ညိုထက်ညို - ထူးဆန်းသော အိပ်မက်များ


ညိုထက်ညို  - ထူးဆန်းသော အိပ်မက်များ
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၄


အနာဂတ် တွင် ဖြစ်ပျက်မည့် အကြောင်းအရာ များကို ကြိုတင် မြင်မက်သော အိပ်မက်များ အကြောင်း စာဖတ်သူများ ဖတ်ဖူးကြမည် ထင်ပါသည်။ သို့သော် ကိုယ်တွေ့ မြင်မက်ဖူးသူကား (အတိအကျ မသိသော်လည်း) အတော် ရှားပါး လိမ့်မည် ထင်ပါသည်။ ကျွန်တော် ကား သာမန် လူတစ်ယောက် မျှသာ ဖြစ်ပါသည်။ သို့သော် ထိုသို့ အနာဂတ် ကို အတိအကျ ပြောပြသည့် အိပ်မက်မျိုး ကျွန်တော့် ဘ၀ တွင် သုံးခါ မြင်မက် ခဲ့ဖူးပါသည်။

အချိန်မှာ ကျွန်တော် ကိုးတန်းတက်နေသော ၁၉၉၂ ခုနှစ် နှစ်လယ်ပိုင်း လောက် ဖြစ်သည် ထင်ပါသည်။ ထိုတစ်ညတွင် ကျွန်တော် သည် အလွန် ထူးဆန်းသော အိပ်မက်တစ်ခု ကို မြင်မက်ပါတော့သည်။

အိပ်မက်ထဲတွင် ကျွန်တော် သည် ကျွန်တော် နှင့် ပဉ္စမတန်း ကတည်းက သိကျွမ်းခဲ့သော သူငယ်ချင်း ဖြစ်သူ “သူရထွန်း” နှင့် ကျွန်တော့် အိမ်ရှေ့ဧည့်ခန်း ရှိ ဘုရားစင် နှင့် ကပ်လျက်ခုံတွင် ထိုင်၍ တယ်လီဖုန်း ပြောနေသည်။ ထိုအချိန်တွင် အိမ်ရှေ့တံခါးပေါက် မှ အသား အလွန်မည်း သော ကုလားလူမျိုး တစ်ယောက် စွပ်ခနဲ ၀င်လာသည် ကို တွေ့လိုက်ပါသည်။ ရှပ်အင်္ကျီလက်တို ကလေး ၀တ်ထားသော သက်လတ်ပိုင်း အရွယ် ထို ကုလားလူမျိုး ကို ကျွန်တော် ကြည့်နေစဉ်တွင် သူက ကျွန်တော့်ကို “ဟေ့.... မင်း သူငယ်ချင်း ကို ၈၃၇ တစ်ရာ့ငါးဆယ်ဖိုး ထိုးခိုင်းလိုက်” ဟု ပြောပါသည်။ ထိုအချိန်တွင် ကျွန်တော် အိပ်ရာမှ နိုးလာပါသည်။ ကျွန်တော် နာရီကို ကြည့်လိုက်ရာ မနက် ရှစ်နာရီ ထိုးနေသည် ကို တွေ့ရပါသည်။

အမှန်တကယ်တွင် ကျွန်တော် ထိုအိပ်မက်ကို ယမန်နေ့ည ကျွန်တော် အိပ်ခဲ့သော ညတစ်ချက်တီး နှင့် ယခု နိုးထလာသော မနက် ရှစ်နာရီ အကြား ဘယ်အချိန်တွင် မက်ခဲ့သလဲ မသိပါ။ သို့သော် အိပ်မက်တို့ဧ။် ထုံးစံအတိုင်း ကျွန်တော့် အတွက် ယခု ချက်ချင်း မက်ပြီး နိုးလာသလိုသာ ဖြစ်ပါသည်။ ကျွန်တော် ချက်ချင်း အိပ်ရာဘေးမှ ၉၂ ဒိုင်ယာရီ ကလေးကို ယူကာ ရှေ့မျက်နှာစာတွင် ၈၃၇ ဟု ရေးလိုက်ပါသည်။ ပြီးနောက်   ကျွန်တော့် အသိဥာဏ် အနည်းငယ်ေ၀၀ါး လာသောကြောင့် ၃၈၇ ဟုလဲ ထပ်ရေးလိုက်ပါသည်။ ထို့နောက် ထိုအကြောင်းကို ကျွန်တော် မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါသည်။

