အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၇)
နိုဝင်ဘာ ၇၊ ၂၀၁၄
ယခင်အပတ်မှ အဆက်
ယခင်အပတ်မှ အဆက်
(၃၃)
ကားလေးက အဝေးပြေးလမ်းမပေါ်တွင် ငြိမ့်ခနဲ ငြိမ့်ခနဲ ပြေးနေသည်။ ကိုစိုးစိုးမောင်ကလည်း ဒိန်းမတ်အတွေ့အကြုံများကို ရှင်းပြသည်။ ကိုစိုးစိုးမောင်တို့ မိသားစုမှာ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါ။ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ သို့သော်လည်း မိမိကဲ့သို့ ဗုဒ္ဓဘာသာသံဃာတပါးကို တရိုတသေ တလေးတစား ပြောဆိုဆက်ဆံသည်။ ဗုဒ္ဓဘာသာမိသားစုများနှင့်လည်း တရင်းတနှီး ရှိလှသည်။ ကားလေးက ရွှေညဝါဆရာတော်တို့ရှိရာ အောလ်ဘော့မြို့နားက မြို့ငယ်တခုသို့ သွားနေခြင်း ဖြစ်သည်။
“ဒကာကြီး အခု ဘာအလုပ်လုပ်သလဲ”။ “တပည့်တော် အလုပ်နားထားတယ်ဘုရား”။ “အော် ဟုတ်လား၊ ဒါဆို အလုပ်မလုပ်ဘဲ ဘယ်လို ရပ်တည်သလဲဗျ”။ “ဒီနိုင်ငံမှာ ၁ နှစ်ခွဲကျော်လောက် အလုပ်လုပ်ပြီးရင် ၂ နှစ်လောက် အလုပ်မလုပ်ဘဲ လခရတယ်ဘုရား”။ “ဗျာ … ဟုတ်ကော ဟုတ်ရဲ့လားဗျာ”။ “ဟုတ်တယ်ဘုရား … ဒါတောင် တယောက်တည်းသမားဆို တမျိုး၊ လင်မယားဆိုရင် တမျိုးဘုရား၊ တပည့်တော်က မိန်းမနဲ့ဆိုတော့ ခရိုနာ ၂ သောင်းရတယ်၊ ကလေးအတွက်က ၃ လကို ၄၂ဝဝ ရတယ်ဘုရား၊ … ဒိထက် အံ့သြစရာတွေက အများကြီးရှိသေးတယ်ဘုရား”။
ကိုယ့်နားကိုပင် မယုံနိုင်။ ရသည့်လခကလည်း မဝရေစာ မဟုတ်။ နေစရာ၊ စားစရာ၊ ပညာသင်ကြားဖို့အတွက် လုံလောက်သော ပမာဏဖြစ် သည်။ ကျောင်းတက်ရင်၊ သင်တန်းတက်လျှင် အပိုပိုက်ဆံက ထပ်ရဦးမည်။
(၃၄)
စာရေးသူသည် နိုင်ငံရေးအကြောင်း နားမလည်သော်လည်း နားလည်သလောက် တင်ပြချင်သည်။ ဒိန်းမတ်သည် ဒီမိုကရေစီစစ်စစ်ကို ကျင့်သုံးသည့်နိုင်ငံ မဟုတ်၊ Social Democracy စနစ်ကို ကျင့်သုံးသည့်နိုင်ငံဖြစ်သည်။ တိုင်းပြည်၏ကြွယ်ဝမှုကို တိုင်းသူပြည်သားများနှင့် တိုင်းပြည်အတွင်း တရားဥပဒေနှင့်အညီ ရွှေ့ပြောင်းလာသူများကို ကူညီထောက်ပံ့ပေးသည်။
