ထင်အောင် - ကျွန်တော့်ကို ပညာပေးခဲ့တဲ့ စာပေဗိမာန် မဂ္ဂဇင်း


ထင်အောင် - ကျွန်တော့်ကို ပညာပေးခဲ့တဲ့ စာပေဗိမာန် မဂ္ဂဇင်း
(မိုးမခ) နိုဝင်ဘာ ၁၂ ၊ ၂၀၁၄

နေ့စဉ် ထွက်နေသော ဂျာနယ် စာစောင်များ သတင်းစာများကို ဖတ်နေရာမှ ငယ်ငယ်တုံးက အားထား ဖတ်ရှု ခဲ့ရသော ပညာပေး မဂ္ဂဇင်း တစ်စောင်ကို ပြန်လည် သတိရမိလာပါတယ်။  မြန်မာနိုင်ငံ ဘာသာပြန် အသင်းကြီးမှ ထုတ်ဝေခဲ့သော စာပေဗိမာန် မဂ္ဂဇင်းပါ။  လစဉ်ထုတ် စာပေဗိမာန် မဂ္ဂဇင်းလို့ သုံးထားတာကို သတိပြုမိခဲ့ပါတယ်။

လစဉ် ထုတ်ဝေနေသော အခြားမဂ္ဂဇင်းများနဲ့ မတူ ကွဲခြား နေတာက မဂ္ဂဇင်း အရွယ်အစား ဖြစ်ပါတယ်။ အလျား က ဆယ် လက်မခန့် ရှိပြီး အနံကတော့ ဆယ့်သုံးလက်မ လောက်ရှိပါတယ်။  စာမျက်နှာ အရေအတွက် ကတော့ ပုံမှန် ထုတ်ဝေနေတဲ့ မဂ္ဂဇင်းတွေထက် နည်းပါတယ်။  စာမျက်နှာ တစ်ရာလောက်ပဲ ရှိပါတယ်။  မျက်နှာဖုံးမှာ နာမည်ကျော် ပန်းချီဆရာကြီးတွေရဲ့ လက်ရာ သရုပ်ဖေါ်ပုံတွေ သုံးထားပါတယ်။  အရောင်စုံနေတဲ့ မျက်နှာဖုံး ကိုမြင်တာနဲ့ စာအုပ်ကို ဖတ်ကြည့်ချင်စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ထိုစဉ်က ထုတ်ဝေနေတဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေထဲမှာ ရှုမဝမဂ္ဂဇင်း တစ်ခုသာ ပန်းချီ မျက်နှာဖုံးကို သုံးပြီး မြဝတီနဲ့ သွေးသောက်က စံပြအမျိုးသမီးတွေရဲ့ ရောင်စုံ ဓာတ်ပုံကို မျက်နှာဖုံးမယ် အဖြစ် အသုံးပြုကြပါတယ်။

ပန်းချီဆရာကြီး ဦးအုန်းလွင် လက်ရာ မျက်နှာဖုံးကို သတိရ မိပါသေးတယ်။  ရန်ကုန် ဆိပ်ကမ်းမှာ ဆိုက်ကပ်လာ တဲ့ နိုင်ငံခြား သင်္ဘောကြီးတွေ ပေါ်က ကုန်ပစ္စည်းတွေကို ခေတ်မီ ကရိန်းကြီးတွေကို သုံးကာ သယ်ချနေပုံကို သရုပ်ဖော် ရေးဆွဲထားတာပါ။  အချို့ လထုတ်တွေ မှာတော့ လူတစ်စုက ကွပ်ပျစ်ပေါ်မှာ လက်ဖက်ရည်ကြမ်းကို သောက်နေရင်း စာပေဗိမာန် မဂ္ဂဇင်း ဝိုင်းဖတ်နေကြပုံကို ရေးဆွဲထားတာလည်း သတိရမိပါသေးတယ်။  အဲဒီပုံကိုရေး ဆွဲထားတဲ့ ပန်းချီဆရာကြီးကိုတော့ သတိမရတော့ပါဘူး။  ပုံကိုသာ မျက်စိထဲ စွဲပြီး သတိရနေတာပါ။

