ကိုသန်းလွင် - စာမဖတ်သောဝန်ကြီး
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၄
“ကျွန်မလွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စာအုပ် တအုပ်မှ မဖတ်ဖြစ်ဖူး” ဟုမိန်းကလေးတဦးကပြောသည်ဆို လျင်ဘယ်သူမှဂရုပြုမိကြမည်မထင်ပါ၊ အလုပ်ဒဏ်ပိပြီး အားလပ်ချိန်နည်းပါးလို့ဖြစ်မည်ဟုထင်ကြပါ လိမ့်မည်၊ သို့ပါသော်လည်း ထိုစကားများကိုပြောသူမှာ ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး Ms Fleur Pellerin ဖြစ်နေသောအခါ ကမ္ဘာ့စာနယ်ဇင်းလောကတခုလုံးပွက်လောရိုက်ကုန်သည်၊ မယုံနိုင်အောင် ဖြစ်ကြ ရသည်၊
အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် နယူးရော့တိုင်း (မ) သတင်းစာက” ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး စာအုပ်မဖတ်ဟုဆို” ခေါင်းစဉ်တပ်၍စာမဖတ်ဘဲနှင့် ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းတွေကို ဘယ်လိုလုပ် မှာလဲဟု မေးခွန်းထုတ်သည်၊ စင်္ကာပူ စထရိတ်တိုင်း(မ) သတင်းစာကမူ ထိုသတင်းကိုပင် ကိုးကား၍ “ ပြင်သစ်ယဉ်ကျေးမှုဝန်ကြီးသည်လွန်ခဲ့သော ၂ နှစ် အတွင်း စာတအုပ်မျှ မဖတ်ဖြစ်ဖူးဟုဝန်ခံ” ဆိုသည့်ခေါင်းစဉ်ဖြင့် သတင်းရေးလိုက်ပြန်သည်၊
ပြင်သစ်နိုင်ငံသည် စာပေ၊ ပန်းချီ၊ ပန်းပု၊ အနုပညာ၊ ကဗျာ စသည်ဖြင့် ယဉ်ကျေးမှု ထွန်းကားရာနိုင်ငံ ဖြစ်သည်၊ ကမ္ဘာကြီး၏ ယဉ်ကျေးမှု သမိုင်းတွင် အထင်ကရ အနုပညာလက်ရာတွေ ထွန်းပေါ်ခဲ့ရာ နိုင်ငံဖြစ်သည်၊ လု(ဖ) ပြတိုက်ကြီးရှိသည်၊ တော်လစထွိုင်း၊ အီလရာအုယဉ်ဘတ်(ခ) စသော ရုရှား စာရေးဆရာကြီးများ ကာလကြာရှည်နေထိုင်သွားဘူးသည်၊ ပီကာဆို၊ ဗန်ဂိုးကဲ့သို့သော ကမ္ဘာကျော် ပန်းချီ ဆရာများ၏လက်ရာများကို ဖန်တီးရာနေရာဖြစ်သည်၊ ရမ်းပေါဆတ်၊ အဲလဘတ် ကမူး တို့လို စာရေးဆရာကြီးတွေ ပေါ်ပေါက်ခဲ့သည်၊
