ဖိုးသံ (လူထု) - ရေးခဲ့ မိတဲ့ ကဗျာ - ဗိုလ်အောင်ကျော်နေ့ ဂုဏ်ပြု


ဖိုးသံ (လူထု) - ရေးခဲ့ မိတဲ့ ကဗျာ - ဗိုလ်အောင်ကျော်နေ့ ဂုဏ်ပြု
(မာယာအွန်လိုင်းမဂ္ဂဇင်း) ဒီဇင်ဘာ ၁၆၊ ၂၀၁၄


ဗိုလ်အောင်ကျော် (၁၉၁၅-၁၉၃၈)

ဘာကြောင့်မှန်း မသိ၊ ထောင်ထဲ ရောက်တော့ ကျွန်တော် ကဗျာ ရူး ရူးခဲ့ပါတယ်။  ထောင်ထဲကို မရောက်မီက အနည်း အပါး ရေးခဲ့ဖူးပေမဲ့ ထောင်ထဲကျမှ သဲကြီးမဲကြီး ရေးမိ ပါတယ်။  ရရာ စာရွက် အတိုအစမှန်သမျှကို စုဆောင်း၊ ခဲတံတိုရအောင် အကြံအဖန် လုပ်ပြီး ရေးတာပါ။  တခါတလေများဆို တနေ့တပုဒ် ဆက်တိုက် ထွက်လာပါတယ်။  ကျွန်တော့် ပရိသတ်ကတော့ တတိုက်ထဲ နေကြတဲ့ ထိန်းသိမ်းခံ နိုင်ငံရေးသမားတွေပါ။  သူတို့က ဖတ်စရာ မရှိလို့လား၊ အားနာလို့လား မသိဘူး၊ ကျနော့်ပို့ သမျှကို ဖတ်ပြီး သူတို့ရဲ့ထင်မြင်ချက်တွေ ပေးကြပါတယ်။  ဒါကိုက အဲဒီတုန်းက ကျွန်တော် ပထမဆုံးနေရတဲ့ (၂)တိုက်ထဲက ထုံးတမ်း စဉ်လာ တခုလို ဖြစ်နေပါတယ်။

ကျွန်တော်က ငါတို့ ဗမာစကားနဲ့ ဗမာစာပေ (အထူးသဖြင့် ကဗျာ) ဟာ အင်မတန် ကြွယ်ဝတယ်လို့ အဲဒီကတည်းက စွဲစွဲမြဲမြဲ ယုံကြည်သူ ဖြစ်ပါတယ်။  ဒါ့အပြင် ဆရာ မင်းသုဝဏ်ရဲ့ “လမ်းရိုးဟောင်းတွင် ဆက်ကာထွင်” ဆိုတဲ့ အဆိုအမိန့်ကိုလည်း အင်မတန် သဘောကျသူ ဖြစ်တော့ ကဗျာပုံစံတွေကို အမျိုးမျိုး လျှောက်စမ်း ရေးကြည့်ပါတယ်။  အင်္ဂလိပ် ကဗျာပုံစံတွေကို တုမှီးတဲ့ ဒီကဗျာမျိုးလည်း ရေးမိခဲ့ပါတယ်။

ဝန်ချ တောင်းပန်ခြင်း

※ ဗီယက်နမ် ပြည် တနေရာ
ဘုရားကျောင်း တခု အတွင်းမှာ
ကန်စစ်သားလေး သူ ဒူးထောက်
ဘုန်းတော်ကြီး ရှေ့မှောက်။

※ ခပ်လှမ်းလှမ်းက သေနတ်သံ
ဘုရားကျောင်းဆီ ပဲ့တင်လျှံ
ဒီအသံတွေ ဂရုမစိုက်
သူ့ ခေါင်း ရှေ့ကို ငိုက်။

 “ဘုန်းတော်ကြီးမြတ် အိုအရှင်
တပည့်တော် ခုဝန်ချချင်
တပည့်တော် အပြစ်အလွန်များ
စိတ်မသန့်ပါ ဘုရား။”

※ “တနေ့ဆီက ရွာတရွာမှာ
အပြစ်မဲ့တဲ့ လူတွေခမျာ
တပည့်တော်တို့ သေနတ်အောက်
လဲကျ အသက်ပျောက်။”

