကပြောနေကြခြင်းဖြစ်ပါသည်၊
(၃)
ခေတ်သစ်သိပ္ပံ တိုးတက်မှု နှင့် အနောက်တိုင်းပညာရှင်များ သုတေသနလုပ်ငန်းများကို ကျွန်တော့်တွင် ဝေဖန် နိုင်သောအရည်အချင်းမရှိပါ၊ သို့သော် နောက်ဘ၀ ရှိမရှိဆိုသော ပြသနာပေါ်တွင် ငွေကုန်ကြေးကျ ခံနေကြ ခြင်းမှာ ဆီလျော်မှုမရှိဟု ကျွန်တော်ယူဆပါသည်၊ ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအဖို့ နောက်ဘ၀ တဖန် ဖြစ်ရခြင်း ဆိုသည်မှာ ယုံမှားမှုရှိစရာမလိုသော ကိစ္စသာဖြစ်သည်၊
ဗုဒ္ဓက ကံ၊ ကံ၏အကျိုးကိုဟောခဲ့သည်၊ ယနေ့ပြုလိုက်သော ကုသိုလ်၊ အကုသိုလ် ကံသည်ပျောက်ပျယ်၍ မသွား၊ နောင်တွင်ဖြစ်ရမည့် ဘ၀များ၌ပြန်လည်အကျိုးပြုမည်သာဖြစ်သည်၊ ဗုဒ္ဓ နိပါတ်တော် များတွင် သတ္တ၀ါတို့၏ ဘ၀အသစ်တဖန်ဖြစ်ရခြင်းများကို အကြိမ်ကြိမ်တွေ့ ကြရသည်၊
ရောဂါဖိစီးစဉ် အခြားဘုံတခုသို့ရောက်သွားရပုံအကြောင်းကို ပြန်လည်ဟောပြသည့် သဲအင်းဂူဆရာတော်လေး အကြောင်းကိုဤနေရာတွင်ဖေါ်ပြခွင့်ပြုစေချင်ပါသည်၊
ဆရာတော် ဦးပုညသေဌ မှာ ကမဌာန်းရိပ်သာကြီး၏ တိုက်အုပ်၊ တတိယ သဲအင်းဂူ ဆရာတော်ဖြစ်သည်၊ ဆရာတော်သည် ရဟန်းမ၀တ်မှီ က စက်မှုတက္ကသိုလ်မှ မြို့ပြ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်၊ ၁၉ဂဂ ခုနှစ်အရေး အခင်းဖြစ်ချိန်တွင် စက်မှုတက္ကသိုလ်၌ ကျူတာ ဖြစ်သည်၊ သူငယ်ချင်းတစု ဒုလ္လဘ ရဟန်းဝတ်ကြသောအခါ သူလည်းလိုက်ပါခဲ့သည်၊ ဆယ်ရက်တရားစခမ်း၊ ထို ဆယ်ရက်တာကာလအတွင်း မဂ် နှစ်မဂ်ကို အောင်တော်မူသည်၊ တရားအရသာကို သိသောအခါ ဆရာတော်သည် လူဝတ်လဲရန် မစဉ်းစားတော့ပေ၊ သင်္ကန်းကို မချွတ်တော့၊ တရားထူးတရားမြတ်ကို တွေ့အောင်ရှာရမည်ဟု ဆုံးဖြတ်လိုက်လေသည်၊
