ကိုသန်းလွင် - စစ်မျိုးဆက်အတွက် သမိုင်းသင်ခမ်းစာများ


ကိုသန်းလွင် - စစ်မျိုးဆက်အတွက် သမိုင်းသင်ခမ်းစာများ
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၄


(၁)

To err is human ဟုဆိုသည်၊ လူဆိုသည်မှာ အမှားနှင့် မကင်းပေ၊ အမှားလုပ်မိတာကကိစ္စမရှိ၊ အမှားလုပ်မိတာ ကိုသိရမည်၊ နောက်တခါ ထိုဆင်တူအမှားမျိုး ထပ်မံမမှားစေရ၊ မိမိအမှားအတွက် ပြုပြင်ရန်တာဝန်သိရမည်၊ တောင်းပန်ရန်လိုအပ်လျင် တောင်းပန်ကြရမည်၊ အမှားဆိုသည်မှာ နဲတာနှင့်များတာသာကွာသည်၊ အမှားပြုပြင် ရခြင်းအတွက်မူ ရှက်စရာမလို၊ ဖုံးကွယ်ရန်လည်းမကျိုးစားသင့်ပေ၊

အခုကျွန်တော်တို့ မြန်မာနိုင်ငံသည် ခေတ်ပြောင်းတော်လှန်ရေးကြီး တရပ်ဆင်နွှဲနေချိန်ဖြစ်ပါသည်၊ အမှောင်ကျ နေသော အခြေအနေမှ ရုန်းထွက်လာပြီး အကောင်းဘက်ကိုဦးတည်နေကြသည့်အချိန်ဖြစ်ပါသည်၊ အစိုးရက ထိန်းချုပ်မှုတွေကို တခုပြီးတခုလွှတ်ပေးနေသည်၊ ပြည်သူတို့သည် လွတ်လပ်သော စီးပွားရေး စံနစ်၏ အသီး အပွင့် တို့ကို ခူးဆွတ်ရန် တာစူနေကြသည့်အချိန်ဖြစ်ပါသည်။

တနည်းဆိုသော် တချိန်ကဘာတွေမှားခဲ့သလဲဆိုသည် ကို ပြန်လည်သုံးသတ်ကြရမည့်အချိန်ဖြစ်ပါသည်၊ အမှား တွေကို သင်္ခမ်းစာယူ၍ အမှန်ဖြစ်အောင်လုပ်ယူကြရမည့်အချိန်လည်းဖြစ်ပါသည်၊

(၂)

နိုဝင်ဘာလ ၄ ရက်နေ့ကကျင်းပသော Mid- term ရွေးကောက်ပွဲတွင် အုပ်ချုပ်နေသော အာဏာရပါတီ ဒီမို ကရက်တစ် ပါတီက အမတ်ဦးရေ နဲရပြီး ရှုံးသည်၊ ရီပါတ်ဗလီ ကင်တွေက အမတ်ဦးရေများသောကြောင့် လွှတ်တော်ပြောရေးဆိုခွင့် ရှိသူ (Speaker) ကို ရီပါတ်ဗလီကင်တို့ ဘက်မှရွေးချယ်ပေးကြရသည်၊ သမတ အိုဘားမားကို လှုပ်နှိုးလိုက် သလို ဖြစ်သွားသည်၊ လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်စရာရှိလျင် မိမိပါတီက မဲအရေ အတွက် နဲသွားပြီဖြစ်ရာ သမတ ကြီးအဖို့ လုပ်ရကိုင်ရတာ ခက်ခဲသွားပေလိမ့်မည်၊ Lame Duck သမတ ဟုခေါ်ကြသည်၊ သမတကြီး၏ တိုင်းပြည်က ကြိုက်မကြိုက် rating မှာ ၃၀ အောက်သို့ ရောက်နေသည်၊

ဤကဲ့သို့မိမိဆန္ဒနှင့် မကိုက်ညီသော ပြသနာတွေတက်နေပြီဟုဆိုလျင် လူတို့သည်မိမိ လုပ်နေတာတွေကို ရပ်ဆိုင်း၍ မိမိကိုယ်ကိုမိမိ ပြန်လည်ဆန်းစစ်ကြရပါသည်၊ ပေါ်လစီ ရေးရာတွေမှာ ဘာတွေချို့ယွင်းနေသလဲ ဟု ပြန်လည်သုံးသပ်ကြရပါသည်၊ သူတို့ဆီမှာ အတိုက်အခံတွေကို ထောင်ချပစ်ပြီး ပြသနာကို မဖြေရှင်းနိုင်ပါ၊

