ဇင်လင်း - ခရစ်သက္ကရာဇ် ၂၀၁၄ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးအနှုတ်လက္ခဏာပြတဲ့နှစ်


ဇင်လင်း - ခရစ်သက္ကရာဇ် ၂၀၁၄ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးအနှုတ်လက္ခဏာပြတဲ့နှစ်
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၄
 
 

ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ကုန်ဆုံးခဲ့ပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံအတွက်တော့ အောင်မြင်စွာ နိဂုံးသတ်နိုင်ခဲ့တဲ့ နှစ်တနှစ် မဟုတ်ခဲ့တာ အသေအချာပါပဲ။ ဘာကြောင့် အခုလိုသုံးသပ်ရသလဲလို့ မေးခွန်းထုတ်မယ်ဆိုရင်တော့ လုံလောက်တဲ့အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒီ အထဲမှာ ပဓါနအကျဆုံး အချက်အနေနဲ့ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် အထောက် အကူမပြုနိုင်ကြောင်း အထင်အရှား မြင်တွေ့နေရပါလျှက်နဲ့ အာဏာရပါတီနဲ့ တပ်မတော်က စနစ်တကျ ငြင်းပယ်ခုခံနေတဲ့အချက်ပါပဲ။

ပြည်သူလူထု ၅ သန်းလောက်က အပိုဒ် ၄၃၆ ကို ပြင်ဆင်ပေးဖို့ လက်မှတ်ရေးထိုးတင်ပြခဲ့တာကို လျစ်လျူရှုခံရတာ ကြည့်ခြင်းအားဖြင့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ဟာ လူထုဆန္ဒကို ပစ်ပယ်တာတွေ့ရပါတယ်။ တကယ်တော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတာလည်း ထင်ရှားတဲ့အချက်တစ်ရပ်ဖြစ် ပါ တယ်။

ဒါ့ပြင် အမျိုးသားရင်ကြားစေ့ရေး (တနည်း) ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်နဲ့ အရပ်သားနိုင်ငံရေး အဖွဲ့အစည်းတွေအကြား၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား၊ ကွာဟနေတဲ့ကိစ္စတွေ အပေးအယူလုပ်မရ၊ ညှိနှိုင်းမရ သောင်မတင် ရေမကျဖြစ်နေရတာဟာလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ပါပဲ။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့အတွက် “၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ”  ပြင်ဆင်ရေးဟာ ပဓါနကျပါတယ်။ ဦးသိန်းစိန်အစိုးရ သက်တမ်းတနှစ်မျှသာ ကျန်တော့ပေမယ့်၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပိုင်းမှာ ကျေနပ်လောက်တဲ့ရလဒ် မတွေ့ရတာကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအပေါ် သဘော အယူ မမျှကြလို့ဆိုတာ ထင်ရှားပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စေ့စပ်ညှိနှိုင်းမရဖြစ်နေတဲ့အချိန် မျိုးမှာ ရွေးကောက်ပွဲစနစ်တစ်ခုပြောင်းလဲဖို့ အဆိုတင်လာကြပုံကလည်း အခြေအနေကို ရှုပ်ထွေးအောင်လုပ်တာဖြစ်ပါတယ်။ နိုင်ငံရေးကို မရိုးမသား မိမိကိုယ်ကျိုးအခြေခံပြီး လုပ်စားကြတာလားလို့လူထုအကြား ဝေဖန်ပြောဆိုလာမှုဟာလည်း ၂၀၁၄ နှစ်အတွင်း ဆုတ်ယုတ်မှု တစ်ခု ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွင်း စိတ်ပျက်စရာနောက်တစ်ခုက လက်ရှိအစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှုကို ကျေနပ်လောက်အောင် အကောင်အ ထည် မဖေါ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၇) မှာ  “လူအားလုံးတို့သည် ဥပဒေ အရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။”  လို့ ဖေါ်ပြထားပေမယ့် မြန်မာပြည်မှာတော့ ဥပဒေအထက်မှာ နေခွင့်ရတဲ့ လူတန်းစားတစ်ရပ် အထင်အရှားရှိနေလို့ပါပဲ။ အာဏာပိုင်အ၀န်းအ၀ိုင်းက ပုဂ္ဂိုလ်တချို့၊ ငွေကြေးဓနအင်ပါရာပိုင်ဆိုင်ကြတဲ့ ဘီလျံနာ ခရိုနီတချို့ ဥပဒေအထက်မှာရှိနေကြတာကို ဘယ်သူကမှ အရေးမယူနိုင်တာလည်း ထင်ရှား တဲ့အချက်ပါပဲ။ ဥပမာ ဘီလျံနာတွေနဲ့၊ အာဏာပိုင်တို့ရဲ့သားသမီးဆွေမျိုးတွေပိုင်တဲ့ ကုမ္ပဏီတွေအခွန်ရှောင်တာကို သိနေပါလျှက်နဲ့ အရေးမယူရဲပေမယ့်၊ သာမန်ပြည်သူထဲက စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲလုပ်ကိုင်စားသောက်နေကြရတဲ့ လုပ်ငန်းငယ်တွေ အပေါ် ကိုတော့ အခွန်မျိုးစုံ တိုးပြီးစည်းကြပ်နေတာ တွေ့နေရပါတယ်။