အရေးအခင်းကာလ၀ယ် သင်္ကန်းဝတ်ခါ လူပြန်မထွက်တော့သော ဆရာတော်ကို စစ်ထောက်လှန်းရေးက မသင်္ကာဖြစ်ခဲ့သည်၊ သူတို့ဝန်ထမ်းတဦးကို ဆရာတော်အားစောင့်ကြည့်ရမည်ဟု ညွှန်ကြားခါ တရားစခမ်း ၀င်စေခဲ့သည်၊ ထိုအကြောင်းကိုသိတော်မူသော ဘီးလင်းဆရာတော်ကြီးက ဦးပဇင်း ကိုသူနှင့် လိုက်ခဲ့ရမည်ဟု ဘီးလင်းကို အပါခေါ်သည်၊ စစ်ထောက်လှန်းရေး ကနှောင့်ယှက်လို့ တရားလမ်း ကြောင်းအပျက် မခံနိုင်ဘူး ဟု ဆရာတော်ကြီးက မိန့်သည်၊ ဤနည်းဖြင့် ဘီးလင်းတောရကျောင်းတွင် ရဟန်းကိစ္စပြီးစီးတော် မူခဲ့ဟန်ရှိသည်၊
စစ်ထောက်လှန်းရေးမှ စုံထောက်အရာရှိမှာ ပင်စင်ယူသောအခါ ဆရာတော်နောက်မှ အမြဲလိုက် သည့် ကပ္ပိယ ကြီးဖြစ်လာခဲ့သည်၊ (သူ့ကို ဆရာတော်သည် သူပုန်အလုပ်တွေ လုပ်နေသူဟု ရီပို့ မတက်ရကောင်းလား ဟု ဆူပူကြိမ်းမောင်း ခံရသည်ဟုလည်းကြားရဘူးသည်)
နောက်ပိုင်းဆရာတော်ကို ရဟန္တာဟု လူအများသမုတ်ကြသည်၊ သဲအင်းဂူကျောင်းတော်ကြီးကို အုပ်ချုပ်ရန် ဆရာတော်ကို အပ်ကြသည်၊ ဤသည်မှာ ဒုတိယ သဲအင်းဂူဆရာတော်ကြီး ပျံလွန်တော်မူသော ၁၉၉၉ ခုနှစ် မှာဖြစ်သည်၊
ရှေးဘ၀ကပြုခဲ့ဘူးသော ကံကြောင့် ၂၀၀၉ ခုနှစ် ဂျွန်လ ၁၆ ရက်နေ့တွင် သဲအင်းဂူ ကျောင်း တမံတလင်းပေါ်၌ မြွေပွေးကိုက်ခံရသည်၊ ကိုက်သောမြွေ ကိုမူ ရှာ၍မတွေ့ကြပေ၊ ရန်ကုန်ဆေးရုံကြီးအရောက်တွင် သွေးထဲမှာ အောက်စီဂျင် နဲနေသောကြောင့် လည်ပင်းကို အပေါက်ဖေါက်ခါ အောက်စီဂျင်ပိုက် သွင်းပေးကြရသည်၊ လူကသတိမရ မျောနေသည်၊ ထိုမျောနေစဉ် ကာလအတွင်း သူတရားအားထုတ်စဉ်က စောင့်ရှောက်ခဲ့သည့် သီပေါမင်း၏မြေးတော် ထိပ်တင်ကိုယ်တော်လေး ကိုပြန်တွေ့ရသည်
ထိပ်တင်ကိုယ်တော်လေးမှာ ဆရာတော်ဒုလ္လဘ ၀တ်စဉ်က သဲအင်းဂူကျောင်း မှာ တရားအားထုတ်နေသည်၊ မဂ်အဆင့်တွေ မြင့်လှပေပြီ၊ အသက် ၈၆ နှစ်ရှိပြီး ဆံပင်တွေဖြူကာ ခါးက ကိုင်းနေပေပြီ၊ လူတထောင် ကျော် တရားအားထုတ်နေသည့် အထဲက တရားအဆင့်တွေ မြင့်နေသော ဦးပဇင်းကို မြင်ကာဂရုတစိုက်ပြုစုခဲ့သည်၊ ဆေးကပ်လှုခြင်း။ အဟာရ ဖြစ်စေမည့် စားဘွယ်သောက်ဘွယ် တွေကို မပြတ်လပ်အောင်ဂရုစိုက်ခဲ့သည်၊