သီတင်းနှစ်ပတ် ခန့် ကြာမှ ထိုအိပ်မက် ကို ကျွန်တော် ပြန်လည် သတိရပါသည်။ ထိုနေ့ နံနက် ခုနစ်နာရီ ခွဲခန့်တွင် ကျွန်တော်သည် မီးဖိုထဲတွင် မျက်နှာသစ် နေရင်း ပန်းကန်ဆေးရာ ရေဘုံဘိုင်တွင် သူ သောက်ပြီးသော ကော်ဖီခွက် ကို ဆေးနေသော ကျွန်တော်တို့ အိမ်မှ ယာဉ်မောင်း ဖြစ်သူ ဦးကျော်ကြီး ကို ကြည့်ရင်း ချဲထွက်သွားတာ သုံးလေးရက် ခန့် ရှိပြီ ဖြစ်ကြောင်း ကျွန်တော် သတိရပါသည်။ ထို့ကြောင့် ချဲ ၀ါသနာ ပါသူ ဦးကျော်ကြီး အား ပြီးခဲ့သော အပတ်က ထွက်သွားသော ချဲဂဏန်း ကို မေးလိုက်ပါသည်။ ဦးကျော်ကြီး က ကျွန်တော်တို့ ခွက်ဆေး နေရာမှ  ၈၃၇ လေ ဟု ပြန်ပြောပါသည်။ ထိုအခါမှ ကျွန်တော့် အိပ်မက် မှန်ကန်ကြောင်း သတိရကာ ကျွန်တော် အလွန် အံ့အားသင့်သွား ပါသည်။

ထို့နောက် ကျွန်တော် ထိုကဲ့သို့သော အိပ်မက် လုံးဝ ထပ်မမက်တော့ဘဲ ငါးနှစ် ခန့်အကြာ ၁၉၉၇ ခုနှစ် မတ်လလယ် တစ်ည တွင် အလွန် ထူးခြားဆန်းကြယ် သော အိပ်မက် တစ်ခု ကို မြင်မက် ပါတော့သည် ။

အိပ်မက်ထဲတွင် ကျွန်တော် သည် ထီလက်မှတ်ကြီး တစ်စောင် ကို မြင်နေရဧ။်။ စကား ဥပမာ အနေဖြင့်သာ မြင်နေရသည် ဟု ရေးသော်လည်း တစ်ကယ်တွင် အိပ်မက်ထဲ၌ ကျွန်တော် ဟူ၍ အကောင်အထည် ရှိသည်မဟုတ်။ ကျွန်တော် ဧ။် စိတ်အာရုံ ထဲတွင် ထီလက်မှတ်ကြီး ထင်နေခြင်း မျှသာ ဖြစ်ပါသည်။ ကျွန်တော် ထို ထီလက်မှတ်ကြီး ဧ။် ဘယ်ဘက်ထောင့် သို့ ကြည့်လိုက်ရာ ထီလက်မှတ် များတွင် ရေးထိုးနေကျ အတိုင်း ( ) ကြိမ်မြောက် ဟု ရေးထိုးထားသည့် နေရာတွင် ကွင်းစကွင်းပိတ် ထဲ၌ အကြိမ် ဂဏန်း အရေအတွက် အစား (မြသန်းတင့်) ကြိမ်မြောက် ဟု ရေးထိုးထားသည် ကို တွေ့ရပါသည် ( စကားချပ်။ ထိုအချိန်တွင် ဆရာမြသန်းတင့် မကွယ်လွန်သေးပါ။ စာရေးသူ) ။ ထို့နောက် ဂဏန်းနေရာ ရှိရာ ထီလက်မှတ် ညာဘက်ခြမ်း ကို ကျွန်တော် ကြည့်လိုက်ရာ ရှေ့ဆုံးမှ အက္ခရာ ကို ဘာမျှ မမြင်ရဘဲ “၄၂၄” နှင့် အစပြု ထားသည် ကို ကျွန်တော် တွေ့မြင်ရပါသည်။ ထီလက်မှတ် တွင် ဂဏန်းခြောက်လုံး ရှိလေရာ နောက်ဆုံး သုံးလုံး ကိုမူ ကျွန်တော် မြင်ရခြင်း လုံးဝ မရှိပါ။