စာအုပ်ကို လှန်လိုက်တာနဲ့ ပထမ စာမျက်နှာမှာ စာပေဗိမာန် အထိမ်းအမှတ် တံဆိပ်ကို တွေ့ရပါတယ်။  ယခုခေတ် အသုံးအနှုန်း အရ ဆို စာပေဗိမာန် လိုဂိုပေါ့ဗျာ။  နောက် စာပေဗိမာန် ဆောင်ပုဒ်ဖြစ်တဲ့ “အမှောင်ခွင်း၍ အလင်းဆောင် အံ့” ဆိုတာကိုတွေ့ ရပါတယ်။  ထုတ်ဝေတဲ့ နေရာက အသင်း တည်ရှိရာ အမှတ် (၃၆၁)၊ ပြည်လမ်း၊ ရန်ကုန်မြို့ပါ။  ဟံသာဝတီ အဝိုင်းကြီး အနားမှာ ယခုထိ ရှိနေပါသေးတယ်။

ယခုခေတ် ခေတ်မီ သူတွေရဲ့ လိပ်စာ ကဒ်ပြားတွေမှာ အီးမေးလ် လိပ်စာပါသလို အဲဒီခေတ်တုန်းက အင်မတန် ခေတ်မီခဲ့တဲ့ ကြေးနန်းလိပ်စာကိုလည်း ဖော်ပြထားပါသေးတယ်။  ယနေ့ လူငယ်တွေ ကတော့ ကြေးနန်း လိပ်စာ ဆိုတဲ့ အသုံးအနှုန်း ကို ရယ်စရာကြီး ဖြစ်နေမှာပါ။  ဟိုတချိန်တုံးက ကြေးနန်းစံနစ်ဟာ အမြန်ဆုံး ဆက်သွယ်ရေး စံနစ် ဆိုတာကို မေ့သွားကြပါပြီ။

ဆက်သွယ်ရန် နေရာမှာ ခေတ်မီ တယ်လီဖုန်း နံပါတ်လည်း ပါပါသေးတယ်။  ဖုန်း နံပါတ်က N 226 ပါ။  N ဆိုတာက North ကို ကိုယ်စားပြုပါတယ်။ မြောက်ပိုင်းက ဖုန်းနံပါတ် (၂၂၆) ကိုပြော ချင်ပါတယ်လို့ တယ်လီဖုန်း အော်ပရေတာ ကောင်မလေးကို ပြောလိုက်မှ စကားပြော ဆက်သွယ်လို့ ရတဲ့ ကာလပါ။  အော်ပရေတာက မအားသေးဘူးလို့ ပြောလိုက်ရင် လိုင်းအားတဲ့ အထိ စောင့်ရပါတယ်။

ပထမ စာမျက်နှာမှာ မာတိကာကို ထည့်ပေးထားပါတယ်။  ကျွန်တော် ကတော့ မာတိကာမှာ ကလေး ရိပ်သာဆို တာကို စရှာတတ်ပါတယ်။  ဒီအခန်းမှာ ကလေးတွေ အတွက် ပုံပြင်တွေ၊ ပထဝီဝင် ဆိုင်ရာ အသိ ပညာပေး ဆောင်းပါးတွေ ပါပါတယ်။  ကလေးတွေ သာမက မသိသေးတဲ့ သူတွေကိုပါ ဗဟုသုတ မျိုးစုံပေးတဲ့ အခန်းပါ။  

ဖင်လန်နိုင်ငံ အကြောင်းဆိုရင် နိုင်ငံ တည်နေရာက အစ ဝတ်စားဆင်ရင် ပုံ ဓလေ့ ထုံးစံ ပွဲတော်တွေ အကြောင်း စတာတွေကို စုံစုံ လင်လင် ဓာတ်ပုံတွေနဲ့ ဖော်ပြ ထား ပေးပါတယ်။  သိမ်းငှက် အကြောင်းဆိုရင်လည်း ဓာတ်ပုံတွေ၊ ပန်းချီ သရုပ်ဖော်ပုံ တွေနဲ့ ဝေဝေဆာဆာ ဖော်ပြထားတော့ ဖတ်ချင်စရာ ဖြစ်နေပါတော့တယ်။  