တာဝတိံသာ အစရှိသော ဘုံအဆင့်ဆင့်မှ နိဗ္ဗာနာရတိ ဘုံမှာစံစား နေသော မယ်တော်ကြီးက ကိုယ်တော်လေး ကို မြွေ ကိုက်စေရန် ၃ကြိမ်ကျိုးစားရသည်ဟု ပြောသည်၊ ဘ၀ အဆက်ဆက်က ပြုခဲ့သော ကံကြွေးကြောင့် အခုလို မြွေပွေးကိုက်ရသည်၊ သို့သော်မပူပါနှင့် သားတော် သာသနာပြုရန် အချိန်ရောက်ပြီ၊ သာသနာပြုပါ တော့ ဟုပြောသည်၊
ဆရာတော်သတိပြန်လည်ချိန်တွင် လည်ပင်းတွင် အပေါက်ကြီးဖေါက်ထားပါလျက် တချက်မှ အော်ဟစ်ခြင်း၊ ငြီးငြူခြင်း မရှိသောကြောင့် ဆရာတော် ဘယ်တရားနဲ့နေတာလဲဟု ဆရာဝန်များက မေးကြသည်၊ ထိုစဉ်က စ၍ ညစဉ်ညတိုင်း ဆရာဝန်နှင့် နပ်(စ) မတွေကို ဆရာတော်က သူဝင်စားဖူးသော မဂ်တရားတွေအကြောင်း မှ စတင်ကာ တရား ဟောပြတော်မူသည်၊
ဆရာတော်၏ အသံဖိုင်ကိုကျွန်တော် မကြားနာရဖူး ပါကဤစာတွေကို ကျွန်တော်ရေးပြရဲမည်မထင်ပေ၊ ကျွန်တော်သည် ဆရာတော် တရားဟောသည်ကို အကြိမ်ကြိမ် အထပ်ထပ် နားထောင်ပြီးပါပြီ၊ အခုမြန်မာနိုင်ငံ တွင်ထွန်းကားနေသော သာသနာမှာ လာလှည့်ပါ၊ စမ်းလှည့်ပါ၊ ဟု ဖိတ်ခေါ်နေသော သာသနာဖြစ်ပါသည်၊ ဆရာတော်သည် စင်္ကာပူသို့ ကြွလာပြီး တရားဟော တရားစခမ်းတွေ ဖွင့်နေသည်မှာ အကြိမ်ကြိမ် ရှိနေပါပြီ၊ မှော်ဘီအနီးမှ သဲအင်းဂူရိပ်သာသို့သွားလျင်လည်းဆရာတော်ကို ဖူးတွေ့နိုင်ကြပါသည်၊
ကျွန်တော်တို့သည် ဆရာတော်၏ ဦးနှောက်ထဲတွင် ဘယ်အချိန်က အောက်စီဂျင် ဘယ်နှစ်ရာခိုင်နှုံး ရှိသည်ဆို ခြင်းကို စိတ်မ၀င်စားကြပါ၊ မှတ်ဥာဏ်ကိုဖြစ်ပေါ်စေသော အသိတရားသည် ဆရာတော့်မှာ ဘယ်လိုဖြစ်ပေါ်၍ ဘယ်လိုပြန်ပြောနိုင်သည်ဟု လည်း ဆန်းစစ်မနေအားပါ၊
ဆရာတော်သည် အရိယာပုဂ္ဂိုလ် ဖြစ်သည်၊ အများက အရိယာပုဂ္ဂိုလ်ဟု သမုတ်နေကြသောကိုလ်တော်ဖြစ် သည်၊ ဆရာတော်မေ့မျောနေစဉ် ရောက်သွားသည်ဆိုသောဘုံမှာတွေ့ခဲ့ရသော မြင့်မြတ်သော ပုဂ္ဂိုလ်တို့ အကြောင်းနှင့် သူတို့က ရှင်းပြလိုက်သော အကြောင်းတွေကို တရားနာသူတို့ ကြည်ညိုကြရသည်၊ ဆရာတော်၏ တရားများသည် သံဝေဂ ကိုရစေသည်၊ သူ့ဘ၀ကိုအားကျစေသည်၊ သဒ္ဒါ ယုံကြည်မှုရှိသူများအဖို့ ထိုအကြောင်းအရာများမှာ အတုယူဘွယ်၊ နည်းနာယူဘွယ် တို့ဖြစ်ကြ ပါသည်၊ ထိုသဒ္ဒါစိတ်ရှိသူများအဖို့ သိပ္ပံ နည်းကျဘို့သည် အဓိက မဟုတ်၊ မြေဆွဲအားလွတ် နေသည်ဆိုသော နိဗ္ဗာနာရတိ ဘုံကို သိပ္ပံ နည်းအရ အကောင်အထည်မပြ နိုင်ဘူးဆိုစေ ကျွန်တော်တို့အဖို့မှာ နာယူကြည်နူး၍ မဆုံးနိုင်ပါ၊ ဤသည်မှာ ယုံကြည်မှု ဖြင့်တည်ဆောက်ရသော ဘာသာတရား၏ ကျေးဇူးပင်ဖြစ်သည်၊
ယခုအနောက်တိုင်းပညာရှင်များက “ ဦးနှောက်သေသွားသော်လည်း အသိဥာဏ်ဟု ဆိုသောအရာရှိသည်” ဆိုခြင်းကို သိပ္ပံနည်းကျပါသည်ဟုဆိုနေကြသည်၊ ကျွန်တော်တို့ အဖို့ကား ဘာမှ အံ့သြစရာမဟုတ်ပေ၊ ဗုဒ္ဓ ၏ အတိုင်းအဆ မရှိ သိတော်မူသော သဗ္ဗင်ညုတ ဥာဏ်တော် ကိုသာကြည်ညိုမဆုံးဖြစ်ကြရပါသည်၊
(၄)
ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာဝင်များအဖို့ နောက်ဘ၀ရှိသည်ဆိုခြင်းမှာ အသားထဲ အရိုးထဲအထိ စွဲနေသော အယူအဆဖြစ်ပါသည်၊ သံသယဖြစ်ဖွယ်မရှိ၊ ဤမေးခွန်းမှာ အငြင်းပွား စရာမဟုတ်၊ Academic သဘောအရ မေးမိလျင်ပင် ခင်ဗျား ဗုဒ္ဓဘာသာ ၀င်ဟုတ်ရဲ့လား ဟု အမေးခံရတတ်သည်၊ နောက်ဘ၀ရှိသည် ဆိုခြင်း အတွက် သက်သေပြချက်ဘယ်မှာလဲဟု ကျွန်တော်တို့ စောဒက မတက်မိတတ်ကြပါ၊
နိုင်ငံခြားမှ ဆရာတွေကိုသာ မြန်မာပြည်ကိုလာလှည့်ပါ၊ ကြည့်လှည့်ပါဟု ဖိတ်ခေါ်ချင်သည်၊ မိမိမေ့မျောသွားစဉ် ဘာတွေမြင်ရသည်ဟု ပြောပြနိုင်သူတွေ မြန်မာပြည်မှာ ဒုနဲ့ဒေး များပြားလှပါသည်၊ သူတို့က နှလုံးရပ်သွားသည့် အချိန်၊ ဦးနှောက်သို့ အောက်စီဂျင်မရောက်တော့သည့် အချိန်မှာ မှတ်ဥာဏ်ဘယ်က ဖြစ်လာတာလဲဟု မေးခွန်း ထုတ်နေကြခြင်းဖြစ်ပါသည်၊