၁၉၈ရခုနှစ်က တရုပ်ပြည် Tianmen Square တွင်ကျောင်းသားတွေဆန္ဒပြတာတွေကို သေနတ်ဖြင့် ပစ်ခတ် ဖြီုခွဲ ခဲ့ရပါသည်၊ ဤကဲ့သို့ မဖွယ်မရာ မဖြစ်သင့်သော လူသတ်ပွဲစသည့် ဖြစ်ရပ်တွေ ဖြစ်လာပြီဆိုလျင် နိုင်ငံ အုပ်ချုပ်သူများအတွက် မိမိပေါ်လစီမှာ ဘာတွေမှားနေသလဲဟု စဉ်းစား သုံးသတ်ကြရမည့် အချိန်ဖြစ်ပါသည်၊ တရုပ် ခေါင်ဆောင်ကြီးများသည် မိမိနိုင်ငံ ဆင်းရဲမွဲတေ၍ အစစ ယိုယွင်းနေသော အခြေအနေတွေကို ပြုပြင် ကြရ မည်ဟူ၍သုံးသပ်မိခဲ့ကြဟန်တူသည်၊ စီးပွားရေးစံနစ်ကို တံခါးဖွင့်ဝါဒကိုစတင်ကျင့်သုံးရမည်ဟုဆုံးဖြတ် ခဲ့ကြ ပါသည်၊ နိုင်ငံခြား ရင်းနှီး မြုတ်နှံမှုများကို ဖိတ်ခေါ် ခဲ့ပါသည်၊

ယခုတရုပ်ပြည်သည် ကမ္ဘာအင်အားကြီးတနိုင်ငံဖြစ်နေပါပြီ၊ အစိုးရ၏အချိန်မှီ ပြုပြင်ပြောင်းလဲရေး ပေါ်လစီများ ၏အကျိုးကျေးဇူးပင်ဖြစ်သည်၊ ထိုပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုမလုပ်ဘဲ ထင်ရာစိုင်းပြီး ဖိနှိပ် မှုများ ဆက် ခါ လူတို့လူနေမှုအဆင့်အတန်း မမြင့်မားလာခဲ့လျင် ဆန္ဒပြသူတွေက ပြနေကြဦးမှာသေချာပါသည်၊ ယခု ၂၀၁၄ ခုနှစ်ဟောင်ကောင်တွင် ဒီမိုကရေစီရေး ဆန္ဒပြမှုများပေါ်ပေါက် လာသောအခါ သေနတ်ဖြင့်ပစ်ခတ် နှိမ်နင်းခြင်း ကိစ္စကို အလျင်စလိုမပြုလုပ်တော့ပါ၊ ကျောင်းသားခေါင်းဆောင် တွေကို ခေါ်ပြီးဆွေးနွေးညှိနှိုင်းနေပါသည်၊

နိုင်ငံတနိုင်ငံအဖို့ အဖြစ်ဆိုးကြုံရလျင်၊ လူအမြောက်အများသေကျေကြရလျင် မိမိ လုပ်နေတာကိုရပ်၍ ဘာတွေ မှားနေသလဲဆိုတာကို ဆန်းစစ်ကြရမည်ဟု ကျွန်တော်ဆိုခဲ့ပါသည်၊ ထိုလူသတ်ပွဲများမှာ အုပ်ချုပ်နေသော အစိုးရကို တခုခုတော့မှားနေပြီ ဟု အလံထောင် ရပ်ခိုင်းလိုက်ခြင်းဖြစ်ပါသည်၊ မိမိတို့လုပ်တိုင်နေတာတွေကို အမှားအမှန် ပြန်လည် သုံးသတ် နိုင်ရန် မီးနီပြလိုက်ခြင်းလည်းဖြစ်ပါသည်၊