ကလေးတွေ အတွက် ပညာပေး ရောင် စုံ ရုပ်ပြ ဇာတ်လမ်း တိုလေးတွေလည်း ပါပါသေးတယ်။  ကာတွန်း စာအုပ်တွေက အဖြူ အမည်း နဲ့ ရေးဆွဲထား တာကိုသာ ဖတ်နေရတဲ့ ကလေးတွေက နီဝါစိမ်း အရောင်ပါတဲ့ ပုံတွေကိုကြည့်ရတော့ အလွန် သဘောကျကြတာပေါ့ဗျာ။  ရေးဆွဲ သူက ဦးရှံစား၏ ဖခင် ကာတွန်း အောင်ရှိန်ပါ။

တချို့ လတွေမှာ ဝါသနာရှင်တွေ လေ့လာဖို့ လူငယ် ပန်းချီ ဆောင်းပါး ပါတတ် ပါသေးတယ်။  ပန်းချီရေးဆွဲနည်း အခြေခံတွေကို သင်ကြားပေးတာပါ။  ဘဲဥပုံ အဝိုင်းလေးကို စဆွဲရပြီး နှာခေါင်း၊ ပါးစပ်၊ နားရွက်နဲ့ မျက်လုံးပုံတွေကို နေရာချ ဆွဲလိုက်ခြင်းဖြင့် လူရုပ်ပုံ အကြမ်း ဆွဲနိုင်အောင် လေ့ကျင့် ခိုင်းတာပါ။  ဦးခေါင်း ဘေးတစောင်း လူပုံကို တော့ ကောင်းကောင်း ဆွဲတတ်သွားပါပြီ။  မတတ်လို့ လည်း မဖြစ်ဘူးလေ၊ ကျောင်းက စာအုပ်တအုပ်လုံးမှာ လူတစောင်းပုံတွေချည်း ဖြစ်နေပြီလေ။

နောက် သဘောကျတဲ့ အခန်းက ဝေါဟာရ ဘဏ် အခန်းပါ။  အဘိဓာန်လိုမျိုး မြန်မာဘာသာနဲ့ အင်္ဂလိပ်စာကို ယှဉ်ပြီး ဖော်ပြ ထားတာပါ။  ကျွန်တော် စိတ်မဝင်စားတဲ့ အခြားကဏ္ဍတွေလည်း ပါပါသေးတယ်။  ဆရာ ရွှေဝယ်အေး ရေးတဲ့ ထားဝယ် ရိုးရာ ပွဲတော်တွေ အကြောင်းဆိုရင် နားမလည်သေးတော့ ကျော်ဖတ် မိပါတယ်။  

ရေးသူကို မမှတ်မိ ပေမဲ့ အခန်း တစ်ခန်းကိုတော့ အမှတ် ရနေပါသေးတယ်။  အတိုအထွာ သိစရာလို့ ခေါင်းစဉ် ပေးထားပါတယ်။  တကယ်ကိုလည်း ဗဟုသုတ ရစရာ သတင်း အတိုအထွာလေးတွေကို စုပြီး ဖော်ပြ ရေးထားတဲ့ အခန်း ဖြစ်ပါတယ်။  အသားစားကြူး သော တိုင်းပြည်များ အကြောင်း သိချင်သလားဆိုတဲ့ ခေါင်းစဉ်လှလှလေးဖတ်မိတာနဲ့ အောက် က ရေးထားတာတွေကို ဆက်ဖတ်မိတော့ ဗဟုသုတ ရပါတယ်။  