ကမ္ဘာ့ယဉ်ကျေးမှု၊ လူတို့ယဉ်ကျေးမှု ကိစ္စများကို တာရှည်ထိမ်းသိမ်းစောင့်ရှာက်ရန် ကိစ္စမှာ တော်ရုံ အရေးကြီးသောကိစ္စမဟုတ်ပါ၊ သမံကာ ရှံကာလုပ်၍ ဖြစ်နိုင်သည်မဟုတ်၊ ယဉ်ကျေးမှု ဆိုသည်မှာ မျိုးဆက်သစ်တခုမှ နောက် မျိုးဆက်တခုသို့ လက်ဆင့်ကမ်းကြခြင်းဖြစ်ပါသည်၊ ထုံးတမ်းစဉ်လာနှင့် အတတ်ပညာများကို စုစည်း ထိမ်းသိမ်း ကြရပါသည်၊ ထိုကိစ္စ များကို စာတအုပ်မှ မဖတ်သော ၀န်ကြီး ဆိုသူသည် ဘယ်လိုဆောင်ရွက်မှာပါနည်း၊
ထိုပြင်သစ် ယဉ်ကျေးမှုဝန်ကြီးကို ကိုရီးယား နိုင်ငံမှာမွေးဖွားခဲ့သည်၊ မိဘတွေက စွန့်ပစ်ထားကြရာ ပြင်သစ်လူမျိုး ဇနီးမောင်နှံက ကောက်ယူမွေးစားခဲ့သည်၊ ကျောင်းတွင် အတန်းစဉ် ထိပ်တန်းမှာနေခဲ့ သည်၊ စာတော်သည်၊ ပညာရေး ရီကော့တွေမှာအားကျဘွယ်ဖြစ်သည်၊
သူသည် ၀န်ကြီးဌာန၏ အသုံးစားရိပ် ဘတ်ဂျက်ကို စီမံခန့်ခွဲရမည်၊ အနုပညာလုပ်ငန်းတွေမှာ သုံးစွဲ သင့်သည်တို့ကိုသုံးစွဲရမည်၊ ဖြတ်တောက်သင့်သည်ကို ဖြတ်တောက်ရလိမ့်မည်၊ နိုင်ငံ တနိုင်ငံ ၏ ယဉ်ကျေးမှု နှင့်ဆိုင်သော လုပ်ငန်းနယ်ပယ်မှာ ကြီးမားကျယ်ပြန့်လှပါသည်၊ စာမဖတ်ဖူး ဆိုသူ တယောက်သည် ထိုရှုတ်ထွေးများမြောင်လှသော အနုပညာ လုပ်ငန်းတွေမှာ စိတ်မ၀င်စားဘူးဟု ဆိုလိုရာရောက်သည်၊
၂၀၁၄ ခုနှစ်အတွက် စာပေဆိုင်ရာနိုဘဲလ်ဆုကို ပြင်သစ်စာရေးဆရာကြီး ပက်ထရစ် မူဒီရမ်းနို ကို နိုဘယ်ကော်မီတီက ရွေးချယ်ကြောင်းကျေညာခဲ့သည်၊ ပြင်သစ်စာရေးဆရာများကို နိုဘယ်လ်ဆု ချီးမြှင့်ရာတွင်သူသည် ၁၅ ယောက်မြောက်ဖြစ်ပါသည်၊ ကျွန်တော်တို့သည် သူ့စာအုပ်တွေ ကိုဖတ်ဖူး မည်ဝေးစွ၊ သူ့နာမည်ကိုပင်မကြားဘူးခဲ့ပေ၊ ကျွန်တော်တို့ မကြားဘူးဘူး ဆိုခြင်းမှာ အရေးမကြီးပါ၊
အင်တာဗျူးတခုတွင် ပြင်သစ်ဝန်ကြီးက သူသည် ထိုစာရေးဆရာကြီးနှင့် မကြာခင်ကပင် နေ့လည်စာ အတူစားခဲ့သေးကြောင်း ဆရာကြီးသည် စကားကို ဝေဆာနေအောင်ပြောတတ်ကြောင်း၊ ဆရာကြီး နှင့် စကားပြောရ သည်မှာ အလွန်ရယ်ရကြောင်းပြောသည်၊ သူကိုယ်တိုင်က ဆရာကြီးလို ပညာရှင် တွေ၏ အနုပညာ ဖန်တီးမှုများကြောင့် ပြင်သစ်နိုင်ငံသည် နိုင်ငံတကာအလည်မှာ ပွဲလည် တင့်စေ နိုင်ခဲ့သည်ဟုပြောသည်၊