နောက်ထပ် ဒီမိုကရေစီကျင့်စဉ်နဲ့ ပါစင်အောင်လွဲနေတဲ့ ၂၀၁၄ ရဲ့ ဖြစ်ရပ်တစ်ခုကတော့ တလနီးပါးပျောက်ဆုံးနေတဲ့ အလွတ်သတင်း ထောက် အောင်ကျော်နိုင် (ခ) ကိုပါကြီးကို တပ်မတော်က  ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း တရားနည်းလမ်းမကျ ကြေညာပြောဆိုခဲ့မှု ဖြစ်ပါ တယ်။ အောက်တိုဘာလလ ၂၃ ရက်နေ့စွဲနဲ့ အဖွဲ့အစည်း အမည်ဖော်ပြမထားဘဲ၊ သတင်းထုတ်ပြန်ချက်တခုမှာ အောင်နိုင် (ခ) ကိုပါကြီးကို စက်တင်ဘာလ ၃၀ ရက်က ကျိုက်မရောမြို့ စက်လှေဆိပ်မှာ ဗိုလ်ကြီး စိုးဇေယျာလင်းနဲ့အဖွဲ့က မသင်္ကာလို့ ဖမ်းဆီးခဲ့တယ်။ နယ်မြေခံ ခမရ ၂၀၈ တပ်ရင်းကို လွှဲပြောင်းစစ်ဆေးနေစဉ်အတွင်း လက်နက်လုယူထွက်ပြေးရန် ကြိုပမ်းတဲ့အတွက်၊ ကင်းစောင့်တပ်သားက ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာနဲ့ အသေဖမ်းမိ ခဲ့ကြောင်း ယုတ္တိကင်းမဲ့စွာ ကြေညာခဲ့ပါတယ်။ အခုတော့ ကိုပါကြီး ပစ်သတ်ခံရမှုပြဿနာဟာ၊ သတင်းလွတ်လပ်ခွင့်အပါအ၀င် ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုကို ကျူးလွန်ခဲ့ကြောင်း ကမ္ဘာ သိ ဖြစ်လာပါတယ်။ ဒီ ဖြစ်ရပ် ကလည်း ၂၀၁၄ ခုနှစ် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အနှုတ်လက္ခဏာ ပြစေခဲ့ပါတယ်။ တဆက်တည်းမှာ ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် အပါအ၀င် သတင်းထောက်လေးဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ချခဲ့တာ၊  ဒါ့အပြင် ဘိုင်မွန်းတည့်နေဂျာနယ်ကိုလည်း “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများအား ကြားဖြတ် အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF က ထုတ်ပြန်” ဆိုတဲ့ သတင်းခေါင်းစဉ်ဖြင့် သတင်းဖော်ပြမှုကြောင့် ၁၉၅၀ ပြည့် နှစ် အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မ ၅ (ဃ) (ည) နဲ့ သတင်းသမား (၃) ယောက်၊  ပိုင်ရှင်နှစ်ဦးကို တရားစွဲဆိုခဲ့တယ်။ တကယ်ဆိုရင် သတင်းမီဒီယာ ဥပဒေနဲ့ တရားစွဲနိုင်ပါလျှက် မစွဲဆိုဘဲ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ပြောင်းလဲပြီး အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့တာလည်း ဒီမိုကရေစီကျင့်စဉ်နဲ့ မလျော်ကန်တဲ့ ဖြစ်ရပ်ပါပဲ။  ဒါကြောင့်လည်း နိုင်ငံတကာ သတင်းထောက်များ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ၂၀၁၄ ခုနှစ်အတွင်း သတင်းထောက်များကို ဖမ်းဆီးထောင်ချဖိနှိပ်မှု အဆိုးဆုံး (၁၀) နိုင်ငံမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖေါ်ပြခဲ့ပုံရပါတယ်။