တိုင်းသူပြည်သားများ၏ ကိုယ်ကျန်းမာရေးနှင့် စိတ်ချမ်းသာရေးကို အဓိကမူအဖြစ်ထားရှိပြီး အစိုးရမူဝါဒကို ကျင့်သုံးသည်။ ဒိန်းမတ်တွင် အစိုးရအကြီးအကဲများသည် တာဝန်အရ အကြီးအကဲရာထူးများ ယူထားသော်လည်း သာမန်ပြည်သူများနှင့် ဘာမျှ မထူးခြား။ အကြီးအကဲဖြစ်ခြင်းနှင့် အခွင့်ထူးခံအဖြစ် ရောက်မသွားပေ။ သာမန်ပြည်သူများနှင့်မခြား မိမိဆိုင်ရာတာဝန်များကို ထမ်းဆောင်နေကြခြင်းသာ ဖြစ်သည်။
နိုင်ငံကို အဓိကစိုးမိုးခြယ်လှယ်နေသူတဦးတော့ ရှိသည်။ သူ့စကားကိုသာ နားထောင်ဖို့ လိုသည်။ သူ့လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ဖို့ လိုအပ်သည်။ လူတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်၊ ပြောဆိုခွင့်၊ ရေးသားခွင့်ရှိသည်။ သို့သော် သူ့လက်အောက်တွင်သာ ဖြစ်သည်။ လူတိုင်းက သူ့ကို မလွန်ဆန်ရဲကြ။ ငယ်ငယ်ကတည်းက မိသားစုအတွင်း၊ ကျောင်းအတွင်း၌ သူ့စကားကို လိုက်နာဖို့ကိုသာ သင်ပေးသည်။ သူဟူသည်မှာ “တရားဥပဒေ”ဖြစ်သည်။ သူတို့နိုင်ငံများတွင် တရားဥပဒေသည်သာ အမိ၊ တရားဥပဒေသည်သာ အဖဖြစ်သည်။ တရားဥပဒေသည်သာ နိုင်ငံ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ တည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနေသောအရာဖြစ်သည်။ တရားဥပဒေသည် ထာဝရဘုရားထက် ပိုတန်ခိုးကြီးလေသည်။
တရားဥပဒေလက်အောက်တွင် ဉာဏ်ကြီးရှင်များ၊ စီးပွားရေးအကွက်မြင်သူများအတွက် ချမ်းသာကြွယ်ဝသော လုပ်ငန်းရှင်ကြီးဖြစ်အောင် ကြိုးစားနိုင်သည်။ သို့ရာတွင် ချမ်းသာကြွယ်ဝမှုအလိုက် နိုင်ငံတော်ကို အခွန်ပေးဆောင်ရသည်။ နိုင်ငံသားအားလုံး အခွန်ကို စနစ်တကျ ပေးဆောင်ရသည်။ အစိုးရအနေဖြင့် တိုင်းပြည်က ပေးဆောင်လာသောအခွန်များကို (မိမိတို့နှင့်ထိုက်တန်သော လခမှအပ) အလွဲသုံးစား ပြုလုပ်ခြင်း မရှိ။ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မရှိ။ ရရှိလာသောအခွန်ငွေများကို ပြည်သူများ အဆင်ပြေရေး၊ ကာယသုခ၊ စိတ္တသုခနှင့် ပြည့်စုံရေးကိုသာ ရှေးရှုတွေးတောကာ ဆောင်ရွက်ကြရသည်။