ကင်မရာတွေရှေ့မှာ မေးသောမေးခွန်းများတွင် ဆရာကြီး၏ ဘယ်စာအုပ်ကို အကြိုက်ဆုံးလဲ ဆိုတော့ သူမမှာ ဖြေစရာမရှိတော့ပေ၊ သူမသည်ပေးစာတွေ၊ မှတ်ချက်တွေ၊ ရှင်းတန်းတွေ အသီကြီးဖတ်နေရ ကြောင်း၊ ရုံးမှာအလုပ်တွေ ပိနေသောကြောင့် အပြင်စာအုပ်တအုပ်မှမဖတ် နိုင်ပါဟုဆိုသည်၊ သူမ သည် ရိုးသားပွင့်လင်းပါ၏၊ သို့ပါသော်လည်း မိမိ အလုပ်ကဘာပါဆိုတာကိုတော့ သတိပြုမိဘို့ကောင်း သည်၊ ခက်သည်က သူမ သည် သူစာ မဖတ်ဖြစ်တာကို ချို့ယွင်းချက်ဟူ၍မမြင် ဖြစ်ရိုးဖြစိစဉ်သာ သဘောထားနေခြင်းကြောင့် ဖြစ်သည်၊
ပြင်သစ်ပြည်ကြီးကို လူကြမ်း၊ လူရိုင်းတွေ ၀င်စီးနေပါပြီဟု စာရေးဆရာတစ်ယောက်က ရေးသည်၊ စာမဖတ်ဘဲ ၀န်ကြီးလုပ် နိုင်သည်ဆိုလျင်၊ ကျွန်တော်တို့သည် စက်ရုပ်တွေ ဘတ်ဂျက် ဆွဲသူတွေသာ ဖြစ်ကုန်ကြပြီဟု ငြီးငြူကြသည်၊ ပြင်သစ် ယဉ်ကျေးမှု ကို လူရိုင်းတွေ ၀င်စီးနေတာကို တားဆီးရန် ၀န်ကြီးနေရာကက နှုတ်ထွက်ပေးပါဟု တောင်းဆိုသူကတောင်းဆိုသည်၊ “အော်ဒီလောက်တောင် မသိတတ်ရကောင်းလား” ဟုဂရုဏာသက်ကြသူတွေလည်းရှိသည်၊
(၂)
Amazon website ကလူ့ဘ၀တသက်တာတွင် မဖြစ်မနေ ဖတ်ရမည့် စာအုပ်တစ်ရာကို ကျေညာထား ဘူးပါသည်၊ ထိုစာအုပ်များကို ၀ယ်လိုပါလျင် ထို Website မှာပင်ဝယ်၍ ရနိုင်ပါသည်ပေါ့၊ ကြော်ငြာ ဆိုသော် လည်းအဖိုးတန်စာအုပ်ကောင်းတွေ အများကြီးပါပါသည်၊ မြန်မာပြည်မှာနေသူတွေ အတွက် တော့ ထိုစာအုပ်များကို စုံစုံစေ့စေ့ ရှာဖတ်နိုင်ရန် လွယ်ကူသည်ဟု ကျွန်တော်မထင်ပါ၊ ကျွန်တော့်မှာ မိမိ ကိုယ်ကို ဆန်းစစ် ကြည့်တော့ စာအုပ်များစွာ မဖတ်ရသေးတာတွေချည့်တွေ့ရသည်၊ ငယ်ငယ် ကတည်းက စုဆောင်းဖတ် ရမည့်စာအုပ်တွေဖြစ်သည်၊ ဂန္တ၀င်မြောက် စာအုပ်တွေမှာ များစွာအချိန် ယူပြီးမှ ဖတ်ရမှာတွေပါဝင်သည်၊ ဂရေဟန် ဂရင်း၊ ဂျွန်စတိုင်းဘတ်၊ ဟာမင်းဝေး စသူတို့၏ စာအုပ် တွေပါသည်၊ အသက်ငယ်ရွယ်သူများအဖို့ အချိန်ယူ၍ ဖတ်သင့်သော စာအုပ်ကောင်းတွေဖြစ်ပါသည်၊