၁၉၆၂ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးဝန်ကြီးချုပ်ဦးနုကို ထောင်ထဲသို့ထည့်လိုက် ချိန်မှစပြီး ဤကဲ့သို့ မဖွယ်မရာ ဖြစ်ရပ်များမှာ ကျွန်တော်တို့နိုင်ငံတွင် အကြိမ်ကြိမ် ဖြစ်ခဲ့ရပါသည်၊ စစ်အစိုးရ အဆက်ဆက် သည် ထို သတိပေး ချက် (Warning Signs) တွေကို တခါမှ သတိပြုမိခဲ့ဟန်မတူပါ၊ တိုင်းပြည်လည်း အမှောင်ခေတ် ထဲသို့သက်ဆင်းခဲ့ရပါသည်၊

အာဏာသိမ်းအစိုးရ၏ပြသနာများမှာ တက္ကသိုလ်ကျောင်းသားတွေမှ စပါသည်၊ ရန်ကုန်တက္ကသိုလ်သည် အစဉ် အလာကြီးခဲ့သော တက္ကသိုလ်ဖြစ်ပါသည်၊ ကိုအောင်ဆန်းသည် ကိုလိုနီအစိုးရကို အံတုရန် အခွင့်အလမ်းကို ရန်ကုန် တက္ကသိုလ်မှာပင် စတင်တွေးတောခဲ့ပါသည်၊ သခင်နုသည် အာဏာဖီဆန်ရေး အလုပ်တွေကို ကျောင်း သားများသမဂ္ဂတွင် အမှုဆောင်လုပ်ရင်း လုပ်ခဲ့ပါသည်၊

တခြားနိုင်ငံတွေမှာ ကျောင်းသားတွေ ကျောင်းစည်းကမ်း ချိုးဖေါက်လျင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ကသာ တာဝန်ယူဖြေရှင်း ပါလိမ့်မည်၊ ကျောင်းသားတွေ အပျော်လိုက်စားသည်ဆိုကာ ညရှစ်နာရီတွင် အဆောင် တံခါး ပိတ်ရမည်ဟု အစိုးရက အမိန့်မထုတ်ပါ၊ ပါမောက္ခကြီးတွေက လိုအပ်လျင် သူတို့ဖါသာ အမိန့်ထုတ်ပါလိမ့်မည်၊ မလိုက်နာလျင် ပါမောက္ခကြီးတွေက လိုအပ်သလို ဆောင်ရွက်ပါလိမ့်မည်၊ အုပ်ချုပ်သူ အစိုးရက စစ်တပ်ကြီး လွှတ်ခါ မြင်မြင်သမျှ သေနပ်ဖြင့် ပစ်ခတ်ခြင်းမှာ ဘယ်လိုမှ မဖြစ် သင့်သော ကိစ္စဖြစ်ပါသည်၊ ကျောင်းသားများ စုဝေးရာ သမဂ္ဂ အဆောက်အဦးကို မိုင်းတိုက် ဖျက်ဆီးခြင်းမှာ ပစ်ဒဏ်နှင့် ပစ်မှု မဆီလျော်ပါ၊

ထိုစစ်ကောင်စီတွင် ဤအဆောက်အဦးကြီး ဖြိုချခြင်းအတွက် ငါတို့တော့မှားပြီ ဟု သတိပေးမည့်လူ တဦး တယောက်မှ မပါခဲ့ခြင်းမှာ အံ့သြဘွယ်ရာကောင်းသည်၊ ခေါင်းဆောင်ကြီးက “ငါတို့ အဖွဲ့နဲ့လုပ်တာ “ဟု မိမိ ဖါသာ ဖြေသိမ့်ခါ ဘာမှ မဖြစ်သလို ဆက်ပြီးစခမ်းသွားခဲ့ကြသည်၊ အမှန်က ကျောင်းသားတွေ ဘာမကြိုက် တာလဲဟု ဆန်းစစ် ကြည့်သူတွေပါခဲ့ဘို့ကောင်းသည်၊