အလားတူ မိုင်ငါးထောင်ကျော် ရှည်သော ဝင်း နံရံကြီး ခေါင်းစီးပါတဲ့ စာကိုဖတ်လိုက်တော့ တရုတ် ပြည်က မဟာတံတိုင်းကြီး အကြောင်း သိလာရပါတယ်။  တစ်လ အတွင်း မြန်မာ့ သတင်း၊ ကမာ့ သတင်းတွေကို စုစည်းထားတာကို သတင်းပေါင်းချုပ်ဆိုတဲ့ အခန်းမှာ ဖတ်ရှု နိုင်ပါတယ်။

နောက်ပြီးတော့ တစ်လအတွင်း ထုတ်ဝေခဲ့တဲ့ စာအုပ်စာရင်း ကိုလည်း ပြုစု ဖော်ပြထား ပါသေးတယ်။  စာအုပ်အမည်နဲ့ ထုတ်ဝေသော စာပေတိုက်ရဲ့ လိပ်စာ သာမက စာအုပ် တန်ဖိုးကိုပါ စုံစုံလင်လင် ဖော်ပြပေး ထားပါတယ်။

ကျွန်တော်တို့ ကလေးတွေ ကြိုက်နှစ်သက်တဲ့ ဘားမားစတား ကာတွန်း စာစောင် စ ထုတ်ပြီ ဆိုတာကို စာပေဗိမာန်ကနေ သိရတာပါ။  ၁၉၅၅ ခုနှစ် သြဂုတ်လ၊ (၁၃) ရက်နေ့ စတင် ထုတ်ဝေပါမည်၊ တန်ဖိုး ဆယ်ပြား ဆိုတာ တောင် ပါ ပါသေးတယ်။  စထွက်တဲ့ အချိန်ကစပြီး ဘားမား စတား ဇာတ်ဆောင် ဦးလူပေါ၊ ဦးလူချော၊ ဉာဏ်ကျယ်လေး၊ ပျော်တော်ဆက်လေး၊ မောင်ဉာဏ်ထက် စတာတွေကို စာစောင် ရပ်နားသွားတဲ့အထိ ရင်းနှီးခဲ့ရပါတယ်။  ကျောင်းမှာခပ်ပေါတောတော ကျောင်းသားဆိုရင်တောင် လူပေါမခေါ်ဘဲ ဘားမားစတားမင်း သားလို့ ချစ်စနိုးခေါ်ကြပါတယ်။

စာပေဗိမာန် မဂ္ဂဇင်းစာအုပ်ရဲ့ နောက်ဆုံး ခြောက်မျက်နှာ လောက်က ကြော်ငြာ ကဏ္ဍ ဖြစ်ပါတယ်။  စာပေဗိမာန်တိုက်က ထုတ်ဝေမယ့် စာအုပ်တွေသာမက ပညာပေး အစီအစဉ်တွေကိုပါ ကြော်ငြာထားသလို စီးပွားရေး လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းတွေကို ပြည်သူတွေ သိရှိအောင် ကြော်ငြာ ထည့် ပေးထားတာကို တွေ့ရပါ တယ်။

ဆူးလေ ဘုရား အနီးက မုန့်မျိုးစုံ ရနိုင်တဲ့ ရှာမီး မုန့်တိုက်၊ အိုရီရင့် ဟိုတယ် စတဲ့ စားသောက်ဆိုင်ကြီးများက စားသုံးသူတွေ ပိုသိလာအောင် ကြော်ငြာကြသလို၊ လပ်စ်ဂိတ် ရေမွှေးဆပ်ပြာ၊ ဝီလီယမ် ရှမ်ပူ ခေါင်းလျှော်ရည် စတဲ့ ရေချိုးခန်း သုံး ပစ္စည်းများ ကြော်ငြာတာကိုလည်း ဖတ်ရပါတယ်။

အမျိုးကောင်း ရိုး လက်ပတ် နာရီ၊ နီးဗားဒါး နာရီပုံ အမျိုးမျိုးနဲ့ နာရီဆိုင်ကြော်ငြာများ သာမက လူတိုင်းအတွက် အဖော်ကောင်းအဖြစ် တေးဂီတနဲ့ သတင်း မိန့်ခွန်းတွေကိုလည်း သဘာဝအသံအတိုင်း ပီသ ကြည်မြစွာ ကြားရမည့် ရေဒီယို အရောင်းဆိုင်များကလည်း ကြော်ငြာကြတာကိုဖတ်ရှုရပါတယ်။

