မောင်စွမ်းရည် - အမေရိကန်သမတ အိုဘာမားနဲ့ ဗမာကျောင်းသားလူငယ်တို့ တွေ့ဆုံပွဲ
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၄
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၄
ဗမာပြည်မှာ-
အိုဘာမားနဲ့ လူငယ်များတွေ့ဆုံပွဲ နိုဝင်ဘာ ၁၄ရက်၊ (၂၀၁၄) က ပြုလုပ်သွားခဲ့ပါတယ်၊။လူငယ်ဆိတာက ဗမာလူငယ်တွေအများစိုပါဝင်တဲ့ အရှေ့တောင်အာရှလူငယ်တွေပါ၊ YSEAK တဲ့။ “ဗမာလိုအပြည့်အစုံပြောရရင်” အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှုစွမ်းရည် အစီအစဉ်တွင် ကျောင်းသားလူငယ် ၄၀၀ လောက်တတ်ရောက်ကြရာမှာ အင်ဒိုနီးရှား၊ မလေးရှာနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က လူငယ်အနည်းအပါး ဝင်တာတွေ့ရပါတယ်။ မုတ်ဆိတ်ဖွားဖွားနဲ့ အမျိုးသား ခေါင်းမြီးခြုံနဲ့ အမျိုးသမီးတို့ကို ထူးထူးခြားခြားတွေ့မြင်ရပါတယ်။ ဗမာပြည်တောင် ပေါ်ဒေသ တိုင်းရင်းသားတချို့လည်း တွေ့မြင်လိုက်ရပါတယ်။ သတင်းကားတိုလေးတခုမှာ မြင်တွေ့လိုက်ရတာပါ။ တွေ့ဆုံပွဲလုပ်တဲ့နေရာက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမပါတဲ့။
အိုဘားမားရဲ့ ခရီစဉ်တွေထဲမှာ ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံပွဲဟာ စိတ်ဝင်စားစရာကောင်းဆုံးလို့ ထင်ပါတယ်။ အိုဘားမားဆိုတာ ကမာ့အင်အားကြီး၊ အကြွယ်ဆုံးနိုင်ငံကြီးက နိုင်ငံသမတကြီးပါ။ လာရောက်တွေ့ဆုံတဲ့ နိုင်ငံက အရှေ့တောင်အာရှမှာ နာမည်ပျက်နဲ့ ချောင်ကုတ်နေရတဲ့ ဗမာနိုင်ငံပါ။ အဲဒါကိုက ထူးခြားပါတယ်။ သမတကြီးဟာ လူငယ်ပရိသတ်ထဲကို ဝင်ရောက်လာပြိး အပေါ်အင်္ကျီကို ချွတ်လိုက်ပါတယ်။ ဗမာလို- “မင်္ဂလာပါ” လို့လဲ နှုတ်ဆက်ပါတယ်။ ပြီးတော့ ရွှင်မြူးပေါ့ပါးတဲ့ အမူအရာနဲ့ တက်တက်ကြွကြွပြောဆိုဆွေးနွေးသွားပါတယ်။ မေးခွန်းမေးဖို့ အချိန်ရသလောက်အတွင်းမှာ ၆ယောက်၊ ၇ယောက်လောက်ပဲ ဆွေးနွေးလိုက်ရပေမယ့် အကြောင်းအရာ တော်တော်စုံစုံလင်လင်ဆွေးနွေးလိုက်ကြရပါတယ်။ ပညာရေး၊ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသဖြင့် ပါဝင်ပြီး သမတကြီး ကလည်း စေ့စေ့စပ်စပ်ဖြေကြားသွားခဲ့ပါတယ်။