၂၀၁၄ ခုနှစ်ရဲ့ နောက်ထပ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ဆန့်ကျင်လွန်းတဲ့အချက်က  အစိုးရအာဏာပိုင်တွေ ကိုယ်တိုင်နဲ့  တပ်မတော် ကပါ ပြည်သူလူထုလုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေ ဧကပေါင်း သိန်းချီသိမ်းယူခဲ့ကြတဲ့ကိစ္စဖြစ်ပါတယ်။ မိမိတို့ အသုံးပြုနိုင် လောက်ရုံမက ပြန်လည်ရောင်းစားဖို့ပါ မြေယာတွေသိမ်းခဲ့တာကြောင့် တိုင်းပြည်ပြန်လည်ထူထောင်ရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးတွေပါ ထိခိုက်နစ်နာခဲ့ရတာ မြင်တွေ့ရပါတယ်။ မြေယာကို အင်အားသုံးပြီး ဥပဒေမဲ့ လက်ဝါးကြီးအုပ် သိမ်းယူရောင်းဝယ်နေခြင်း ကို ကြည့်ရင် ၂၀၁၄ ခုနှစ်ဟာ မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီ ပြောင်းပြန်နှစ်လို့ ဆိုရမှာပါပဲ။

အဆိုးဆုံးအချက်က နိုင်ငံ့ကာကွယ်ရေးတာဝန်ကိုယူဖို့ ပြည်သူလူထုက အပ်နှံထားတဲ့လက်နက်မျာကို ကိုင်စွဲထားတဲ့ တပ်မတော်က လက်နက်အားကိုးနဲ့ မြေယာသိမ်းယူနေတဲ့ကိစ္စဖြစ်ပါတယ်။ ပြည်သူလူထုအဖို့ ဥပဒေရဲ့အကာအကွယ်ကို မရရုံမက၊ လက်နက်နဲ့ ဗိုလ် ကျပြီး မြေယာအသိမ်းခံရတာကိုလည်း လည်စင်းခံနေရပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့ ဆုတ်ယုတ်ခြင်းပြယုဂ်လို့ဆိုရမယ့်ဖြစ်ရပ်ကတော့ လက် ပန်တောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်ဆန္ဒပြတဲ့ ကျေးရွာလူထုကို လက်နက်အင်အားသုံး အကြမ်းဖက်ဖြိုခွဲတဲ့ ကိစ္စဖြစ်ပါတယ်။ ကျေးရွာသူ ဒေါ်ခင်ဝင်း (၅၆ နှစ်) ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုအပါအ၀င် မြန်မာကျေးရွာပြည်သူလူထုကို မြန်မာရဲတပ်ဖွဲ့က တရုတ်ဝမ်ပေါင်ဝန်ထမ်းများနဲ့အတူ အကြမ်းဖက်ဖြိုခွဲခဲ့မှုဟာ ရှက်ဖွယ်အကောင်းဆုံးဖြစ်ရပ်ပါပဲ။ ဒီဖြစ်ရပ်ကြောင့် မြန်မာပြည်သူ လူထုအ နေနဲ့ မိမိတို့ရဲ့အချုပ်အချာအာဏာကို တိုင်းတပါးက ထိပါးနေပြီလားလို့တောင် တွေးကြရတဲ့ အခြေအနေပါပဲ။ မိမိ ပြည်သူကို ကာကွယ် ရမယ့် မြန်မာရဲတပ်ဖွဲ့က မိမိပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝင်းကို ပစ်သတ်တဲ့အဖြစ်ဟာ မယုံနိုင်စရာပါပဲ။

ကိုယ့်မြေကိုယ့်ယာ ကိုယ့်ပြည်သူလူထုကိုကာကွယ်ရမယ့်အစား တရုတ်ကုမ္ပဏီရဲ့အကျိုးစီးပွားကို ကာကွယ်နေတဲ့ဖြစ်ရပ်ကြောင့် မြန်မာ လူထုအကြား ကြေကွဲဝမ်းနည်းစရာ ဖြစ်ခဲ့ရပါတယ်။ ယခု ဆောင်းပါးရေးနေစဉ်မှာပဲ  ကြေးနီ စီမံကိန်းအနီးက ဆည်တည်းရွာ မြောက်ဘက် ကျေးရွာလူထု သပိတ်စခန်းဖွင့်ထားတဲ့နေရာက ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နေရာဖြစ်တဲ့အတွက် သပိတ်စခန်းကိုဖျက်ပေးဖို့နဲ့ ခြံစည်းရိုး ခတ်တာကို မနှောင့်ယှက်ဖို့ ရဲတပ်ဖွဲ့က ကြေညာနေကြောင်း ကြားသိနေရပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က လျော်ကြေးယူထားခြင်း မရှိတဲ့ လယ်ယာမြေတွေကို ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ခဲ့တဲ့ အတွက် လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး မိုးကြိုးပြင်အလယ်ရွာက တောင်သူဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးခဲ့ရပါတယ်။