စာမျက်နှာအပြည့် ဆေးရောင်စုံ နီဝါစိမ်းတွေနဲ့ လှလှပပ ကြော်ငြာတာကတော့ မြန်မာ့စွယ်စုံကျမ်း စာအုပ် ကြော်ငြာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်းက ပြုစုထုတ်ဝေမဲ့ စာအုပ်ဖြစ် ပါတယ်။  စာအုပ်အဆိုအရ ဒီစာအုပ်ကို တစ်နေ့ တစ်နာရီဖတ်ပါ၊ ဖတ်ပြီးပါက ဖတ်ပြီးသမျှကို နာရီဝက်ခန့် မှတ်သားပါ၊ ထိုမှတ်သားထား သမျှကို နောက်ထပ်နာရီဝက်ခန့် ပြန်၍ ဆင်ခြင်သုံးသပ်ပါ၊ ဤကဲ့သို့ တစ်နေ့ ကို နှစ်နာရီမျှ အချိန်ပေးပြီး ငါး နှစ်ခန့် စွဲစွဲမြဲမြဲ ကြိုးစားဖတ်သော သူသည် “အမှောင်ကိုခွင်း၍ အလင်းကိုဆောင်သွားပေလိမ့်မည်” လို့ ပြောထားပါတယ်။

နောက် စာမျက်နှာမှာတော့ ဗဟုသုတ စစ်တမ်းဆိုကာ မေးခွန်းတွေကို မေးထားပါတယ်။  ချော့ကလက်ကို ဘယ် အပင်ကနေ ရရှိပါသနည်း၊  မည်သည့် သတ္တဝါမျိုးသည် အဖိုတစ်လှည့်၊ အမတစ်လှည့် ပြောင်းလဲ နေတတ်ပါ သနည်း၊  ငါးအကြေးခွံများ ဘယ်အတွက်ကြောင့် ပြာလဲ့လဲ့ ဖြစ်နေရပါသနည်း စတာမျိုးတွေကို မေးထားပါတယ်။  မေးခွန်း လေးဆယ် လောက် မေးထားပါတယ်။  အဲဒီ မေးခွန်းတွေ အားလုံးရဲ့ အောက်မှာမှ စာလုံးအကြီးကြီးနဲ့ အကယ်၍ မေးခွန်းများကို အဖြေမပေးနိုင်ပါက မြန်မာ့စွယ်စုံကျမ်းတွင် ရှာကြည့်ကြပါလို့ ကြော်ငြာ ထည့်ထား ပါတယ်။

သိပ္ပံ ဘာသာကို ဝါသနာပါသူများ၊ သမိုင်းဘာသာကို စိတ်ဝင်စားသူများ၊ ပထဝီဝင် ဘာသာကို လေ့လာချင်သူများ အတွက် အသုံးဝင်မဲ့ စွယ်စုံကျမ်း စာအုပ်ကြီး ဖြစ်ပါတယ်။  နောက် တစ်နှစ်ကျော်ကျော်ကြာမှ စွယ်စုံကျမ်း အတွဲ (၁) ထွက်လာ ပါတော့တယ်။  ဖတ်ခွင့်ရလို့ ဖတ်လိုက်တော့ ကြော်ငြာထားသလိုပါပဲ၊ လူသားတွေကိုပညာအ လင်းရောင် အသိဉာဏ်ပေးနိုင်တဲ့ စာအုပ်ကောင်း ဖြစ်နေပါတယ်။

ပညာပေး မဂ္ဂဇင်း ဖြစ်ပေမဲ့ ကွန်မြူနစ် တိုင်းပြည်များက ထုတ်ဝေနေတဲ့ စာအုပ်တွေလို အတုံးလိုက် အတစ်လိုက် လူ တွေမဖတ်ချင်အောင် ရေးထားသော စာအုပ်မျိုး မဟုတ်တာကို သတိပြုမိပါတယ်။  ပညာပေးလိုတဲ့ အကြောင်း အရာကို ဇာတ်လမ်းလေးဆင်ကာ ရေးသားထားတတ်ပါတယ်။