အိပ်မက်မှာ အလွန် ထင်ရှား၍ နောက်တစ်နေ့ မနက် ကျွန်တော် နိုးထ လာစဉ်တွင် အိပ်မက် ကို ကောင်းစွာ မှတ်မိနေပါသည်။ သို့သော် ကျွန်တော့် ထုံးစံအတိုင်း အလေးအနက် မထားဘဲ ခပ်ပေါ့ပေါ့ ဖြင့် ဧပြီလ တစ်ရက် နေ့သို့ ရောက်ရှိလာပါသည်။

ထိုအချိန်တွင်မှ ဧပြီလ ၃ ရက်နေ့တွင် ထီဖွင့်တော့မည် ကို ကျွန်တော် သတိရပြီး ၂၉လမ်း နှင့်တကွ ရန်ကုန် မြို့ထဲရှိ နီးစပ်ရာ ထီဆိုင်များတွင် “၄၂၄” ဖြင့် အစပြုသော ထီလက်မှတ်ကို စတင် ရှာဖွေ မိပါသည်။ သို့သော် ကျွန်တော် လုံးဝ မတွေ့ပါ။ ထို့ကြောင့် နောက်ဆုံး ကြံရာမရ ဖြစ်ကာ တွေ့သည့် “၄၂၇” နှင့် အစပြုသော မင်္ဂလာစုံတွဲ တစ်အုပ် ထိုးလိုက်မိပါသည်။

ထို့နောက် ဧပြီလ ၃ ရက်နေ့မှ စ၍ ထီဖွင့်ပါသည်။ သတင်းစာ များတွင် ပါသော သိန်းငါးဆယ် နှင့်တကွ မင်္ဂလာစုံတွဲ ၁၆၄ သိန်းတန် သိန်းငါးဆယ် ဆုကြီး များကို ကျွန်တော် ဖတ်ရှုရင်း ဧပြီလ ၁၀ ရက်နေ့ သို့ ရောက်ရှိလာပါသည်။

ထိုနေ့ မနက်က ကျွန်တော်သည် ဆိပ်ကမ်းသာလမ်း အထက်လမ်း ရှိ “နေရာသစ်” လက်ဖက်ရည်ဆိုင် တွင် သူငယ်ချင်း ဖြစ်သူ “၀င်းနိုင်” နှင့်အတူ ထိုင်နေပါသည်။ ထိုအချိန်တွင် သတင်းစာ ရောက်လာသောကြောင့် ကျွန်တော် ယူပြီး ဖတ်လိုက်မိပါသည်။ ထိုသို့ဖတ်ရင်း မနေ့က နောက်ဆုံး ထွက်သွားသော ထီဆုစာရင်း ကို ကြည့်လိုက်ရာ နောက်ဆုံး မင်္ဂလာစုံတွဲ သိန်းငါးဆယ် ဆုကြီး အဖြစ် “၄၂၄” နှင့် အစပြုသော ထီလက်မှတ် ထွက်သွားသည် ကို ကျွန်တော် အံ့သြဖွယ်ရာ တွေ့လိုက်ရပါသည်။