ထိုအချိန်တုံးကသာ သမာသမတ်ရှိသော စုံစမ်းရေးကော်မီရှင်ဖွဲ့ခဲ့လျင် အစိုးရအဖို့ သင်္ခမ်းစာတွေအများကြီး ရနိုင်လိမ့်မည်ဟုထင်သည်၊ အစိုးရသည်ကျောင်းသား၊ကျောင်းဆောင်တွေမှာစည်းကမ်းထိမ်းသိမ်းရေး ကိစ္စ တွေမှာ ပါရန်မလိုပေ၊ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖြိုချခြင်းအတွက် တာဝန်အရှိဆုံးလူကို ဖေါ်ထုတ် နိုင်လိမ့်မည်၊ ခေါင်းဆောင်ကြီးက သူပြောသလို သူ့မှာတာဝန်မရှိဘူးဆိုလျင် အမိန့်ပေးသူကို ဖေါ်ထုတ် အရေးယူနိုင်လိမ့်မည်၊ သို့သော် ဘာမှလည်း မစီစစ်ခဲ့သလို ဘာသင်္ခမ်းစာမှလည်းရခဲ့ဟန်မတူပါ၊ ကျွန်တော်တို့ ကောက်ချက်ချနိုင်သည်မှာ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ထောင်ထဲသို့ထည့်ခါ ဘာမှမဖြစ် သလို ဆက်လက်အုပ်ချုပ် ခဲ့ကြခြင်းမှာ အလွန်မှားယွင်းသည်၊ ကျောင်းသားအရေးအခင်းက မီးမောင်းထိုးပြ လိုက်သော်လည်း အာဏာရှင် အစိုးရ ကသတိမမူခဲ့ပေ၊

တပ်မတော်အစိုးရက ၁၉၆၃ ခုနှစ်တွင်နိုင်ငံတလွှားဈေးဆိုင်နှင့် စီးပွားရေး လုပ်ငန်းတွေကိုပြည်သူပိုင်သိမ်း သည်၊ စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများနှင့်အတူ ဈေးရောင်းဈေးဝယ် စီးပွားရေးလုပ်ငန်းများကို အစိုးရက ပိုင်သည် ဟုဆိုသည်၊ ၁၉၆၄ ခုနှစ်တွင် သွင်းကုန် ထုတ်ကုန် လုပ်ငန်းမှန်သမျှ အစိုးရသာ လုပ်ခွင့်ရှိသည်ဟု အမိန့်ထုတ်သည်၊ နိုင်ငံတော်၏စီးပွားရေးလုပ်ငန်းမှန်သမျှ ပြိုဆင်းသွားရသည်၊ ၁၉၆၂ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့နေရာမှ ၁၉၉၉ ခုနှစ်တွင်တနချိန် ၂ သိန်းသာတင်ပို့နိုင်တော့သည်၊ များမကြာမှီ အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင်သွားတော့သည်၊

၁၉၆၇ ခုနှစ်ကရခိုင်တိုင်းတွင် ဆန်လုကြသည်၊ အစိုးရက သေနပ်ဖြင့်သာဖြေရှင်းသည်၊ ထိုဖြစ်ရပ်များမှာ အစိုးရကို မိမိဖါသာ သုံးသတ် ဝေဖန် နိုင်ရန် အခွင့်အရေးပေးခဲ့ခြင်းဖြစ်ပါသည်၊ အဖြစ်အပျက်၏ အခြေခံ အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာ ကြည့်သင့်သည်၊ နောင်မဖြစ်စေရန် နည်းလမ်းများကို ရှာဖွေထားပြီးဖြစ်သင့် သည်၊ ဆန်ရေစပါးပေါများသော၊ ရာသီဥတုကောင်းမွန်မျှတသော၊ စိုက်ပျိုးမြေတွေ အလုံအလောက်ရှိသော နိုင်ငံတော်တွင် အဘယ့်ကြောင့် ဆန်လုပွဲတွေဖြစ်ရသည်ကို ဆန်းစစ်ဖို့ကောင်းသည်၊ အဖြေသည် ဧကန် ရှိရပါမည်၊ သို့ပါသော်လည်း “ ဒီကောင်တွေငါတို့ကို ပုန်ကန်တာဘဲပစ်ကွာ “ ဟု ခေါင်းဆောင်ကြီး များ အမိန့်တွေပေးသလားမဆိုနိုင် လူအမြောက်အများသေကြေခဲ့ရတာကတော့ သေချာပါသည်၊

ထိုစဉ်ကလည်း သင့်တင့်သော အဖြေကိုထုတ်နိုင၊် ပြင်ဆင်နိုင်ခဲ့လျင် ၁၉၇၄ ခု အလုပ်သမားအရေးအခင်း ဆန်တောင်းကြရသည့် အဖြစ်ကို ကာကွယ်နိုင်လိမ့်မည်ဟု ကျွန်တော်ယူဆ မိပါသည်၊