ဥပမာ - စည်သွတ်ဘူး အကြောင်း ရေးချင်တာကို လူတစ်ယောက် မြို့ က ပြန်လာပုံ ဇာတ်လမ်းဆင်ထားပါတယ်။  မြို့ ကနေ ဓာတ်စာ နာနတ်သီး ဝယ်လာတယ် ဆိုတော့ နာနတ်သီး ပေါ်တဲ့ရာသီမဟုတ်ဘဲ အသီး ပါလာတယ် ဆိုတော့ ရွာသားတွေက ဝိုင်းလှောင်ပြောင် ကြပါတယ်။  ဒီတော့မှ စည်သွတ် ဘူး နာနတ်သီး အကြောင်းကို ရှင်းပြပါတော့တယ်။  စည်သွတ် လုပ်နေပုံ တွေကို ဓာတ်ပုံတွေနဲ့ ဖော်ပြထားတော့ ဖတ်မိတဲ့ သူတွေ ဗဟုသုတရ ကြတာပေါ့။  ယနေ့ မြဝတီ ရုပ်မြင်သံကြားက လွှင့်ပေးနေတဲ့ ပညာပေး လျှပ်တပြက် အစီအစဉ်နဲ့ ပုံစံတူပါတယ်။

ကမာ့ အိုလံပစ် အားကစားပွဲ ကျင်းပတဲ့ အကြောင်းတွေကိုလည်း ဖတ်ရပါတယ်။  သြစတြေလျား နိုင်ငံ၊ မဲ(လ်)ဘုန်း မြို့မှာ ကျင်းပခဲ့တဲ့ (၁၆) ကြိမ်မြောက် ကမာ့ အိုလံပစ် ဆောင်းပါးလေးကြောင့် အိုလံပစ်ဆိုတာကိုသိခဲ့ရတာပါ။  အားကစားသမားပေါင်း (၆၃၀၀) ကျော်ပါဝင်ယှဉ်ပြိုင်မယ့် အားကစားပွဲတော်ကြီးဆိုတော့ အံသြစရာကြီးဖြစ်ခဲ့ရပါတယ်။  တစ်နေ့ ကို ဟင်းပွဲ နှစ်သောင်းခန့် ကမ အရပ်ရပ်က စားဖိုမှူး တစ်ရာကျော်က ချက်ပြုတ် ကျွေးမွေးကြမှာ ဆိုတာကိုလည်း အထူးအဆန်းကြီးဖြစ်နေမိခဲ့ပါတယ်။  ဘယ်နေရာမှာ မီးဖို ဘယ်နှစ်လုံးနဲ့များ ချက်ကျမလဲ ဆိုတာ ကို တွေးရတာကိုက အလုပ် တစ်ခု ဖြစ်နေပါတော့တယ်။ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံ မတူညီတဲ့ဓလေ့ စရိုက်ပေါင်းစုံ အားလုံးကို စိတ်ကျေနပ်အောင် အစားမျိုးစုံကို ဘယ်လို ချက်ကျွေးကျမလဲ ဆိုတာကိုက ကျွန်တော့် အတွက် ပုစ္ဆာ တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။  သတ်သတ်လွတ် စားသူ၊  အသားမပါရင် မစားနိုင်သူ စတဲ့ လူအမျိုးမျိုး ကို အဆင်ပြေပြေ၊ အရသာတွေ့အောင် ဘယ်လို ချက်ကြမလဲ ဆိုတာကလည်း တွေးစရာလေး ဖြစ်ခဲ့ပါတယ်။