ကျွန်တော် ကား လုံ့လ၀ီရိယ ထားပြီး ထီလက်မှတ် ကို လိုက်လံ မရှာဖွေ မိသည့်အတွက် ဤသို့ လွဲရသည်ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း အိမ်သို့ ပြန်လာခဲ့ပါသည်။ နောက်တစ်လ တွင် ကျွန်တော့် အိပ်မက် မှန်ကန်ကြောင်း ထပ်မံ သက်သေပြသည့် အဖြစ်အပျက် တစ်ခု နှင့် ကြုံတွေ့ ခဲ့ရပါသည်။

ဧပြီလနှောင်းပိုင်း တစ်ရက် တွင် ကျွန်တော်သည် ကျွန်တော့် သူငယ်ချင်း ၀င်းနိုင် နှင့်ပင် ၃၇လမ်း နှင့် မဟာဗန္ဓုလ လမ်း ထိပ်ရှိ “ကမ္ဘာသစ်” ထီဆိုင် သို့ လက်ဖက်ရည်ဆိုင် ထိုင်ရန် ထွက်လာရင်း အမှတ်မထင် ရောက်သွားခဲ့ပါသည်။

ကျွန်တော် ဆိုင်ထဲ ၀င်ကြည့်ရာ ဆိုင်ထဲတွင် “၄၂၄” နှင့် အစပြုသည့် ထီလက်မှတ် အုပ်ပေါင်းများစွာ ကို တွေ့လိုက်ရပါသည်။ ကျွန်တော် ပြောပြ၍ အကြောင်းစုံ သိနေပြီ ဖြစ်သည့် ၀င်းနိုင် က ကျွန်တော့်ကို “ဟေ့ကောင်၊ ဒီမှာ ၄၂၄ တွေ အများကြီး ပဲကွ” ဟု ပြောပါသည်။ ကျွန်တော်လည်း ထို ၄၂၄ နှင့် အစပြုသည့် ထီလက်မှတ် အုပ် များထဲက “၄၂၄၀၇၅” မင်္ဂလာစုံတွဲ တစ်တွဲ ကို ယူလိုက်မိပါသည်။

ထို့နောက် ထီထွက်ပြီး မေလဆယ်ရက်နေ့ တွင် ကျွန်တော် ထီပေါက်စဉ် ၀ယ်ပြီး ထီတိုက်ပါသည်။ ထိုအခါ ကျွန်တော် ထိုးထားသော ဂဏန်းအတိုင်း “နှစ်သောင်းဆု” ပေါက်သည် ကို တွေ့လိုက်ရပါသည်။ ကျွန်တော့် မိခင်ကြီး အား ထိုအခါမှ အကျိုးအကြောင်း ပြောပြရာ မိခင်ကြီးက ကျွန်တော် နှင့် ထိုက်သလောက်သာ ရသည် ဟု ပြန်ပြောပါသည်။