မည်သည့်နိုင်ငံ၏စီးပွားရေး ကျင့်ထုံးကိုကြည့်စေ၊ စက်ရုံထူထောင်ထားလျင် ထိုစက်ရုံ အလုပ်သမားတို့၏ စား ၀တ်နေရေး၊ လုပ်သားတို့၏ကလေးပညာရေး စသည်တို့ကို စက်ရုံပိုင်ရှင်ကသာ တာဝန်ယူရပါသည်၊ အစိုးရ သည် စက်ရုံသာထောင်ထား၍ အလုပ်သမားတို့၏ စားဝတ်နေရေးမှာ သူနှင့် မဆိုင်ဟု ယူဆပုံရသည်၊ အခွင့် အရေးတောင်းဆိုခြင်းကို ပုန်ကန်သည်ဟု မှတ်ယူသည်၊ ရန်ကုန်နေရာ အနှံ့မှ စက်ရုံ အလုပ်ရုံများနှင့် သင်္ဘောကျင်း လုပ်သား များက မိမိတို့ ၀င်ငွေနှင့် စားဝတ်နေရေး ကိစ္စများမဖြေရှင်းနိုင်ပါဟု တညီတညွတ် တည်းပြောကြခြင်းကို ဂရုထားမိဘို့ကောင်းပါသည်၊ ဤတကြိမ်တွင်လည်း သေနတ်နှင့် ပစ်ခတ်ခါ လူအမြောက် အများသေကြေကြရပြန်သည်၊ လူအများထောင်သွင်း အကျဉ်းကျနှိပ်စက်ညှင်းပန်းခံကြရပြန်သည်၊

ဤတကြိမ်တွင် လည်းအုပ်ချုပ်သော အစိုးရ သည်ပြည်သူတို့၏ ဆန္ဒကိုနားလည်ရန် မကြိုးစားခဲ့ပြန်ပေ၊

နိုင်ငံတော်တွင်း သုံးစွဲလည်ပါတ်နေသော ငွေကြေးကို တရားမ၀င် ကျေညာလျင် စီးပွားရေးပြသနာများကို ဖြေရှင်းနိုင်သည်ဟု ဘယ်စီးပွားရေး သီအိုရီက ဆိုသည်ကို မသိရပေ၊ တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်၊ သုံးကြိမ်အထိ ငွေစက္ကူတွေကို တရားမ၀င်ကျေညာခဲ့သည်၊ ပြည်သူအများ အတိဒုက္ခရောက်ကြရသည်၊ အစိုးရ ကို သတိပေးသူလည်းရှိပုံမပေါ်၊ ခေါင်းဆောင်ကြီးမှာ မိမိ ပတ်ဝန်းကျင်တွင် ခေါင်းငြိမ့်တတ်သည့် Yes Man များကိုသာဝန်းရံထားလေရာ ဘယ်သူမှ ကန့်ကွက် ရန်မစဉ်းစားရဲကြပေ၊ ထောက်ပြလျင်လည်း မိမိသာ ဒုက္ခရောက်ဖို့ရှိသည်၊

၁၉ရ၄ ခုနှစ် ဦးသန့် အရေးအခင်း၊ ၁၉ရ၆ ခုမှိုင်းရာပြည့် အရေးအခင်းများမှာ မဖြစ်မှီက ကာကွယ်နိုင်သော အရေးအခင်းများသာဖြစ်ပါသည်၊ ဦးသန့်၏ အလောင်းကို မြှုတ်နှံသဂြိုလ်ခြင်း၊ လွတ်လပ်ရေးတိုက်ပွဲ တလျောက် ကိုလိုနီအစိုးရကိုတော်လှန်ခဲ့သော ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဂုဏ်ပြုခြင်းတို့မှာ အစိုးရ ကပင်ဦးစီး၊ ဦးဆောင်လုပ်ရ မည့်ပွဲ တွေဖြစ်ပါသည်၊ တပ်မတော်ထောက်လှန်းရေး မှာ နေရာတကာဖြန့်ကျက် ရောက်ရှိ ကိစ္စအ၀၀ သိနေသည်ဖြစ်ရာ ကျောင်းသားတွေ၏ ဆန္ဒကို အစိုးရက အလွယ်တကူသိပါလိမ့်မည်၊ ကျောင်းသား များကို ခေါ်ယူဆွေးနွေး၍ သူတို့ဖြစ်ချင်သည့် ဆန္ဒ အတိုင်း လုပ်ပေး လိုက်ရုံသာရှိပါသည်၊ အစိုးရက သဘောထားမကြီး ခွင့်လွှတ်သော အမြင်ဖြင့် မကြည့်နိုင်သောအခါ ပြည်သူအများ သေသူသေ ထောင်ကျသူကျ ဆုံးရှုံးနစ်နာကြရပြန်ပါသည်၊