ခရစ်တော် မပေါ်ပေါက်မီ ၇၇၈ ခုနှစ်က ဂရိနိုင်ငံမှာကိုက် (၂၂၀) ပြေးပွဲ တစ်ခုထဲနှင့် စတင် ကျင်းပခဲ့တဲ့ အိုလံပစ် အားကစားပွဲတော်ကြီးကို သွားကြည့်ချင်စိတ် ဖြစ်ပေါ်လာအောင်၊ သွားပြိုင်ချင်လာအောင် ဆောက်းပါးရှင်က ရေးသားခဲ့တာကို ယခုထိ သတိရနေပါသေးတယ်။  ဆောင်းပါးရှင် နာမည်ကို အခု အချိန်မှာ မေ့သွားပြီ ဖြစ်ပေမဲ့ ခေတ်သစ် အိုလံပစ်ပြိုင်ပွဲ သဘောတရားတွေကိုတော့ အခုထိ သတိရမိ နေပါသေးတယ်။

စာပေဗိမာန် မဂ္ဂဇင်းရဲ့ ထူးဆန်းသော အရေးအသား ပုံစံလေးကိုလည်း ဖတ်သားဖူးခဲ့ပါတယ်။  ယခုနှစ် မတ်လ အတွင်း ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘာသာရပ်များ အလိုက် ကျရှုံးခဲ့သော ကျောငိးသား ကျောငိးသူများ၏ ရာခိုင်နှုန်း စာရင်းဆိုတာပါပဲ။  အောင်မြင်သော ရာခိုင်နှုန်းကို မဖော်ပြဘဲ ကျရှုံးတာကို ဖော်ပြပေး ထားတော့ ထူးဆန်း နေတာပေါ့။

ခေါင်းစဉ်လှလှ လေး ပေးထားတာကြောင့် ဆောင်းပါး တစ်ပုဒ်လုံးကို ဆက်ဖတ်ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။  ခေါင်းစဉ်လေးက “လူဖား” လို့ အမည်ပေးထားပါတယ်။  ပုံပြင်လေလား၊ တကယ့် အဖြစ်အပျက်များလား အင်မတန် သိချင်လာတာပါ။  ဖတ်ကြည့်လိုက်တော့မှ ရေငုပ် ဝတ်စုံဝတ်ထားပြီး ရေအောက်မှာ အလုပ်လုပ်ရတဲ့ ရေငုပ်သမားတွေအကြောင်း ရေးထားတာ ဖြစ်နေပါတယ်။  ရှေးခေတ်က ရေငုပ်သမားတွေက ရန်သူတွေဆီကို ရေငုပ်ပြီး ဗုံးသွားချည် ရတဲ့အ ကြောင်းကို ပန်းချီပုံတွေနဲ့ ဖော်ပြထားတော့ သဘောကျ၊ ပညာရတာပေါ့ဗျာ။

မဂ္ဂဇင်းကြီးရဲ့ ကျေးဇူးကြောင့် စွဲမြဲ မှတ်သားထားမိတဲ့ ကိန်း ဂဏန်း တစ်ခု ရှိပါသေးတယ်။  ကမာ့ အမြင့်ဆုံး ဧဝရတ် တောင်ရဲ့ အမြင့်ပါ။  ယခင်က ပေပေါင်း (၂၉၀၀၂) လို့ မှတ်ထားတာ မှားနေပြီး အမှန်က ပေပေါင်း (၂၉၀၂၈) ဆိုတာကို သိလိုက်ရပါတယ်။  အဲဒီ (၂၉၀၂၈) ဆိုတာကို မမေ့တော့ပါဘူး။  နှစ်တိုင်း ထုတ်ဝေနေတဲ့ Almanac စာစောင်အဆို အရတော့ နောက်ဆုံးတိုင်းတာ ရသော အမြင့်က (၂၉၀၃၅) ပေ ဆိုတာကို ဖတ်လိုက်ရပါတယ်။ သိပ္ပံ နည်းကျကျ ခေတ်မီ စက်ကရိယာကြီးတွေကို သုံးပြီး တိုင်းထွာထားတာ ဆိုတော့ ပိုပြီး တိကျ မှန်ကန်မှာပါ။