ကနေဒါသို့ရောက်နေသော မိတ်ဆွေတဦးကမူ စာရေးဆရာမ ဂျူးကလည်း အလားတူ ပြုစု ထားသော စာအုပ် ၁၀၀ စာရင်း ရှိဘူးသည်ဟုဆိုသည်၊ ထိုစာရင်းကို ကျွန်တော်မတွေ့ဘူးပါ၊ သူသည် စင်္ကာပူ မှာအလုပ်လုပ်ပြီး ကနေဒါသို့ ပြောင်းရွှေ့သွားသူဖြစ်ရာ လေးငါးဆယ်နှစ်ကြာသည့်တိုင် ထိုစာရင်း မှ စာအုပ် တွေကို မရလျင် ရအောင်ရှာပြီး ဖတ်ခဲ့သည်ဟုဆိုသည်၊ စာဖတ်များလာသည်နှင့် ဘယ်နေရာ မှာမဆို ဘယ်လူမျိုးကို မဆို ခေါင်းငုံ့ မခံတတ်သောအကျင့်ကို ရခဲ့ပါသည်ဟုဆိုသည်၊
ဂျူးပြုစုခဲ့သောစာ အုပ်တွေကိုဖတ်ရင်း သူ့စာရိတ္တ၊ အကျင့်သီလ ကို ပြုစုပျိုးထောင်ခဲ့ရပါသည်ဟု သူ၏ ဖေ့(စ)ဘွတ်စာမျက်နှာမှာ ရေးထား၏၊ စာပေဗဟုသုတ ရှာဖွေ ဖတ်ရှု ရခြင်းကြောင့် ရလာသော ကျေးဇူးမြောက်များစွာတို့တွင်၊ စိတ်ဓါတ် ခိုင်မာခြင်း၊ စာရိတ္တ ဖေါက်ပြားသော အလုပ်တွေကို လုပ်ရန် တွန့်ဆုတ်ခြင်း တို့ပါဝင်ပါသည်၊ သူ အလုပ်တွေ အမျိုးမျိုးပြောင်းခဲ့ရသည်မှာ ထိုစိတ်ဓါတ်ကြောင့်ပါဟု ဆိုသည်၊ စာဖတ်ခြင်း၏ အကျိုး ကျေးဇူး ဆိုခြင်း၏ သက်ရှိ ပြယုဂ်ဟု ကျွန်တော်ထင်ပါသည်၊
ဗြိတိသျှတွေးခေါ်ပညာရှင်ကြီး ဘာထရန်ရပ်ဆဲလ် ထံသို့ ဆရာရေးတာတွေ ဟုတ်ရဲ့လားဟု မေးခွန်း ထုတ်ဖူးသော ဆရာကြီးရွှေဥဒေါင်း အကြောင်းကို ကျွန်တော် သွားသတိရမိသည်၊ ဆရာကြီးသည် တက္ကသိုလ်ပညာကို စံနစ်တကျ သင်ခဲ့ဘူးသူမဟုတ်၊ သို့ပါသော်လည်း ဖတ်ထားမိသော စာအုပ် တွေ ကြောင့် စာရေးဆရာ၊ သတင်းစာ အယ်ဒီတာ စာအုပ်ရေးသူဖြစ်ခဲ့သည်၊ အစိုးရအဆက်ဆက် ဝေဖန် ရေးစာတွေကြောင့် ထောင်ခဏ ခဏ ကျခဲ့ရဘူးသည်၊ မဟုတ်မခံတတ်သော သတ္တိ ဆိုသည်မှာ စာဖတ်များသူများ၌ တွေ့ရသော အရည်အချင်းတရပ်ပင်ဖြစ်သည်၊ စာမဖတ်တော့ မသိ၊ မသိတော့ နာရကောင်းမှန်းလည်းမသိတော့ပေ၊ မဟုတ်လျင်မခံတတ်တာနှင့် ဆတ်ဆတ်ထိမခံတာ နှစ်ခုက မတူပါ၊ ပညာဗဟုသုတ ဥာဏ်နှင့် ချင့်ချိန်တတ်ကြရပါသည်၊
ထိုစာအုပ်တွေ ကျေးဇူးကြောင့်သာ စည်သူဦးသန့်သည်ကမ္ဘာ့ အရေးအခင်းပြသနာကြီးများကို ဖြေရှင်း ပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်၊ ပညာ ဗဟုသုတနည်းသူတို့စကားကို ထိပ်သီး နိုင်ငံရေးသမားကြီးတွေ ကအ လွယ်တကူလက်ခံကြလိမ့်မည်မဟုတ်ပါပေ၊