※ “ခရစ်ယန်ကြီး တပည့်တော်ဟာ
ပညတ်တော်များ ဆန့်ကျင်ကာ
သူ့ ဥစ္စာကို ခိုးလုယက်
သတ်ဖြတ် သူ့ အသက်။”

※ သေနတ်သံများ နီးလို့လာ
စစ်သားကလေး မရွေ့ပါ
ခေါင်းငိုက်စိုက်နဲ့ ပြောမပြီး
မျက်ရည်သွယ်သွယ်စီး။

※ “ကိုယ့်တိုင်းပြည်နဲ့ ဘယ်မဆိုင်
လူမျိုးတွက်လည်း မဟုတ်နိုင်
တပည့်တော်တို့ သေနတ်ပိုက်
အချောင်သေပွဲဆိုက်။”

※ “ဒီစစ်ပွဲကိုဘုရားရှင်
မဖန်ဆင်းလို့တပည့်တော်ထင်
ဖန်တီးလေသူ သူကြွယ်များ
အပြစ်ပေးပါဘုရား။”


※ “ခရစ်ယန်ကြီး တပည့်တော်ဟာ
သစ္စာတရား ပစ်ပယ်ကာ
အေးချမ်းမှုကို ဝင်ဖျက်ဆီး
လူသားတိုင်း မုန်းတီး။”

※ ဒိုင်း-ဒိုင်း-ဒိုင်း-ဒိုင်း ကျည်သံလှိုင်
ဘုရားကျောင်းလေး ယိမ်းခါယိုင်
ဘုရားသခင့် သားတော်လေး
ဒူးထောက်လျက် ရှိသေး။

※ “တပည့်တော်ခု ဝန်ချတာ
ခွင့်လွှတ်ပေးဖို့ မဟုတ်ပါ
တပည့်တော်လည်း ထူးမခြား
အပြစ်ပေးပါဘုရား။”

※ ကန်စစ်သားလေး တုန်ရီရီ
တံခါးပေါက်ဆီ လှမ်းလို့ချီ
ဘုရားကျောင်းပြင်ခြေအချ
ဗုံးဆန်တခု သူ့ ရှေ့ကျ။   ။

၂၄-၁-၆၇


အဲဒီအချိန်တုန်းက ဗီယက်နမ်စစ်ပွဲဟာ အထွတ်အထိပ်ကို ရောက်နေချိန်၊ နိုင်ငံတကာ့ ရေးရာတွေမှာ ဒီစစ်ပွဲအပေါ် ဘယ်လို သဘောထားတယ်ဆိုတာဟာ စံတခုဖြစ်နေတဲ့ အချိန်ပါ။  ဒါကြောင့်ကျွန်တော်လည်း ဗီယက်နမ်ပြည်သူတွေ ဘက်က ရပ်တည်ပြီး အမေရိကန် နယ်ချဲ့သမားကို ဆန့်ကျင်တဲ့ ကဗျာတွေ အများကြီး ရေးခဲ့ပါတယ်။  အဲဒီတုန်းက ကဗျာပုံစံ တွေကို အမျိုးမျိုး ပြောင်းလဲ စမ်းကြည်နေပေမဲ့ အကြောင်းအရာ ပိုင်းတွေးခေါ်ပုံ ကတော့ နည်းနည်းမှ မပြောင်းပါဘူး။  အဖွဲ့ အစည်း ပေါင်းစုံက လူတွေကလည်း မျက်စိ ဒေါက်ထောက် ကြည့်နေကြတယ် လို့ယူဆပြီး ကိုယ့်ကိုယ်ကို အမြဲ သတိပေးနေခဲ့ တာပါ။

ကိုယ့် အရင် ရောက်နေတဲ့ အထဲက ထောင်က လွတ်သွားတယ်ဆိုတာ မကြားရဖူး သလောက် ဖြစ်နေတော့ ကိုယ့်စိတ် ပိုင်းဖြတ်ချက် ခိုင်မှဖြစ်မယ် ဆိုတာ စွဲစွဲမြဲမြဲ ယုံနေပါတယ်။  ဒါကြောင့်လည်း ကျွန်တော့် အမေရေးသလိုပဲ ကျွန်တော်ဟာ အဲဒီ တုန်းက “အသက်ငယ်တဲ့ လူငယ်လေးမို့ ကျားကလေး ကျားသစ်ကလေးတွေ တောထဲကဖမ်းလာပြီး လှောင်အိမ်ထဲမှာ ထည့်ထားတဲ့အခါ မာန်ဖီပြီး လှောင်အိမ်ထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတဲ့ သဘောမျိုး ဖြစ်လိမ့်မယ်” ဆိုတဲ့ အတိုင်း ဖြစ်နေတာပါ။