ငယ်စဉ်က ကဗျာကို မခံစားတတ်သေးတဲ့ ကျွန်တော့် ကို ကဗျာလေးနဲ့ တစ်သက်တာ မမေ့နိုင်အောင် သင်ပေး သွားတာက ဆရာကြီး မင်းသုဝဏ်ပါ။  ဆရာကြီးရဲ့ ကဗျာ တစ်ပုဒ်လုံးကို မရတော့ပေမဲ့ ကျွန်တော် ပညာရလိုက် တဲ့ ဆယ့်နှစ်လ ရာသီက ရတုခြောက်ပါးကိုတော့ မမေ့နိုင်တော့ပါ။  ဝါဆို ဝါခေါင်ကို ဝဿန၊ တော်သလင်း သီတင်းကျွတ်လတွေကို သရဒ၊ တန်ဆောင်းမုန်း နတ်တော်ကို ဟေမန္တ၊ ပြာသို တပို့ တွဲကို သိသိရ၊ တပေါင်း တန်ခူးကို ဝသန္တ နဲ့ ကဆုန် နယုန်ကိုတော့ ဂိမာန လို့ ဖွဲ့ဆိုထားပါတယ်။  သီချင်း ရေးစပ် သူတွေ အများဆုံး ယူ သုံး ရေးဖွဲ့ သီကုံးစပ်ဆိုတတ်ကြတဲ့ စာသား လှလှလေးတွေပါ။

စာပေဗိမာန် မဂ္ဂဇင်းကို အတွဲ ဘယ်လောက် အမှတ်စဉ် ဘယ်လောက်အထိ စာစောင် စုစုပေါင်း ဘယ်နှစ်စောင် ထုတ်ဝေနိုင်ခဲ့ပြီး၊ ဘယ်ခုနှစ်မှာထုတ်ဝေမှု ရပ်ဆိုင်းသွားသလဲ ဆိုတာကို မသိတော့ပါဘူး။  စာပေဗိမာန်မဂ္ဂဇင်း အစား တေဇ၊ ရွှေသွေး ကာတွန်း စာစောင်တွေ၊ သုတပဒေသာ ဆိုသော Reader Digest ဆန်ဆန် စာစောင်တွေ ထွက်လာပါတယ်။  သူနည်းသူဟန်နဲ့တော့ လူထုကို ပညာပေးနေတာပါပဲ။  စွယ်စုံကျမ်းကြီးကလည်း (က ကြီး) ကနေ (အ) အထိ စုံသွားတော့ နှစ်စဉ် စွယ်စုံကျမ်း နှစ်ချုပ်ဆိုတာကို ထုတ်ဝေနေပါတယ်။ ဒီလို စာစောင်တွေ၊ မဂ္ဂဇင်း တွေ အကြောင်းကို မှတ်တမ်းပြုစု စာတမ်း ရေးသားထုတ်ဝေခဲ့ကြရင် ကောင်းမှာပဲလို့ တွေးမိပါသေးတယ်။

ထုံးစံအတိုင်း လစဉ်ထွက်နေကျ စာစောင်တွေကို ဝယ်ယူရန် ကုန်သည် လမ်းပေါ်က စာပေဗိမာန်တိုက်ကိုသွား ခဲ့ပါတယ်။  ဆိုင်ထဲမှာ မီးပျက်နေတော့ စာအုပ်ကောင်တာတွေမှာ ဖယောင်းတိုင် ထွန်းထားပြီး ရောင်းချပေးနေ တာကို သတိထား မိလိုက်ပါတယ်။

စာအုပ်တွေကို လိုက်ကြည့်ရင်းက စာပေဗိမာန်ဆောင်ပုဒ် "အမှောင်ခွင်း၍ အလင်းဆောင်အံ့" ဆိုတာကို ကြွေးကြော်မိလိုက်ပါတော့တယ်။   ။

ထင်အောင်


(၂၀၀၈ ခုနှစ်၊ သြဂုတ်လထုတ် မြို့တော်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို တည်းဖြတ် ပြန်လည် တင်ဆက်ခြင်း ဖြစ်ပါတယ်။)