ဆက်လက်ပြီး ဒီဇင်ဘာ ၂၉ ရက်က  တရုတ်သံရုံးရှေ့ လက်ပံတောင်းအရေးဆန္ဒပြပွဲမှာ  ပါဝင်ခဲ့သူတွေအနက် ဦးနေမျိုးဇင်ကို လက်ပံ တောင်းသို့အသွား လမ်းခရီးမှာ တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြန်ပါတယ်။ ဒေါ်နော်အုံးလှနှင့် ဒေါ်စိန်ထွေးတို့ကိုတော့  နေအိမ်မှာ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း မီဒီယာသတင်းများအရ သိရပါတယ်။သူတို့သုံးဦးကို ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၉၄(ခ)၊ ၃၅၃၊ ၁၄၇၊ ၅၀၆၊ ၁၄၉၊ ၅၀၅(ခ)/၁၁၄ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး ဒဂုံမြို့နယ် တရားရုံးမှာ ချုပ်မိန့်ရမန် ရယူပြီး ဒဂုံမြို့နယ်တွဲဖက် တရားသူကြီးက ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်အထိ ချုပ်မိန့်ပေးခဲ့ကြောင်း သတင်းတွှေအရ သိရပါတယ်။ ဒါက ပြည်သူလူထုအကျိုးဘက်က ရပ်တည်သူတွေအပေါ်မှာ ထားတဲ့ အစိုးရရဲ့ သဘောထားအမှန်ကို ပြသလိုက်တာပါပဲ။ နိုင်ငံရေးပါတီတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ သတင်းစာ ဂျာနယ်တိုက်တွေနဲ့ သတင်းသမားတွေ၊အနုပညာလောကသားတွေ၊ စာရေးဆရာ ကဗျာဆရာတွေ ဒီလိုအဆုံးအဖြတ်ကာလမျိုးမှာ ဘယ် သူ့ဘက်က ရပ်မှာလဲဆိုတာကို မေးခွန်းထုတ်လိုက်တဲ့ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဒီဖြစ်ရပ်ကြောင့်လည်း ၂၀၁၄ ဟာ မြန်မာပြည်အဖို့ ဒီမိုကရေစီရေး အနှုတ်လက္ခဏာပြတဲ့ နှစ်လို့ ဆိုရပြန်ပါတယ်။

နောက်ဆုံး ဒီမိုကရေစီလမ်းကို ပြောင်းပြန်လျှောက်ကြတဲ့ မြင်ကွင်းကတော့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ နှစ်ပေါင်း (၆၀) အတွင်း ပထမဆုံးဖြစ်တဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲပါပဲ။ လူဦးရေ ငါးသန်းလောက်ရှိတဲ့ ရန် ကုန်မြို့မှာ မဲပေးခွင့်ရှိသူ လေးသိန်းကျော်သာရှိတယ်လို့ ဆိုပါတယ်။ မဲလာပေးသူက ၁၀ - ၁၅ ရာခိုင်နှုန်းပဲရှိတယ်လို့ မီဒီယာ သတင်း တွေအရ သိရပါတယ်။ ဒီတော့ အငြင်းပွားဖွယ်ပြဿနာ ကုဋေကုဋာနဲ့ဆိုတော့ ဒီမိုကရေစီနည်းမကျမှာ သေချာပါတယ်။ ဒီ မြူနီစပယ် ရွေးကောက်ပွဲရဲ့ဖြစ်စဉ်ဟာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် တပ်လှန့်သံလို့လည်း ဆိုနိုင်ပါတယ်။ ရာနှုန်းပြည့်နီးပါ အနှုတ်လက္ခဏာဆောင်တဲ့ သက္ကရာဇ် ၂၀၁၄ ဟာ ဒီမိုကရေစီ ဘက်တော်သားများကို သတိကြီးစွာထားကြဖို့ အချက်ပြရင်း နှုတ်ဆက် ထွက်ခွာသွားပါပြီ။ ဒါဟာ လာမယ့် ၂၀၁၅ ခုနှစ်မှာ အပေါင်းလက္ခဏာဆောင်ရေးအတွက် အရင်းအနှီးတွေ အမြောက်အမြားပေးကြရဦး မယ်လို့ သတိပေး နှိုးဆော်သွားတဲ့ သဘောပါပဲ။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က RFA မြန်မာပိုင်းရေဒီယိုကို ပြောခဲ့တဲ့ စကားအရဆိုရင် - ရှေ့လာမယ့်နှစ် အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေပေါ်ပေါက်ရေးနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်ရေး အတွက် ဆက်လက် ကြိုးပမ်းရမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ ပြည်သူလူထုအားလုံး တာဝန်ကျေပွန်ကြ ရင် မြန်မာနိုင်ငံဟာ ကြိမ်းသေမုချ တိုးတက်မှာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးစကားလက်ဆောင်ပါး လိုက်တာကို မြန်မာ ပြည်သူလူထုအနေနဲ့ လေးလေးနက်နက် စဉ်းစား အကောင်အထည်ဖေါ်ကြဖို့လိုကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။။။