တိုင်းပြည်တခု၏ယဉ်ကျေးမှု အချေအနေကို ထိုနိုင်ငံကထွက်သမျှစာအုပ်တွေကို ကြည့်ပြီး အကဲခတ် နိုင် ကြပါသည်၊ အခုဖေ့(စ)ဘွတ် ခေတ်မှာ စာအုပ်တအုပ် ဖြစ်မြောက်ရေးမှာ ဘာမှ မခက်ခဲတော့ပါ၊ လက်နှိပ်စက်နေရာမှာ ကွန်ပျူတာတွေ အစားထိုးဝင်ရောက်လာသောအခါ စာအုပ်ဖြစ်ရန် ပိုပြီးလွယ် ကူ သွားပါသည်၊ စာအုပ်ဖြန့်ဖြူးရန်မှာလည်း အင်တာနက် ခေတ်ကြီးတွင် အခက်အခဲမရှိ တော့ပါ၊ ဤသို့ဆိုသဖြင့် စက္ကူတွေ၊ ကော်တွေနှင့် လုပ်ထားရသော စာအုပ်ခေတ်ကုန်ပြီဟုဆိုလိုရာ မရောက် ပါ၊ ကွန်ပျူတာမှာ ဖတ်ရတာနှင့်စာသော် ကုလားထိုင်နှင့် စာအုပ်နှင့် ဖတ်ရတာကို ကြိုက်နှစ်သက် သော လူတွေ တပုံကြီးရှိပါသေးသည်၊ ကျွန်တော့်မှာ e-book ကတော့ရှိပြီးသား၊ ဒါပေမဲ့ စာအုပ်ကို သိမ်းထားချင်တယ်ဟု ဆိုသူတွေ အမြောက်အများရှိနေကြဆဲ ဖြစ်ပါသည်၊
မြန်မာနိုင်ငံတွင် တံခါးပိတ်ဝါဒ ကျင့်သုံးသည်ဆိုကာ နိုင်ငံခြားမှထုတ်ဝေသော စာအုပ်တွေကို မတင် သွင်းရသော အချိန်တွေရှိခဲ့ပါသည်၊ အသိဥာဏ်ပေးသော၊ မြင်တတ်သော မျက်စေ့ကို ပိတ်လိုက်ခြင်း နှင့် တူပါသည်၊ ကမ္ဘာ နှင့် ရင်ဘောင်တန်း လိုက်ဖို့ ဆိုလျင် မျက်စေ့ပိတ် နားပိတ်ဖြင့် ဘယ်လိုလိုက်ပါ ကြရမည်နည်း၊ ပျက်စီးယိုယွင်းနေသော အခြေအနေ အရပ်ရပ်ကို စာအုပ်စာပေ အကူအညီဖြင့်သာ ကုစားဖြေရှင်း နိုင်ကြပါသည်၊ အစိုးရသည် စာအုပ်စာတမ်း တင်သွင်းရေးကို ဦးစားပေးဆောင်ရွက်သင့် သည်၊ ဤကိစ္စမှာ လူမျိုး မျိုးနွယ်ဆက် ချီ၍ ချို့ယွင်းသွားနိုင်သည့် ကိစ္စဖြစ်ပါသည်၊
(၃)
ကျွန်တော်တို့နိုင်ငံမှာ ပညာအရည်အချင်းသည်အဓိကမဟုတ်၊ ပုဂ္ဂိုလ်တဦးသည်စစ်ဗိုလ်စစ်သား ဖြစ်နေပါက ၀န်ကြီးရာထူးကို ရနိုင်သည်၊ အရပ်သားဖြစ်ခဲ့လျင် ခေါင်းဆောင် ကြီးလုပ်သူနှင့် ရင်းနှီး ခင်မင်နေပါက အရည်အချင်းရှိ မရှိ ကအရေးမကြီး ရာထူး ရှိန်ဝါအကြီးကြီးဖြစ်နိုင်သည်၊ အထက်တန်း ပင်မအောင်ဘဲဝန်ကြီးဖြစ်လာသူတွေရှိသည်၊