အစိုးရသည် ပြည်သူ့ကျွန်၊ ပြည်သူ့အခိုင်းအစေများပီပီ ပြည်သူ့မျက်နှာရဖို့ လိုအပ်သည်။ ပြည်သူ့မျက်နှာမရလျှင် သူတို့ ကျရှုံးမည် ဖြစ်သည်။ ပြည်သူသာ အမိ၊ အဖဖြစ်ရုံမက ပြည်သူသည် အစိုးရ၏ အရှင်သခင်များပင် ဖြစ်လေသည်။ ရရှိလာသောအခွန်များကို အလွဲသုံးစား ပြုလုပ်လျှင် သို့မဟုတ် ပွင့်လင်းမြင်သာမှုမရှိလျှင် ပြည်သူ့အမျက်ဒဏ်ကို ခံရမည်ဖြစ်သည်။
(၃၅)
သန်းကြွယ်သူဌေးတယောက်ဖြစ်ဖို့အတွက် ပူပန်လျှင် ပူပန်စရာရှိသော်လည်း စားဝတ်နေရေးအတွက်ကား အနည်းငယ်မျှ ပူပန်စရာမရှိပါ။ ကျန်းမာရေးမကောင်းလို့ ဆေးမကုသနိုင်မှာလည်း ပူစရာမရှိပါ။
စားဖို့ ပူစရာမလို၊ နေဖို့ပူစရာမလို၊ ဆေးကုဖို့ ပူစရာမလိုသော သူတို့ဘဝများကို မြင်ယောင်ကြည့်လိုက်တိုင်း ဝမ်းနည်းဝမ်းသာဖြစ်ရသည်။ ဝမ်းသာခြင်းက သူတို့တွေ အဆင်ပြေနေခြင်းကြောင့်ဖြစ်သည်။ ဝမ်းနည်းခြင်းက အမိမြန်မာပြည်က ပြည်သူများကို သတိတရ မြင်ယောင်မိသောကြောင့် ဖြစ်သည်။
နေဖို့လည်း ရုန်းကန်ရ၊ စားဖို့လည်း ရုန်းကန်ရ၊ တသက်လုံး တနေကုန် တနေခမ်း ကြိုးစားလုပ်ကိုင်သော်လည်း ဝမ်းက မဝ၊ ခါးက မလှ။ တစုံတရာ ကျန်းမာရေး ချွတ်ယွင်းပါက ဘဝပျက်ရ။ ဆေးကုစရာမရှိလို့ သေရသည့်ဝေဒနာရှင်များက ဒုနဲ့ဒေး။ ရွှေပြည်ကြီး သားများအတွက် ဘဝအာမခံချက်က အဘယ်မှာနည်း။ ဒီကြားထဲ မြတ်ဗုဒ္ဓတရားကို သေချာစွာ သဘောမပေါက်ထားသူအချို့က "ကံပေါ့"ဟု ပြောလာသော စကားအောက်တွင် လမ်းစက စုန်းစုန်းပျောက်ကွယ်သွားသဖြင့် ဗုဒ္ဓဘာသာပင် မျက်နှာပျက်ရကိန်းကြုံရ သည်လည်း ရှိသည်။
သူတို့နိုင်ငံများတွင် ပုံမှန်အလုပ်လုပ်ပြီး ပုံမှန်အခွန်ဆောင်ထားသောနိုင်ငံသားများအနေဖြင့် ဘဝကို စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်ကြ သည်။
အလုပ်မလုပ်နိုင်လောက်အောင် မသန်စွမ်းဖြစ်သွားလို့လည်း ပူစရာ မရှိပါ။ အစိုးရက တသက်လုံး ထောက်ပံ့ကူညီသွားမည်။ အနည်းဆုံး ဆေးရုံတွင် ခွဲစိတ်ကုသဖူးသောသူများတွင် အေးအေးသက်သာနေမည်ဆိုက နေနိုင်စရာ အခွင့်အလမ်းများ ရှိသည်။