မေးကြတဲ့မေးခွန်းတွေထဲမှာ “အကယ်၍သမ္မတကြီးသာ ဗမာပြည်ရဲ့ သမ္မတဆိုရင် ဘာတွေလုပ်မလဲ” ဆိုတဲ့မေးခွန်းပါရှိပါတယ်။ ပေါ့ပေါ့ပါး ပါးနဲ့ သမ္မတကြီးပြောချင်ရာတွေ အားရပါးရပြောသွားနိုင်ပါတယ်။ အဓိကကတော့ လက်ရှိအခြေခံဥပဒေကို ဒီမိုကရေစီကျအောင် ပြန် လည်ပြင်ဆင်ရေးဆွဲပြီး လာမယ့် ၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲကို သေသေချာချာစနစ်တကျ ပြုလုပ်ပေးမယ်ဆိုတဲ့အချက်ပါပဲ။ လူငယ်တွေ ကလည်း ဘာမဆိုကြိုးစားအားထုတ်ရင် အောင်မြင်နိုင်ပါတယ်။ “ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်” ဆိုသလိုတဲ့လား ဗမာစကားပုံတခုကို ဗမာလိုပြောပြီး အင်္ဂလိပ်လို ရှင်းလင်းတင်ပြသွားတာကို ဗမာကျောင်းသားလူငယ်တွေကရော၊ သတင်းကားကြည့်ရတဲ့ ပရိသတ်ကရော အထူးသဘောကျတာတွေ့ရပါတယ်။
ကျနော်အထူးသတိပြုဆင်ခြင်မိလိုက်တာကတော့ ဗမာသမ္မတ အစရှိတဲ့ အုပ်ချုပ်သူလူကြီးတွေဟာ ခုလို လူငယ်ပရိသတ်မဆိုထားနဲ့ လူကြီးပရိသတ်ကိုတောင် ပွင့်ပွင့်လင်းလင်းဆွေးနွေးတွေ့ဆုံခွင့် မပေးဖူးဘူးဆိုတဲ့အချက်ပါပဲ။ ဗမာနိုင်ငံရေးလောကမှာ ကျောင်းသားလူငယ် တွေဟာ တိုင်းသူပြည်သားတွေရဲ့ ဒုက္ခဆင်းရဲအကြပ်တည်းတွေကို မိဘပြည်သူတွေရဲ့ကိုယ်စား ရှေ့ကနေပြီး ထုတ်ဖေါ်ပြောဆို လေ့ရှိကြ ပါတယ်။ ဒါကြောင့် မဟာ ဗမာ “လူကြီး”တွေက ကျောင်းသားလူငယ်တွေကို အရောတဝင်လုပ်လေ့မရှိပါဘူး။ “လူကြီး” တွေဘက်မှာ အားနည်းချွတ်ယွင်းချက်တွေ တနင့်တပိုး ရှိနေတာလဲပါမှာပေါ့။ တခါတရံ ကျောင်းသားလူငယ်တွေကို ကိုယ့်လူကိုယ့်သားတွေ၊ ကိုယ့် တပည့်သားမြေးတွေလို သဘောမပိုက်နိုင်ဘဲ ရန်သူလိုသဘောထားပြီး အငြိုးအာဃာတကြီးကြီးနဲ့ စစ်အင်အားအသုံးပြုပြီး ရင်ဆိုင်တာတောင်ရှိသေးတာမဟုတ်လား။ (သွေးချောင်းစီးခဲ့ရတယ်လေ။)
ခုတော့ကြည့်ပါအုံး၊ နိုင်ငံခြားကသမ္မတကြီးကို ဗမာလူငယ်တွေက ကိုယ့်ဦးကြီး ဦးလေး၊ ကိုယ့်ဆရာ၊ ကိုယ့်မိတ်ဆွေနဲ့ တွေ့ရသလို တရင်းတနှီး လေးလေးစားစားပြောဆိုနေလိုက်ကြတာ၊ လက်အုပ်ချီစရာလဲမလိုဘူး။ ဒူးတုပ်နောက်ဆုတ်နေစရာလဲမလိုဘူးလေ။ သြော် ကျနော်တို့ရဲ့ တူသားမောင်မယ် လူငယ်လေးတွေကို ကျနော်တို့ သမ္မတကြီးက ခုလိုများ တရင်းတနှီးဖက်လှဲတကင်းတွေ့ဆုံခွင့်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲလို့- အတွေးမဝင်ဘဲ မနေနိုင်ပါဘူး။ ကလေးတွေကိုအရောမဝင်ရဘူး၊ မျက်နှာသာပေး ရွှေရေးပန်း ကန်တက်တတ်တယ်။ ခွေးကလေးအလိုလိုက် “ပယက်နယက်” လုပ်တတ်တယ် ဆိုတဲ့ စကားတွေနဲ့ ရှောင်တတ်ကြပါတယ်။ “အရောဝင် တော့ အရိုအသေတန်တယ်တဲ့” ရိုသေထိုက်ရင် ရိုသေကြတာပါပဲ။