အဲဒီတော့ ထောင် အာဏာပိုင်တွေက ကိုယ့်ကို ဘယ်လို ဆက်ဆံတယ် ဆိုတာကို အင်မတန် အကဲဆတ် ခဲ့ပါတယ်။ ဘာ သဘောနဲ့ ဒီလိုပြောတာလဲ၊ ဘာ အဓိပ္ပာယ်နဲ့ ဒီစည်းကမ်း ထုတ်သလဲ စသဖြင့် အမြဲ စဉ်းစားနေတာပါ။  မဆလ အစိုးရလုပ်တာ၊ ပြောတာတွေ ဆိုတာကတော့ ပြောစရာမလိုတော့ပါဘူး။  ကျွန်တော့် အသက်ဟာ ပြည့်ဝ ရင့်ကျက်တဲ့ အရွယ် မဟုတ်သေး ပေမဲ့ မဆလရဲ့ အတုအယောင် ဆိုရှယ်လစ် စကား၊ အတုအယောင် ဝါဒဖြန့်မှုတွေ ကိုတော့ အသေအချာ သိမြင်သဘော ပေါက်နေပါတယ်။

(၁၉၆၂) ခုနှစ်မှာ ကျောင်းသားတွေကို သတ်၊ ကျောင်းသား သမဂ္ဂကြီးကို ဖြိုပြီးတဲ့နောက် ကျောင်းသားတွေ ကို မျက်နှာချိုသွေးချင်တဲ့ မဆလအစိုးရဟာ ကျောင်းသား ပွဲတော် ဆိုတာတွေ နှစ်စဉ်ကျင်းပပါတယ်။  ကျင်းပတာက ဗမာ ပြည်သမိုင်း နဲ့ ကျောင်းသားသမိုင်းမှာ ဘယ်လိုမှ ချန်လှပ်ထားလို့မရတဲ့ ဗိုလ်အောင်ကျော်နေ့ “ဒီဇင်ဘာလ ၂၀ရက်နေ့”  မှာမှ ကျင်းပတာ ဖြစ်ပါတယ်။

မဆလ စစ်အစိုးရက ကျောင်းသား ပွဲတော် ဆိုတာကို မြို့ကြီးတွေမှာ အလှည့်ကျ ကျင်းပတာ ဆိုတော့ မန္တလေးမှာက ဒုတိယအကြိမ်နဲ့ တူပါတယ်၊ မန်းရာပြည့် ကွင်းကြီးထဲမှာ ကျင်းပပါတယ်။  ဒီတော့ အဲဒီပွဲကိုသွားကြတဲ့ ကားသံ လူသံတွေကို နန်းတော်ရဲ့ အနောက်မြောက် ထောင့်မှာ ရှိတဲ့ ထောင်ထဲက လူတွေက ကောင်းကောင်း ကြားနေရပါတယ်။  ဒါပေမဲ့ ည မှပါ။  ထောင်ဆိုတာက ညကိုးနာရီ ရောက်ရင် မအိပ်ချင်လည်း အိပ်၊ မတိတ်ချင်လည်းတိတ်ရတဲ့ အရပ်ဆိုတော့ ညမှာ ကိုးနာရီ ကျော်တယ် ဆိုတာနဲ့ အားလုံး တိတ်ဆိတ်သွားပါတယ်။  ဒီအခါမှာ အပြင်က အသံတွေ လှိမ့်ဝင်လာတာပါပဲ။