သူတို့ဆီတွင် Handicap ခေါ် မသန်စွမ်းသူများ၊ ဆေးရုံတွင် ခွဲစိတ်ကုသခံဖူးသူများ၊ အမြင်အာရုံအားနည်းသူများအတွက် အထူးအစီအစဉ် များ ရှိသည်။ ရထားလက်မှတ် အခမဲ့ စီးခွင့်ပြုခြင်း၊ ပြတိုက်, ပန်းခြံ, စာကြည့်တိုက် စသည်တို့တွင် အခမဲ့ဝင်ရောက်ခွင့်ပေးခြင်း၊ အလုပ်မလုပ်ဘဲ အစိုးရမှ ထောက်ပံ့ကြေးပေးထားခြင်း (အလုပ်မလုပ်ချင်သူ ငပျင်းများ၊ ဘိန်းစားများ၊ အရက်သမားများလည်း ထောက်ပံ့ သော်လည်း Handicap များက အထူးအခွင့်အရေးရှိသည်) စသည်တို့ကို အစိုးရက ပြုလုပ်ဆောင်ရွက်ပေးသည်။
ခွဲစိတ်ခံလူနာများအတွက် ဆေးရုံမှ ဆင်းလာရသော် (လိုအပ်လျှင်) အိမ်အထိ သူနာပြုတဦးကို စေလွှတ်စောင့်ရှောက်ပေးလေ့ရှိသည်။
မျက်စိမမြင်သူအတွက် သူနှင့်သင့်လျော်သော အထောက်အကူပြု ကိရိယာပစ္စည်းများ၊ လက်မသန်စွမ်းလျှင် လက်နှင့်ဆိုင်ရာ၊ ခြေထောက်မသန်စွမ်းလျှင် ခြေထောက်နှင့်ဆိုင်ရာ … စသဖြင့် အစစအရာရာ အဆင်ပြေအောင် စီမံဖန်တီးထားကြလေသည်။ ခန္ဓာကိုယ် မသန်စွမ်းသူတဦးသည် ဝှီးချဲဖြင့် ရထားပေါ်၊ ဘတ်စ်ကားပေါ် အကူအညီမပါဘဲ တက်နိုင်ဆင်းနိုင်သည်။ ဝှီးချဲဖြင့် ရှော့ပင်းထွက်နိုင်သည်။ ဝှီးချဲဖြင့် ပန်းခြံသွားလည်နိုင်သည်။
ဘူတာများ၊ ဘတ်စ်ကားဂိတ်များနှင့် မြို့တွင်း ပလက်ဖောင်းများ၊ မီးပွိုင့်များကအစ မျက်မမြင်များ တုတ်ကလေးထောက်ပြီး သွားနိုင်အောင် အမှတ်အသားလေးများ လုပ်ပေးထားသည်။ ပလက်ဖောင်းများကလည်း တွန်းလှည်းများ အလွယ်တကူ သွားနိုင်အောင် စီစဉ်ပေးထားသည်။ မသန်စွမ်းသူများအတွက် အဆင်ပြေအောင် သန့်စင်ခန်းကိုလည်း သီးသန့်လုပ်ပေးထားတတ်သည်။
ဒိန်းမတ်၊ နော်ဝေ၊ ဂျာမနီ၊ ဆွီဒင်၊ ဟော်လန်၊ ဘယ်ဂျီယံ စသောနိုင်ငံများတွင် အလုပ်မလုပ်လည်း လခ ရသည်။ သို့ဆိုလျှင် လူပျင်းများအတွက် အကွက်ကောင်းဆိုက်သည်ဟု ဆိုနိုင်စရာရှိသည်။
လူပျင်းများ ရေသာခိုမရအောင်လည်း အစိုးရက ပါးပါးနပ်နပ် လုပ်ထားသည်ကို တွေ့ရသည်။ အလုပ်မရှိလျှင် သို့မဟုတ် အလုပ်လက်မဲ့ဖြစ်သွားလျှင် အစိုးရက ၃ နှစ်အထိတော့ (တနိုင်ငံနှင့်တနိုင်ငံ အနည်းငယ်တော့ ကွဲပြားသည်) လခပေးသည်။