၁၉ရရ ခုမဆလ ညီလာခံတွင် ခေါင်းဆောင်ကြီး ကမဲအများဆုံးမရဘဲ လက်ထောက်တွေက မဲပိုရကြသည်ဟု ဆိုသည်၊ ဤတကြိမ်တွင်လည်းခေါင်းဆောင်ကြီးမှာ ဘာ့ကြောင့် မဲမရသည်ကို ဆန်ူစစ်ဖို့ မတွေးတောဘဲ အတွင်းရေးမှုးအဖွဲ့မှ ဦးသန်းစိန်၊ ဦးထွန်းစိန်၊ ဦးကျော်ဇောစသည်ဖြင့် ပါတီဝင်ပေါင်းများစွာ ကိုထုတ်ပယ်ပြစ်ပြီး ဘာမှမဖြစ်သလို ဆက်လက် အုပ်ချုပ်နေခဲ့ပြန်သည်၊ အမှန်စင်စစ် တိုင်းပြည်က မိမိအပေါ် မကြည်ညိုဘူးဆို လျင် ဘာတွေမှားနေသည်ဆိုခြင်းကို သုံးသတ်သင့်သည်၊ ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်သင့်သည်၊ ထိုသို့ ပြုပြင်ရန် ပျက်ကွက်မှုကြောင့် ၁၉၈၈ ခုအရေးအခင်းကြီးပေါ်ပေါက်ခဲ့ရသည်ဟုသာ ဆိုချင်တော့သည်၊

၁၉၈၃ ခုနှစ်တွင် ထောက်လှန်ရေးဦးစီး ဗိုလ်ချုပ်ကြီးတင်ဦး ရာထူးချကာ ထောင်သွင်းအကျဉ်းကျခံရသည်၊ သူသည်ဥက္ကဌကြီးက ယုံကြည် အားကိုးခံရသည့် လက်ထောက်ဖြစ်သည်၊ အရိုက်အရာ ခံစားရမည့် လက် ထောက်လည်းဖြစ်သည်၊ မလေးရှားနိုင်ငံတွင် မဟာသီ မူဟာမက်က သူ့လက်ထောက် အန်ဝါ ကို ရာထူး ချထားပြီးထောင်ချသောအခါ အစိုးရတွင် အကြီးအကျယ်ခေါင်းခဲရသော ပြသနာဖြစ်ခဲ့သည်၊ မြန်မာ အစိုးရ အဖွဲ့၏အုပ်ချုပ်မှုပုံစံမှာ အာဏာရှင်တဦး၏ သဘောသာဖြစ်ပြီး လက်ထောက်အလုပ်မှ ပြုတ်သွားခြင်းကြောင့် ဘာမှ အပြောင်းအလဲ မတွေ့ရပေ၊
၁၉ဂဂ ခုနှစ်တွင်သာ ကျွန်တော်နှုတ်ထွက်ပါတော့မည် ဆိုသောစကားတခုသာ စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ကာလတလျောက်လုံး Bright ဖြစ်သည့် Idea အဖြစ်ကြားရဘူးသည်၊ သို့သော် ထိုသို့ နှုတ်ထွက်ခြင်းမှာ မိမိ အမှားကိုသိ၍ တိုင်းပြည်ကို ကောင်းရာမွန်ရာဖြစ်အောင် လက်လွှဲပေးသည့် အပြုအမူလည်း မဟုတ်ခဲ့ပြန်ပေ၊