ရှေးဘုရင်များလက်ထက်တော်ကလည်း စာတတ်မှသာဘုရင့်ထံ အခစားဝင်နိုင်ကြပါသည်၊ စာတတ် မှသာ ၀န်ကြီးဖြစ၊် သူကောင်းပြု ဘုရင့်အမှုတော်ကို ထမ်းဆောင်ခွင့် ရကြပါသည်၊ ၀န်ကြီး ဦးစ၊ ဦးပေါ်ဦး၊ ယောမင်းကြီးဦးဖိုးလှိုင်၊ ကင်းဝန်မင်းကြီး ဦးကောင်း စသူတို့မှာအများသိကြသော စာတတ် ပေတတ် ပုဂ္ဂိုလ်တွေ ဖြစ်ကြပါသည်၊ ဘုရင်သည် အရေးကြီးသော ဆုံးဖြတ်ချက်များ မချမှီ ထိုတတ်သိ နားလည်ကြသောပညာရှင်များနှင့် ဦးစွာတိုင်ပင် အကြံဥာဏ် ယူကြရပါသည်၊
တခါကခေါင်းဆောင်ကြီးတဦးသည် လူတော်လူကောင်းထက် လူကောင်းလူတော်တွေကိုသာ စည်းရုံး သိမ်းသွင်းကြရမည်ဟု Guide Line ချပေးလိုက်လေသည်၊ ပညာတတ်သူတွေမှာ လူတော်တွေသာဖြစ် ၍ လူကောင်းဟု မဆိုနိုင်၊ ဤနည်းဖြင့်ပညာတတ်သူတွေမှာဘေးရောက်ကုန်ကြသည်၊ တာဝန်ပေး ခြင်း မခံကြရ၊ လူကောင်းဆိုသော စစ်ဗိုလ် စစ်သားတွေသာ နေရာတွေ ရကုန်ကြသည်၊ သူတို့ပြော သည့် လူကောင်းဆိုသည်မှာမှားတာမှန်တာဘေးချိတ်၊ ခိုင်းသလိုလုပ်တတ်ကြသူတွေသာဖြစ်ခဲ့ပါသည်
သူတို့မှာ ဆရာလုပ်သလို၊ ဆရာအမိန့်ပေးသလိုသာ လုပ်တတ်ကြသည်၊ ခိုးဝှက်နေကြသော်လည်း ဆရာကောင်းမှုကြောင့် ဘာမှမဖြစ်၊ နိုင်ငံတော်ကြီးသာ ချွတ်ခြုံကျ ဆင်းရဲသွားရလေသည်၊ စစ်အစိုးရ ခေတ်တလျောက် ၀န်ကြီးအဖြစ်ဆောင်ရွက်သွားကြသူတွေကို ကြည့်လျင် စစ်ဗိုလ် အဆက်ဆက် မိမိ ချမ်းသာအောင်လုပ်ပြီး အလုပ်ပြုတ်သွားကြရသူတွေသာများပါသည်၊ ထူးချွန်ပြီး တော် တည့်ဖြောင့် မတ်သူများမှာလည်း အရာရှိဆိုးတွေက များပြားလှသဖြင့် တလှေလုံးပုတ်ကုန်ကြရပါသည်၊
အကယ်၍ ပြင်သစ်ယဉ်ကျေးမှု ၀န်ကြီးမှာ ပြင်သစ်လူမျိုး မိသားစုက ကောက်ယူမွေးစားခြင်း မဟုတ် ဘဲ မြန်မာ မိသားစုတွင် လူဖြစ်ကြီးပြင်း၊ မြန်မာပြည်မှာသာ ယဉ်ကျေးမှု ၀န်ကြီးဖြစ်ရပါက အခုလို အဖြစ်မျိုး ကြုံရလိမ့်မည်ဟုကျွန်တော်မထင်ပါ၊ မြန်မာဝန်ကြီး များကို လည်း ဤ အဖြစ်အပျက်ကို သင်္ခမ်းစာယူကာ စာဖတ်သူတွေဖြစ်စေချင်သည်၊ စာဖတ်ကြမှသာ မိမိအလုပ်ကို ဆထက်တံပိုး အကျိုးရှိအောင်ဆောင်ရွက်နိုင်ကြမှာဖြစ်ပါသည်၊
ကိုသန်းလွင်