မောင်စိုးချိန် - လယ်ကွက် သွေးစက်မှ တဆင့်

မောင်စိုးချိန် - လယ်ကွက် သွေးစက်မှ တဆင့်
(မိုးမခ) ဇန်န၀ါရီ ၄၊ ၂၀၁၅

photo source : yahoo

တလက်မ မြေတကွက်
သွေးတစက်
အသက်တချောင်း။

မြေ လက်မပေါင်း
ကုဋေ သိန်းသောင်း
လူ့ အသက်ပေါင်း သန်းချီသွားပေါ့။

မြေသိမ်းခံ ဘဝ
လယ်မဲ့ ယာမဲ့
ပစ္စည်းမဲ့ ဘဝ ပျက်ပြုန်း
ဆုံးရှုံးသွားတဲ့ တန်ဘိုး အနဂ္ဂ
သင်္ချာတွက်မရ
ငွေကြေးတွက်မရ
ဒါ လယ်သမား လူ့ ဘဝ
အေးစက်တွင်းနက်ထဲက
ဖါး ဘဝ မဟုတ်ဘူး။

မြေလုယူ
မြေသိမ်းသူ ဓါးမြလက်အောက်
စစ်အာဏာ သံဖနှောင့်အောက်မှာ
ကြေကွဲ နာကျည်းချက်
ပူဆွေးမျက်ရည်စက်

လက်နက် ဖြစ်လာရမယ်
အံကြိတ် တက်ခေါက်သံက
ဓါးသံ လှံသံ
ခုခံရေး သေနတ်သံများအဖြစ်
ပြောင်းလဲ ပစ်လိမ့်မယ်။

နှစ်တရာ
ရာဇဝင် ထဲကဂဠုန်
လယ်သမား သူပုန်သွေးစက်
အသက်ရှင်သန်
တဖန်နိုးထ
မြေလွှာ သိမ့်တုန်ကြွစေသား။

မောင်စိုးချိန်
ဒီဇင်္ဘာ ၃၁ ၊ ၂၀၁၄
နံနက် ၂ နာရီ