၁၉၆၂ ခုနှစ်တွင် ယိုယွင်းခဲ့သော အခြေအနေများကိုအကြောင်းပြ အာဏာသိမ်းခဲ့ပြီး စစ်တပ်သာအုပ်ချုပ် နေခဲ့သည်၊ တခါ အခြေအနေတွေ ယိုယွင်းပျက်စီးရပြန်သည် ဆိုကာ အာဏာသိမ်းရပြန်သည်၊ တိုင်းသူပြည် သား အမြောက်အများကို သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းရပြန်သည်၊ လူပေါင်း ထောင်ပေါင်းများစွာ သေကြကြရ သလို လူပေါင်းများစွာဖမ်းဆီး နှိပ်စက်ခံ ကြရပြန်သည်၊

တဖန် နောက်တက်လာသော ခေါင်းဆောင်များက ဤတကြိမ်တွင်လည်း ပြည်သူ့ဆန္ဒကို သိနားလည်ဘို့ မကြိုးစားခဲ့ပြန်ပေ၊ သေနပ်ရှိလျင် အုပ်ချုပ်၍ ရသည် ဟုသာ ယူဆကြဟန်တူသည်၊ တက်ကြွသူတွေကို ဖမ်းဆီးထားနိုင်လျင် သူတို့သည် တရားဝင်အစိုးရဖြစ်သည်ဟု ယူဆကြသည်၊ ၂၆ နှစ်လုံးလုံး မဆလ၏ ပေါ်လစီ အမှားတွေကို ဘယ်သူမှ ဂရုမပြုကြဘဲ စစ်အာဏာ ဖြင့်သာ ဖိနှိပ်အုပ်ချုပ်မြဲအုပ်ချုပ်ခဲ့ကြသည်၊

စစ်အာဏာရှင်များမှာ လူသာပြောင်းပြီး စိတ်ဓါတ်ပြောင်းလဲမှု မရှိကြသောကြောင့် အစိုးရအဆက်ဆက် ပြည်သူ တို့မှာ မျှော်လင့်ချက် ကင်းဝေးနေကြရပြန်သည်၊ ပစ်ခတ်နှိမ်နင်းရသော စစ်တပ်ကြီးအဖို့ သင်္ခမ်းစာယူခဲ့ဘို့ဝေးစွ နောက်တခါလဲ ငါတို့ကတော့ ပစ်မှာဘဲဟု ကြုံးဝါးခဲ့ကြသည်၊
၂၀၀၃ ခုနှစ် ဒီပဲရင်း လုပ်ကြံမှုအရေးအခင်းကြီးမှာလည်း တိုင်းပြည်ကို တုန်လှုတ် ခြောက်ခြားစေသော  လုပ်ကြံမှုကြီးပင်ဖြစ်သည်၊ အကြမ်းဖက်သူတွေမှာ ဘာမှ မဖြစ်၊ အစိုးရ ကိုယ်တိုင်က လုပ်ကြံမှုကို ဖန်တီးသည် ဟု စွတ်စွဲနေသည့် အထဲမှာပင် စီမံကွပ်ကဲသူတွေ ရာထူးတက်ကုန်ကြသည်၊ အလုပ်ကြံ ခံရသူတွေမှာ ထောင်သွင်းအကျဉ်းကျခံကြရသည်၊ တိုင်းပြည်ကို အုပ်ချုပ်သော အစိုးရမှာမူ သင်္ခမ်းစာ ယူတတ်သည့် လက္ခဏာ မတွေ့ရပေ၊

၂၀၀၄ ခုနှစ်တွင် တပ်မတော်ထောက်လှန်းရေးမှုးကြီးကို ဖြုတ်ချ အရေးယူ ထောက်လှန်းရေးတပ်တခုလုံးကို ဖျက်သိမ်းရ သည့် ကိစ္စနောက်တကြိမ် ဖြစ်ခဲ့ရပြန်သည်၊ သင်္ခမ်းစာ ယူတတ်သည့် အစိုးရ သာဆိုလျင် အမှား တခုကို နှစ်ကြိမ် မမှားစေသင့်ပေ၊

(၃)