ဤ ဒုတိယ အိပ်မက် ကား ကျွန်တော့်အတွက် အသည်းနာ စရာ ကောင်းလွန်းသော အိပ်မက် ဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်က ၁၆၄ သိန်း ဟူသော ပမာဏသည် အလွန် များပြား၍ လူတစ်ယောက်ဧ။် ဘ၀ ကို ကောင်းစွာ ပြောင်းလဲ စေနိုင်သော ငွေကြေး ပမာဏ ဖြစ်ရာ ကျွန်တော့် လုံ့လ၀ီရိယ နည်းပါးမှုကြောင့် လွဲချော် ခဲ့ရခြင်း အတွက် ကျွန်တော် စိတ်မကောင်း ဖြစ်မိပါသည်။ အကယ်၍ ကျွန်တော် သာ အိပ်မက် မက် ပြီးပြီးချင်း လုံ့လ၀ီရိယ စိုက်၍ ကြိုးစားရှာဖွေပြီး “၄၂၄” နှင့် အစပြုသော ထီလက်မှတ်ကို တွေ့ခဲ့မည် ဆိုလျှင် ကျွန်တော် မင်္ဂလာစုံတွဲ ၁၆၄ သိန်း ဆုကြီး ကို ပေါက်လိမ့်မည် ဟု ကျွန်တော် အကြွင်းမဲ့ ယုံကြည်သည်။ ထူးဆန်းသော အချက် တစ်ခု မှာ ထီလက်မှတ် အကြိမ် နေရာတွင် “မြသန်းတင့်” ဟု ရေးထားသော အချက် ဖြစ်၍ “မြသန်းတင့်” တွင် ပါသော “မြ” “သန်း” “တင့်” ဟူသော စကားလုံး သုံးလုံးသည် အထူး ရှင်းနေစရာ မလိုဘဲ ငွေကြေးဥစ္စာ ရတနာ အမြောက်အများ နှင့် “တင့်တယ်” မည့် အဖြစ် ကို တိုက်ရိုက် ရည်ညွှန်း နေခြင်း ဖြစ်နေပါသည်။ ထိုမျှမက “မြသန်းတင့်” ဆိုသော အမည်သည် မြန်မာ စာပေလောက တွင်လည်း တစ်ကယ်ရှိနေသော နေလိုလလို ထင်ရှားနေသည့် စာရေးဆရာ အမည် ဖြစ်နေပါသည်။ ထိုမျှမက ဆရာမြသန်းတင့် သည် ကျွန်တော် နှင့် လူချင်းပါ သိကျွမ်းနေသူ ဖြစ်ပါသည်။ ထို့ကြောင့် အမြင့်ဆုံး ထီဆုကြီး ဖြစ်မည် ကို ကျွန်တော့် အိပ်မက် က တိုက်ရိုက် ညွှန်ပြနေပါသည်။ ထိုအကြောင်းကို ဆရာမြသန်းတင့် မဆုံးမီတွင် ပြောရန် အခွင့် ကြုံပါလျက် ကျွန်တော် မပြောဖြစ် ခဲ့ခြင်းအတွက် ယခု ဤ စာ ရေးနေချိန်တွင် ကျွန်တော် စိတ်မကောင်း ဖြစ်ရပါသည်။

ထို့နောက် လေးနှစ် ခန့်အကြာ ၂၀၀၁ ခုနှစ် နှစ်လယ်ပိုင်း လောက်တွင် ကျွန်တော်သည် နေ့လယ် ထမင်းစားပြီး တရေးတမော အိပ်ချိန်တွင် ထူးဆန်းသော အိပ်မက် တစ်ခုကို မြင်မက်ပြန်ပါတော့သည်။

အိပ်မက်ထဲတွင် လွန်ခဲ့သော နှစ်နှစ်လောက်က အင်္ဂလန် သို့ ထွက်ခွာသွားသော ကျွန်တော့် သူငယ်ချင်း “အောင်ကျော်မိုး” ကို ကျွန်တော် တွေ့နေရသည်။ အောင်ကျော်မိုး က ကျွန်တော့်ကို သူ့ ဖုန်းနံပါတ် ပေးသည်။ သူ့ ဖုန်းနံပါတ်မှာ ရှည်လွန်းသောကြောင့် ကျွန်တော် မမှတ်မိဘဲ နောက်ဆုံး နှစ်လုံး “၅၂” ဖြစ်ကြောင်း ကိုသာ ကျွန်တော် မှတ်မိနေသည်။ ထိုအချိန်တွင် ကျွန်တော် အိပ်မက် မှ လန့်နိုးပါသည်။

ကျွန်တော် နာရီကို ကြည့်လိုက်ရာ ညနေ သုံးနာရီ ထိုးနေပြီ ဖြစ်ပါသည်။ ထိုရက်ပိုင်းမှာ ထီဖွင့်နေသော ရက်ပိုင်း ဖြစ်ကြောင်းကိုလည်း ကျွန်တော် သိနေပါသည်။ ထို့ကြောင့် ကျွန်တော် နောက်တစ်နေ့ မနက် တွင် ထွက်မည့် နှစ်လုံး ထိုးရန် ရေကျော်လမ်းမကြီး ထိပ်နားလောက်ရှိ ပျံကျ ဈေးကလေး နားတွင် ဖွင့်ထားသည့် “ကိုငွေရ” အမည်ရှိ နှစ်လုံး ဒိုင်ကိုင်သည့် ဆိုင်သို့ ထွက်လာခဲ့ပါသည်။