တဦးလျှင် ခရိုနာ ၈/၉ ထောင်ခန့် ရရှိသည်။ အိမ်ထောင်ရှိလျှင် ၂ သောင်းခန့်ရသည်။ ကလေးရှိလျှင် ကလေးတဦးအတွက် ၃ လကို ၄၂ဝဝ ခန့် ထောက်ပံ့ပေးသည်။ အမေရိကန်ဒေါ်လာ ၄ ထောင်ခန့် ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ထိုအတောအတွင်း သက်ဆိုင်ရာ အစိုးရရုံးက အလုပ်ရှာခိုင်းနေသည်။ “ကျွန်တော် အလုပ်ရှာနေတာပဲ၊ မတွေ့လို့ပါ”ဟု လွယ်လွယ်ပြော၍ မရပါ။ အဘယ့်ကြောင့်ဆိုသော် မည်သည့်ဆိုင်တွင်၊ ကုမ္ပဏီတွင် အလုပ်လျှောက်ခဲ့ကြောင်း၊ လက်မခံကြောင်း စသည်တို့ကို အလုပ်လျှောက်ရာအလုပ်ရှင်ထံမှ စာရွက်စာတမ်းများကို ပြရခြင်းကြောင့် ဖြစ်သည်။
အကယ်၍ အလုပ်လျှောက်တာလည်း မှန်သည်၊ အလုပ်မရတာလည်း မှန်နေလျှင် “ကဲ မင်း ရှာလို့ မရရင် ငါတို့ ရှာပေးမယ်”ဟုဆိုကာ သင့်တော်ရာ အလုပ်တခုကို ရှာပေးသည်။ ဤနည်းဖြင့် ရေသာခိုသူများအတွက် နည်းလမ်းများကို စီစဉ်ထားကြလေသည်။
မည်သို့ပင်ဖြစ်စေ လူတယောက် အလုပ်ပြုတ်သွားလျှင် သက်ဆိုင်ရာ အလုပ်သမားအာမခံကြေးဖြင့် အခြေအနေပျက်မသွားနိုင်ခြင်း၊ အလုပ်သမားအာမခံကြွေး မရတော့လျှင်လည်း အစိုးရက ပုံမှန်နေထိုင်စားသောက်ဖို့အတွက် ထောက်ပံ့ကြေးငွေ ပေးထားခြင်းတို့မှာ ရွှေပြည်ကြီးသားတို့အတွက် အံ့သြစရာပင် ဖြစ်ချေသည်။
ဂျာမန်လူမျိုးတဦးက အစိုးရ၏ အလုပ်လက်မဲ့ကိစ္စကို ရှင်းပြစဉ်က “ဒါဆိုရင် အလုပ်မလုပ်ဘဲ သက်မှတ်ကာလအတွင်း အေးဆေးသက် သာနေသူတွေ အများကြီး ဖြစ်နေမှာပေါ့”ဟု ပြောဖူးသည်။ ထိုအခါ “တို့ဂျာမန်တွေက အလုပ်မလုပ်ဘဲ စားရမှာ၊ အလုပ်မလုပ်ဘဲ အစိုးရအထောက်အပံ့ယူရမှာကို အရမ်းရှက်ကြတယ်”ဟု ဆိုသည်။ အခြားအခြားသောဥရောပသားများလည်း ထိုစိတ်ဓာတ်မျိုး အများစုမှာ ရှိကြသည်ဟု ဆိုကြသည်။ လေးစားဖွယ် ကောင်းလေစွ။
အစိုးရက ထောက်ပံ့ပေးသောငွေဟူသည်မှာ ပြည်သူများ ပေးထားရသော ဘတ်ဂျက်များ ဖြစ်သည်။ အများပိုင်ငွေ ဖြစ်သည်။ အများပိုင်ငွေ ကို မိမိက အလုပ်မလုပ်ဘဲ ယူနေခြင်းမှာ မသင့်တော်ဟု ယူဆခြင်းသည် နိုင်ငံသားတဦး၏ တာဝန်သိမှု၊ တာဝန်ယူမှုကို ဖော်ပြနေခြင်းဟု ဆိုနိုင်ပါလိမ့်မည်။
ဆက်လက်ဖော်ပြပါမည် …
အရှင်ကုသလသာမိ (အတည်မဲ့)
www.facebook.com/ashinkusalasami