တကယ်က ဗိုလ်အောင်ကျော်နေ့ ဆိုတာ ကျောင်းသား သမဂ္ဂတွေက နှစ်စဉ် အလေးအနက် ဂုဏ်ပြုကျင်းပကြတဲ့ နေ့ ထူးနေ့မြတ် တရက်ပါ။ ကျောင်းသားနေ့လို့ တောင် ခေါ်ခဲ့ကြတာပါ။  ကျွန်တော် မန္တလေး တက္ကသိုလ် တက်နေတဲ့ တနှစ်မှာ ပန်းချီဆရာ (ဦး) မောင်ငွေထွန်း ဆွဲတဲ့ ခွပ်ဒေါင်း ရုပ်လေးနဲ့ အနီရောင် ရင်ထိုး အလံလေးတွေ လိုက်ရောင်းပြီး ရန်ပုံငွေရှာ ခဲ့ကြတာကို မှတ်မိနေပါတယ်။  မတကသ အဆောက်အအုံ ထဲမှာလည်း ဗိုလ်အောင်ကျောက်ရဲ့ ပုံအကြီးကြီး ထောင်ထားတာ ရှိပါတယ်။  ဒါပေမဲ့ ဗိုလ်နေဝင်း စစ်အစိုးရကတော့ ဒီနေ့ ဒီရက်၊ ဒီအထိမ်းအမှတ်ကို ကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့ အာရုံထဲကနေ ပျောက်သွားအောင် စနစ်တကျ ဖျက်ဆီးခဲ့ပါတယ်။  ဗိုလ်အောင်ကျော် အသတ်ခံရတဲ့နေ့ မှာ ပျော်ပွဲရွှင်ပွဲ တွေလုပ်တာထက် စော်ကားတာ ရိုင်းပျတာ မရှိတော့ဘူးလို့ ဆိုချင်ပါတယ်။  ဒါကြောင့် ကျွန်တော်လည်း အောက်ပါကဗျာ လေးကို ရေးချခဲ့မိပါတယ်။

အောင်ကျော်သို့ (ကာချင်း)


※       ကားများသံသည်
ညံရန်ကော ညံညံ။

ခွပ်ဒေါင်းလံသည်
ပျံရန်ကော ပျံပျံ။

※       ကားများသံက နားဝမှာတည့် နားဝမှာ
ခွပ်ဒေါင်းလံက သည်းစမှာတည့် သည်းစမှာ

နားဝလေလော၊ သည်းစလော ဟေ့
တွေးတောပါက ရှင်းလင်းစွတည့်၊ ရှင်းလင်းစွ။

※       ကားများသံက ဆူညံလှ
ပြင်ပ လွမ်းရဖွယ် လွမ်းရဖွယ်။

ဒေါင်းမိခင်က သွန်သင်ပြ
မြင်ရ နာကြည်းဖွယ်၊ နာကြည်းဖွယ်။

※ ကျောင်းသား ပွဲတော် ထွင်လို့ အော်
အောင်ကျော် မေ့ဖို့ရွယ် မေ့ဖို့ရွယ်။

 မသာအိမ်မှာ လော်စပီကာ
မသတီစရာ ပွဲခံတယ်၊ ပွဲခံတယ်။

※ ဒီနေ့ချိန်ခါ တို့ပြည်ရွာ
ခွေးသာ စိုးတွင်ကျယ် စိုးတွင်ကျယ်

 ကျောင်းသားတွေ ဟာ ညှိုးငယ်စွာ
သွားလာ စက်သို့နှယ် စက်သို့နှယ်။

※ ဒေါင်းပျို ငှက်ပျံ ချုပ်ဖို့ ကြံ
မခံ ခွပ်တော့တယ် ခွပ်တော့တယ်။

 စက်ရုပ် ပမာ ကျောင်းသားဟာ
မာတာ နှီလို့နွှယ် နှီလို့နွှယ်။

※ အောင်ကျော်ရဲ့ စံ နည်းနာခံ
တွန်းလှန် ဒီနေ့ဝယ် ဒီနေ့ဝယ်။

အောင်ကျော် ပမာ အောင်ပွဲဟာ
တို့မှာ မဝေးတယ်၊ မဝေးတယ်။

၂၁-၁၂-၆၆

(၂၀၁၄) ခုနှစ်၊ ဒီဇင်ဘာ (၂၀) ရက်၊ ဗိုလ်အောင်ကျော် နေ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပါ။

ဖိုးသံ (လူထု)




ဒီတလော မာယာ အွန်လိုင်း မဂ္ဂဇင်းမှာ တင်ခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
http://mayaonlinemagazine.blogspot.com/

Than Joung Po Facebook:
https://www.facebook.com/thanjoung.po