အမေရိကန်သမတကြီးကို ကြည့်လိုက်စမ်းပါ။ လူငယ်တွေနဲ့ အရောတဝင်ပါပဲ။ လူငယ်တွေကလဲ အရိုအသေမတန်ပါဘူး။ အလုအ ယက်လက်ညှိုးထောင်ပြီး မေးလိုက်ကြတာ။ စာသင်ခန်းထဲမှာ ကိုယ့်အတန်းပိုင်ဆရာနဲ့ တွေ့နေကြရသလိုပါပဲ။ နောက်ဆုံးတော့ တယောက်နှစ် ယောက်ကိုသာမဟုတ်ဘု။ အားလုံးလူစေ့တက်စေ့ လိုက်ပြီး လက်ဆွဲနှုတ်ဆက်သွားလိုက်ပုံများ ပျော်ရွှင်စရာကောင်း လိုက်တာ။ လူငယ်တွေကလည်း သူ့ကိုမှ ရတောင့်ရခဲ အခွင့်အရေးကိုရလိုက်ကြလို့တဲ့ ပျော်လို့ပြုံးလို့ပါပဲ။ လက်အုပ်ချီစရာမလိုဘဲ ရဲရင့်တတ်ကြွပြုံးရွှင်တဲ့ အမူအရာတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြလိုက်ကြတာများ ကိုယ်တောင် သူတို့နဲ့ရောပြီး ပျော်မြူးသွားရသလိုပါပဲ။
ဘယ်နိုင်ငံက အကြီး အကဲပဲဖြစ်ဖြစ် တရုတ်ကြီးပဲဖြစ်ဖြစ် ရုရှားကြီးပဲဖြစ်ဖြစ်၊ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး ကိုယ့်ပြည်သူလူထုနဲ့ ထိတွေ့ နိုင်ကြရင် အကောင်းဆုံးပါပဲ။ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ် ပွင့်ပွင့်လင်းလင်း တွေ့ဆုံနိုင်င်ကြမှသာ တဖက်နဲ့တဖက် နားလည်မှု ရင်းနှီးချစ်ခင်မင် ထူထောင်နိုင်ပေလိမ့်မယ်။ နိုင်ငံတကာနဲ့ “တံခါးပိတ်” ဆက်ဆံခဲ့သလို ကိုယ်ပြည်သူလူထုနဲ့လဲ “တံခါးပိတ်” ပြီး တသီး တခြားရှိမယ်ဆိုရင် စိမ်းသထက်စိမ်း၊ ဝေးသထက်ဝေးသွားဖို့ပဲရှိပါတယ်။ ပြည်သူလူထု ဒုက္ခသည်တွေကို ဗိုလ်ချုပ်မှူးကြီးက ခါးမှာသေနတ် ချိတ်ပြီး လက်ပိုက်ကြည့်လိုက်လို့၊ ဒုက္ခသည်တွေက မြေပြင်မှာဆောင့်ကြောင့်လေးတွေ ထိုင်ပြီး လက်အုပ်ချီလိုက်လို့ “နာဂစ်မုန်တိုင်း သတင်းကားထဲမှာ ထင်ပါရဲ့ မြင်လိုက်ရဖူးတာပါ။ နောက်က ကိုယ်ရံတော်တွေကလဲ သေနတ်ကြီးတွေတကားကားနဲ့ မျက်နှာထားကြီးတွေနဲ့။ ဒီလိုဆက်ဆံပုံမျိုးနဲ့ ဆိုရင် ပြည်သူလူထုက ဘယ်လိုလုပ် ချစ်ခင်ကြည်ညိုပါ့မလဲ။
ရှေးကမင်းကောင်းမင်းမြတ်တွေ သုံးရိုးသုံးစဉ်စကားရှိပါတယ်။ ပြည်သူလူထုကို “ရင်ဝယ်သားကဲ့သို့။ ကျောသားရင်သားမခွဲခြား” တဲ့။ အဲသလိုမဟုတ်ဘဲ ကျော်သားရင်သားခွဲခြားရုံမက ကိုယ့်ဖဝါးအောက်က ကျေးကျွန်တွေလို သဘောထားရင်တော့လဲ တဦးမေတ္တတဦးမှာ” ဆိုတဲ့စကားလဲအရှိသားမဟုတ်လား။ အချုပ်ကိုဆိုရရင်တော့ အုပ်စိုးသူများဟာ အုပ်စိုးခံပြည်သူတွေကို ရင်းနှီးပွင့်လင်းစွာ၊ ပြုံးရွှင်ချစ်ခင်စွာနဲ့ တွေ့ဆုံဆက်ဆံနိုင်ကြပါစေ။ အမေရိကန်သမ္မတကြီး အိုဘားမားနဲ့ ဗမာကျောင်းသားလူငယ်တွေ တွေ့ဆုံဆက်ဆံကြသလို ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နီးနီးကပ်ကပ်တွေ့ဆုံဆက်ဆံနိုင်ကြပါစေလို့- ဆန္ဒမှန်ကို တင်ပြလိုက်ရကြောင်းပါခင်များ။
မောင်စွမ်းရည်
၂၀၁၄ နိုဝင်ဘာ ၁၆