ကျွန်တော် ဆိုင် ကို ရောက်သောအခါ ကျွန်တော်ကဲ့သို့ နှစ်လုံးထိုးရန် လာသော လူများ နှင့် ပြည့်နေပါသည်။ မနက်ဖြန် ထိုးရန် ဂဏန်းများ အကြောင်း တိုင်ပင်နေသည့် မိန်းမ နှစ်ယောက် ဘေးမှ ကျွန်တော် ဖြတ်လာပြီး ကောင်တာ တွင် ထိုင်နေသော ကောင်မလေး ထံတွင် “၅၂” နှင့် “၂၅” သုံးရာဖိုး စီ ထိုးလိုက်ပါသည်။

နောက်တစ်နေ့ မနက် ဆယ်နာရီခွဲ လောက်တွင် ကျွန်တော် အိမ်ပေါ်မှ ဆင်းလာပြီး ကျွန်တော် နေထိုင်ရာ ၃၇လမ်း မဟာဗန္ဓုလ ဘက်ထိပ် သို့ ထွက်လာခဲ့ပါသည်။ ထီရုံး ရှေ့သို့ ရောက်သောအခါ ရုံးနားမှ လမ်းဘေး လက်ဖက်ရည်ဆိုင် ကလေး တွင် ထိုင်နေသော လူတစ်ယောက်အား “ဘာထွက်သွားသလဲ” ဟု ကျွန်တော် မေးလိုက်ပါသည်။ “၅၂” ထွက်သွားသောကြောင့် ကျွန်တော် သုံးရာဖိုး နှစ်သောင်းလေးထောင် နှစ်လုံးထီ ပေါက်သွားပါသည်။

သို့သော် အမှန်တွင် နှစ်လုံး သာမက သုံးလုံး လဲ ထိုး၍ ရသောကြောင့် ကျွန်တော်သာ ၅၂ အား မူသေထား၍ ရှေ့မှ ဂဏန်းဆယ်လုံး ခံကာ သုံးလုံး ဆယ်ကွက် ထိုးခဲ့လျှင် ယခုထက် အဆများစွာ ရမည့်အကြောင်း တွေးမိပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင် မိပါသည်။

ကျွန်တော်ကား လူအသိန်းအသန်း တွင် တစ်ယောက်မျှ မကြုံဖူးသည့် အဖြစ်အပျက် တို့ကို ကြုံတွေ့ ခဲ့သော်လည်း ကျွန်တော့် ပေါ့ပျက်မှု နှင့် လုံ့လ နည်းပါးမှု တို့ကြောင့် ကြီးကျယ်သော အကျိုးကျေးဇူး တို့နှင့် လွဲချော် ခဲ့ရပါသည်။ ထို့ထက်ပို၍ ကျွန်တော် မြင်မက်ခဲ့သော ထို ထူးဆန်းသော အိပ်မက်သုံးခု သည် “အနာဂတ် ကို ကြိုတင် မြင်နိုင်ပါသလော.... အနာဂတ် သည် ကြိုတင် သတ်မှတ်ပြီး ဖြစ်ပါသလော..... မဖြစ်ပါ ဟု ဆိုပါလျှင် မည်သည့်အတွက်ကြောင့် ကျွန်တော်သည် အနာဂတ် ကို အိပ်မက်အားဖြင့် ကြိုတင် သိမြင် ခဲ့ရခြင်း ဖြစ်ပါသနည်း” ဟူသော မေးခွန်းများဖြင့် ကျွန်တော့် ဦးနှောက်တံခါး အား ထာဝရ ခေါက်နေမည်သာ ဖြစ်ပါသတည်း ။ ။


(မြန်မာကျူးပစ် ဖိုရမ် www.myanmarcupid.net တွင် မောင်တမ်းတ ဟူသော ကလောင်အမည် ဖြင့် ရေးသားခဲ့ပြီး ဖြစ်ပါသည်။)

(Illustration - Aung Htet)