အမေရိကန်သမတဖြစ်သူ Mr. အိုဘားမား သည် ၂၀၀၉ ခုနှစ် ဂျွန်လ ၄ ရက်နေ့တွင် အီဂျစ်လွှတ်တော်သို့တက် ရောက်ပြီး မွတ်စလင် လူထုထံသို့စကားပြောခဲ့သည်၊ သူသည် လူမဲ ဖြစ်သည်၊ သို့သော်လည်း ကမ္ဘာ့ အင်အား အကြီးဆုံးနိုင်ငံကြီး၏ သမတ ဖြစ်သည်၊ လူဆိုသည်မှာ အတူတူပင်ဖြစ်သည်၊ မွေးရာပါ လူတို့၏ ရပိုင်ခွင့်တွေရှိ သည်၊ တဦးအပေါ်တဦး ဗိုလ်ကျ အနိုင်ကျင့်၍ မရနိုင်ပေ၊

အိုဘားမား၏မိန့်ခွန်းသည် Arab Spring ခေါ် အရှေ့အလယ်ပိုင်းနိုင်ငံများ၏တော်လှန်ရေးကို ဖြစ်ပေါ်စေသည် ဟု နယူးရောက်တိုင်းသတင်းစာ သတင်းထောက်က ဆိုသည်၊ အိုဘားမား သမတ ဖြစ်ရခြင်းမှာ ဒီမိုကရေစီ စံနစ်၏ အနှစ်သာရပင် ဖြစ်သည်၊ အာဏာရှင်ဆိုသည်မှာ လက်နက်ကိုင် လက်တဆုပ်စာသာရှိသည်၊ ပြည်သူ တွေ ညီညွတ်လျင်ထိုအာဏာရှင်များ ကိုမှုစရာမလိုဟု တွေးခေါ်ကြသည်၊

၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် ကျူးနီးရှားနိုင်ငံတွင် အရေးအခင်းဖြစ်သည်မှအစပြုခါ ကျူးနီးရှား၊ အီဂျစ်၊ ရီမင်၊ လစ်ဗျားနိုင်ငံတို့တွင် လူထု ဆန္ဒပြမှုများဆက်တိုက်ဖြစ်ပွားခဲ့သည်၊ သမတ မူဘာရက် ပြုတ်ကျပြီး ထောင်သွင်း အကျဉ်းချခံရသည်၊ လစ်ဗျားခေါင်းဆောင် ကဒါဖီး မှာလူအုပ်မှသတ်ဖြတ်ခြင်းကိုခံရသည်၊

မြန်မာစစ်ခေါင်းဆောင်ကြီးများသည် ထိုအဖြစ်အပျက်များမှ သင်္ခမ်းစာ ထုတ်ယူသလားမဆိုနိုင်ပေ၊ စစ်အာဏာ ရှင်ကြီးများ အနားယူသွားပြီ ဟုဆိုသည်၊ ကျွန်တော်တို့ လိုလားသည်မှာ လူတွေသေမှ မဟုတ်ဘဲ ခေါင်းဆောင် ကြီးတွေအလိုလို စဉ်းစားတွေးခေါ်တတ်တာကို လိုလားကြခြင်းဖြစ်ပါသည်၊

၂၀၁၁ ခုနှစ်တွင် သမတကြီးဦးသိန်းစိန် မြန်မာဒီမိုကရေစီ နိုင်ငံတော်၏ သမတ ကြီးဖြစ်လာသည်၊ စစ်အစိုးရ သည် တကယ်သင်္ခမ်းစာရပြီး လုပ်သင့်တာကို လုပ်သွားပြီဟု ကားမယူဆနိုင်သေးပါ၊ အကြွင်းအကျန် စစ်ဗိုလ် ချုပ်ကြီးများ၊ ခရိုနီကြီးများမှာ ဘာမှမပြောင်းလဲသလိုပြုမူနေကြဆဲဖြစ်သည်၊ ပြည်သူလူထုက စစ်အုပ်ချုပ်ရေးကို လက်မခံပေ၊ နေရာတကာမှာ စစ်ဗိုလ်စစ်သားတွေ နေရာယူနေကြတာကိုလည်း မကြိုက်နှစ်သက်၊ လွတ်လပ် သော စီးပွားရေးတံခါးဖွင့်ဝါဒကို မြင်ချင်ကြသည်၊

စစ်အစိုးရ အဆက်ဆက် မိမိတို့ ထင်ရာလုပ်မှုများကြောင့် တိုင်းပြည်ကြီး ဆင်းရဲမွဲတေသွားရခြင်းကိုသင်္ခမ်းစာ မယူနိုင်ကြသူများရှိနေကြဆဲဖြစ်သည်၊