ကျွန်တော်တွေ့ဘူးသော မိခင်တဦးမှာ ကလေးမွေးပြီးချိန်တခုတွင် မေ့မျောသွားပြီး အထုတ်အပိုး ကိုယ်စီဖြင့် ခရီးသွားနေသူတွေကို တွေ့ရကြောင်း၊ သူတို့က လာပါလာပါ ခေါ်နေသည်ကို မလိုက်ဖို့ သူက ငြင်းဆန်ရင်း သတိပြန်လည်လာသည်ဟု ပြောပြဖူးသည်၊ မိတ်ဆွေတဦး၏သားမှာ ကားမောင်းရင်း မီးပွိုင့်မှာ ရပ်ဖို့ပြင်ဆင် နေစဉ်မှာ သတိရုတ်တရက်မေ့မျောသွားဘူးသည်၊ အသက်မသေ ပြန်သတိရစဉ်မှာ လွန်ခဲ့သော ဆယ်နှစ်က ကွယ်လွန်သွားသည့်မိခင် ကို ပြန်တွေ့ရသည်ဟု ဆိုသည်၊ ဖခင်တဦး ကွယ်လွန်ခါနီး မိသားစု ပူဆွေးသောက ရောက်နေချိန်မှာ သူက “မင်းတို့ မဆူကြပါနဲ့၊ ငါ့ကိုခေါ်ဘို့ ရထားဆိုက်နေပြီ ငါသွားတော့မယ်” ဟုပြော၍ ကွယ်လွန်သွားဘူးသည်၊ သိပ္ပံနည်းကျဘို့ဆိုလျင်ထိုသူတွေကို ဖိတ်ခေါ်ပြီး မေးမြန်းစုံစမ်းကြည့် ရုံသာရှိပါသည်၊
ဝေဘူဆရာတော်ကြီး ရှိစဉ်က ဘုန်းကြီးကျောင်းလာရင်း မိန်းခလေးငယ် တဦး ကျောင်းရေကန်အတွင်း နစ်ပြီး အသက် ဆုံးရှုံး ခဲ့ရဘူးသည်၊ ပရိဒေ၀မီး တောက်လောင်နေသော မိဘနှစ်ဦးက ဆရာတော်ကြီးထံ သွားပြီး ဝေဒနာကို ဖွင့်ဟ တိုင်တည်ကြသည်၊ ဆရာတော်ကြီးက “ ခင်ဗျားတို့ ကသာပူပင်သောက ရောက်နေကြ တာဗျာ၊ ဟိုမှာက နတ်သမီး အ၀တ်အစားတွေ နဲ့ ရွှေရောင်ဝင်းလို့ဗျ”ဆရာတော်ကြီးက မိန့်သောအခါ သူတို့ အပူမီးငြိမ်းချမ်းသွား ရဘူးသည်၊
(၅)
လူ့ဘ၀ဆိုသည်မှာ မီးရထားဘူတာရုံသို့ရောက်နေပြီး ဘယ်သွားရမှန်းမသိသည့် ခရီးသည်ကဲ့သို့ မဟုတ်ပေ၊ မိမိ မသိသော်ရှိရမည်၊ မိမိလာခဲ့သည့် ဘ၀ကားရှိခဲ့ပြီးပြီ၊ မိမိ ဘယ်ဘ၀သို့ ရောက်ရမည်ဟူသည့် လားရာမှာလည်း မိမိက မသိစေဦး၊ ရှိနေပြီးဖြစ်သည်၊ သံသရာခရီးသည်၏ ခရီးသည် မိမိ၏ တပ်မက်ခြင်း တဏှာ၏သဘော သဘာဝ ကိုမသိသရွေ့ ခရီးသည်ရှည်ကြာနေဦးမည်သာ၊
ကျွန်တော်တို့သည် နောက်ဘ၀ ၀ိဥာဉ် ဆိုသောအရာတွေကို ဗုဒ္ဓဘာသာ ကသွန်သင်ထားသည့်အတိုင်း ယုံကြည် သဒ္ဒါ ရှိခဲ့ကြပြီးဖြစ်ပါသည်၊ ထိုအချက်ကို သိပ္ပံနည်းကျရန်ဟူ၍ အချိန်တွေ ငွေတွေ အကုန်ခံ နေကြ ခြင်းမှာ မရောင်ရာဆီလူး နေကြသည်ဟုဆိုရန်သာရှိတော့သည်၊
ကိုသန်းလွင်